Tuesday, December 6, 2011

ကျနော် နှင့် Standard Chartered Marathon 2011



ဒီပိုစ့်ကတော့ Standard Chartered Marathon 2011 နဲ့စထားပေမယ့် ကျနော့်ကိုတော်တော်များများက ဘာကြောင့် Volunteer လုပ်
တာလဲဆိုတဲ့ မေးခွန်းခဏခဏမေးတဲ့အတွက် ဘယ်လို Volunteer လုပ်ဖို့ဝါသနာပါလာတာလဲဆိုတာကို ကျနော့်ဘဝရဲ့ မှတ်တမ်းတစ်ခု
နဲ့ရော မေးကြတဲ့သူငယ်ချင်းတွေအတွက်ပါချရေးထားခြင်းဖြစ်ပါတယ်။ အခြားစာလာဖတ်ကြတဲ့သူတွေအတွက်လဲ စင်္ကာပူရဲ့အကြီးဆုံး မာရသွန်ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ဒေသကို ကျနော်ပါဝင်ခဲ့တဲ့အပိုင်းလေးအပြင် အခြားအချက်အလက်တွေကိုဗဟုသုတအနေနဲ့ ရှာဖွေ
တင်ပြပေးထားပါတယ်။

စေတနာ့ ဝန်ထမ်း Volunteer ဆိုတဲ့ စကားလုံးကို ငယ်ငယ်လေးထဲက ဖခင်ကြီးထံကနေကြားနေကြပါ။ ပါပါးက အားကစားဝန်ကြီးဌာန
ကနေတရားဝင်အနားယူပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် လစာမယူပဲ သူ ဝါသနာပါတဲ့
အလုပ်ကို volunteer လုပ်လာခဲ့တာပါ။ ဒီတော့ကျနော်လဲ ဒီ volunteer စိတ်ဓာတ်တမျိုးဖခင်ကြီးစီကနေ အမွေရလာခဲ့တယ်ထင်ပါရဲ့ဗျာ။
မြန်မာပြည်မှာနေစဉ် ကာလကတော့ ကျနော်ပထမဆုံး စေတနာဝန်ထမ်းဆိုလို့ (၁၀) တန်းဖြေပြီးလို့ အောင်စာရင်းစောင့်နေတဲ့ အချိန်
မှာ မြန်မာ့စက်မှုလက်မှုပြပွဲဆိုပြီး ဇေကမ္ဘာကနေဦးစီးကျင်းပပါတယ်။ ဒီပြပွဲအတွင်းမှာ ပြသထားတဲ့ပြခန်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာရှိတဲ့
ကစားပွဲဆိုင်လေးတွေမှာ တာဝန်ယူဖို့အတွက် လုပ်အားပေးလူငယ်များလိုအပ်သည်ဆိုတဲ့ ကြော်ငြာနဲ့ကြော်ငြာပါတယ်။ လိုအပ်ချက်က
တော့ (၁၀)တန်းအောင်ရမယ်လို့ပါပေမယ့် (၁၀) တန်းစောင့်နေတာလဲ ရမှာပေါ့ဆိုပြီး လျှောက်ကြည့်လိုက်တယ်။ ဇေကမ္ဘာဖက်ကလက်
ခံကြောင်းနဲ့ဘယ်နေ့မှာတော့အင်တာဗျူးလာပါဆိုတာကိုအကြောင်းကြားပါတယ်။ မှတ်မှတ်ရရကျနော့်ဘဝရဲ့ ပထမဆုံး အင်တာဗျူးပါပဲ။
အင်တာဗျူးဆိုတော့ ဘာတွေများမေးမှာလဲပေါ့ တခါမှမသွားဖူးတော့ အင်မတန်မှလဲကြောက်ပါတယ်။ ဒီလိုနဲ့ အင်တာဗျူးဖြေရမယ့်နေ့
ရောက်တော့ ချိန်းဆိုထားတဲ့ မြရိပ်ညိုရွိုင်ရယ် ဟိုတယ်ကိုရောက်တဲ့အခါ လူငယ်ပေါင်းများစွာကိုတွေ့ရပါတယ်။ တော်တော်များများက
တော့စာအုပ်ကိုယ်စီနဲ့ ဘာမေးမှန်းမသိတဲ့ဟာကို ဖတ်နေကျက်နေကြပါတယ်။ ကျနော်ကတော့ ဘာကျက်ရမှန်းမှမသိတာလေ ဘာမှမယူ
သွားဘူး။ ကျနော့်အမည်ခေါ်လို့ အင်တာဗျုးအခန်းထဲကို ရင်တခုန်ခုန်နဲ့ ရောက်သွားတော့ အထဲမှာ(၃) ယောက်ထိုင်နေပါတယ်။ အတိ
အကျကြီးတော့ မမှတ်မိတော့ဘူး။ (၁) ယောက်ကတော့ အန်တီဆွေဇင်ထိုက်ဖြစ်မယ်ထင်တယ်၊ နောက်တစ်ယောက်ကတော့ ပါပါးရဲ့
မိတ်ဆွေတစ်ဦးပါ နာမည်တော့ မမှတ်မိတော့ဘူး။ ထိုင်ခုံမှာထိုင်ပြီးတော့ ဘာမေးမလဲလို့စောင့်နေတဲ့အခါ သားအဖေက ဦးဘဟိန်း လား
ဆိုတော့ ဟုတ်ကဲ့ခင်ဗျပေါ့။ သြော် ဦးဘဟိန်း သားပဲ။ အင်းရပါပြီ သွားလို့ရပြီတဲ့။ အမ် ဘယ်လိုဖြစ်တာလဲ ဘာမှမမေးတော့ဘူးလား။
အဖေရဲ့ နာမည်တစ်ခုထဲနဲ့တင် ကျနော်လုပ်အားပေးလူငယ်အဖြစ်အရွေးခံခဲ့ရပါတယ်။ ဒီ စက်မှုလက်မှုပြပွဲ လုပ်အားပေးခြင်းကြောင့်ပဲ
နောင်ဖြစ်တဲ့ အခုလက်ရှိကျနော့်ဘဝရဲ့ အခြေခံအကျဆုံးအုတ်ချပ်တွေကို စပြီးအုတ်မြစ်စီနိုင်ခဲ့တယ်လို့ပြောလို့ရမှာပါ။ အဲ့ဒီကနေပြီးတော့
သိခဲ့တဲ့ သူငယ်ချင်းတွေဟာယနေ့တိုင်ခင်မင်အဆက်အသွယ်ရှိဆဲ သူငယ်ချင်းကောင်းတွေဖြစ်လာသလို၊ အဲ့ဒီကနေပဲ သိခဲ့တဲ့ Lolane
Company ပိုင်ရှင်ကြောင့် ကျနော့်ဘဝရဲ့ ပထမဆုံး Company တစ်ခုမှာအလုပ်လုပ်ဖူးပြီးအတွေ့အကြုံသစ်တွေရရှိခဲ့တာပါပဲ။ ဒီပြပွဲနောက်
ပိုင်းမှာတော့ မြန်မာပြည်မှာ ဒီလိုလုပ်အားပေးတွေခေါ်ယူတဲ့ ပွဲတွေမရှိသလောက်ရှိတာမို့ဘယ်စေတနာ့ဝန်ထမ်းမှ မလုပ်ဖြစ်တော့ပဲ
၂၀၀၂-၂၀၀၃ လောက်တွေကြမှရွှေတောင်ကုန်းသာသနာရိပ်သာက ဖွင့်လှစ်တဲ့ ဗုဒ္ဓယဉ်ကျေးမှူအခြေပြုသင်တန်းမှာ ပါပါးက သင်တန်း သားကိုရင်တွေ ကို ဆွမ်းစားရာမှာ ဟင်းလိုက်ပေး၊ ထမင်းလိုက်ပေး လုပ်အားပေးတာကနေ ကျနော်လဲ တခါတလေအားလို့ သွားကူလုပ် ရင်းနဲ့ တစ်နှစ်မှာတော့ ဘုန်းကြီးကျောင်းမှာ ၁ လလုံးနေ့ရောညပါနေလိုက်ပြီး သင်တန်းဆရာဘုန်းကြီးများကို ဝိုင်းကူပြီးကိုရင်တွေ ကို ထိမ်းပေး၊ ရေသန့်စက်မှာရေကုန်ရင် ရေထမ်းထည့်၊ ဆွမ်းစားချိန်ဆို ဆွမ်းလိုက်ပေးစတဲ့ ဝေယာဝစ္ဆကုသိုလ်တွေယူဖြစ်ပါတယ်။ အဲ့ဒါတွေကနေအစပျိုးလာခဲ့တဲ့ Volunteer စိတ်ဓာတ်ဟာစင်္ကာပူမှာ အခြေချနေထိုင်လာတဲ့အခါမှာလဲကြုံရင်ကြုံသလို အားရင်အားသလို ဆက်ပြီးလုပ်ဖြစ်ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံအတွင်းက volunteer အလုပ်တွေကိုပြန်ကြည့်မယ်ဆိုရင် ပထမဆုံးကတော့ ၂၀၀၇ ခုနှစ် စင်္ကာပူအမျိုးသားနေ့ NDP Parade မှာ Singapore SOKA Association နဲ့ Line Dancer အဖြစ်ပါဝင်ဖြစ်ခဲ့ပါတယ်။ Volunteer အလုပ်ထဲမှာ အချိန်အပေးရဆုံးနဲ့
ယနေ့တိုင်လုပ်ဖူးခဲ့သမျှ Volunteer အလုပ်တွေနဲ့ယှဉ်လိုက်ရင် Organizing Management အကောင်းဆုံး၊ အပျော်ဆုံး event တစ်ခုပါ
ပဲ။ ဒီနောက်မှာတော့ Volunteer အလုပ်တွေထဲမှာ ရက်အရှည်ဆုံး လို့ပြောရမယ့် Singapore YOG 2010 ပါ။ (၈) ရက်ကြာတာဝန်ထမ်း
ဆောင်ခဲ့ရပြီး အညံ့ဖျင်းဆုံး Management နဲ့စတွေ့ခဲ့ရတယ်လို့ပြောလို့ရမှာပါ။ အဲ့ဒီကနေပြီးတော့ People's Association ရဲ့ ဦးဆောင်
မှုနဲ့ Salamon X trial Run မှာ သူငယ်ချင်း ဥာဏ်လင်းထွန်း၊ Brandon Chong တို့နဲ့ Volunteer လုပ်ဖြစ်ကြပါတယ်။ အဲ့ဒီမှာတော့
Water Station မှာ လုပ်ရတာဖြစ်တဲ့အတွက် ဒီအပြေးသမားတွေ ကိုယ့်နေရာရောက်လာတဲ့အချိန်မှာ အပြည့်အဝ ဝန်ဆောင်မှုပေးနိုင်
အောင် ဒီ water station တစ်ခုကို ဘယ်လောက်အလျှင်အမြန်လုပ်ရတယ်ဆိုတာ အဲ့ဒီမှာ လက်တွေ့သိသွားပါတယ်။ အလွန်လျှင်မြန်တဲ့
ပတ်ဝန်းကျင်တစ်ခုအတွင်းမှာ ယားလို့တောင်မကုတ်အားသလိုလုပ်ရသလို အတော်လဲ ပျော်စရာကောင်းလှပါတယ်။ ဒီကနေစလို့
Marathon Volunteer အလုပ်ကိုပိုပြီးစိတ်ဝင်စားမိတယ်။ Marathon Volunteer အနေနဲ့ တစ်ရက်မှာ တစ်မနက်ပဲ အလုပ်လုပ်ရတာဆို
တော့ မဆိုးဘူးပေါ့။ ဒါကြောင့် Singapore Sport Council ကနေလွှင့်တင်ထားတဲ့ Sports Volunteer Website မှာ Sign Up လုပ်ပြီး
၂၀၁၁ ခုနှစ် Standard Chartered Marathon မှာပါဝင်ဖို့ ဇူလိုင်လ ထဲကစပြီး စာရင်းပေးသွင်းထားလိုက်ပါတယ်။

