Friday, May 6, 2016

ကျနော် နှင့် ကျန်းမာရေး အာမခံ အတွေ့အကြုံ အချို့

အခုတလော စင်္ကာပူမြန်မာသတင်းရပ်ကွက်မှာ အထူးသတင်းကြီးသွားတဲ့ ဦးနှောက်အကျိတ်ကြောင့်ခွဲစိတ် ကုသမှုစားရိတ်အတွက် စင်္ကာပူဒေါ်လာသိန်းကျော်ကုန်ကျမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားများ ကိုယ်ချင်းစာနာစိတ်နဲ့ လှူဒါန်းကြ မျှဝေပေးကြ၊ ဈေးရောင်းပေးကြနဲ့ အတော်လေးဗျာများ သွားကြပါ တယ်။ ပါဝင်လှူဒါန်းကြ လှုံဆော်ပေးကြတဲ့ သူများ ကို မုဒိတာပွားရပါတယ်။

ကျနော့်အနေနဲ့ ကျန်းမာရေးအာမခံရောင်းချတဲ့သူ မဟုတ်သော်လည်း အလုပ်ရဲ့သဘောသဘာဝအရ ဝန်ထမ်းများ အလုပ်သမားများအတွက် အစိုးရက မဖြစ်မနေပြုလုပ်ပေးရမည် လို့ ဖော်ပြထားတဲ့ အာမခံ များအပြင် ဝန်ထမ်းများအတွက် အထူးအခွင့်အရေး တစ်ခုအနေနဲ့ ကုပ္မဏီများကနေ အပိုဆောင်း ဝယ်ယူ ထောက်ပံပေးတဲ့ အာမခံများအတွက် ဒီ အာမခံတွေနဲ့ တနည်းမဟုတ်တနည်း ပတ်သတ်လာရပြီးနားလည် သဘောပေါက်အောင်လေ့လာခဲ့ပါတယ်။

ခုနကပြောခဲ့တဲ့ မြန်မာအမျိုးသမီး ကျန်းမာရေးကိစ္စအကြောင်းပြုပြီး စင်္ကာပူနိုင်ငံအတွင်း ရှိ အခြား မြန်မာနိုင်ငံသား များ သိရှိဖို့အတွက် ရယ်၊ မြန်မာနိုင်ငံမှ အခြားသော ဝန်ထမ်းရေးရာ ပရော်ဖစ်ရှင်နယ် (HR Professional) များလဲ အတွေ့အကြုံရအောင်၊ ကျနော့်ကိုယ်တွေ့အတွေ့အကြုံလေးတွေ နဲ့ မှီငြမ်းပြီး  မိမိသိထားတာလေးတွေ ဝေမျှဖို့အတွက် ဒီ ပိုစ့်ကို ရေးဖြစ်ပါသည်။ အာမခံ အသေးစိတ် အချက်အလက်တွေ အတွက်တော့ ခုနကပြောခဲ့တဲ့ အတိုင်း ကျနော်က အာမခံရောင်းချသူ Professional မဟုတ်တဲ့အတွက်  မိမိတို့ရဲ့ နီးစပ်ရာ အာမခံကိုယ်စားလှယ်များ ကို ဆက်သွယ်မေးမြန်းစေလိုပါတယ်။

စင်္ကာပူ company တစ်ခုကနေ နိုင်ငံခြားသားအလုပ်သမား သို့မဟုတ် ဝန်ထမ်း၊ Work Permit Holderနဲ့ S pass Holder များခန့်ထားတော့မယ် ဆိုတာနဲ့ ဒီအလုပ်သမား၊ ဝန်ထမ်းများအတွက် Company ဖက်က နေ Ministry of Manpower  (MOM) စင်္ကာပူအလုပ်သမားဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတိုင်း ကျန်းမာရေးအာမခံ ပေါ်လစီတစ်ခုကို ဝယ်ယူပြဌာန်းပေးရတယ်။ ဒီအာမခံပေါ်လစီက အခြေခံအဆင့် ပေါ်လစီတစ်ခုဖြစ်ပြီးတော့ စင်္ကာပူဒေါ်လာ ၁၅၀၀၀ အထိ အာမခံဖက်ကနေပေးလျှော်မယ့် အဆင့်ပါ။

