Saturday, May 19, 2012

ပြည်တော်ပြန် အလုပ်လုပ်ကြမှာလား ...


Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.


၂၀၁၂ ခုနှစ် မေ လ ၁၇ ရက်နေ့မှာတော့ ဆယ်စုနှစ် အတန်ကြာပိတ်ဆို့ထားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုများထဲကအရေးကြီးပြီး အရာရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုများဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှု အသစ်များ နဲ့ Finance ဆိုင်ရာပိတ်ဆို့မှုများကို ယာယီဆိုင်းငံလိုက်ကြောင်းသတင်းကောင်း ကြားလိုက် ရပါတယ်။ ပိတ်ဆို့မှုတွေကို ယာယီဆိုင်းငံပြီး ရင်းနှီးမြုပ်နှံမှုအသစ်တွေကို ခွင့်ပြုဖို့အတွက် အမေရိကန် ပြည်ထောင်စု အစိုးရကနေ ခွင့်ပြုမိန့်ပါမစ်တွေကို ထုတ်ပေးမယ်လို့လဲ ဆိုပါတယ်။ ဘယ်အချိန်မှာမှန်း မသိပေမယ့် အမြန်ဆုံး ၂၀၁၂ နှစ်ကုန် သို့မဟုတ် ၂၀၁၃ နှစ်လည်ပိုင်းလောက်မှာ ဖြင့်နိုင်ငံတကာ ကော်ပရေးရှင်းကြီးတွေ ဝင်ရောက်လာလိမ့်မယ်လို့ ကျနော်တော့ထင်မြင်မိပါတယ်လောလောဆယ်တော့  နိုင်ငံတကာ ကော်ပရေးရှင်းကြီးတွေ ဝင်ရောက် လာနိုင်ဖို့ အခြေခံလိုအပ်ချက်တွေ အမြောက်အမြား လိုအပ်နေပါသေးတယ်။ လျှပ်စစ်မီးအလုံအလောက်ရရှိနိုင်ဖို့နဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ၊ ဆက်သွယ်ရေး နဲ့ အလွန်အရေးကြီးတဲ့ လူစွမ်းအားအရင်းအမြစ်တွေ အမြောက်အမြားလိုအပ်လျှတ်ရှိနေ ပါတယ်။ 


အခြားလိုအပ်ချက်တွေကို အစိုးရအနေနဲ့ ဖြည့်စီးပေးနိုင်ဖို့ မဟာဗျူဟာများချမှတ်လုပ်ဆောင်မယ်၊ အစိုးရအဖွဲ့အစည်းများနဲ့ သက်ဆိုင်ရာဌာနများကနေပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ဖြစ်နိုင်လိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။ သို့သော် အလွန်အမင်းလိုအပ်နေတဲ့ လူစွမ်းအားအရင်းအမြစ်တွေရရှိဖို့ အတွက်ကတော့ ကျနော်တို့ နိုင်ငံနဲ့ နိုင်ငံတကာ ကော်ပရေးရှင်းကြီး များအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ အင်ဂျင်နီယာဘွဲ့နှင့် လုပ်ငန်းအတွေ့အကြုံရှိပြီးသော၊ ဘွဲ့ရရှိပြီး လုပ်ငန်းအတွေ့အကြုံ မရှိသေးသောအင်ဂျင်နီယာပေါင်းစုံ၊ ကွန်ပြူတာပညာရှင်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ပညာရှင်များ အမြောက်အများဟာ အမိမြန်မာနိုင်ငံကနေထွက်ခွာလာလိုက်ကြတာ အခုဆို နိုင်ငံတွင်း ပညာရှင်ရှားပါးမှုကို အကြီးအကျယ်ရင်ဆိုင်နေရတွေ့ရပါတယ်။ 

နိုင်ငံတကာ ကော်ပရေးရှင်းကြီးများ မဝင်ရောက်ခင်မှာ လိုအပ်နေတဲ့ လူစွမ်းအားအရင်းအမြစ်တွေကို ပြည်တွင်းရှိ အင်အားကြီး Company ကြီး များကလက်ဦးမှုရယူပြီး အမိမြန်မာပြည်အတွင်းကို ပညာရှင်တွေ ပြန်လည်ခေါ်ယူခန့်ထားနိုင်ဖို့ကြိုးစားလာကြတာကိုယခုနှစ်ဆန်းပိုင်းလောက်ကစပြီးတွေ့ရှိလာရပါတယ်။ 

ပထမဦးဆုံး သတိထားမိတာကတော့ FMI Co.,Ltd လို့ လူသိများတဲ့ Serge Pun & Associates (Myanmar) SPA. ရဲ့ အလုပ်ကြော်ငြာ ကို Singapore Strait Time စနေသတင်းစာရဲ့ Executive Recruit ကော်လံမှာပါ။ Position တစ်ခုချင်းစီကို ခေါ်ယူတာမဟုတ်ပဲ သူရဲ့ မြောက်များလှစွာသော လုပ်ငန်းကြီးများအတွက် ခြုံငုံပြီး Project Management ၊  Engineering ၊ Sales & Marketing ၊ Investment နဲ့ Administration ဆိုင်ကျွမ်းကျင်သူများကို အမိမြန်မာပြည်မှာ ပြန်လည်အလုပ်လုပ်ဖို့အတွက် ခေါ်တဲ့ကြော်ငြာဖြစ်ပါတယ်။ Singaporean and PR preferred ဆိုတာတွေ နဲ့သာ ရင်းနှီးနေတဲ့ကျနော်တို့အတွက်၊ ကြုံတောင့်ကြုံခဲ စင်္ကာပူ Executive Recruitment ရဲ့အောက်ကကြော်ငြာမှာ SPA ရဲ့  Myanmar Nationality Preferred ဆိုတာကို ဖတ်ရတော့ ခံစား ရတဲ့ ခံစားမှုက နည်းနည်းတော့ တမျိုးပါပဲ။ ဒီနောက်ပိုင်းမှာတော့ SPA ဟာ စင်္ကာပူမြန်မာများ အမြဲဝင်လေ့ရှိတဲ့ website တွေမှာပါ ကြော်ငြာတွေ ထည့်ပြီး သူရဲ့ အိမ်ယာအရောင်းပြပွဲမှာ အလုပ်လျှောက်လွှာ တွေလာတင်နိုင်ကြောင်းဖိတ်ခေါ်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် စင်္ကာပူRecruitment Agency တစ်ခုကိုလဲ အသုံးပြုပြီးတော့ လူစွမ်းအားအရင်းအမြစ်တွေ စုဆောင်းခဲ့တာ ကို ဝမ်းမြောက်ဖွယ် ရာတွေ့ရပါတယ်။