Drink Station မှာလုပ်ရတာ ပျော်စရာကောင်းတာကြောင့် Drink Station Crew အဖြစ်ဦးစားပေးဖို့နဲ့ Leader အနေနဲ့ ပါဝင်ခြင်းမပြု
လိုပါဘူးလို့ မှတ်ချက်ပေးထားပါတယ်။ Leader အဖြစ်တာဝန်ယူရရင် အချိန်တွေအများကြီးပိုပေးရမှာပါ။ August လထဲမှာတော့ ကျနော့်
ရဲ့ register လုပ်တာကိုလက်ခံကြောင်းနဲ့ ထုံးစံအတိုင်း Service Excellence Training ဆိုတာကိုလာဖို့ ညွှန်ကြားပါတယ်။ တခါတယံ
မှာ Volunteer လုပ်ရတာကိုပျော်ပေမယ့် အခုလိုသင်တန်းတွေ ဘာတွေသွားရတာကို မကြိုက်လှပါဘူး။ ကျောင်းသားလူငယ်တွေအတွက်
တော ဒီလို training တွေဟာအသုံးဝင်ကောင်းဝင်ပေမယ့် ကျနော့်အတွက်တော့ အဲ့ဒီလောက်အသုံးမကျဘူးလို့ထင်ပါတယ်။ YOG တုံး
ကလဲ ဒီလို Training ပေါင်းများစွာသွားခဲ့ပြီးပါပြီ။ အခုသွားရတဲ့ training ဆိုတာလဲ ဒီအတိုင်းပါပဲ။ ဒီ training ကိုတော့ Singapore
Sports Council ကခန်းမတစ်ခုမှာပြုလုပ်တာဖြစ်ပြီး Session တစ်ခုကို လူ ၁၀၀ လောက်ရှိပါတယ်။ အုပ်စု ၉ အုပ်စုခွဲလိုက်ပြီးတော့ ထိုင်
ခိုင်းပါတယ်။ ကျနော့်အုပ်စုမှာတော့ ၁၂ ယောက်ပါပြီး NUS, Ngee Ann Poly, Singapore Poly, ITE နဲ့ Junior College တွေကကျောင်း
သားကျောင်းသူတွေအပြင် ကျနော့်လို working adult တွေလဲပါပါတယ်။ ထုံးစံအတိုင်း ပြောနေကြလုပ်ခိုင်းနေကြ တွေပဲလုပ်သွားတာပါ။
အဲ့ဒီ training ပြီးတဲ့နောက်မှာတော့ November လထဲမှာ ကျနော့်ကို Sentosa Starting Point ရဲ့ Courtesy Crew အနေနဲ့ လုပ်ဖို့
အကြောင်းကြားစာနဲ့အတူ detail briefing ပေးဖို့ဆိုပြီး Repulic Poly ကို ထပ်ခေါ်ပါတယ်။ မသွားချင်ပေမယ့်လဲ ကိုယ်ကပါပြီးပြီပဲ သွားရ
မှာပေါ့။ အဲ့ဒီမှာတော့ လက်ချာခန်းမကြီးတစ်ခုထဲမှာ ဘယ်လိုနေရာက တာလွှတ်မယ်၊ ပြိုင်ပွဲဝင်တွေကို ဘယ်လိုတန်းစီရမယ်၊ ဘယ်လို
လမ်းညွှန်ရမယ် စတဲ့ ညွှန်ကြားချက်တွေကို အတိအကျပေးပါတယ်။ Courtesy Crew အနေနဲ့တော့ သိပ်ပြီး ထွေထွေထူးထူး လုပ်စရာ
မရှိပါဘူး။ အချက်အချာကျတဲ့နေရာတွေမှာ ဆိုင်းဘုတ်ကိုင်မတ်တက်ရပ်စောင့်နေပြီး လာတဲ့ အပြေးသမားတွေကို ဘယ်နေရာသွားရမယ်
ဆိုတာကို လမ်းညွှန်ပေးရတာပါ။ အင်မတန်မှ ပျင်းစရာကောင်းမယ့်အလုပ်ပါပဲ။ ဒါပေမယ့် ကိုယ့်ကိုအဲ့ဒီနေရာကိုနေရာချထားတယ်ဆို
တော့ ဘယ်လို စောဒကသွားတက်မလဲနော်။ ဒါပေမယ့် ကံကောင်းချင်တော့ November လလည်ပိုင်းမှာတော့ ကျနော့်တို့ အုပ်စုရဲ့
ခေါင်းဆောင်စီက ဖုံးဆက်လာတယ်၊ ကျနော့်မှာ Driving Licence ရှိတယ်ဆိုတာကို သူတို့ System ထဲမှာတွေ့ရတဲ့အတွက် ပထမလုပ်
ခိုင်းတဲ့ Courtesy Crew မလုပ်တော့ပဲ Medical Team အတွက် Buggy ကားလေးကိုမောင်းပေးနိုင်မလားတဲ့ ကျနော်က ဟိုအလုပ်ကို
မလုပ်ချင်တာနဲ့ ရေငတ်တုံးရေတွင်းထဲကျဆိုသလို ချက်ချင်းလက်ခံလိုက်ပါတယ်။ အဲ ခက်တာက အဲ့ဒီအတွက်တစ်ရက်တော့ buggy
ကား Driver အတွက် Briefing လေးတော့သွားလိုက်ပါအုံးတဲ့။ ဒါကြောင့်တစ်ညနေလေးတာဝန်ကျမယ့် Sentosaကိုခဏသွားပြီးတာဝန်ခံ
က ကားလေးကို ဘယ်နေရာမှာယူရမယ်၊ ဘယ်နေရာမှာ စောင့်ရမယ်စတာတွေကို ပြောပြပါတယ်။

Standard Chartered Marathon ဟာစင်္ကာပူနိုင်ငံမှာလုပ်သမျှ Marathon ထဲမှာအကြီးဆုံးနဲ့ ပြည်သူလူထုစိတ်အဝင်စားဆုံးဖြစ်ပါတယ်။
မာရသွန်ကိုဦးဆောင်စီမံတာကတော့ စင်္ကာပူအစိုးရ Ministry of Community, Youth & Sports (MCYS) လက်အောက်ခံ Singapore Sports Council (SSC) ကနေဦးဆောင်ကျင်းပပေးပြီး London အခြေစိုက် Standard Chartered Bank ကြီးကနေ Title Sponsor အဖြစ်ကူညီတာကြောင့် Standard Chartered Marathon Singapore(SCMS 2011) ဆိုပြီးဖြစ်လာတာပါ။ တကယ်တန်းတော့ Standard Chartered Bank ရဲ့ ရှယ်ယာအများဆုံး ကို စင်္ကာပူအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင်စီမံခန့်ခွဲတဲ့ Temasek Holding ကနေ ပိုင်ဆိုင်ပါတယ်။

၂၀၁၁ ခုနှစ် SCM 2011 ကိုတော့ ပြိုင်ပွဲအမျိုးအစားပေါင်း (၇) မျိုးကို အောက်မှာဖော်ပြထားတဲ့အတိုင်းထည့်သွင်းခဲ့ပါတယ်။

Full Marathon - 42.195 Km နဲ့ Ekiden လို့ခေါ်တဲ့ လက်ဆင့်ကမ်း (၆) ယောက်တစ်သင်း 42.195 Km ကို Orchard Road ကနေနံနက် (၅) နာရီမှာ တာလွှတ်ယှဉ်ပြိုင်စေပါတယ်။

Half Marathon - 21.1 Km ကို Sentosa Start point နံနက် ၆နာရီခွဲ က ၄င်း

Wheelchair - 10 Km ကို Espanade Drive ကနေ နံနက် ၇ နာရီ ၁၀ မိနစ်က ၄င်း

10 Km (Men & Women) နှင့် 5 Km Fun Run ကို Espanade Drive ကနေ နံနက် ၇ နာရီ ၁၅ မိနစ်က ၄င်း

750 m Kid Dash ကိုတော့ အုပ်ထိန်းသူမိဘများနဲ့အတူ နံနက် ၉ နာရီက ၁၅ မိနစ်စလို့ ၁၀ နာရီအထိ အသက်အပိုင်းအခြားအလိုက်
တာလွှတ်ယှဉ်ပြိုင်စေပါတယ်။

5 KM Fun Run နဲ့ Kid Run ပြိုင်ပွဲတွေကိုတော့ အပျော်သဘောပဲဖြစ်ပြီး ဆုချီးမြှင့်မှာမဟုတ်ပါဘူး။ သို့သော် ပန်းဝင်သည်အထိပြေးတဲ့
အပြေးသမားပြိုင်ပွဲဝင်တိုင်းကိုတော့ Finisher’s Medal ဆုတစ်ခုစီနဲ့ T-Shirt, ပါဝင်ယှဉ်ပြိုင်ပန်းဝင်ကြောင်း လတ်မှတ်တစ်ခုစီပေးပါ
တယ်။ Full Marathon Men and Women ပထမ၊ ဒုတိယ နဲ့ တတိယဆုအသီးသီးကိုတော့ US$50,000, US$30,000 နဲ့ US$10,000
စီနဲ့ အမှတ်စဉ် ၁၀ အထိဆုကြေးအသီးသီးချီးမြှင့်ပေးပါတယ်။ Full Marathon ပြိုင်ပွဲအတွင်းမှာပဲ စင်္ကာပူနိုင်ငံသားပြိုင်ပွဲဝင်တွေအတွက်
သီးသန့်ချီးမြှင့်တဲ့ဆုကြေးငွေလဲ ရှိပါတယ်။ SCM ဟာ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲကြီးဖြစ် သဖြင့် အခြား Professional အပြေးသမား
တွေလဲလာပြိုင်ကြတာကြောင့် စင်္ကာပူနိုင်ငံသားတွေအတွက် ဆုသီးသန့်ချီးမြှင့်ပေးတာပါ။ ထို့အတူပဲကျန်တဲ့ ပြိုင်ပွဲအမျိုးအစားအသီးသီး
အလိုက် ဆုစုစုပေါင်းချီးမြှင့်ငွေ US$200,000 ကျော်နဲ့ S$160,000 ကျော်ကုန်ကျခံခဲ့ပါတယ်။ SCMS 2011 ကိုအပြေးသမားပေါင်း ၆၅၀၀၀ ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်ကြေးတွေကိုတော့ သက်ဆိုင်ရာပြိုင်ပွဲအမျိုးအစားအလိုက် S$18 ကနေ S$85 အထိပေးရပါတယ်။ Standard Chartered Bank Credit Card ကိုင်ဆောင်တဲ့သူတွေအတွက် 15% Discount နဲ့ Passion Card အတွက်တော့ 10% Discount ပေးပါတယ်တဲ့။