ဒီအခြေခံပေါ်လစီဟာ Company ရဲ့ WP နဲ့ Spass အားလုံးကိုအကျူံးဝင်ပြီးတော့ EP အတွက်အကာ အကွယ် မပေးပါဖူး။ ဒီပေါ်လစီအတွက် ပရီမီယံကြေးအနေနဲ့  အာမခံ company နဲ့ ဝန်ထမ်းအင်အား ပေါ်မူတည်ပြီး တစ်နှစ်ကို ဝန် ထမ်းတစ်ယောက်အတွက် ၅၀ ကနေ ၁၀၀ အတွင်းပေးရပါတယ်။ ဒီပေါ်လစီဟာ Hospitalization & Surgical ပဲဖြစ်တဲ့အတွက် ဝန်ထမ်း ဆေးရုံတက်ကုသမှ သာလျှင် အာမခံကလျှော်ကြေးစပေးမှာဖြစ်ပြီး၊ ပဏာမရောဂါရှာဖွေရေးအတွက် ဓာတ်ခွဲခန်း၊ စကမ် စသည်ဖြင့် နဲ့ အထူးကု၊ သာမန်ကုဆရာဝန်များအတွက် ကုသစားရိတ် တွေကိုပါထည့်သွင်း ပြီးလျှော်ကြေးတောင်း ခံနိုင်ပါတယ်။ တကယ်လို့ ကိုယ်က စင်္ကာပူရဲ့ အထူးကုဆရာဝန်ကြီးတွေနဲ့ ရောဂါရှာဖွေ စမ်းသပ်ပြီး တဲ့နောက် ဘာရောဂါမှရှာမတွေ့ သော်လည်းကောင်း၊ ဆေးရုံတက်ကုသ စရာမလိုရင် လည်းကောင်း ဒီပေါ်လစီအတွင်းမှာ မပါဝင်ပဲ လျော်ကြေးငွေတောင်းခံလို့မရနိုင်ပါဘူး။

ရောဂါအခြေအနေက ဆေးရုံတက်ကုသရမယ့် အခြေအနေ ရောက်နေပြီဆိုရင်တော့ အခြေခံအားဖြင့် ခုတင် (၄) လုံးဝင် အခန်းအဆင့်မှာပဲ တက်ရောက်ရမှာဖြစ်ပြီး၊ လိုအပ်ချက်အရ သီးသန့်အခန်း သို့မဟုတ် အထူးကြပ်မတ်ကုသခန်းထဲ ကို လဲ ထည့်သွင်းကုသဖို့အတွက် ဆေးရုံကနေပဲ စီစဉ် ဆုံးဖြတ်တာဖြစ် ပါတယ်။ ဆေးရုံတွေရဲ့ procedure အရ ဝန်ထမ်းတစ်ယောက်ဆေးရုံတက်ကုသဖို့ လိုအပ်ပြီဟေ့ ဆိုတာနဲ့ ဆေးရုံကနေ ဝန်ထမ်း အလုပ်လုပ်နေတဲ့ company ကိုလှန်းအကြောင်းကြားပြီး လူနာကို ဆေးရုံတင် မှာဖြစ်ကြောင်း၊ ဆေးရုံကုန်ကျစားရိတ် အတွက် company ဖက်က ငွေပေးခြေမည် ဖြစ်ပါကြောင်း ကို Letter of guarantee ပေးပို့ပြီး အတည်ပြုချက် ရ ယူပါတယ်။ အဲ့ဒီအခြေအနေမျိုးမှာ တော့ Company ဖက်ကနေ တာဝန်မယူနိုင်ပါ ဆေးရုံမတက်နဲ့ ပြန်လာပါလို့လဲ ပြောလို့မရတော့ပါဖူး။ အဲ့လိုပြောရင် လူနာရဲ့ အသက်အန္တရယ် နီးစပ်တဲ့အတွက် မဖြစ်မနေ တင်ရပါမယ်ဆိုပြီး၊ Company တွေပေါ် မှာ အာဏာသက်ရောက် နိုင်တဲ့ ဝန်ကြီးဌာန MOM ကိုအကြောင်းကြားပြီး MOM ရဲ့ အာဏာနဲ့ Company ကို ဖိအားပေးခိုင်းမှာပါ။