သူ့နောက်ကနေတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Company ကြီးများထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Myint & Associates Co.,Ltd ဟာလဲ သူ့ Company ရုံးချူပ်ကို ထပ်မံတည်ဆောက်တဲ့နေရာမှာ အလုပ်လုပ်ဖို့အတွက် Mechanical Engineer နဲ့ Electrical Engineer တွေကို စင်္ကာပူသတင်းစာကနေပြီးတော့ ခေါ်ယူပြီး မြန်မာနိုင်ငံမှာ ပြန်လည်အလုပ်လုပ်ဖို့အတွက် ဖိတ်ခေါ်ခဲ့
တာတွေ့ရပါတယ်။ အခုနောက်ဆုံးအနေနဲ့ ကတော့ Forever Group ရဲ့ MRTV 4 ကလဲပဲ Event Coordinator နဲ့ Designer တွေကို စင်္ကာပူ shweroom website ကနေကြော်ငြာခေါ်ယူခဲ့ပြန်ပါတယ်။ 

မြန်မာပြည်တွင်း လုပ်ငန်းကြီးများကနေ ခေါ်ယူတဲ့ အလုပ်ကြော်ငြာ ကိုကြည့်ခြင်းဖြင့် ပြည်တွင်းမှာ ကြွမ်းကျင်အလုပ်သမားရှားပါးမှုနဲ့ရင်ဆိုင်နေရတာသိသာထင်ရှားတယ်လို့ကျနော့်အနေနဲ့တော့ထင်မြင်ယူဆပါတယ်။ ပြည်တွင်းလုပ်ငန်းကြီးတစ်ခုကနေ ပြည်ပမှာရှိတဲ့ မြန်မာဝန်ထမ်းများပြန်လည်ခေါ်ယူ ခန့်အပ်ရေးအတွက်  အထူး ဌားရမ်းထားတဲ့ လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ အတိုင်ပင်ခံတစ်ယောက်နဲ့ မထင်မှတ်ပဲ တွေ့ကြုံစကားပြောဖြစ်တော့ သူက နောင်လာမည့် အနာဂါတ်မှာ ဝင်ရောက်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတကာကော်ပရေးရှင်းကြီးများ အနေနဲ့လိုအပ်တဲ့ မန်နေဂျာများကိုအနီးစပ်ဆုံးဖြစ်တဲ့စင်္ကာပူကနေ ခေါ်ယူကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ သူတို့လိုအပ်တဲ့ ဝန်ထမ်းများရှာဖွေရတာ အင်မတန်ခက်ခဲနေတဲ့အကြောင်းပြောပြပါတယ်။ မြန်မာများကို စီမံအုပ်ချုပ်ရမှာဖြစ်တဲ့အတွက် မြန်မာလိုတက်တဲ့ မြန်မာတစ်ယောက်ထက်ပိုမို သင့်တော်တဲ့လူမျိုးမရှိနိုင်ကြောင်း၊ နိုင်ငံတွင်း အလုပ်အကိုင်ဖန်တီးမှုနဲ့ စီးပွားရေးဖွံဖြိုးမှုဟာ အနှေးနဲ့ အမြန်ဆိုသလိုဖြစ်ပေါ်လာမှာဖြစ်တဲ့ အကြောင်း သူရဲ့ ထင်မြင်ချက်ကိုပြောပြပါတယ်။ 

ဟုတ်ပါတယ်ကျနော်တို့လဲဒီလိုဖြစ်လာလိမ့်မယ်လို့မျှော်လင့်ကြပါတယ်။သို့သော်ဘယ်တော့လောက်မှာ ဖြစ်မလဲဆိုတော့ တော့စောင့်ကြည့်လေ့လာကြရအုံးမှာပါ။ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူမျိုး အများစုအနေနဲ့တော့ ကိုယ်နိုင်ငံကိုယ်ပြန်ပြီး အလုပ်လုပ်ချင်ကြမှာပါပဲ။ သို့သော်လုပ်ခလစာ ဘယ်လောက်ရကြမှာလဲ ? ဆိုတဲ့ မေးခွန်းဟာ အလွန်အရေးကြီးတဲ့ မေးခွန်းတစ်ခုပါပဲ။ ကိုယ်နိုင်ငံကိုယ် ပြန်လုပ်လို့အချို့သောစားရိတ်စကများသက်သာသွားမယ်ဆိုပေမယ့်နေထိုင်စားရိတ်တစ်ခု လောက်ပဲ ရှိမှာဖြစ်ပြီး အခြေခံစားကုန်တွေနဲ့ ခရီးစားရိတ်တွေက သိပ်တော့ မထောင်းသာလှပါဘူး။ ဒါ့အပြင် မြို့တွင်းသွားတဲ့ bus နဲ့ ပို့ဆောင်ရေးစနစ်ကဖွံဖြိုးမှုမရှိသေးတာနဲ့ အလျှောက်သွားလာရေးမှာ အခက်အခဲ၊ Telecommunication ကလဲ တခါတယံမှာ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုမရသေးတာဟာလည်း ကျနော်တို့အတွက် စဉ်းစားစရာတွေပါ။ 