ဒီဇင်ဘာလ ၃ ရက်နေ့ညမှာတော့ အချို့ Medical Team Volunteer တွေကလွဲလို့ အားလုံးသော Volunteer တွေဟာ ည ၁၁နာရီ ၄၅
အရောက် Singapore Flyer ဘေးနားမှာရှိတဲ့ F1 Pit Building မှာစုရပ်အဖြစ် သတင်းပို့ရပါတယ်။ အဆောက်အအုံရဲ့ မြေညီထပ်နေရာ
တွေမှာ ပထမဆုံး Registration Area အနေနဲ့ သွားပြီး ကျနော့် NRIC ကို Scan ဖတ်လိုက်တာနဲ့ ကျနော်ရောက်ရှိသတင်းပို့ကြောင်း
သူတို့ system ထဲကိုဝင်သွားပါပြီ။ ဝတ်ရမယ့် ယူနီဖောင်းတီရှပ်တစ်ထည်နဲ့အတူ ကြိုးနဲ့လွယ်ရတဲ့ အိတ်တစ်လုံးပေးပါတယ်။ အိတ်ထဲ
မှာတောင့် ပန်းသီးတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ ကိတ်မုန့်တစ်ခု၊ Energy Bar တစ်ခုနဲ့ ရေတစ်ဗူးပါပါတယ်။ အဲ့တာတွေယူပြီးတာနဲ့
အဆောက်အုံရဲ့ အလည်ပိုင်းလောက်မှာနေရာယူထားတဲ့ အမျိုးသား အမျိုးသမီးသီးသန့်ခွဲထားတဲ့ အဝတ်လဲခန်းတွေမှာ ပေးလိုက်တဲ့
တီရှပ်ကိုလဲဝတ် ပြီးကျနော့်အုပ်စုရဲ့ခေါင်းဆောင်စီကို သတင်းထပ်ပို့ရပါတယ်။ အယောက် (၄၀) ရှိတဲ့ ကျနော့်အုပ်စုမှာ ကျနော်ပထမဆုံး
ရောက်ရှိသတင်းပို့ဖြစ်တာပါ။ ခေါင်းဆောင်ကို နောက်ထပ်ရောက်လာမယ့် Volunteer တွေကိုနေရာချပေး စားစရာယူပေးပြီး တာဝန်ကျ
ရာနေရာကို သွားဖို့အတွက် ကော်ဖီလေးသောက်ပြီးထိုင်စောင့်ဖြစ်ပါတယ်။ ညလည်စာအတွက် မလေးရှားခေါက်ဆွဲကြော်ဗူးတွေစီစဉ်
ပေးထားပြီး ကော်ဖီနဲ့လက်ဖက်ရည်ကိုတော့ အသင့်ဖျော်ပြီး အပူခံအိုးများနဲ့ ချပေးထားပါတယ်။ လူစုံလို့တာဝန်ကျရာနေရာကိုသွားဖို့
ခေါ်တော့ Transport Support လုပ်ပေးတဲ့ SMRT က Bus ကားကြီးများနဲ့ တပျော်တပါး တာဝန်ကျရာနေရာဖြစ်တဲ့ Vivo City Habour Front ဖက်ကိုသွားကြပါတယ်။ Vivo City ကိုရောက်တော့ ကျနော်နဲ့ တခြား Buggy Driver ၂ ယောက်ကတော့ အုပ်စုကြီးကနေခွဲထွက်
ပြီး ကျနော်တို့ (၃) ယောက်တာဝန်ကျတဲ့ Sentosa ဖက်ကို လမ်းလျှောက်ခရီးဆက်ရတော့တယ်။ Sentosa ထဲရောက်တဲ့အထိ နာရီဝက်
နီးပါးကိုကြာပါတယ်။ သူများတွေထက်ထူးတဲ့ ကျနော်တို့ buggy (၃)ယောက်ဟာဖြင့် ညနေ (၃)နာရီက Sentosa ကိုတကူးတက သွား
ပြီး လက်ခံထားတဲ့ကားလေးစီရောက်တော့ ချိန်းဆိုထားတဲ့ ဆေးအဖွဲ့ရောက်ဖို့ ၁ နာရီလောက်လိုသေးတာမို့ နည်းနည်းတော့ မျက်လုံး
မှိတ်ပြီးမှေးချိန်လေးရလိုက်တယ်။ အချိန်ကျတော့ ကားလေးစီသွား မိုးရွာထားလို့ ရေတွေကိုခြောက်အောင်သုတ်ပြီး Medical Team နဲ့
တွေ့ဖို့နေရာဖြစ်တဲ့ Tanjong Beach ကိုမောင်းပြီးစောင့်နေတာ Medical Team ဟာဖြင့် သတ်မှတ်အချိန်ထက် (၁) နာရီနောက်ကျပြီး
မှ ကျနော့်စီကိုရောက်ပါတယ်။ Singapore Red Cross က အရေးပေါ်သူနာပြုတစ်ဦးနဲ့ နပ်စ်တစ်ဦးဖြစ်ပါတယ်။ ရောက်ပြီးတော့လဲ
ဘာမှလုပ်စရာမရှိပဲ ပွဲစတဲ့အချိန် နံနက် ၆နာရီခွဲကိုစောင့်ရပြန်ရော။ Half Marathon 21.1 KM ရဲ့ ပထမ ၃ ကီလိုမီတာ ပွိင့်မှာကျနော့်တို့
Medical Support Buggy ကစောင့်နေတာပါ။ ပြိုင်ပွဲကိုတာလွှတ်လိုက်ကြောင်း ဝေါ်ကီတော်ကီအသီးသီးကနေအသံကြားရပြီး မိနစ်ပိုင်း
အတွင်းမှာပဲ ကျနော်တို့ နေရာကို ပထမဆုံးအပြေးသမား ရောက်လာပါတယ်။ သူတို့တွေကတော့ နိုင်ငံခြားက Professional အပြေး
သမားတွေပါ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ များများလာလိုက်တာ ကျနော်တို့ အနားမှာရှိတဲ့ ပြေးလမ်းကျဉ်းတစ်ခုကြောင့် လူ
တွေအားလုံး jam ဖြစ်ပြီးပိတ်ဆို့မှုဖြစ်သွားတဲ့အထိအောင် လူအုပ်ကြီးကများပြားပါတယ်။ တချို့ပြသနာရှာတက်တဲ့ အပြေးသမားတချို့
ကတော့ ကျနော်တို့စီလာပြီး ဒီပိတ်ဆို့မှုကြောင့်အများကြီးထိခိုက်တယ်ဆိုတဲ့အကြောင်း စောဒကလာတက်ကြတဲ့အခါ ကျနော့်အဖွဲ့က
နပ်စ်က ဘာမှပြန်မပြောပဲ MEDICAL လို့ရေးထားတဲ့ သူ တီရှပ်နောက်ကျောကိုလှဲ့ပြလိုက်ပါတယ်။ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါ
ပဲ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းလူပါးသွားပြီး အပြေးပြိုင်ပွဲကနေလမ်းလျှောက်ပွဲကိုပြောင်းသွားပါတော့တယ်။ အစ (၃) ကီလိုမီတာ
မှာတောင် ဒီအပြေးသမားတွေ စလမ်းလျှောက်နေကြပြီဆိုတော့ ကျန်တဲ့ (၁၈) ကီလိုမီတာကို သူတို့ဘယ်လိုစခန်းသွားကြမယ်လို့တောင်
မတွေးတက်တော့ပါဘူး။ ဘာကြောင့်များနည်းနည်းပဲပြေးရတဲ့ (၁၀) ကီလိုမီတာကိုတော့မရွေးပဲ (၂၁)ကိုမှ ရွေးရတာလဲမသိတော့ပါဘူး။
(၃) ကီလိုမီတာ ပွိင့်မှာဖြစ်တာကြောင့် ဘာတစုံတရာပြသနာ မှမရှိပဲ ဆေးအဖွဲ့ဟာပြေးတဲ့လူတွေကိုပဲ မတ်တက်ရပ်ပြီးကြည့်နေဖြစ်တော့
တယ်။ နောက်ဆုံးမှာတော့ escort လုပ်ပေးနေတဲ့ မော်တော်ဆိုင်ကယ် (၃) စင်းနဲ့အတူ ၂၁.၁ ကီလိုမီတာ Half Marathon ပြိုင်ပွဲ့ရဲ့
နောက်ဆုံးအပြေးသမား အမျိုးသား၊ အမျိုးသမီး (၂)ယောက်အတွဲဟာတော့ သူတို့ကိုယ်သူတို့ပင်လယ်ကမ်းခြေမှာ ရောက်နေတယ်လို့ ထင်လို့နဲ့တူပါရဲ့ စကားတပြောပြော နဲ့လမ်းလျှောက်ပြီး ကျနော်တို့ရှေ့ကနေဖြတ်လျှောက်သွားပါတော့တယ်။ သူ့နောက်က စောင့်ပေး
ရတဲ့ ရဲ ဆိုင်ကိုယ်၊ ပြိုင်ပွဲကော်မတီက ဆိုင်ကယ်နဲ့ ဆေးအဖွဲ့ကဆိုင်ကယ်သမားတွေကတော့ အမုန်းမျက်နာတွေနဲ့တဖြည်းဖြည်း သူတို့
နောက်ကလိုက်သွားကြလေရဲ့။



ကျနော့် Buggy ဟာလဲ တာဝန်ကျရာနေရာမှာ ဘာတစ်ခုမှမလုပ်လိုက်ရပဲ သူနာပြု (၂)ယောက်ကိုတင်ပြီး ပြေးလမ်းတောက်လျှောက် လိုက်မောင်းကြည့်ဖြစ်တယ်။ နောက်တော့ Volunteer တစ်ယောက်နေမကောင်းလမ်းမလျှောက်နိုင်လို့ သွားခေါ်ပေးပါဆိုလို့ အပြေးသမားကိုမတင်ရပဲ Volunteer ကိုသွားခေါ်ပြီး သူတို့စုရပ်နေရာကိုပြန်ပို့ပေးလိုက်တယ်။ ဒီနောက်တော့ ကျနော့် ဆေးအဖွဲ့ဟာလဲ
တာဝန်ပြီးဆုံးပြီမို့လို့ သူတို့စုံရပ်ကိုသွားကြပြီး ကျနော်ကတော့ Sentosa ပြေးလမ်းတောက်လျှောက်က တခြား Volunteer တွေကို
စေတနာနဲ့မိမိတာဝန်ထဲမှာမပါပေမယ့် လိုက်ကြိုပြီး သူတို့စုံရပ်အသီးသီးကိုလိုက်ပို့ပေးပြီးတဲ့နောက်တော့ ကျနော်လဲ ကားကိုသတ်မှတ်
ပေးထားတဲ့နေရာမှာရပ်ပြီး ပြန်စုရပ်ဖြစ်တဲ့ F1 Building ကိုပြန်ဖို့အတွက် transport ကားတွေကိုစောင့်နေလိုက်တော့တယ်။ အသွားမှာ
တော့ အစဉ်ပြေသလောက်အပြန်မှာတော့ (၁)နာရီနီးပါးနောက်ကျစောင့်ပြီးမှ ပြန်ကြရပါတယ်။ လူတိုင်းကအိပ်ငိုက်ပြီး အမြန်ပြန်ချင်နေ
ကြတာပါ။ F1 Building ပြန်ရောက်တော့ Sign Out လုပ်တဲ့နေရာမှာ လုပ်ပြီး Volunteer လုပ်တဲ့အတွက်အိပ်ရေးပျက်ခံအချိန်အကုန်ခံ ပြီးရတဲ့ hard earn money S$20 ကိုလက်ခံရရှိပါတယ်။ ကျနော်တို့ ပြန်သည်အထိ အပြေးသမားတွေဟာ ပန်းဝင်ဖို့နေရာကိုရောက်
အောင်ပြေးတုံး၊ လမ်းလျှောက်တုံးပဲရှိပါသေးတယ်။