အားလုံးသိကြတဲ့အတိုင်း စင်္ကာပူနိုင်ငံရဲ့ နိုင်ငံခြားသား ဆေးကုသမှုစားရိတ် ဟာကြီးမားလှတဲ့အတွက် သာမန် အူယောင်ငန်းဖျားလို၊ သွေးလွန်တုတ်ကွေး လို ရောဂါမျိုးများအတွက် (၅) ရက်တာ သာမန်အခန်း တွင်းကုသစားရိတ်၊ ဆရာဝန်၊ ဆေး ဘာညာစာရိတ်တွေဟာ ငွေ ၅၀၀၀ ကနေ ၆၀၀၀ ကြားကျသင့် ပြီး၊ ICU အထူးကြပ်မတ်ကုသခန်း ထဲများ ဝင်သွားပြီဆိုရင်တော့ (၅) ရက်အတွက် ပေါ်လစီ အကာအကွယ် ပေးထားတဲ့ ငွေ ၁၅၀၀၀ ဆိုတာ ICU ခန်းသုံးခလောက်ပဲ ရှိပါတော့တယ်။

၁၅၀၀၀ ထဲ့ကျော်လွန်သည်အထိ ကုသခဲ့တဲ့ လူနာ၊ အခြေအနေအလွန်ဆိုးရိမ်ရတဲ့ အတွက် ခွဲစိတ်ကုသရ တဲ့ လူနာမျိုး၊ ကင်ဆာအတွက် ဓာတ်ကင်ကုသရတဲ့ အခြေအနေ မျိုးတွေ ရောက်လာခဲ့အခါ ဘယ်သူက ကျန်တဲ့ဆေးကုသစားရိတ်ကို အကုန်ကျခံရမှာလဲ။ အဲ့ဒီအတွက် အဖြေက သာမန်ကျနော်တို့ နေစဉ် ထိတွေ့နေတဲ့ Employment Act ထဲမှာ မရှိတော့ပဲ သူ့ထက် ပိုမိုခြုံငုံထားတဲ့ Employment of Foreign Manpower Act လို့ခေါ်တဲ့ နိုင်ငံခြားသားအလုပ်သမားများ ခန့်ထားရေးဥပဒေ ထဲက ဖေါ်ပြချက်အရ ဝန်ထမ်း ကိုခန့်ထားတဲ့ Company ကနေ ဒီဝန်ထမ်းရဲ့ ဆေးကုသမှုကုန်ကျစားရိတ် အားလုံး၊ အာမခံ ကပေးထားတဲ့ ၁၅၀၀၀ ထက်ပိုသော မည်သည့်ပမာဏ ကိုမဆို ကုန်ကျ ခံရမည် ဆိုပြီးပြဌာန်း ထားတာ တွေ့ရပါတယ်။