စင်္ကာပူမှာအနိုမ့်ဆုံးလစာစင်္ကာပူဒေါ်လာ ၂၀၀၀နှင့်အထက်ရရှိနေတဲ့အင်ဂျင်နီယာတစ်ယောက်ကတော့ မြန်မာနိုင်ငံကအလုပ်တွေက သူဒီမှာ ရရှိနေတဲ့ လစာအနေအထားမျိုးရမယ်ဆိုရင်တော့ ဒီမှာတက်နေတဲ့ ဘွဲ့လွန်ဒီပလိုမာပြီးရင် ဖြင့်ကိုယ်နိုင်ငံကိုယ် ပြန်ပြီးအလုပ်လုပ်နိုင်ကြောင်းပြောပြပါတယ်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ ကော်ပရေးရှင်းအဆင့် MNC Company ကြီးတစ်ခုမှာ စာရင်းဆိုင်ရာအရာရှိအဖြင့် အလုပ်လုပ်နေတဲ့ Account Executive တစ်ယောက်ကတော့ လစာရရှိမှုအနေအထားအပြင် သွားလာရေးလွယ်ကူဖို့မြန်မာပြည်တွင်း company တွေကဖြည့်ဆည်းစီစဉ်ပေးနိုင်တာတွေ စင်္ကာပူမှာရရှိနေကျ ဖြစ်တဲ့ နှစ်စဉ်ဆုကြေးအဖြစ် လစာငွေရဲ့၂ ဆ ကနေ ၄ ဆ အထိရရှိတာတွေ ကို ထည့်သွင်းစဉ်းစားမှာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ အမြင်ကိုပြောပြပါတယ်။ စင်္ကာပူရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနက် စင်္ကာပူမှာ အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများအနေနဲ့ ပြည်တွင်းပြန်လည်အလုပ်လုပ်နိုင်ဖို့အတွက် တူညီသောလစာပေးသည့်တိုင်အလွယ်လေးစဉ်းစား မဆုံးဖြတ်နိုင် ပါဘူး။ သူတို့အတွက် လစာအပြင် စင်္ကာပူဥပဒေအရမဖြစ်မနေစုဆောင်းရတဲ့ CPF စုငွေ၊ အလုပ်ရှင်ဖက်ကဖြည့်ဆည်းပေးရတဲ့ လစာအပြင် CPF ၁၅.၅%၊ အခြားကျန်းမာရေးဝန်ဆောင်မှု များ အတွက် စင်္ကာပူအစိုးရဖက်ကဖြည့်ဆည်းပေးတာတွေ စတဲ့ လစာအပြင်အခြားသော ခံစားခွင့်တွေကို ပါထည့်သွင်းစဉ်းစားကြရမှာပါ။ ဒါ့အပြင် မြန်မာအလုပ်သမားဥပဒေအနေနဲ့ စင်္ကာပူ Employment Act လိုတိကျခိုင်မာမှုမရှိသေးတဲ့အတွက် ကျနော်တို့အနေနဲ့ပြည်တော်ပြန်အလုပ်လုပ်ဖို့အတွက် လောလောဆယ် စောင့်ကြည့်လေ့လာရေးမူဝါဒကိုကိုင်ဆွဲပြီး ဆက်လက်စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။      

အခကြေးငွေ ဖြင့်ထုတ်ဝေသည့် မည်သည့် media တွင်မဆိုထည့်သွင်းဖော်ပြခြင်းမပြုပါရန် လေးနက်စွာ
မေတ္တာရပ်ခံပါသည်။ Social Network Facebook နှင့်အခြား ကိုယ်ပိုင် Blog များတွင်ဖော်ပြလိုပါက
myanmarinsingapore မှတဆင့်နှင့် ကျနော်၏ Blog မှနေပြီး ရှယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။



Friday, May 11, 2012

စင်္ကာပူ တွင် (၆) နှစ်ကြာသောအခါ


အခုလာမည့် ဇွန်လ (၆) ရက်နေ့ဆိုရင်စင်္ကာပူမှာနေလာတာ (၆) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ Great Singapore Sales ကျင်းပတဲ့ အချိန်ကာလ ဖြစ်တာကြောင့် GSS ကြော်ငြာတွေစတွေလာတာနဲ့ ကျနော်စတင်ခြေချခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ကို သတိမရပဲကို မနေနိုင်ပါဘူး။ ၂၀၁၀ မှာရေးခဲ့တဲ့ စင်္ကာပူ မှာ (၄) နှစ်ကြာသောအခါမှာတော့ ရန်ကုန်ကနေ စတင်ထွက်ခွာလာခဲ့တဲ့အကြောင်း၊ 
၂၀၁၁ မှာရေးခဲ့တဲ့ စင်္ကာပူမှာ (၅) နှစ်ကြာသောအခါ post မှာ ကျနော်အလုပ်လုပ်ခဲ့တဲ့ အလုပ်တွေအကြောင်းတွေ ရေးခဲ့ပြီးတဲ့နောက် အခု ၂၀၁၂ (၆) နှစ်ကြာသောအခါမှာတော့ ဘာရေးရမှန်း တွေးလို့မရဖူးဖြစ်နေပါတယ်။ (၆) နှစ်ပြည့်လာတဲ့အခါမှာတော့ တိုက်တိုက်ဆိုင်ဆိုင် ပဲ (၆) ခုမြောက် အလုပ်အသစ်တစ်ခုမှာ အလုပ်စဖြစ်ပါတယ်။ ဒီတော့ အသစ်အလုပ်လုပ်နေတဲ့ အလုပ်အကြောင်း လေး နဲ့ အိမ်ဌားရတဲ့အကြောင်းအတွေ့အကြုံလေးရေးမယ်စိတ်ကူးမိပါတယ်။ 

တကယ်တော့ ဒီအိမ်ဌားတင်တဲ့အကြောင်းကို သီးသန့်ပိုစ့်တစ်ခုအနေနဲ့တင်မယ် စိတ်ကူးပေမယ့် သူများအကြောင်းမကောင်းတာကို
blog ပေါ်မှာအကျယ်တပွင့် ရေးတယ်ဖြစ်မှာဆိုးတာရယ်၊ ဒီမကောင်းကြောင်းတွေကိုလဲ သီးသန့်ကြီးချမရေးလိုတာရယ်ကြောင့် ဒီပိုစ့်
နဲ့အတူ နည်းနည်းထည့်ရေးလိုက်တာပါ။ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ ပါပါး ရန်ကုန်ပြန် တလှည့်ပြန်သွားနေတော့ ကျနော့်တိုက်ခန်းမှာ
အိပ်ခန်း (၂) ခန်းရှိတဲ့အထဲက တစ်ခန်းကို ပြန်ဌားဖို့လုပ်လိုက်ပါတယ်။ တိုက်ခန်းခတွေကဈေးကြီးတော့ ဒီလိုမှရှယ်မနေရင် ရတဲ့ငွေနဲ့
ခက်ခက်ခဲခဲ ဖြတ်သန်းရမှာပါ။ အခန်းခကိုတော့ တခန်းလုံးကို (၂) ယောက်နေဖို့ ၈၅၀ အပြီးအစီးတောင်းလိုက်ပါတယ်။ အဲကွန်းကိုလဲ
ကန့်သတ်ချိန်မထားပဲ သင့်တော်သလိုကြည့်ဖွင့်လို့ပြောထားလိုက်တယ်။ ကိုယ်က အိမ်ဌားတဲ့အတွေ့အကြုံမရှိတော့ စည်းမျဉ်းစည်း