နောက်တစ်နေ့မှာတော့ အသက် ၂၂ အရွယ် Half Marathon 21.1 KM ပြိုင်ပွဲဝင်အပြေးသမားအမျိုးသားတစ်ဦး ပန်းဝင်ပြီးတဲ့အချိန်မှာ
လဲကျသွားပြီးတဲ့နောက် ဆေးရုံကိုအချိန်မီပို့ကုသသော်လည်းသေဆုံးသွားကြောင်း ကြားသိရတဲ့အတွက်အလွန်ပဲစိတ်မကောင်းမိပါဘူး။
SCMS 2011 အတွက် Alexandra Health မှ Medical Partner အဖြစ်တာဝန်ယူပြီး ဆရာဝန် ၂၆ ယောက်၊ နပ်စ် ၁၂၇ ယောက်၊
အရေးပေါ်အသက်ကယ် ကျွမ်းကျင်သူနာပြု ၈၂၀၊ ကိရိယာစုံတက်ဆင်ထားသော သူနာတင်ယာဉ် ၃၂ စင်း၊ သူနာပြုများပါဝင်သော
အထူးအမြန်သယ်ယူပို့ဆောင်ရေး BMW ကား ၁၁ စင်း၊ သူနာပြုတင်မော်တော်ဆိုင်ကယ် ၁၆စင်း၊ စက်ဘီးဖြင့် သူနာပြုအမြောက်အများ၊
အပြင် ကျနော်တို့တာဝန်ယူရတဲ့ Buggy သူနာပြုယာဉ်ငယ်များစွာဖြင့်အပြေးသမားများရဲ့ အရေးပေါ်ကျန်းမာရေးနှင့် အခြားအသေးစား
ထိခိုက်မှုများ စတဲ့ ဆေးဖက်ဆိုင်ရာပြသနာများကိုကူညီဆောင်ရွက်ပေးပါတယ်။ ထို့အတူပဲ ရေနဲ့ အားဖြည့်အချိုရည်ရနိုင်တဲ့ water
station များကို Official Isotonic Drink Sponsor အဖြစ် 100Plus နဲ့ ရေအတွက်တော့ Ice Mountain ရေသန့်တို့ရဲ့ အကူအညီနဲ့
Full Marathon ပြိုင်ပွဲအတွက် (၃) ကီလိုမီတာ အကွာအဝေးတိုင်းမှာ ၄င်း၊ Half Marathon ပြိုင်ပွဲအတွက် ပထမ (၄) ကီလိုမီတာပြေး
ပြီးတဲ့နောက် (၃) ကီလိုမီတာအကွာအဝေးတိုင်းမှာ Water Station ပေါင်း ၂၄ ခု ထားရှိပေးထားပြီး ရေလီတာပေါင်း (၂၃၂ ၀၀၀)၊
100 Plus (၉၂ ၀၀၀) လီတာ ခန့်သုံးစွဲခဲ့ပေးခဲ့ကြောင်းသိရပါတယ်။ SCMS 2011 အတွက် ကျောင်းသူကျောင်းသားများ၊ နယ်ပယ်အသီး
သီးမှ တစ်ဦးချင်း နှင့် အုပ်စုလိုက်ပါဝင်ကူညီခဲ့သော Volunteer စုစုပေါင်း (၇၀၀၀) ရှိပြီး၊ ပြိုင်ပွဲကျင်းပသည့်နေ့တွင် Volunteer ပေါင်း
၅၀၀၀ မှ Drink Stations Crew, Safety Spotter, Pen Crew လို့ခေါ်တဲ့ ပြိုင်ပွဲဝင်တွေကို နေရာချပေးတဲ့ Crew များ၊ ပြိုင်ပွဲဝင်တွေ
ကို လမ်းညွှန်ပေးတဲ့ Courtesy Crew၊ ပြိုင်ပွဲဝင်များ၏ အိတ်များကို ထိမ်းသိမ်းပေတဲ့ Baggage Crew၊ စသည်ဖြစ့် နေရာပေါင်းစုံကနေ
ပါဝင်ကူညီပေးခဲ့ကြပါတယ်။ ဒါ့အပြင် Singapore Polytechnic အသီးသီးမှာ ပညာသင်ကြား နေတဲ့ Nursing Students များကိုလဲ အခြားသူနာပြုများဖြင့်တွဲဖက်ပြီးတော့ ပြေးလမ်းတောက်လျှောက်က အချက်အချာကတဲ့ နေရာ တွေရဲ့ ဓာတ်မီးတိုင် ၁ တိုင်မှာ (၂) ယောက်တာဝန်ချထားပေးပါတယ်။ ဓာတ်မီးတိုင်မှာ တာဝန်ချထာဟာအကြောင်းရှိပါတယ်။ စင်္ကာပူက ဓာတ်မီးတိုင်တိုင်းမှာကိုယ်ပိုင် နံပါတ်တွေရှိပါတယ်တဲ့၊ တစုံတစ်ခုများ ပြသနာပေါ်လို့ သူနာတင်ယာဉ်ခေါ်သည်မယ်ဆိုရင် ဘယ်နေရာမှာလဲဆိုတာကို ဓာတ်မီးတိုင် နံပါတ်ပြောလိုက်တာနဲ့တင် ချက်ချင်းတန်းသိပြီး အနီးဆုံးမှာရှိတဲ့ လူနာတင်ယာဉ်ကိုလှမ်းအကြောင်းကြားနိုင်ပါကြောင်းသိရပါတယ်။

Volunteer လုပ်ခြင်းဟာ ငွေကြေးတစုံတရာကိုမျှော်လင့်နိုင်စရာမရှိပေမယ့် အခြားသောကောင်းကျိုးတွေဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်
Volunteer များနဲ့ သူငယ်ချင်းဖြစ်ပြီး မိမိရဲ့ Social Circle ပိုမိုကောင်းလာစေခြင်း၊ မိမိရဲ့ Social Skill Communication Skills တွေပိုမို
တိုးတက်လာစေခြင်း၊ ကိုယ်ပါဝင်တဲ့ Event ပေါ်မူတည်ပြီးတော့ ဒီ Event ကိုဦးစီး စီမံခန့်ခွဲတဲ့ Management Team ရဲ့ လုပ်ဆောင် ချက်တွေက ကိုယ့်အတွက်အတွေ့အကြုံသစ်တွေရရှိစေခြင်းစတာတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် စင်္ကာပူပြည်တွင်းမှာ ရှိတဲ့သူတွေ အတွက် တော့ စင်္ကာပူအစိုးရရဲ့ အဓိက လူဝင်မှုကြီးကြပ်ရေး policy ဖြစ်တဲ့ Integrate and Contribute to Society ဆိုတာကို အထောက်အကူအများကြီးဖြစ်စေတဲ့ အတွက် ကိုယ်နေတဲ့လူမှုအဖွဲ့အစည်းအတွင်း ကိုယ်တက်နိုင်သမျှကူညီ ဆောင်ရွက် ပေးနိုင်ဖို့ တိုက်တွန်းရင်း ကျနော့် ပိုစ့်ကိုနိဂုံးချုပ်ပါတယ်။ ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အတိုင်း

စင်္ကာပူနိုင်ငံတွင်းရှိကြတဲ့ သူငယ်ချင်း



Friday, December 2, 2011

Special Air Mission (SAM)


United State of America, Secretary of State သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး၏ သမိုင်းတွင် မြန်မာနိုင်ငံခရီးအပေါ် မြန်မာနိုင်ငံသူ
နိုင်ငံသား အလွှာပေါင်းစုံမှ စိတ်ဝင်တစားရှိလှပါတယ်။ Facebook နဲ့ ပြည်တွင်းပြည်ပ သတင်း website များကနေ စဉ်ဆက်မပြတ်
ဓာတ်ပုံသတင်းတွေ ဆောင်းပါးတွေ တင်နေသလို၊ Secretary of State ပျံသန်းလိုက်ပါလာတဲ့ အထူးလေယာဉ်ကြီးကိုလဲ စိတ်ဝင်တစား
ရှိကြပါတယ်။ ဖွင့်လိုက်တဲ့လေယာဉ်တံခါးမှာကအစ Secretary of State ဆိုတဲ့ အမေရိကန်နိုင်ငံတော်တံဆိပ် ပါတာကြောင့်လဲ ကျနော်
အင်မတန်စိတ်ဝင်စားမိတယ်။ ဒီနေ့ပဲ facebook ပေါ်မှာ စာရေးသူ စိုင်းနေမင်း ရေးသားတဲ့ Secretary of State လေယာဉ်ဘယ်လို
အစွမ်းထက်သလဲ ဆိုတဲ့ note ကိုဖတ်မိတော့ အင်မတန်မှလဲ အံ့အားသင့်မိပြီး ဒီလေယာဉ်အကြောင်းရှာကြံရေးမယ်လို့ အကြံရပေမယ့်
သူများရေးပြီးသားခေါင်းစဉ်တစ်ခုအတွင်းမှာ ထပ်ရေးဖို့စိတ်မပါတာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ President ကစလို့ ဝန်ကြီးများ
ထိပ်တန်းအရေးကြီးပုဂ္ဂိုလ်များကိုလေကြောင်းဝန်ဆောင်မှုပေးတဲ့ Special Air Mission (SAM) ရဲ့အကြောင်းနဲ့ တချို့ နည်းနည်းလေး မှားနေတာလေးတွေများကို ပြင်ဆင်ချင်တာတွေရယ်၊ တခြားနိုင်ငံများရဲ့ VIP တွေဘယ်လိုခရီးသွားကြတဲ့ အကြောင်းနည်းနည်းလေးတွေ ကိုဖတ်မိသလောက်ပြန်ရေးချလိုက်ပါသည်။

အထူးလေကြာင်းခရီးစဉ် လို့ တိုက်ရိုက်ဘာသာပြန်လို့ရမယ့် Special Air Mission (SAM) ရဲ့ လေယာဉ်ပျံအုပ်စုဟာ လုံခြုံမှု နဲ့ သက်တောင့်သက်သာရှိမှု တို့ဖြင့် အမေရိကန်ပြည်ထောင်စု သမ္မတ၊ ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမေရိကန် ကွန်ဂရက်
လွှတ်တော်အမတ်များ နဲ့ နိုင်ငံရပ်ခြားသို့စေလွှတ်သည့် အထူးကိုယ်စားလှယ်များအတွက် ဝန်ဆောင်မှုပေးရပါတယ်။ ကမ္ဘာ့နိုင်ငံအနှံကို
ပျံသန်းပေးတဲ့ SAM ရဲ့လေယာဉ်ပျံအမျိုးအစားအသုံးပြုမှုကိုတော့ စီးနင်းလိုက်ပါမယ့် အရေးကြီးပုဂ္ဂိုလ်ပေါ်မူတည်ပြီး ရွေးချယ်ပါတယ်။
အရေးကြီးပုဂ္ဂိုလ်များအနေနဲ့ အလွန်တိကျတဲ့ အချိန်ဇယားအတိုင်း ခရီးသွားလာကြရတဲ့အတွက် SAM အနေနဲ့ အလွန်တင်းကြပ်တဲ့
စည်းမျဉ်းဥပဒေတွေနဲ့ ဝန်ဆောင်မှုပေးရပါတယ်။ SAM ကို အမေရိကန်ပြည်ထောင်စု လေတပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် အုပ်စု ၈၉ မှ အထူးလေယာဉ်မျိုးစုံ ၁၇ စင်း နဲ့ ရဟတ်ယာဉ် ၁၅ စင်းတို့ဖြင့် ပြည်ထောင်စုအရေးပေါ်စီမံချက်အတိုင်း ဖွဲ့စည်းအထောက်
အကူပြုပေးသည်။ SAM ၏ Airlift 89th ကို အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်ရှိ Andrew လေတပ်စခန်းတွင် အခြေစိုက်
ထားပြီး အမေရိကန်ပြည်ထောင်စု သမ္မတ အိမ်ဖြူတော်၊ လေတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လေတပ်မတော် ဌာနချုပ်တို့မှ တိုက်ရိုက်အမိန့်ပေးအုပ်ချုပ်ကာ ဗိုလ်ချုပ်ကြီးမှစ၍တပ်သားအဆုံး စုစုပေါင်း အင်အား ၁၀၀၀ ခန့်ဖြင့်ဖွဲ့စည်းထားသည်။