အဲ့တော့ Company တွေဖက်ကနေ ဒီလိုမျိုး မမျှော်လင့်ထားသော၊ ကံမကောင်းအကြောင်းမလှ ခြင်းများ ကို ကာကွယ်ဖို့အတွက် WP အလုပ်သမားများအတွက် ခုနက အခြေခံပေါ်လစီ ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိ တိုးမြင့်အာမခံဖို့ လုပ်ကြရပါတယ်။ အဲ့ဒါအပြင်ကို Company တွေရဲ့ သုံးစွဲနိုင်မှုအသုံးစားရိတ်တွေ ပေါ်မူတည်ပြီး Pre-Employment Full Medical Check Up လို့ခေါ်တဲ့ အလုပ်မခန့်ထားမီ ဆေးစစ်ချက် တွေ၊ Annual Medical Check Up တွေပြုလုပ်ကာကွယ်ရပါတယ်။ S Pass အတွက် ငွေ ၃၀၀၀၀ အထိ အပို ထပ်ဆောင်းအာမခံလို့ရတဲ့အပြင် အခြားသီးသန့် ကျန်းမာရေးစောင့်ရှောက်မှုအာမခံ များ ကို ငွေ တက်နိုင်ရင် တက်နိုင်လောက်ထပ်မံ အာမခံထားလို့ရပါတယ်။ ကုန်ကျစားရိတ်အားလုံးရဲ့ ၉၀% အထိ ပြန်ပေးမယ့် ပေါ်လစီ၊ ၁၀၀% အထိပြန်ပေးမယ့် ပေါ်လစီများ အတွက် အသက်အပိုင်းအခြားပေါ်မူတည် ပြီး တစ်နှစ်အတွက် ၃၀၀ ကနေ ၈၀၀ လောက်အထိ အာမခံ ပရီမီယံကြေးကုန်ကျနိုင်ပါတယ်။ ဒီအာမခံခံ အတွက် ဘယ်ဟာတွေ ကိုကာဗာဖြစ်သလဲ၊ ဆေးရုံစားရိတ် အတွက် ကိုယ်ဖက်ကငွေဘယ်လောက်ပေးပြီး ပိုတာ ကိုမှာ အာမခံကပေးမှာလား၊ ဘယ်ဆေးရုံအဆင့်တွေနဲ့ ဘယ်အခန်းအဆင့် တွေ ကို တက်ရောက် ကုသမှုခံနိုင်မလဲ၊ အာမမခံတဲ့ ရောဂါတွေ ရှိသလားဆိုတဲ့ မေးခွန်းတွေကို ကိုယ် အာမခံ အရောင်း ကိုယ်စားလှယ်နဲ့ တွေ့တဲ့အခါ သေသေချာချာ မေးစေလိုပါတယ်။

အခြား အာမခံတစ်ခုအနေနဲ့ Company တွေဖက်က မဖြစ်မနေ အာမခံရတဲ့ အာမခံကတော့ Workmen Compensation လို့ခေါ်တဲ့ အလုပ်ခွင်အတွင်း အလုပ်သမား ထိခိုက်ဒဏ်ရာရရှိ၊ သေဆုံးမှုအတွက် အာမခံပဲ ဖြစ်ပါတယ်။ ဒီအာမခံကိုတော့ MOM က Workmen compensation Act ပြဌာန်းချက်တွေနဲ့ တိုက်ရိုက်ကိုယ်တွယ်ပြီးတော့ ပြင်ပ အာမခံ Company ကြီးတွေကနေ Company တွေကို အာမခံရောင်းပါ တယ်။ ဒီအာမခံကြေးအတွက် Company ကနေပဲ ပေးရမှာဖြစ်ပြီး၊ အလုပ်သမားစီကနေ တပြားမှ တောင်းခံခွင့်မရှိပါဘူး။ ဒီအာမခံအတွက်ကတော့ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုအတွက် (၃) ရက်ထပ်ပိုသော ဆေးခွင့်ကို စင်္ကာပူဆေးရုံဆေးခန်း တစ်ခုခုကများ ပေးခဲ့ရင် MOM ကို (၁၄) ရက်အတွင်း အကြောင်းကြားပြီး လိုအပ်သည်များ ကို ဆက်လက်ဆောင်ရွက်ရပါတယ်။