ကမ်းတွေကိုလဲ အတိအကျမပြောတော့ပဲ အများသူဌာရှိတဲ့ basic house rules ပဲလို့ပြောလိုက်ပါတယ်။ ပထမဆုံးအိမ်ဌားအနေနဲ့ 
ပေါ်လီနောက်ဆုံးနှစ်ကျောင်းသားနဲ့ ဒီမှာကျောင်းပြီးတဲ့ အင်ဂျင်နီယာကောင်လေး သူငယ်ချင်း (၂) ယောက်လာဌားနေကြတယ်။
ကျနော့်တိုက်ခန်းမှာ ထမင်းဟင်းကိုတော့ပေးမချက်ပဲ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ခေါက်ဆွဲတော့ ပြုတ်လို့ရတယ်ပေါ့ဗျာ။
ပထမပိုင်းမှာတော့ ခေါက်ဆွဲပဲပြုတ်ပါတယ်၊ နောက်ပိုင်းမှာတော့အင်ဂျင်နီယာကောင်လေးကဟိုဟာလေးဒီဟာလေး ကြော်စားချင်လို့ ပါဆိုပြီး ကျနော့်အမေဆီကနေ ဆီတောင်းပြီး ကြော်ပါတယ်။ ဒီလိုဟာက အကြိမ်ရေစိတ်လာတော့ လုံးဝပေးမကြော်တဲ့အကြောင်းပြော ပြီးပိတ်ပင်လိုက်ရပါတယ်။ သူနဲ့ပဲတောက်ရှောက်ကြီးကြီးမားမား ပြသနာတွေမဟုတ်ပဲနဲ့ ညဖက်တညလုံး အခန်းထဲက တီဗွီဖွင့်ပြီးအိပ်
ပျော်နေတာတို့၊ ထီးဌားသွားပြီးပြန်ပေးဖို့အကြိမ်ကြိမ်တောင်းရတာတွေ၊ အိမ်ခန်းထဲမှာ ဘီယာတွေသောက်ပုလင်းတွေကို အမှိုက်ပစ်
တဲ့ Tube ကနေတခွမ်းခွမ်းပစ်ချတာ စတဲ့ သေးသေးဖွဲဖွဲ တွေပေါင်းလာတော့ ကျနော်လဲ သည်းမခံနိုင်တာနဲ့ သူတို့ကိုမကြိုက်တဲ့
အချက်တွေစာနဲ့ ချရေးပေးပြီး တကယ်လို့ အစဉ်မပြေရင်ပြောင်းနိုင်ပါတယ်လို့ လမ်းဖွင့်ပေးတော့ အင်ဂျင်နီယာကောင်လေးက သူနဲ့တူတူပါလာတဲ့ သူ့သူငယ်ချင်းကောင်လေးကိုထားခဲ့ပြီး ပြောင်းမယ်လို့ အကြောင်းကြားပါတယ်။ ကျနော်လဲ (၁) လ နို့တစ်ပေး
ဖို့သဘောတူထားပေမယ့် သူလဲအနေကြပ်ကိုယ်လဲအနေကြပ်ဖြစ်မှာဆိုးလို့ နေဖို့နေရာရတာနဲ့ ပြောင်းနိုင်တယ်ဆိုတော့ သူလဲ 
လကုန်တာနဲ့ ပြောင်းသွားခဲ့ပါတယ်။