SAM ၏ ခရီးသည်များမှာ အလွန်အရေးကြီးသော ကိစ္စရပ်မျာဖြင့် ခရီးသွားလာနေသူများဖြစ်သည့်အလျှောက် ပျံသန်းရာခရီးလမ်း
ကြောင်းကို အထူးဂရုစိုက်၍ ပျံသန်းရသည့်အပြင်၊ လုံးဝအမှားမရှိရသည့် ခရီးလမ်းကြောင်းဖြစ်ရမည်ဖြစ်သည်။ ထို့အပြင် အရပ်ဖက်
လေဆိပ်များတွင် ဆိုက်ကပ်ရပ်နားရာတွင် SAM မှချမှတ်ပေးထားသည့် ထုံးစံအစဉ်အလာအတိုင်း အချွတ်အချော်မရှိ ပျံတက်ခြင်း၊ ဆင်းသက်ခြင်းများပြုလုပ်နိုင်စေရန် လေဆိပ်ပျံသန်းမှုထိမ်းချုပ်ရေးမျှော်စင်ကို ညွှန်ကြားမေတ္တာရပ်ခံပြီး ပူးပေါင်းဆောင်ရွက်သည်။
အဘယ်ကြောင့်ဆိုသော် SAM ၏ လေယာဉ်သည် အထူးပျံသန်းလာသောခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု၏ အမြင့်မားဆုံးသော ခေါင်းဆောင်များ၏ သင်္ကေတ အမှတ်လက္ခဏာအဖြစ်ဖော်ပြခြင်းများကြောင့်ဖြစ်သည်။

SAM ၏ Mission များကို (၃) ပိုင်းအဓိကအားဖြစ်ခွဲခြားထားသည်။

Presidential Mission အဖြစ် အိမ်ဖြူတော်၏ တိုက်ရိုက်ညွှန်ကြားမှုအတိုင်း သမ္မတကြီး နှင့် သမ္မတကြီး ၏ မိသားစုဝင်များကိုသယ်ယူပို့
ဆောင်ပေးခြင်း။

Special Air Mission အဖြစ် အမေရိကန်တပ်မတော် ဒုတိယစစ်ဦးစီးအရာရှိချုပ်၏ အုပ်ချုပ်လမ်းညွှန်မှုဖြင့် ဒုတိယသမ္မတ၊ ဝန်ကြီးများ
နဲ့ ထိပ်တန်းအရာရှိကြီးများ၊ CIA အစရှိတဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ အထူးကိစ္စရပ်များဖြင့်သွားလာသော
အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့မှ ခေါင်းဆောင်များ ကိုသယ်ယူပို့ဆောင်ပေးရသည်။

Helicopter Special Mission အဖြစ် အမှတ် (၁) ရဟတ်ယာဉ်အုပ်စုကို ဖွဲ့စည်းထားပြီး နိုင်ငံအတွင်းအရေးပေါ်အခြေအနေကြုံတွေ့ပါက
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများကို သယ်ယူပို့ဆောင်ပေးရန် တို့ ဖြစ်သည်။

ယခု အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အတွက်စီစဉ်ပေးလိုက်တာကတော့ Special Air Mission အဖြစ်နဲ့ ဖြစ်ပြီးလေယာဉ်
အမှတ် ၈၀၀၀၂ ဖြစ်တဲ့ Boeing 757-200 အမျိုးအစားကို အထူးပြန်လည်မွန်းမံထားသော C32-A လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ကြီးကို အပိုင်း (၄) ပိုင်းခွဲခြားထားပြီး ခေါင်းပိုင်းကစ၍ပထမCabin မှာ တော့ဆက်သွယ်ရေးခန်း၊ ကြည့်ရှုခန်း၊ အိမ်သာနဲ့
Business Class ထိုင်ခုံ (၁၀) ခုံပါရှိပါတယ်။ ဒုတိယ Cabin မှာတော့ အဓိကပုဂ္ဂိုလ်အတွက် သီးသန့်ခန်းတစ်ခုလုပ်ပေးထားပြီး အခန်း
အတွင်းမှာတော့ အဝတ်လဲခန်း၊ သီးသန့်သန့်စင်ခန်း၊ ထိုင်ခုံနှစ်ခုကို ပြုပြင်လိုက်ပါက ထိုင်ခုံ ၃ခု အထိအသုံးပြုနိုင်သည့်အပြင်ဖြန့်ခင်း လိုက်ပါက အိပ်ယာတစ်ခုအဖြစ်အသုံးပြုနိုင်သော First Class ထိုင်ခုံနှစ်ခုပါရှိပြီး အထူးသီးသန့် Entertainment စနစ်ကို တက်ဆင် ပေးထားပါတယ်။ Cabin ၃ ခုမြောက်မှာတော့ အစည်းဝေးခန်းမငယ်တစ်ခုနဲ့ Business Class ထိုင်ခုံ (၈)ခုံပါရှိပါတယ်။ နောက်ဆုံးအပိုင်း
မှာတော့ Business Class ထိုင်ခုံ (၃၂)ခုံ၊ သန့်စင်ခန်းနဲ့ လေယာဉ်ဝန်ထမ်းများဝန်ဆောင်မှုပေးဖို့ မီးဖို facility တွေရှိပါတယ်။ C32 -A
ဟာ ပေ ၅၀၀၀ ရှိသော လေယာဉ်ပြေးလမ်းတွင် ဆင်းသက် ပျံတက်နိုင်ပြီး ဆီမထည့်ပဲ မရပ်မနား ကီလိုမီတာ ၁၀၀၀၀ (တစ်သောင်း) ပျံသန်းနိုင်ပါတယ်။

ဒီပိုစ့်နဲ့ ပတ်သတ်ပြီး ကြုံတုံးလေးဖောက်သည်ချရရင်ကျနော်ရန်ကုန်မှာနေစဉ်ကာလကအဲပုဂံမှာ အလုပ်လုပ်ခဲ့ဖူးလေတော့ မြန်မာပြည်ရဲ့
အရေးကြီးပုဂ္ဂိုလ်များ ရဲ့ သာမန်လေကြောင်းခရီးစဉ်တွေ၊ အထူးခရီးစဉ်တွေနဲ့ မကြာခဏကြုံတွေ့ကြရပါတယ်။ သိကြတဲ့အတိုင်း အရင်
ကမြန်မာနိုင်ငံပိုင် လေယာဉ်ကြီးတွေကမရှိတော့ နိုင်ငံတော်အကြီးအကဲကြီးများ ခရီးသွားမယ်ဆိုရင် အဲပုဂံကနေလေကြောင်းဝန်ဆောင်
မှုပေးပါတယ်။ အဲပုဂံခင်မျာလဲ သူ့မှာရှိတဲ့ Fokker 100 နဲ့ပို့ရင်ပို့၊ အနီးနားသွားတယ်၊ ပြည်တွင်းခရီးပဲသွားတယ်ဆိုရင်တော့ ATR 72 နဲ့ပို့ပေးပါတယ်။ အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးများစီးမယ်ဆိုရင်တော့ လေယာဉ်အတွင်း ပိုင်းကခရီးသည်ခုံတွေနေရာမှာ အထူးထိုင်ခုံ
တွေလဲပြီး စီစဉ်ပေးပေးလေ့ရှိပါတယ်။ ကျနော်တို့စီကအရေးကြီးပုဂ္ဂိုလ်ကြီးများဟာဖြင့် ကိုယ်ကဖြင့်ငွေမရှိသော်လည်း အထူးလေယာဉ်
တွေကိုပဲ စီးချင်ကြတာပါ။ အခုချိန်ထိနိုင်ငံရပ်ခြားခရီးစဉ်တွေသွားတယ်ဆိုရင် MAI ရဲ့ လေယာဉ်ကိုစီးလုံးဌား သို့မဟုတ် စီးလုံးအလကား
စီးကြတာပါ။ ဒေသတွင်းနိုင်ငံတွေရဲ့ နိုင်ငံအကြီးအကဲကြီးများ ဘယ်လိုလေကြောင်းခရီးသွားတယ်ဆိုတာကို သူငယ်ချင်းတွေ သိရအောင်
မျှဝေလိုက်ပါတယ်။

Brunei နိုင်ငံကတော့ ဘုရင်က နိုင်ငံခေါင်းဆောင်နေရာမှာမို့လို့ His Majesty The Sultan's Flight (HMSF) လို့ခေါ်ပြီး ဘုရင်နဲ့တော်
ဝင်မိသားစုဝင်များအတွက်သာ သီးသန့်ပျံသန်းပေးတဲ့ လေကြောင်းအုပ်စုကို Boeing 767-200ER V8-MHB, Boeing 747-400 V8-ALI
Airbus A340-200 V8-BKH, Sikorsky S-70A V8-029, Sikorsky S-70A လေယာဉ်များနဲ့ ပျံသန်းပို့ဆောင်ပေးပါတယ်တဲ့။

China တရုတ်နိုင်ငံ သမ္မတကြီးကတော့ နိုင်ငံတွင်းသွားရင်တော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (လေ) ပိုင် B-737s ကို
အသုံးပြုပြီးတော့ နိုင်ငံရပ်ခြားသွားရင်တော့ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ Air China ရဲ့ B747-400လေယာဉ်တွေကို အသုံးပြုပါတယ်။
၂၀၀၀ ခုနှစ်လောက်ကတော့ တရုတ်နိုင်ငံသမ္မတကြီး တစ်ဦးဖြစ်ခဲ့သူ ကျန်စီမင်း စီးဖို့အတွက် B 767-300ER တစ်စင်းကိုဝယ်ယူခဲ့သော်
လည်းပဲ စပိုင်ကိရိယာ ၂၇ ခုတွေ့ရှိခဲ့လို့ လေယာဉ်ကိုပြန်လည်ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

India နိုင်ငံအတွက်တော့ အမေရိကန်ကို အားကျလို့ထင်ပါရဲ့ ဝန်ကြီးချုပ်နဲ့ သမ္မတတို့စီးနင်းတဲ့ အခါ Air India One လို့ ခေါ်ရတဲ့
747-437B ကိုအသုံးပြုပြီး ဒုံပျံကာကွယ်ရေးစနစ်၊ လေထုအတွင်း လေယာဉ်ဆီဖြည့်စနစ်တို့ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ပြည်တွင်းခရီးစဉ်တွေမှာတော့ Indian Air Force Boeing 737–200 ကိုအသုံးပါတယ်။

Indonesia နိုင်ငံ သမ္မတကြီးနဲ့ ဒုတိယသမ္မတကြီးများကတော့ နိုင်ငံရပ်ခြားခရီးတွေအတွက် နိုင်ငံပိုင် Garuda လေကြောင်းကလေယာဉ်
တွေကို စီးလုံးဌားအသုံးပြုသလို၊ ပြည်တွင်းနဲ့ ဒေသတွင်း အနီးခရီးစဉ်တွေကိုတော့ အင်ဒိုနီးရှားလေတပ်မတော်က စီမံပေးထားတဲ့
အထူးလေယာဉ်အုပ်စုကိုအသုံးပြုပါတယ်။ အထူးလေယာဉ်အုပ်ထဲမှာတော့ Boeing 737–400, Boeing 737–200, C-130 Hercules, Fokker F27-400, Fokker F28-1000, RJ-85 and Super Puma ရဟတ်ယာဉ်တွေပါဝင်ပါတယ်။

Malaysia နိုင်ငံဝန်ကြီးချုပ်၊ ဘုရင်နဲ့ တော်ဝင်မိသားစုများကတော့ မလေးရှားတော်ဝင်လေတပ်မတော် မှBoeing Business Jet ကိုအသုံး
ပြုပြီး ဝန်ကြီးချုပ်ပျံသန်းစဉ် (Perdana One) လို့ခေါ်ပြီး ဘုရင်ပျံသန်းစဉ်မှာတော့ (DiRaja One) လို့ခေါ်ပါတယ်။

Philippines သမ္မတနဲ့ သမ္မတမိသားစုဝင်တွေအတွက် ဖိလစ်ပိုင်လေတပ်မတော် လေကြောင်းပို့ဆောင်ရေးလေယာဉ်အုပ်စုမှတာဝန်ယူ
ပျံသန်းပို့ဆောင်ပေးပြီး၊ သမ္မတပြည်တွင်းခရီးစဉ်တွေကိုတော့ Fokker F28 လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပြည်ပခရီး
စဉ်တွေကိုတော့ Philippine Airlines က Bombardier Learjet 60 တွေကိုဌားရမ်းအသုံးပြုပါတယ်။