ကျနော့် လုပ်ငန်းအတွေ့အကြုံမှာ ခုနကပြောခဲ့တဲ့ အာမခံတွေနဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရ အဖြစ်အပျက် (၂) ခုကြုံခဲ့ဖူးပါတယ်။ ပထမ case ကတော့ မြန်မာ အလုပ်သမားပါ။ ဗိုက်အရမ်းနာတဲ့အတွက် ညဖက်က ဆေးရုံကို တင်လိုက်ရတဲ့အကြောင်း မနက်မိုးလင်းလင်းချင်း ဖုံး msg တွေ့တော့ ဆေးရုံးက အိမ်နဲ့ နီးတဲ့ NUH မှာဆိုတော့ ချက်ချင်းသွားတွေ့ဖြစ်သည်။ ထုံးစံအတိုင်း ခေါင်းကနေခြေအဆုံး ရောဂါတွေရှာဖွေထား ပြီးတော့ ရလဒ်များကို စောင့်နေသည်ပေါ့။ နေ့လည်ရောက်တော့ ဆေးရုံးကနေဖုံးဆက်တယ်၊ ပဏာမ သွေးစစ်ချက်တွေ အရ ကင်ဆာလက္ခဏာ ပြနေသည့်အတွက် စကမ်ဖတ်ချင်သည်၊ ကုန်ကျစားရိတ် မည်မျှရှိသည် လုပ်ရမလား လို့ ခွင့်ပြုချက်တောင်းတော့ ဆေးရုံပေါ်ရောက်နေပြီ၊ ဆေးရုံတင်ထားပြီးပြီး ဖြစ်တဲ့ အတွက် အာမခံက ၁၅၀၀၀ အထိပြန်ရနိုင်တဲ့အတွက် ဆက်လုပ်ပါလို့ ခွင့်ပြုချက်ပေးလိုက်သည်။
လူနာရဲ့ အခြေအနေ က ပြန်ကောင်းလာပြီး အသက်အန္တရယ်နဲ့ လဲဝေးသွားပြီဖြစ်တဲ့အတွက် နည်းနည်း စိတ်အေးသွားပေမယ့် စကမ် ဖတ်တဲ့ ရလဒ်ရတော့ နည်းနည်းတော့ ပြသနာကြီးလာပြီ၊ စကမ်ကနေ တွေ့တာ အူမကြီးထဲမှာ ကင်ဆာအလုံးတွေ တွေ့သည်ပေါ့။ ထပ်သေခြာအောင် အသားစယူရပါ မည်ဆိုတော့ ဟင့်အင်း မယူနဲ့ ပြောလို့မှမရတာ ယူရမှာပေါ့။ လူနာကတော့ ဆေးရုံကဆင်းလာပြီး အဆောင်မှာ ပဲ နားနေခိုင်းထားပြီး (၃) ရက်လောက်ကြာတော့ ဆေးရုံကနေ အသားစရလဒ် အတွက် Company မှာ တာဝန်ရှိသူတစ်ဦးကိုယ်တိုင် လိုက်လာပါဆိုတော့ ကျနော် သိလိုက်ပြီ အခြေအနေ သိပ်မကောင်းဆိုတာ၊ ဒါမယ့် အဆိုးဆုံးကိုတော့ ကျနော်မမျှော်လင့်ထားမိပါဖူး။

အထူးကုဆရာဝန်ကြီး ကိုယ်တင် စကမ် နဲ့ အသားစ ဓာတ်ခွဲရလဒ်တွေကို ပြောပြတော့ ကင်ဆာရဲ့ နောက်ဆုံးအဆင့် နဲ့ နောက်ထပ် (၆) လအထိ အသက်ရှင်ဖို့ခန့်မှန်းပါသည်တဲ့၊ လူနာက သိခွင့်ရှိပေမယ့် ခံစားနိုင်ပါ့မလား၊ မင်းဘာသာပြန်ပြီး ပြောပါဆိုတော့ အသက် (၃၄) နှစ်ပဲရှိသေးတဲ့ ကျနော့် မြန်မာ အလုပ်သမား ကို " မင်း ကင်ဆာနောက်ဆုံးအဆင့်နဲ့ ၆ လပဲ အသက် ရှင်တော့မယ် " လို့ ကျနော် ပြောမထွက်ပါဖူး။ တစ်ခုခုတော့ ပြောရမယ် ဆိုတော့ " မင်းမှာ အူမကြီးကင်ဆာဖြစ်နေတယ်၊ အခြေအနေ အရတော့ ဆရာဝန်က ခွဲစိတ်ကုသဖို့ အားမပေးဖူး၊ ဓာတ်ကင်ကုသနည်းနဲ့ပဲ ကုသပါမယ်၊ ဒီမှာကုသလို စိတ်ရှိလား၊ မြန်မာပြည်ပြန် ကုသမလား " လို့ ကျနော်ပြောပြ ပြီးမေးမြန်းတယ်ပေါ့။ သူက မြန်မာပြည်မှာပဲ ပြန်ပြီး ကုချင်ပါတယ် ဆိုတော့ ဆရာဝန်ကြီးကနေ လွှဲစာ၊ စစ်ဆေးတွေ့ရှိချက်တွေ၊ စကမ် နဲ့ အသားစ ရလဒ်တွေ အကုန်လုံးကို ထုတ်ပေးဖို့ ဆရာမကို ညွှန်ကြားပေးပါတယ်။