ကျန်ခဲ့တဲ့တစ်ယောက်ကိုတော့ ပထမပိုင်း တူတူပြောင်းခိုင်းမယ်ကြံပေမယ့် နောက်တော့ နောက်တစ်ယောက်ပဲရှာလိုက်ပါမယ်ဆိုပြီး
ကြော်ငြာထည့်ရှာပါတယ်။ အဲ့ဒီမှာ NTU Master ဆင်း အသက် ၃၀ နဲ့ ၄၀ ကြား အိမ်ဌားတစ်ယောက်ထပ်ရပါတယ်။ အဲ့ဒီမှာ ကျနော်
တို့ မြန်မာစကားပုံ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတာနဲ့စတွေ့ပါတော့တယ်။ သူကတော့ ဒီမှာနေတာကြာတဲ့
သူဖြစ်လို့ စည်းကမ်းတွေကိုတော့ အတော်လေး တိတိကျကျ လိုက်နာပါတယ်။ ကျနော့်အိမ်မှာ ခုနကပြောခဲ့သလို ချက်စားလို့မရဖူး
light cooking ဖြစ်တဲ့ ခေါက်ဆွဲပြုတ်လို့ရတယ်ဆိုတာမှာ ဒီလူဟာ ညစဉ်ညတိုင်း ခေါက်ဆွဲပြုတ်ပါတယ်။ ခေါက်ဆွဲပြုတ်တာရိုးရိုးပြုတ်
ရင်ကျနော့်အနေနဲ့ပြောဖို့မရှိပေမယ့် သူ့ပြုတ်ပုံကကြေးအိုးချက်သလို အသားစိမ်းတွေ၊ အရွက်တွေနဲ့ကို တခါပြုတ်၊ ခေါက်ဆွဲကိုပြုတ်
ဒါမတိုင်မီမှာ အသားငါး၊ ပုဇွန်စတာတွေကို လှီးဖြတ်တာ၊ ပုဇွန်အခွန်နွှာတာစတာတွေက processing တစ်ခုလုံးကို (၁) နာရီကျော်ကြာ
ပါတယ်။ နောက်ဒီဟာကိုစားတဲ့အခါမှာလဲအသံမျိုးစုံပါးစပ်ကထွက်ပြီး စားသောက်တာကနောက်ထပ်အနည်းဆုံး မိနစ် ၄၀ကြာပါတယ်။
ကျနော်က စလုံးအိမ်မှာ စင်္ကာပူသက်တမ်းရဲ့ တစ်ဝက်လောက်နေလာတော့ light cooking ကို definition ဖွင့်တဲ့အခါမှာ သူခေါက်ဆွဲ
ပြုတ်တာနဲ့ အတော်လေးခြားနားနေတာတွေ့ရတော့ အတော်လေးစိတ်မချမ်းသာရပါဘူး။ နောက်တစ်ခုက ဘယ်နေရာပဲနေနေ၊ သူ့
အခန်းထဲမှာဖြစ်လို့ အခန်းဖော်ကောင်လေးရှိနေ မနေနေ သီချင်းကိုအော်ဟစ်ဆိုတယ်၊ မီးဖိုမှာလဲ ပဲ အော်ဟစ်ဆိုလိုဆို၊ ရေဒီယိုကို
တစ်အိမ်လုံးကြားရလောက်အောင်ဖွင့်ပြီး ဘယ်သူ့မှဂရုမစိုက်ဖူးဟေ့ဆိုသလို နေပါတယ်။ တအိမ်လုံးမှာရှိတဲ့ အိမ်ရှေ့တံခါး၊ အိပ်ခန်း
တံခါး၊ Fridge တံခါးမကျန် ဆောင့်ပိတ်ပြီးအသံမမြည်ရရင်ကို မကြိုက်တဲ့သူပါ။ ကျနော့်အမေက အပြင်မှာအိပ်တော့ သူ့ဒဏ်ကိုအခံရ
ဆုံးဖြစ်ပြီး တစ်ညအမေကမခံနိုင်လို့ ပြောတော့ သူကပဲ ကျနော့်အမေကို ပြန်ရန်တွေ့ပြီး တဲ့အထိဆိုးလာပါတယ်။ တအိမ်လုံးမှာသူပါ
မှ (၅) ယောက်ရှိတာ (၄) ယောက်က သူ့ကိုမကြိုက်တော့မှန်းသိတော့ နောက်တစ်ရက်မနက်မှာ ကျနော့်စီဖုံးဆက်ပြီး ပြောင်းတော့
မယ်ဆိုတဲ့အကြောင်းပြောပါတယ်။ မှတ်မှတ်ရရ ဖေဖဝါရီ (၁၃) ရက်ပါ။ ကျနော်က ဖေဖဝါရီလကုန်မှာ ပြောင်းချင်လဲရပါတယ်ဆိုတော့
မဟုတ်ဖူး မတ်လကုန်မှပြောင်းမယ်ဆိုပြီးပြောပါတယ်။ အဲ့တုံးက ဒီထက်မကပြသနာကြီးလာလိမ့်မယ်လို့မထင်လို့ ရပါတယ်ပြောလိုက် 
မိတယ်။ နောက်နေ့ကစပြီးတော့ မှ အရင်ကထက်ပိုပြီး ဆိုးလာပြီး ကျနော့်အမေကို အဓိကထားပြီးတိုက်ခိုက်တာ ကျနော့်အမေခမျာ
ညဖက်အိပ်လို့မရလို့ သူများအိမ်မှာ သွားနေရတဲ့စီကိုတောင်ရောက်လာတော့ ကျနော်လဲ မနေနိုင်တော့တာနဲ့ ဖေဖဝါရီ (၁၃) မှာသူ
ပြောင်းမယ်ပြောထားတော့ မတ်လ (၁၃) မှာပဲ ပြောင်းပေးဖို့ကောင်းကောင်းမွန်မွန် ပြောပေးမယ့်ကျနော်သူ့ကိုမတ်လကုန်အထိပေး နေဖို့ သဘောတူထားတယ်ပြောပြီး ပြောင်းဖို့ငြင်းဆန်ပါတယ်။ ကျနော့်တသက်မှာ ဒီလောက်အရှက်မရှိတဲ့သူကို ပထမဆုံးမြင်ဖူးတာ
ပါပဲ။ နှင်ချတာတောင်မဆင်းဖူးဆိုတော့ ဘယ်လိုလုပ်မလဲပေါ့။ PR ဆိုပြီးလူပါးဝတာလဲပါတယ်ပေါ့ဗျာ။ ကျနော်လဲ ပြောမရတဲ့အဆုံး
သူခေါက်ဆွဲပြတ်တာကို မကြိုက်တဲ့အကြောင်း light cooking ဟာ ဒါကိုမဆိုလိုကြောင်းပြောပြီး gas ကို လုံးဝမသုံးတော့ ဖို့ ပြောတော့ လဲကျနော် သူစပြောင်းလာထဲက ချက်ခွင့်ပေးထားလို့ သူဒီစည်းကမ်းကိုမလိုက်နာနိုင်ဖူးဆိုပြီး စောဒကတက်ပါတယ်။ ကျနော်လဲဒီတစ်
ခုတော့ အလျှော့မပေးတော့ပဲ ကျနော့် အိမ်နေရာဖြစ်လို့ကျနော့်စည်းကမ်းကို ကြိုက်သလိုထုတ်လို့ရတယ်ပြောပြီးအတင်းပိတ်ပင်တာ
တောင်လက်မခံပါဘူး။ နောက်ဆုံးကျနော့်အခန်းဖော် က ကျနော်တို့ပြောနေတာကို သူနားမလည်ပေမယ့် ပြောနေတဲ့ အသံတွေအရ
အခြေအနေမဟန်တာ သိလို့ ထွက်လာပြီး ပြောတော့မှာ NTU Master သမားကြီးက English စာကို ခွေးအ လှည်းနင်းသလိုဖြစ်ပြီး 
နိုင်အောင်မပြောနိုင်တော့ ပဲ အလျှော့ပေးပြီး သူဝယ်ထားတဲ့ ဟာတွေကုန်အောင် (၇)ခါ ချက်ပြီးရင် ဆက်မချက်တော့ ဖူးဆို ပြီး ဇာတ်လမ်း ပြတ်သွားပါတယ်။ နောက်ဆုံးတော့ ကျနော်တို့အတွက် သည်းအခံရဆုံးအချိန် ၁ လကျော်ကြာပြီးတဲ့ အခါမှာတော့ သူလဲ
ပြောင်းသွားပါတယ်။ ပြောင်းတဲ့ရက်မှာတောင် ကျနော်အမေက ပစည်းတွေ သေခြာစစ်သွားဖို့ ဘာမှမကျန်ခဲ့ဖူးဆိုတာ ပြောတာကိုသူ
က အခန်းစစ်ခိုင်းတာ ကျန်တာဘာမှပြောမနေနဲ့ဆိုပြီး ရန်ထောင်သွားပါသေးတယ်။ ဒီလူနောက်ပိုင်းမှာတော့ learning from experience ဆိုသလို အရင်ကဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ ကြီးချရေး၊ ခေါက်ဆွဲကိုလဲ gas နဲ့လုံးဝမပြုတ်ခိုင်းတော့ပဲ တစ်ခုခုဖြစ်တာနဲ့ စိတ်ထဲထားမနေတော့ပဲ ချက်ချင်း action ယူပြီးလုပ်ခိုင်းတဲ့ Policy ကိုပြောင်းသုံးပါတော့တယ်။ 