Singapore နိုင်ငံကတော့ အလွန်ချမ်းသာသောနိုင်ငံဖြစ်ပေမယ့် သမ္မတကြီး၊ ဝန်ကြီးချုပ် တို့ခရီးသွားရင်အထူးလေယာဉ်ကိုအသုံးပြုလေ့
မရှိပဲ၊ Singapore Airlines (SIA) ရဲ့ ပုံမှန်လေကြောင်းခရီးစဉ်တွေအတွင်းမှာ First Class Cabin ကနေစီးနင်းလိုက်ပါလေ့ရှိပါတယ်တဲ့။
ဒေသတွင်း ဝန်ကြီးများများစားစားလိုက်ပါပြီးသွားရင်တော့ စင်္ကာပူလေတပ်ပိုင် Fokker-50 လေယာဉ်လေးနဲ့ပဲသွားလေ့ရှိပါတယ်။
Mr. Lee Kuan Yew ကတော့ တခါတယံမှာသီးသန့်လေယာဉ်နဲ့ သွားတက်ပါတယ်။

Thailand ထိုင်းနိုင်ငံဘုရင်နဲ့ တော်ဝင်မိသားစုဝင်များအတွက် ထိုင်းဘုရင့်လေတပ်မတော် ကိုယ်ရံတော်တပ်မှ Boeing 737 (၂) စင်း, Airbus A319 (၁) စင်းနဲ့ Airbus A310 တစ်စင်းတို့ဖြင့် ပြည်တွင်းပြည်ပခရီးစဉ်တွေကို သယ်ယူပို့ဆောင်ပေးသော်လည်း များသော
အားဖြင့် တော်ဝင်မိသားစုများဟာ ထိုင်းနိုင်ငံပိုင် Thai Airways နဲ့ပဲသွားလေ့ရှိပါတယ်တဲ့။

Vietnam ဝန်ကြီးချုပ်ကတော့ ပြည်ပခရီးစဉ်တွေကို Boeing 777-200ER ၊ ပြည်တွင်းခရီးများကို Airbus 321 Vietnam Airlines ကစီးလုံးဌားပြီး သွားလေ့ရှိပါတယ်။





Refrence -

1) http://en.wikipedia.org/wiki/Boeing_C-32
2) http://www.planespotters.net/Airline/USAF-United-States-Air-Force
3) http://en.wikipedia.org/wiki/89th_Airlift_Wing
4) http://en.wikipedia.org/wiki/Air_transports_of_heads_of_state_and_government

Wednesday, November 23, 2011

သံယောဇဉ်မကုန်နိုင်သော ဒီရွက်လှေ


ဒီပိုစ့်ကတော့ အစီအစဉ်မရှိသွားရောက်ခဲ့တဲ့ ဂျကာတာအလုပ်ခရီးစဉ်အတွင်း မြန်မာ့ရွက်လှေအဖွဲ့နဲ့ တွေ့ဆုံခဲ့ရတဲ့ အကြောင်းမှတ်တမ်း
တစ်ခုအဖြစ်၎င်း၊ နိုင်ငံတော်အတွက် ဒုတိယငွေတံဆိပ်တစ်ခုကို ရယူပေးနိုင်ခဲ့တဲ့ မခင်ဆွေဦးနဲ့ မသိင်္ဂဝင်းရွှေတို့ကို ဂုဏ်ပြုသောအား
ဖြင့်၎င်း ရေးသားခြင်းဖြစ်သည်။

ကျနော်ရွက်လှေနဲ့ ပင်လယ်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော့်ရွက်လှေဘဝမှာကျင်လည်ခဲ့တဲ့အကြောင်းကို အပိုင်း (၁) ကနေ (၃) အထိ
ရေးခဲ့ဖူးပါတယ်။ အပိုင်း (၄) နောက်ဆုံးအပိုင်းကိုတော့ ရေးခဲ့ပြီးကာမှ internet connection ပြတ်ကျတာလားဘာလားမသိပဲ ရေးနေရင်း
တန်းလန်းပျောက်သွားလို့ ထပ်ရေးရမှာပျင်းတာနဲ့ ဆက်မရေးဖြစ်တော့ပါဘူး။ ပါဝင်ပံပိုးခွင့်ရခဲ့တဲ့ ၂၁ ကြိမ်မြောက်အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲအပြီးမှာတော့ မြန်မာနိုင်ငံရွက်လှေအဖွဲချုပ်ဗဟိုအလုပ်အမှုဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီးနောက်၊ ရန်ကုန်ရွက်လှေ
အသင်းအလုပ်အမှုဆောင်ကော်မတီအဖြစ်လဲ ဆက်လက်တာဝန်မထမ်းဆောင်ဖြစ်ခဲ့ပါဘူး။ ဒီထက်ဆိုးရွားတာကတော့ရန်ကုန်ရွက်လှေ
အသင်းရဲ့ သမိုင်းဝင် ဧည့်သည်တော်မှတ်တမ်းစာအုပ်ကြီးမှာအရက်၏ အမှားကြောင့်မည်သည့်ရည်ရွယ်ချက်နှင့်မျှမဟုတ်ပဲ အဲ့ဒီတုံးက
Network Game ကိုစွဲစွဲမြဲမြဲကစားပြီးရူးမိုက်စွာနဲ့ ဂိမ်းထဲမှာသုံးတဲ့ nick name တွေကိုနာမည်တစ်ခုလိုပဲ အသုံးပြုပြီးချရေးလိုက်မိတာက
အုပ်ချုပ်ရေးကော်မတီကိုမျက်စိအလွန်နောက်သွားစေခဲ့ပါတယ်။ ကိုလိုနီခေတ်ကဘုရင်ခံ၊ Governer ကစလို့ နိုင်ငံတော်ထိပ်တန်း
ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာမှတော်ဝင်မိသားစုများနှင့် ဝန်ကြီးအဖွဲ့ဝင်များ အပါအဝင်မြန်မာနိုင်ငံအတွင်းက ဝန်ကြီးများ၊ ဒုတိယ
ဝန်ကြီးများစတဲ့ အရေးကြီးပုဂ္ဂိုလ်ကြီးများရဲ့ အမည်များနဲ့ အမှတ်တရလက်မှတ်များရေးထားတဲ့စာအုပ်ကြီးမှာမှ ဆင်ခြင်တုံတရားကင်းမဲ့
စွာပေါက်ကရအမည်တွေချရေးခဲ့တဲ့ပြစ်မှုကို ကလပ်ရဲ့ Executive Committee ကခွင့်မလွှတ်ခဲ့ပါဘူး။ သာမန်အသင်းသားမဆိုထားနှင့်
ကလပ်ရဲ့ စည်းမျဉ်းစည်းကမ်းများကို နားလည်သိကျွမ်းသော ကလပ် ရဲ့ ကော်မတီဝင်တစ်ယောက်ဖြစ်ခဲ့ဖူးတာကြောင့်ပိုမိုအပြစ်ကြီးလေး
စွာနဲ့ ကျနော့်ကို ကလပ်ကနေထုတ်ပယ်ပြစ်ခဲ့ပါတယ်။ ကျနော်လဲ ကိုယ်ကိုကိုယ် အလွန်မှားကြောင်းနောင်တရမိတာ အမှန်ပါပဲ။ EC
ကော်မတီကစီရင်ချက်မချမီကထဲက ဘာဖြစ်မယ်ဆိုတာ သိနှင့်နေတဲ့ ကျနော် Yangon Sailing Club ကိုနောက်ဆုံးအကြိမ်အနေနဲ့သွား
ပြီး ဝန်ထမ်းနဲ့ သူငယ်ချင်းတွေကိုနှုတ်ဆက် ကလပ်ကိုနောက်ဆုံးအကြိမ်အဖြစ် နေရာစုံလျှောက်ကြည့်ပြီး ကလပ်ရှိရာ အင်းယားကန်
စောင်းကကျွန်းပေါ်ကနေပြန်ထွက်လာပြီးတဲ့နောက် ကလပ်နယ်နိမိတ်ကုန်ဆုံးရာနေရာဖြစ်တဲ့ တံတားထိပ်မှာအကြာကြီးရပ်ပြီး ကလပ်
ကိုနောက်ဆုံးအကြိမ်နှုတ်ဆက်မိပါတယ်။ ကျနော့်ရင်ထဲက ကြေကွဲမှုကို ရွာချလာတဲ့ မိုးကပိုပြီးဝမ်းနည်းစေခဲ့တာပါပဲ။ မိုးရွာထဲတစ်ယောက်ထဲလမ်းလျှောက်ပြန်ပြီး ရွက်လှေစစီးခဲ့တာကစလို့ နေပူမရှောင်မိုးရွာမရှောင် ပင်လယ်ပြင်ထဲနေခဲ့ရတာတွေ မျက်လုံး
ထဲ တကွက်ပြီးတကွက်ပေါ်လာလို့ပါပဲ။ နောက်တပါတ်လောက်အကြာမှာပဲ ကျနော့်အိမ်ကို ကလပ်ရဲ့ ကော်မတီကနေပေးပို့လိုက်တဲ့စာ
ကိုလက်ခံရရှိပါတယ်။ အဲ့ဒီအချိန်မှာ အသနားခံလဲရမှာမဟုတ်တော့ ဒီအတိုင်းပဲနေလိုက်တော့ပြီး ရန်ကုန်မှာရှိစဉ်ကာလကစလို့ယနေ့
တိုင် ကလပ်ရဲ့စည်းမျဉ်းစည်းကမ်းများကို လေးစားသောအားဖြင့် ကလပ်ကိုမရောက်ခဲ့တော့ပါဘူး။

ကျနော့်ဘဝရဲ့ အခြေခံအုတ်မြစ်ကောင်းတွေလို့ဆိုရမယ့် ဘဝရဲ့အတွေ့အကြုံ၊ နိုင်ငံတကာအတွေ့အကြုံ၊ Administration နဲ့ Management အတွေ့အကြုံတွေ အကုန်ဟာ ကျနော့်ရွက်လှေအဖွဲ့ချုပ်မှာ အလုပ်လုပ်စဉ်ကာလကရရှိခဲ့တာကြောင့် ကျနော့်ဆရာကြီး
ဦးမိုးမြင့်ကို ကျေးဇူးရှင်လို့ကျနော့်ဘဝမှာ သတ်မှတ်ထားခဲ့ပါတယ်။ သူ့ကြောင့်သာ ကျနော်ပထမဆုံး နိုင်ငံခြားခရီးစဉ်ကိုထွက်ခဲ့ဖူးပြီး
မျက်စိပွင့်အမြင်ကျယ်လာခဲ့တာ၊ သူ့ကြောင့်သာ ရုံးတွင်းစာတွေ၊ ပြင်ပစာတွေအရေးအသားမှာရေးတက်လာတာ၊ စသည်ဖြင့်ဆူငေါက်
သင်ပေးခဲ့တာတွေဟာ ကျနော့်ဘဝရဲ့ အခြေခံအုတ်မြစ်ကောင်းတွေပါပဲ။ နောက်တယောက်ကတော့ မြန်မာနိုင်ငံရွက်လှေအဖွဲချုပ်ရဲ့
နည်းပြချုပ် ဦးသန်းစိန်ပါ။ သူကတော့ ကျနော်ရွက်လှေမှာအလုပ်လုပ်စဉ်ကာလက အနီးကပ်သွန်သင်ဆုံးမခဲ့တာ၊ လိုတာတွေဖြည့်စည်း
ဖို့ အထက်ကိုတင်ပြပေးတာ၊ ကျနော်အမှားလုပ်သမျှကိုဒိုင်ခံ ကျနော့်ဖက်ကခုခံကာကွယ်ပြောဆိုပေးခဲ့တဲ့ တချိန်က နိုင်ငံတော်အတွက်
ရွှေတံဆိပ်တွေရယူပေးခဲ့သောနိုင်ငံဂုဏ်ဆောင် ရွက်လှေကစားသမားဟောင်းကြီးပါပဲ။