ရန်ကုန်ကို အမြန်ပြန်ဖို့ ချက်ချင်းစီစဉ်ပေး၊ လေဆိပ်အထိလိုက်ပို့တော့ သူ့ခမျာ ကျနော့်ကို ရောဂါ ပျောက်ရင် ပြန်လာပါရစေနော်လို့ တဖွဖွ ပြောရှာတယ်။ ကျနော့်မှာ တော့ မုသားမပါလင်္ကာ မချော ဆိုတဲ့အတိုင်း ပြန်လာပါပေါ့။ တော်တဲ့ အလုပ်ကြိုးစားတဲ့ အလုပ်သမား မို့လို့ ရုံးဝန်ထမ်းတွေ စီကနေ မြန်မာပြည်ပြန်ရင် ဆေးကုသစားရိတ် အတွက်ဆိုပြီး ငွေ ၄၀၀၀ နီးပါးရပါတယ်။ ရန်ကုန်ရောက်တော့ လဲ အဆက်အသွယ် သိပ်မပျက်ပဲ သူခွဲစိတ်ကုသမှုလုပ်မယ် ဆိုပြီး မြန်မာဆရာဝန်ကြီးများက အူမကြီးထဲမှာ ရှိတဲ့ ကင်ဆာအလုံးများ ကို ခွဲထုတ်ပါသော်လည်း၊ ခွဲစိတ်ပြီး ၃ လောက်အကြာမှာ သူ့အမျိုးသမီး က နေတဆင့် ဆုံးပါးကြောင်း သတင်းရောက်ပါတယ်။ အတော်လေး စိတ်မကောင်းဖြစ်ရလိုက်ရတယ်။