အခုတော့ ကျနော့်တိုက်ခန်းမှာ ဟိုး ပထမဆုံးစဌားနေတဲ့ ပေါ်လီကျောင်းသား (ယခုတော့ ကျောင်းပြီးလို့ အလုပ်လုပ်နေ) ကောင်လေး
တစ်ယောက်နဲ့ နောက်လာနေတဲ့ ကျောင်းသားတစ်ယောက်ရှိပါတယ်။ ပေါ်လီဆင်းကောင်လေးဆို စစလာနေချင်းက စည်းကမ်းနဲ့
ပတ်သတ်ပြီး အတော်လေး ပြသနာများပေမယ့် အခုဆိုအများကြီးတိုးတက်ပြောင်းလဲသွားပါပြီ။ အိမ်ဌားတဲ့ အကြောင်းပြီးတော့ ကျနော့်
အလုပ်အကြောင်းဆက်ပြောတာပေါ့ဗျာ။

၂၀၀၉ ခုနှစ် နိုဝင်ဘာလနေ စတင်အလုပ်လုပ်ခဲ့တဲ့ ဂျပန်ပိုင် MNC Company ကြီးဖြစ်တဲ့ Sankyu Singapore ကနေ တကယ့် တကယ်တန်းတော့ အလုပ်ပြောင်းဖို့ စိတ်ကူး ကြီးကြီးမာမား မရှိခဲ့ပါဘူး။ ပေးထားတဲ့လစာက အများကြီးလဲမဟုတ်သလို၊ အနည်းလေး လဲမဟုတ်ပါဘူး။ အခြားခံစားခွင့်တွေဖြစ်တဲ့ အကန့်အသက်မရှိ  ဆေးကုသခွင့်တွေ၊ အထူးကုဆရာဝန်ကြီးများနဲ့ ဆေးကုသခွင့်၊ အများကြီးမဟုတ်ပေမယ့် better than nothing ဖြစ်တဲ့ နှစ်စဉ်ပုံမှန်ဘောနပ်စ်၊ နှစ်စဉ်လစာတိုး စတာတွေအပြင် Company ရဲ့ကြီးမား ခိုင်မာမှု က ကျနော်ရှေ့ရေးအတွက် လုံခြုံမှုအပြည့်ရှိတယ်ပြောရမှာပါ။ ကျနော်ရုံးစိုက်နေရတဲ့ Section အကြီးအကဲက မလေးရှားဖွား Indian ဖြစ်လို့ သူ့လူမျိုးတွေကို မျက်နာသာပေးတာကလွဲလို့ ကိုယ့်အပေါ်လဲ ဘာဖိအားမှမပေး၊ ဘယ်အရာကိုမှဝင်ရောက်စွတ်ဖက် လေ့မရှိ တာကြောင့် အတော်အေးအေးချမ်းချမ်းရှိတယ်ပြောရမှာပါပဲ။ အခက်အခဲဘာတွေရှိလဲလို့မေးလာရင်ကျနော့်ရဲ့ အလုပ်တာဝန် တွေထဲက တစ်ခုဖြစ်တဲ့ HR Function တွေထဲက အလုပ်သမားတွေနဲ့ဆက်ဆံရေးပါပဲ။ စက်ရုံအလုပ်ဖြစ်တဲ့အတွက် ဝန်ထမ်းခန့်ထား တဲ့နေရာမှာ အလုပ်သမား အဆင့်ဝန်ထမ်းတွေ ဖြစ်တဲ့အတွက်စကား ပြောဆိုရတာ ခက်ခဲသလို၊ အလွန်ပဲ demanding များတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။ အလုပ်သမားလို့ဆိုလို အထင်မသေးနဲ့နော် စောဒကတက်တဲ့ နေရာမှာလဲ စလုံးတွေနဲ့ နင်လားငါလားပါပဲ။ နောက်တစ်ခုကတော့ Middle Management သမားတွေ ကြုံတွေ့နေကျဖြစ်တဲ့ ကြားညှပ်တဲ့ပြသနာပါ။ ကျနော့်တို့အထက် စီမံခန့်ခွဲ ရေးမန်နေဂျာစီကနေ ဒီလအတွက် သို့မဟုတ် ဒီကာလတစ်ခုအတွက် ဘက်ဂျက်သတ်မှတ်ချက်ကတော့ ဒီလောက်ပမာဏပါလို့ သိထားပြီးတဲ့နောက်၊ ခုနကပြောတဲ့အလုပ်သမားတွေ သူတို့ရဲ့ Supervisor တွေကနေလိုအပ်ချက်တွေ ဝယ်ချမ်းဖို့တို့၊ ယူနီဖောင်း မလောက်လို့တို့၊ ဝန်ထမ်းအသစ်တွေအတွက် Safety Shoe ဝယ်ဖို့တို့စတာတွေအတွက်အသုံးလိုလာခဲ့လို့ရှိရင်ရထားတဲ့ဘက်ဂျက် ကနေ လောက်ဌအောင်သုံးရတာ၊ မလောက်လို့မဝယ်ပေးနိုင်ခဲ့ရင် ကပ်စေးနဲတယ်ဘာညာဆိုပြီး ကိုယ့်အပေါ်ညိုငြင်ကြတာ ပါ။ ဘယ်သူကမှ Upper Management ကို သွားပြောကြတာ မဟုတ်ပါဘူး။ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရဲ့ Attendance ကို Bio Metric System တက်ဆင်ထားပေမယ့်လဲ ဒီ System Data တွေကို automatic calculation မလုပ်ပဲ Manual Punch Card ပါသုံးပြီး Manual Data ကိုပဲ အသုံးပြုတာကြောင့် အခြားသောမသမာမှုတွေ အများအပြား လဲ ကြုံတွေ့ရပါတယ်။ ကိုယ့်အထက်ကအရာရှိကတောင် မပြောပဲ မျက်စိစုံမှိတ်နေတော့ ကျနော့်မှာလဲ ဘာမှမပြောသာပါဘူး။  နောက်တစ်ခုကတော့ အလုပ်ချိန်ပါ။ အလုပ်ချိန်ကမနက် ၈ နာရီ ကနေ ၅ နာရီပဲဖြစ်ပေမယ့် မနက်ပိုင်း Transport က Jurong East မှာ မနက် ၆ နာရီ ၄၀ မှာကြိုတာကြောင့်အိမ်ကနေ အစောကြီး ထသွား ရ ပြီးတဲ့နောက် ရုံးကကျနော့်စားပွဲကိုရောက်တဲ့အချိန်က မနက် ၇ နာရီ ၁၀ မိနစ်ပါ။ ညနေကိုယ်က အိုတီမထိုင်လို့ ၈ နာရီခွဲမှ ကြိုပို့အားနဲ့ပြန်တယ်ဆိုရင် အိမ်ကို ည ၉ နာရီကျော်မှပြန်ရောက် ပါတယ်။ တခြားဘာမှလုပ်လို့မရပဲ နေ့စဉ်နဲ့အမျှ ရုံးနဲ့ အိမ်ပါပဲ။ 