အခု ၂၀၁၁ အကုန်ဆိုတော့ ရွက်လှေနဲ့ မထိတွေ့ခဲ့တာ နှစ်ပေါင်း ၁၀ နှစ်လောက်ရှိရောပေါ့။ စင်္ကာပူမှာကျနော်ရွက်လှေပြန်စီးဖို့ကြိုးစား
ခဲ့ဖူးပါတယ်။ Changi Sailing Club လို Private Club တွေမှာတော့ မစီးနိုင်တော့ People Association ရဲ့ facility တွေဖြစ်တဲ့ Water Venture မှာ စီးဖို့ပါ။ စီးမယ်လို့ဆိုတော့ ကျနော့်ကို Certified Sailing certificate ရှိမှရမယ်တဲ့၊ မဟုတ်ရင် အခြေခံရွက်လှေသင်တန်း
ကိုပြန်တက်ရမယ်တဲ့။ အခြေခံသင်တန်းကိုတောမတက်ချင်တာ အမှန်ပါပဲ။ ကျနော့်မှာ Myanmar Yatching Federation ကပေးထားတဲ့
Quilify Helmsman Certs ကိုပြတော့ မရဘူးတဲ့။ ဘယ်နှယ့်ကြောင့်မရရမှာလဲဆိုပြီး Singapore Sailing Federation ကိုစာပို့ပြီးလှမ်း
ပြောတဲ့အခါကျတော့ Singapore Federation က MYF ကပေးထားတဲ့ လက်မှတ်ကိုအသိအမှတ်ပြုပါကြောင်းနဲ့ People Association
ကိုလဲဒီလက်မှတ်ကိုင်ဆောင်ထားသူကိုအသိအမှတ်ပြုပေးဖို့ လှမ်းပြီးစာပေးပို့ပါတယ်။ အဲ့ဒီအခါကျတော့ နောက်တဆင့်တက်လာပြီး
ရထားတဲ့လက်မှတ်မှာ ဘယ်လှေတွေစီးတက်တာဆိုတာမပါကြောင်း Int'l 420 နဲ့ Int'l 470 လှေတွေကိုသာပေးစီးနိုင်ကြောင်း အဲ့ဒီလှေ
တွေသူတို့မှာမရှိတဲ့အတွက် ရှိတဲ့လှေ Laser ကိုစီးဖို့အတွက် Modify Course ကိုတော့တက်စေလိုကြောင်းပြောပါတယ်။ ကျနော်လဲအဲ့
လောက်တောင်အရစ်ရှည်နေတာ မစီးတော့ဘူးဆိုပြီး မစီးဖြစ်ခဲ့တော့တာပါဘူး။

မြန်မာနိုင်ငံနဲ့ဝေးကွာနေပေမယ့် တခါတယံမှာတော့ မြန်မာရွက်လှေအသင်းရဲ့ သတင်းတွေကိုတော့ facebook တို့ဘာတို့ကတဆင့်
တော့ကြားကြားနေရတာပေါ့။ အခုလ နိုဝင်ဘာလအတွင်းမှာ ၂၆ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ
ဂျကာတာမြို့တော်မှာကျင်းပနေတာကိုသိတဲ့အချိန်မှာပဲ ကျနော့်ရုံးကနေ ကြိုတင်အစီအစဉ်လုပ်ထားခြင်းမရှိပဲ ဂျကာတာကိုအရေးပေါ်
စေလွှတ်ခဲ့တော့ ရေငတ်တုံးရေတွင်းထဲကျဆိုသလိုပဲ အတော်ပဲပေါ့ Sea Games ကလဲအဲ့မှာလုပ်နေတော့ အလုပ်ပြီးတာနဲ့ သံယောဇဉ်
ရှိတဲ့ ရွက်လှေပြိုင်ပွဲနေရာကိုတော့ ရောက်အောင်သွားကြည့်မယ်ဆိုပြီး ပြိုင်ပွဲကျင်းပနေတဲ့နေရာတွေနဲ့ ဂျကာတာအတွင်းဆောင်ရန်
ရှောင်ရန်တွေကိုရတဲ့ ရက်အတွင်းအပြင်းအထန်လေ့လာလိုက်ပါတယ်။ ဂျကာတာဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ဖြစ်သည့်အလျှောက်
လူဦးရည် ၁၀ သန်းလောက်နေထိုင်ပါတယ်။ မြို့တော်ဟာ ကားပိတ်ဆို့မှုအလွန်ကြောက်စရာကောင်းတဲ့နိုင်ငံအဖြစ်လဲထင်ရှားတဲ့ အပြင်
ကမ္ဘာပေါ်မှာ တတိယမြောက်လေထုညစ်ညမ်းမှုအများဆုံးတိုင်းပြည်မြို့တော်လဲဖြစ်ပါတယ်။ ဖတ်လိုက်သမျှထဲမှာကောင်းကွက်တော်
တော်နည်းတဲ့အတွက် သွားဖို့ရာတောင်နည်းနည်းလန့်လာပါရဲ့။ Taxi စီးရင်တောင်မှ တံခါးချက်ချစီးဖို့သတိပေးထားတာလဲဖတ်ရတယ်။
စီးရမယ့် taxi company brand ကိုလဲမှတ်ရသေးတယ်။ ဂျကာတာ တက်စီတွေက တချို့မီတာမဖွင့်ပဲခရီသည်ကိုငွေပိုတောင်းတက်လို့
ပါတဲ့။

၂၆ ကြိမ်မြောက်အရှေ့တောင်အာရှအာကစားပြိုင်ပွဲ ရဲ့ ရွက်လှေပွဲစဉ်တွေကိုတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ကထဲကစတင်ပြီး မြို့တော်
ဂျကာတာမြောက်ပိုင်းက Ancol Marina ဆိုတဲ့ကမ်းခြေမှာကျင်းပလျှတ်ရှိကြောင်း အင်တာနက်ပေါ်ကနေသိနေရပါတယ်။ မြန်မာရွက်လှေ
အသင်းဟာ Int'l 470 Men and Women, Laser Radial Man and Woman နဲ့ Optimist Class Open မှာ ပြိုင်ပွဲဝင်အားကစားသမား
(၇) ယောက်၊ အရံအားကစားသမား (၃) ယောက်၊ နိုင်ငံခြားသားနည်းပညာကျွမ်းကျင်သူ(၂) ယောက်၊ မြန်မာနည်းပြ (၁) ယောက်၊ နည်းပြချုပ် (၁) ယောက်၊ အုပ်ချုပ်မှုခေါင်းဆောင် (၁) ဦးနဲ့အတူ အထောက်အကူပြုအဖွဲ့ဝင်ပေါင်း(၇) ဦးနဲ့အတူပါဝင်ယှဉ်ပြိုင်ကြောင်း
သိရှိရပါတယ်။ စင်္ကာပူကနေမထွက်ခွာသွားခင်နောက်ဆုံးသိနေရတဲ့ ပြိုင်ပွဲရလဒ်တွေအရ Int'l 470 women မှာစင်္ကာပူကဦးဆောင်နေ
ပြီးမြန်မာက ဒုတိယနေရာကနေကပ်နေတော့ ဆုရရှိဖို့တော်တော်အခွင့်အလန်းကောင်းနေတာတွေ့ရပါရဲ့။

ဂျကာတာကို နိုဝင်ဘာလ (၁၇) ရက်နေ့မှမနက်ပိုင်းမှာ အင်ဒိုလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Lion Air နဲ့ကျနော်ထွက်ခွာသွားခဲ့ပြီး
ဂျကာတာကို schedule ရဲ့နာရီဝက်နောက်ကျပြီးမှရောက်ပါတယ်။ ဂျကာတာလေဆိပ်ကြီးဟာ အတော်လေးစုတ်ပြတ်ပြီး လမ်းညွှန်ဆိုင်း
တွေကလဲ သေခြာမရှိတော့ ဆိုက်ရောက်လူဝင်မှုကြီးကြပ်ရေးကို တော်တော်ရှာဖွေမေးမြန်းပြီးမှရောက်သွားတော့တယ်။ သာမန်နိုင်ငံကူး
ကိုင်ဆောင်ပြီး ဗီဇာမလိုပဲ ဝင်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံတစ်ခုအဖြစ် ဘဝမှာမှတ်တမ်းတင်ရမှာပါပဲ။ ခေါင်းစဉ်က ရွက်လှေနဲ့စထား
လို့တခြားအလုပ်တွေဘာတွေမရေးတော့ပဲ ရွက်လှေပြိုင်ပွဲရှိတဲ့နေရာကိုတိုက်ရိုက်ပဲဆက်ရေးလိုက်ပါတယ်။

ရွက်လှေပြိုင်ပွဲကျင်းပနေတဲ့ Marina Ancol ကိုမနက်စောစောထပြီး တက်စီနဲ့သွားပါတယ်။ တက်စီဟာ ဟိုတယ်ဝင်ထဲကနေထွက်ဖို့ကို
လမ်းမပေါ်ကားတွေပိတ်နေတဲ့အတွက် ၁၀ မိနစ်လောက်အတင်းခေါင်းထိုးဝင်ပြီးကာမှ လမ်းမကြီးပေါ်ကိုရောက်ပါတယ်။ ဂျကာတာမြို့
ကြီးဟာ အကြမ်းဖက်သမားတွေရဲ့ ဗုံးခွဲမှာစိုးလို့ လုံခြုံရေးတွေ၊ မိုင်းရှာကိရိယာတွေနဲ့ ရှာဖွေနေတဲ့နေရာတွေအခြားနေရာမှာတွေ့ရပေ
မယ့် ရွက်လှေပြိုင်ပွဲကျင်းပနေတဲ့ Marina Ancol မှာတော့ အဲ့လောက်လုံခြုံရေးတင်းကြပ်ထားတာမတွေ့ရပါဘူး။ ပြိုင်ပွဲဝင်နိုင်ငံများရဲ့
base container တွေရှိတဲ့နေရာကို အလွယ်တကူပဲရှာတွေ့ပြီး ကွန်တိန်နာမှာ နိုင်ငံတော်အလံလွှင်ထူထားတာတွေ့ရပါတယ်။ အသင်း
ခေါင်းဆောင် ဦးမောင်ဝင်းကိုနှုတ်ဆက်၊ သူငယ်ချင်းဟောင်းတွေနဲ့ စကားတွေပြောအပြီးမှာတော့ ရဲအစောင့်အရှောက်ယာဉ်တန်းနဲ့လာ
တဲ့ ပြိုင်ပွဲဝင်အားကစားသမားတွေရောက်လာပါရော။ ရောက်ပြီးတာနဲ့ တန်းစီ၊ နိုင်ငံတော်အလံကိုအလေးပြုစတဲ့ နေ့စဉ်လုပ်နေကျတွေ
ကိုလုပ်တာတွေ့ရပါတယ်။ ပြီးတာနဲ့ ပြိုင်ပွဲဝင်အားကစားသမားတွေအကုန်လုံး ကိုယ့်ဆိုင်ရာလှေတွေစီသွားပြီး ရွက်တွေပြင်ကြဆင်ကြနဲ့
စစ်မြေပြင်သွားမယ့် စစ်သည်တွေလိုပါပဲ။ ကျနော်လဲ အမှတ်တရ ဓာတ်ပုံတွေလိုက်ရိုက်ဖြစ်ပါတယ်။ ခဏနေတော့ အားကစားဒုတိယ
ဝန်ကြီး ရောက်လာတော့ ဒုဝန်ကြီးနဲ့ ၂၁ ကြိမ်မြောက် Sea Games မှာထဲကခင်နေတော့ နှုတ်ဆက်ပြီး ဓာတ်ပုံရိုက်တာဝါသနာပါတဲ့
ဒုဝန်ကြီးကို ဓာတ်ပုံတွေရိုက်ပေးဖြစ်တယ်။ ဒုဝန်ကြီးရောက်ပြီးမကြာမီပဲ ရွက်လှေအဖွဲ့ချုပ် ဥက္ကဌကြီး ကျနော့်ဆရာကြီး ဦးမိုးမြင့်ရောက်
လာပါတယ်။ ကျနော့်ကိုမြင်တော့ အံ့သြပြီး မင်းကဘယ်လိုရောက်နေတာလဲ လို့လှမ်းနှုတ်ဆက်မေးမြန်းတယ်ဗျ။ ဥက္ကဌနဲ့ဒုဝန်ကြီးလဲ
ပြိုင်ပွဲကျင်းပရေးကစီစဉ်ပေးတဲ့ စက်တက်ရွက်လှေကြီးတစ်စင်းနဲ့ ပင်လယ်ထဲထွက်ပြီးအားကစားသမားတွေနဲ့ ပြိုင်ပွဲကိုကြည့်ရှုအား
ပေးပါတယ်။