ဒုတိယ case ကတော့ ဘင်္ဂလာနိုင်ငံသား အသက် ၅၀ အရွယ် company မှာ (၁၀) နှစ်ကြာအမှုထမ်း နေတဲ့ အလွန်တော်တဲ့ ဆေးသုတ်သမား ပါ။ လုပ်ငန်းခွင်မှာ ရင်ဖက်အောင့်တယ် ဆိုပြီး အော့အန်တော့ အလုပ်သမားခေါင်းတစ်ယောက်နဲ့ အတူ ဆေးရုံကို တက်စီနဲ့ တင်လိုက်ပြီ ဖြစ်တဲ့အကြောင်း ရုံးကို သတင်းရောက်တဲ့ အခါ ကျနော်တို့ ရုံး ကျနော့် HR practice အရ ကျနော် သို့မဟုတ် ကျနော့် လက်ထောက် ဆေးရုံကို လိုက်ရပါတယ်။ အဲ့ဒီတုံးကလဲ ကျနော်ပဲ Yishun က Khoo Teck Puat ကို လိုက်ပါတယ်။  A& E ကိုမေးလိုက်တော့ ICU ထဲမှာရောက်နေပါပြီ ဆိုတော့ ကျနော့်မှာ ဆေးရုံ Bill ကိုတွေးမိပြီး နည်းနည်းတော့ သွေးတိုးသွားတော့တယ်။ ICU ထဲရောက်တော့ ကျနော့်စိတ်ထဲမှာ မျှော်လင့်ထားတာက ပိုက်တွေတန်းလန်းနဲ့ မေ့မြောနေလိမ့်မယ်ပေါ့။ အလွန်သန်မာ တဲ့ အလုပ်သမားပါပဲ၊ ပိုက်တွေတန်းလန်း၊ အောက်စီဂျင် ပိုက်တက်ရက်နဲ့ Hi Sir, Thank you for coming ဆိုပြီး၊ သူ့ကို ဆေးကုခွင့်ပေးဖို့ မျက်ရည်ကျပြီး ပြောတော့တာပါပဲ။ Heart Attack ရကြောင်း အခြေအနေ ကို ထိမ်းသိမ်း ထားနိုင်ပြီ ဖြစ်ကြောင်း ဆရာမကရှင်းပြထားတော့ ကျနော်သူဘာဖြစ်တယ်ဆိုတာ သိနေနှင့် ပြီးတော့ စိတ်ချပါ၊ ဆေးရုံ ကုန်ကျစားရိတ်အတွက် ဘာမှစိတ်မပူနဲ့ စိတ်အေးအေးသာနေပါဆိုတော့ ကျေးဇူးတင် တဲ့အကြောင်းပြောလိုက်တာ အထပ်ထပ်အခါခါ၊
Company ဖက်ကတော့ ပေးချင်သည်ဖြစ် စေ မပေးချင်သည် ဖြစ်စေပေးရမှာပါပဲ။ ဒါမယ့် ပရိယယ်ကြောင့် မပြောဖူးပေါ့။ ကံကောင်းစွာနဲ့ နှလုံးသွေးကြောထဲ ပူဖေါင်းထည့်ကုသနည်းများနဲ့ အမြန်ကုသချက်ကြောင့် အသက်ချမ်းသာပြီး ICU ထဲမှာလဲ (၃) ရက်ပဲနေလိုက်ရပါတယ်။ ရုံးကို Bill ရောက်လာတော့ ကုန်ကျငွေ ၂၁၀၀၀ နဲ့ နောက် ဆုံးစိတ်ချရသည်အထိ ဆေးကုသစားရိတ် ၁၀၀၀၀ လောက်အထိ Company ကနေ ကုန်ကျခံခဲ့ရပါတယ်။ အလုပ်သမား ဖက်ကတော့ သူ့ကို ငွေ ၁၅၀၀၀ ကျော်အပိုကုန်ကျ ခံခဲ့ပေးတဲ့ အတွက် ကျနော့်သူဌေးကို သူ့ ဘုရားသခင် အလားပါပဲ။ အခုချိန်ထိ အလုပ်လုပ်ဆဲဖြစ်ပြီး ကျေးဇူးဆပ်ချင် တဲ့ စိတ်ကြောင့် အလွန် အလုပ်ကြိုးစားတဲ့ အလုပ်သမားတစ်ယောက်ပါပဲ။

သူ့အတွက် အာမခံလျော်ကြေးငွေ ဆေးရုံတက်စားရိတ်ပြန်ရရှိဖို့ အာမခံ company ကိုတောင်းဆိုတဲ့ အခါကျတော့ လုပ်ငန်းခွင်မှာဖြစ်တဲ့အတွက် လုပ်ငန်းခွင်ဆိုင်ရာ အာမခံဖက် ကနေ တောင်းခံဖို့ ပြန်ပြော တော့ လုပ်ငန်းခွင်ဆိုင်ရာ အာမခံကလဲ ထိခိုက်ဒဏ်ရာကြောင့် မဟုတ်သဖြင့် မပေးနိုင်ပါဆိုပြီး ဘောလီဘောပုတ်တော့ MOM ရဲ့ အဆုံးအဖြတ် ခံရသည်အထိ ကျန့်ကြာခဲ့ရပါတယ်။ ဒေါ်လာသန်းချီ အလုပ်လုပ်နေတဲ့ Company များအတွက် ငွေလေး ၂၀၀၀၀ လောက်ကဘာမှမဖြစ်လောက်ပေမယ့် တစ်နှစ်မှာ ငွေ ၁ သိန်း ၂ သိန်းလောက်နဲ့လည်ပတ်တဲ့ လုပ်ငန်းငယ်လေးများသာ ဆိုရင် ငွေ ၂၀၀၀၀ ဟာ အတော်လေး ဒုက္ခရောက်စေနိုင်တဲ့ ပမာဏပါ။