Sankyu Singapore ကနေ အလုပ်ထွက်ဖို့ဖြစ်လာတာကတော့ ကျနော် အမေရိကန် MNC ကြီးတစ်ခုမှာ အလုပ်အင်တာဗျူးရတာ
က စပါတယ်။ ကျနော့် ပိုစ့်တစ်ခုဖြစ်တဲ့ ကျနော်နှင့် အင်တာဗျူးများ အပိုင်း (၁) မှာ အသေးစိတ်ရေးထားပြီးဖြစ်တဲ့ အတွက်အသေးစိတ်
တော့ထပ်မရေးတော့ပါဘူး။ အဲ့ဒီအင်တာဗျူးကမအောင်မြင်ခဲ့တာကြောင့် ကိုယ်ကိုကိုယ်လဲ အတော်တုံးသွားတယ် လို့ ထင်တယ်။ အဲ့ဒီနေ့ကစလို့ ကျနော်အလုပ်မရှိတဲ့အတိုင်း အပြင်းအထန်အလုပ်ရှာပါတယ်။ job portal ကြီးတွေဖြစ်တဲ့ st701 jobDB jobstreet ထဲကနေ resume တွေ ပို့၊ စနေသတင်းစာဝယ်ဖတ်ပြီး e-mail တွေပို့နဲ့ (၂) လနီးပါးကာလ အတွင်း ခန့်မှန်းခြေ အလုပ် (၂၀၀) ကျော်လောက်လျှောက်ထားဖြစ်ပါတယ်။ ဒီလောက်များပြားစွာလျှောက်ပေမယ့် တောင်းထားတဲ့ expected salary ကများတာကြောင့် လား? ကိုယ့် qualification ကလျှောက်ထားတဲ့ အလုပ်တွေနဲ့ ကိုက်ညီမှုမရှိလို့လားမသိ၊ response က (၁) ခုပဲ ရပါတယ်။ ရတာကလဲ Agent ဆီကပါ။ Agent က လိုအပ်တဲ့မေးခွန်းတချို့ e-mail ကမေးပြီး သူ့ Client ကို ပြန်ပြောမယ်ပြောပြီး ပေါ်မလာတော့ ပါဘူး။ ဖေဖဝါရီလဆန်းလောက်ထဲကစရှာလိုက်တဲ့ အလုပ်တွေကနေ မတ်လ ကုန်ပိုင်းလောက်မှာ အင်တာဗျူးတစ်ခုရပါတယ်။  Local Company တစ်ခုမဟုတ်ဖူးဆိုတာ သိရပြီး Company ရုံးကလဲ အိမ်ကနေ ၁၅ မိနစ်လောက် Bus စီးရင်ရောက်တယ်ဆိုတော့ အတော်လေးရချင်ပါတယ်။ US MNC Interview မှာအတွေ့အကြုံတော်တော်ရထားပြီဆိုတော့ ဒီတခါအင်တာဗျူးတော့ ဖြင့် ရအောင်ဖြေမယ်ဆိုပြီး သွားပါတယ်။ Finance and HR Manager နဲ့ Regional Head, MD (၂) ယောက်ဗျူးပါတယ်။ နှစ်ယောက်လုံးက Local ပဲဆိုတော့ ပြောရဆိုရတာ၊ ဆက်ဆံရတာ ပေါ့ပေါ့ပါးပါးရှိတဲ့အပြင်၊ မေးမြန်း တာတွေကလဲ ပုံမှန်မေးနေကျမေးခွန်းတွေပါပဲ။ လက်ရှိ Sankyu မှာလုပ်နေတဲ့ အလုပ်တာဝန်တွေ၊ အရင်ကလုပ်ဖူးတဲ့ အလုပ်တာဝန်တွေပါပဲ။ ကျနော်ကတော့ အရင်ပြန်မေးနေကျ မေးခွန်းတစ်ခုမဟုတ်တဲ့ကိုယ်အပါအဝင် Short-listed ဘယ်နှယောက်ရှိလဲဆိုတော့ MD က ပြန်မေးနေကျ မေးခွန်းမဟုတ်လို့ အတော်တွန့်ဆုတ်သွားပြီးမှ (၃) ယောက်ရှိကြောင်း ယောင်္ကျားလေး က ကျနော် တစ်ယောက်ထဲသာဖြစ်ကြောင်း ပြောပါတယ်။ ထုံးစံအတိုင်း (၂) ရက်နေရင် အကြောင်းပြန်မယ်ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ 