ကျနော်အလုပ်လုပ်နေတဲ့  Company အတွက် ဆေးကုသစားရိတ် ကုန်ကျငွေ သိန်းချီ နဲ့ အထိမနာရလေ အောင် တိကျတဲ့ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ ပေါ်လစီတွေချမှတ် ထားခဲ့ပြီး၊ နှစ်စဉ် ရုံးဝန်ထမ်းအားလုံး နဲ့ အသက် ၄၀ နှင့် အထက်အလုပ်သမားများကို ကျန်းမာရေးစစ်ဆေး စေပါတယ်။ စင်္ကာပူအစိုးရ ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ ပံပိုးကူညီမှုနဲ့ တစ်နှစ်တာပတ်လုံး ကိုယ်လက်လေ့ကျင့်ခန်း၊ ယောဂ စတဲ့ သင်တန်းတွေ ကို အခမဲ့သွားရောက်လေ့ကျင့်နိုင်အောင် စီစဉ်ပေးခြင်း၊ တစ်နှစ်မှာ (၄) ကြိမ် ကျန်းမာရေး အသိပညာဆိုင်ရာ Seminar များစီစဉ်ပေးခြင်းနဲ့ အခါအားလျော်စွာ အသီးအနှံစားသောနေ့၊ အသီးအနှံ ဖျော်ရည်သောက်သုံးသောနေ့များ အတွက် Company ရဲ့ ကုန်ကျစားရိတ်၊ အစိုးရရဲ့ ထောက်ပံငွေတွေ နဲ့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
ကျန်းမာရေးအာမခံအတွက်လဲ Great Eastern အာမခံနဲ့ ပူးပေါင်းပြီး ဝန်ထမ်းများအားလုံး အတွက် အာမခံပရီမီယံကြေး လျှော့ဈေးနဲ့ ရအောင် စီစဉ်ပေးထား ပါတယ်။ အလုပ်သမား အဆင့် မှာ အထူးကု ဆရာဝန် နဲ့ ဆေးရုံဖက်ကို ရိုးရိုးဆရာဝန်က လက်လွှဲကုသ စေလိုက်သည် ဆိုသည်နှင့် ဝန်ထမ်းရေးရေးရာ ဌာနမှ ဝန်းထမ်းတစ်ယောက်၊ စကားပြန်တစ်ယောက် ဆေးရုံကိုလိုက်ပြီး ကူညီဆောင်ရွက် စေခြင်းဖြင့် အလုပ်သမား ကို ကူညီအားပေးရာလဲ ရောက်၊ ရောဂါအခြေအနေ အတိမ်အနက် ပေါ်မူတည်ပြီး စင်္ကာပူတွင် ကုသသင့်မသင့် ကိုလဲ ဆုံးဖြတ်ချက်ချနိုင်သွားပါတယ်။
ကျနော့်စင်္ကာပူ က မိတ်ဆွေများ အတွက် အကြံပေးချင်တာကတော့ မိမိ အလုပ်လုပ်နေတဲ့ Company ရဲ့ ငွေရေးကြေးရေးအခြေအနေ၊ Employee Benefit လို့ခေါ်တဲ့ ဝန်ထမ်းအခွင့်အရေး အတွက်ဘယ်လောက် အတိုင်းအတာ အထိစီစဉ်ပေးထားလဲ၊ သာမန် MOM ရဲ့ အခြေခံအာမခံပဲလား၊ ဒီထက်မကတဲ့ အာမခံတွေ ဝယ်ထားသလားဆိုတာ မိမိ HR ကိုမေးမြန်းစုံစမ်းသင့်ပါတယ်။ တကယ်လို့များ သာမန်အာမခံအဆင့် ပဲ ထားရှိတယ်ဆိုရင်တော့ ကိုယ်ပိုင် အာမခံအတွက် တစ်နှစ်အတွက် ငွေ ၃၀၀ က နေ ၈၀၀ လောက်အထိ သုံးစွဲပြီး အာမခံဝယ်ယူထားဖို့အတွက် စီစဉ်ဆောင်ရွက်သင့်ပါကြောင်း အကြံပေးရင်း ကျနော့်ပိုစ့် ကို နိဂုံး ချူပ်ပါရစေ။ အားလုံးပဲ ကျန်းမာပျော်ရွှင်စွာ ပါစေကြောင်းလဲ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။