အင်တာဗျူးသွားဖို့ ရုံးကနေ နေ့တစ်ဝက်ခွင့်ယူသွားပြီး အိမ်ပြန်အဝတ်လဲဖို့လဲ အချိန်မရတာကြောင့် အင်တာဗျူးသွားတဲ့အတိုင်း Formal နဲ့ ရုံးပြန်ရောက်တော့ မန်နေဂျာနဲ့ပက်ပင်းတိုးပြီး တအံ့တသြနဲ့အင်တာဗျူးကပြန်လာတာလား ဆိုပြီးမေးပါတယ်။ ကျနော်လဲ Yes လဲမပြော No လဲမဆိုပဲ ရီပြပြီး ကိုယ့်အခန်းထဲကိုယ်သွား ယူနီဖောင်းလဲ ပြီးအလုပ်လုပ်နေလိုက်တာ။ မန်နေဂျာကမကြာခနပဲ ကျနော့်အခန်းလာပြီး မထိတထိ လာလာအစ်သေးတာ။ ကိုယ်က First Interview ပဲရသေးတော့ အလုပ်ရမှာမသေခြာသေးပဲ ဘာမှမပြောချင်သေးဘူးလေ။ ရုံးရောက်ပြီးတာနဲ့ အင်တာဗျူးခဲ့တဲ့ MD နဲ့ HR ဆီ e-mail ပို့ ကျေးဇူးတင်ကြောင်း၊ မိမိကိုယ် အလုပ်ခန့်ဖို့ထပ်ပြီးကောင်းကြောင်းတွေ လှမ်းပြောပါတယ်။ ညနေစောင်းမှာတော့ HR ဆီကနေ နောက်နေ့မှာ Second Interview လာဖို့ပြောတာကြောင့် အတော်လေးမျှော်လင့်ချက်ထားမိတယ်။ နောက်နေ့အတွက်တော့ Polyclinic သွားပြီး MC ယူပြီး တစ်နေကုန် ပဲ အလုပ်မသွားတော့ ပဲ Second Interview သွားလိုက်တော့တယ်။ Second Interview ကိုတော့ HR and Finance Manager တစ်ယောက်ပဲ ရှိပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ဖတ်ခိုင်းပြီး တစ်ခုချင်းစီရှင်းပြပါတယ်။ နောက်ဒီအလုပ်တွေကိုလုပ်နိုင် မနိုင်မေးပြီး  ထင်ထားတဲ့အတိုင်းပဲတောင်းထားတဲ့လစာကို ညှီနှိုင်းပြီး ဘယ်လောက်အနိုမ့်ဆုံးထားနိုင်မလဲ မေးပါတယ်။  ကိုယ်ကလဲ ဒီလိုဈေးဆစ်မယ်ဆိုတာ သိတော့ ဆစ်မယ့် ပမာဏကိုကြိုတင်မြှင့်ထားပြီး ကိုယ်လိုချင်တဲ့ ပမာဏကိုတောင်းလိုက်တယ်။ ပြောပြီးတာ နဲ့တခါထဲHR Manager က ဖိုင်ထဲကနေ Appointment Letter ကိုထုတ်ပေးတာကြည့်လိုက်တော့ ကိုယ်ပြောတဲ့လစာပမာဏကို ကြိုတင်ရေးထားနှင့်ပြီးသားပါ။ သူတို့ကလဲ ဘယ်လောက်ဈေးတင်ထားပြီး ဘယ်လောက်နဲ့ရနိုင်တယ် ဆိုတာကြိုတင်ခန့်မှန်းထား ပြီးသားပါ။ ကျနော်လဲ Appointment Letter ကိုအသေးစိတ်ဖတ်ပြီး တခါတည်း လက်မှတ်ထိုးပေးလိုက် ပါတယ်။ အလုပ်စမယ့် ရက်တော့ Immediate Vacancy ဖြစ်တာနဲ့ အမျှ တပါတ်အတွင်း အလုပ်စဖို့ ပြောပါတယ်။ အခြာခံစားခွင့်တွေကတော့ Sankyu လို အကန့်အသတ်မရှိဆေးကုခွင့် ကလွဲလို့ အားလုံးလိုလိုတူတူလောက်ပါပဲ။ 

နောက်တစ်ရက် Sankyu မှာရုံးတက်တာနဲ့ အလုပ်မှနှုတ်ထွက်စာကို ရေးပြီး မန်နေဂျာကိုပေးတော့ မန်နေဂျာက သူခန့်မှန်းတာ မှန်နေတာပေါ့တဲ့ မအံသြပါဘူးလို့ပြောပါတယ်။ ထုံးစံအရ (၁)လ ကြိုတင်ပြီးနှုတ်ထွက်ခွင့်တောင်းရမှာဖြစ်ပေမယ့် ဒီဖက်က လိုအပ်ချက်ကြောင့် အလျှင်အမြန်ပဲထွက်ရလို့ Sankyu ဖက်ကို လစာတစ်လစာလျှော်ပြီး ထွက်ရတာပါ။ ကျနော့်ရဲ့အခြေခံလစာက မများတဲ့အတွက် တစ်လစာအတွက် များများစားစားတော့ မပေးလိုက်ရပါဘူး။ လိုအပ်တဲ့ Handover Process ကိုအလျှင်အမြန် လုပ်ပေးပြီးတဲ့နောက်မှာတော့ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ Sankyu Singapore ကနေနှုတ်ထွက်ခဲ့ပါတယ်။ 

ကျနော့်အတွက် New Era ကို တော့ ဆွီဒင်အခြေစိုက် MNC Company တစ်ခုဖြစ်တဲ့ OSM Group နဲ့ဧပြီလ (၃) ရက်နေ့မှ စဖြစ်ပါ တယ်။ Singapore ရုံးကတော့ Sales & Marketing ရုံးလေးတစ်ခုပဲဖြစ်ပြီး Regional Sales Director (၁) ဦး၊ Global Sales Vice-President (၁) ဦးနဲ့ Singapore MD and Asia Pacific Regional Sales Director (၁) ဦး အပါအဝင် အရောင်းမန်နေဂျာ (၃) ဦး၊ Logistics Manager (၂) ဦးနဲ့ HR & Finance Manager (၁) ဦးရုံးထိုင်ပါတယ်။ ကျနော့်အလုပ်တာဝန်ကတော့ VP နဲ့ Directors များ နဲ့ အရောင်းမန်နေဂျာများ ခရီးသွားရင် လေယာဉ်လက်မှတ်တွေစီစဉ်ပေးရတာ၊ MD အတွက် Secretary Service နဲ့ Office တစ်ခုလုံးရဲ့ Administration တွေ ကိုင်တွယ်ရတာပါ။ ဒီ Company ကတော့ သူများနဲ့မတူတဲ့ ထူးခြားတာတစ်ခုက အပါတ်စဉ် သောကြာနေ့တိုင်း ညနေ ၄ နာရီကစပြီး Cozy Friday ဆိုပြီး ပါတီအသေးစားလုပ်တာပါ။ Fridge ထဲမှာ Beer နဲ့ အချိုရည် အပြည့်ရှိ နေဖို့နဲ့စားစရာအမြည်းဘာညာတွေ အဆင်သင့်ရှိနေဖို့ ကြိုတင်စီမံထားရပါတယ်။ MD ကပျော်ပျော်နေတက်လို့  Cozy Friday တိုင်းလိုလို သူကအတက်ကြွဆုံးပါပဲ။  OSM Group ဟာ ကိုယ်ပိုင် Brand အနေဲ့ DICOTA နာမည်နဲ့ Laptop Bag တွေကစလို့ Mobile Phone မျိုးစုံအတွက် ကာဗာတွေ အခြား ကွန်ပြူတာသုံး  accessories မျိုးစုံထုတ်လုပ်ရောင်းချပါတယ်။ နောင်များ ကျနော့် သူငယ်ချင်းညီအစ်ကို မောင်နှမများ DICOTA Brand တွေ့ရင် ကျနော့်ကိုသတိရပြီး ဝယ်ယူအားပေးပါလို့ တိုက်တွန်းရင်း ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်ခင်ဗျား။ ဖတ်ပေးတဲ့သူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။       ။