ကျနော်လဲ ပျင်းပျင်းရှိလို့ကမ်းနားမှာလိုက်ရှောက်ကြည့်နေတုံး စက်တက်လှေကြီး (၃) စင်းကကမ်းနားကထွက်တော့မယ်တွေ့တယ်ဗျ။
အထိမ်းအမှတ်အလံတွေကြည့်တော့ media, spectator ဆိုတာတွေတွေ့တယ်။ လှေထဲက တစ်ယောက်ကျနော် camera လွယ်ထားတာ
တွေ့တော့ မီဒီယာသမားမှတ်လို့ထင်ပါရဲ့ ဒါ international media boat လိုက်မလို့လားဆိုတော့ အေးဟုတ်တယ် လိုက်မလို့ဆိုပြီး
လှေပေါ်ခုန်တက်ပြီးလိုက်သွားတော့တယ်။ sun block လဲမလိမ်းထား၊ လက်ရှည်လဲမဝတ်နဲ့ ရွက်လှေသမားဟောင်းပီသစွာပဲ ပေပေတေ
တေလိုက်သွားလိုက်တာ ပင်လယ်ထဲရောက်လို့ ၁ နာရီကျော်ကြာတော့မှပူလာမှန်းသတိထားမိတယ်။ လှေတွေကိုဓာတ်ပုံရိုက်ပြီး ပင်လယ်
ထဲမထွက်တာကြာတဲ့ ကျနော် ပူရမှန်းမသိလောင်ရမှန်းမသိအောင်ပဲ ပျော်မိတာအမှန်ပါပဲ။ ပြိုင်ပွဲတွေပြီးကာနီးလို့ လှေကမ်းနားပြန်ကပ်
ကုန်းပေါ်တက်တော့ လှိုင်းမူးတက်တဲ့ကျနော် လှိုင်းနည်းနည်းမူးနေတာ သတိထားမိတယ်။ နေ့လည်စာလဲမစားချင်တော့ပဲ အချိုရည်
သောက်၊ ဘီစကစ်စားပြီးပဲနေလိုက်တော့တယ်။ ခဏနေတော့ ပြိုင်ပွဲဝင်လှေတွေ အကုန်ပြန်ဝင်လာကြပြီး ပြိုင်ပွဲပြီးဆုံးသွားပြီဆိုတဲ့
အလျှောက် လှေတွေကိုကွန်တိန်နာထဲပြန်ထည့်ဖို့ လုပ်ကြတာမှာ တက်နိုင်တာလေးတွေဝင်ကူလုပ်ပြီး ကျွမ်းကျင်လှတဲ့ supporting team နဲ့အာကစားသမားတွေတက်ညီလက်ညီလုပ်လိုက်တာ ၂ နာရီအတွင်း ကွန်တိန်နာထဲလှေတွေအကုန်ဝင်သွားပြီး ပစ္စည်းတွေလဲ
သိမ်းပြီးသားဖြစ်သွားပါတယ်။

မြန်မာ့ရွက်လှေအသင်းအနေနဲ့ Int'l 470 women class မှာငွေတံဆိပ်တစ်ခုရရှိပြီး ကျန်တဲ့ class တွေမှာတော့ ဆုတံဆိပ်မချိတ်ခဲ့ပါဘူး။
သို့သော်စိတ်ဓာတ်ကျစရာလုံးဝမရှိပါဘူး။ အခုအသင်းဟာ လှေစီးသက် ၁ နှစ်အောက်သာရှိပြီးတော့ ဒုတိယဆုရတဲ့ အတွဲဆိုရင်ဒီလှေ
အမျိုးအစားကို စတင်စီးနင်းတာ ၂ လပဲရှိပါသေးတယ်။ ငယ်ငယ်ကထဲကလှေစီးလာကြတဲ့ အခြားအသင်းကအားကစားသမားတွေနဲ့
ယှဉ်လိုက်ရင်အလွန်ဝါနုသေးတဲ့ ကာလမှာ နိုင်ငံတော်အတွက်ဒုတိယငွေတံဆိပ်ရယူပေးနိုင်တာကို ဂုဏ်ယူဝမ်းမြောက်ရမှာပါ။ Int'l 470
class မှာ ပထမရွှေတံဆိပ်ကို စင်္ကာပူနဲ့ တတိယကိုတော့ ထိုင်းနိုင်ငံက အသီးသီးရရှိခဲ့ပါတယ်။ ဆုပေးပွဲအခန်းအနား ကိုတော့ အင်ဒိုနီးရှားကခန်းခန်းနားနားမကျင်းပနိုင်တဲ့အပြင် အစီအစဉ်တွေက ညံ့ဖျင်းတာတွေ့ရပါတယ်။ ဒါ့အပြင် စင်္ကာပူနိုင်ငံတော်သီချင်းဖွင့်
နေစဉ်စီဒီထစ်သွားလို့ စလုံးတွေ ဘာလုပ်ရမှန်းမသိဖြစ်သွားတာလဲတွေ့ရတဲ့အပြင်၊ စလုံးဒုတိယရတဲ့ class တစ်ခုရဲ့ဆုပေးပွဲမှာလဲ စလုံး
အလံတော် တိုင်ဝက်မှာတစ်ပြီး တင်မရတော့လို့ အလံတိုင်ကိုဖြုတ်ချပြီး လုပ်ရတဲ့အထိတောင် အလွဲလွဲအချော်ချော်တွေနဲ့ ပြီးသွားပါ
တော့တယ်။ ဆုပေးပွဲအပြီးမှာတော့ ဥက္ကဌကြီးက သူခေတ္တတည်းခိုနေထိုင်တဲ့ ဂျကာတာမြို့လည်က Grand Hyaat Hotel မှာတသင်းလုံး
ကိုညစာကျွေးဖို့အတွက်ခေါ်တဲ့အထဲ ကျနော့်ကိုပါလိုက်ခဲ့ဖို့ခေါ်လို့ ဝမ်းသာအားရလိုက်သွားပြီး celebrate လုပ်လိုက်ကြပါတယ်။
အပြန်မှာတော့ ဥက္ကဌကြီးကိုနှုတ်ဆက်ပြီး ၂၀၁၃ ခုနှစ်မှာကျင်းပမယ့် ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံမှာ
ကျင်းပပြုလုပ်မှာမို့ လိုအပ်တဲ့ human resource များရှိရင် စေတနာဝန်ထမ်းလာရောက်တာဝန်ထမ်းဆောင်ပါ့မယ်လို့ ပြောခဲ့ပါသေး
တယ်။ မိခင်နိုင်ငံမဟုတ်တဲ့ စင်္ကာပူနိုင်ငံကလက်ခံကျင်းပတဲ့ YOG မှာတောင် စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်ပေးခဲ့တာ အမိမြန်မာ
နိုင်ငံမှာပြုလုပ်မယ့် ဒီလိုပွဲကြီးမျိုးမှာတော့ အုတ်တချပ်သဲတစ်ပွင့် တက်နိုင်တဲ့ နေရာတစ်နေရာကနေပါဝင်ကူညီချင်ခွင့်ရနိုင်ဖို့ ဆုတောင်း
ရင်းနဲ့ ကျနော့် ဒီပိုစ့်ကိုနိဂုံးချုပ်ပါတယ်။

Monday, November 14, 2011

12.2 သန်းတန် လိမ်လည်မှုကြီး

အဂတိလိုက်စားမှု၊ ငွေကြေးအလွဲသုံးစားပြုမှု၊ လိမ်လည်မှုစတဲ့အမှုတွေနည်းပါးကင်းစင်လှပြီး အထူးသဖြင့် စင်္ကာပူအစိုးရဌာနကြီးတွေ
မှာတင်းကြပ်တဲ့ စနစ်တွေနဲ့ ထိမ်းချုပ်ထားတဲ့အပြင် အဂတိလိုက်စားမှုကင်းအောင် လစာနဲ့ခံစားခွင့်တွေကို နင့်နေအောင်ပေးထားသော
ကမ္ဘာ့ခြစားမှုအကင်းဆုံးနိုင်ငံတွေထဲမှာပါတဲ့ စင်္ကာပူနိုင်ငံမှာ အစိုးရဌာကြီးတစ်ခုအတွင်းဖြစ်ပေါ်ခဲ့တဲ့ အကြီးမားဆုံးလိမ်လည်မှုကြီး
တစ်ခုအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

စင်္ကာပူအစိုးရ၏ မြေယာဆိုင်ရာအာဏာာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (Singapore Land Authority, SLA) ရဲ့ ထိပ်တန်းအရာရှိအဆင့်
ဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူး ( Deputy Director ) အဆင့်နဲ့ လက်အောက်ခံ မန်နေဂျာ တို့က အစိုးရကို ပူးပေါင်းလိမ်လည်ခဲ့တဲ့ အမှုကြီးတစ်ခုဖြစ်သည့်အတွက် အဓိကစီစဉ်သူ Master Brain ဖြစ်တဲ့ ဒုညွှန်မှူးဟောင်း အသက် ၄၁ နှစ်ရှိ တရားခံ Koh Seah Wee ကို
ပြစ်မှုပေါင်း ၃၇၂ မှုတို့ဖြင့်စွဲချက်တင်ခဲ့ပြီး မြင့်မားသော ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၂၂) နှစ်ကျခံစေရန် နှင့် ပူပေါင်းကြံစည်ခဲ့ သူ
မန်နေဂျာဟောင်း အသက် ၃၈ နှစ်ရှိ တရားခံ Lim Chai Meng ကို စွဲချက်ပေါင်း ၃၀၉ ချက်ဖြင့်စွဲချက်တင်ကာ ထောင်ဒဏ် (၁၅) နှစ်ကို
စင်္ကာပူတရားရုံးတော် တရားသူကြီး Justice Tay Yong Kwang မှ အမိန့်ချမှတ်ခဲ့သည်။

တရားခံ ဒုညွှန်မှူးအဖြစ်တာဝန်ယူ လုပ်ကိုင်သော စင်္ကာပူမြေယာဌာနကြီး၏ Technology and Infrastructure Department မှ
၂၀၀၇ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၀ ခုနှစ် မတ်လအထိ ၁၁ ခုသော Company များကို နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိမ်းသိမ်းရေးလုပ်ငန်း
များ၊ ဝန်ဆောင်မှုနှင့် အပိုပစ္စည်းများဝယ်ယူတက်ဆင်ခြင်းစတဲ့ စာချူပ်များအတွက် စင်္ကာပူဒေါ်လာ ၁၂.၂ သန်းပေးချေခဲ့ရသည်။ သို့သော်ဌာနကြီးအနေဖြင့်မည်သည့် ဝန်ဆောင်မှု၊ မည်သည့်အပိုပစ္စည်းစသည့်တို့ ဘာတစ်ခုမှမရရှိခဲ့ချေ။ တရားခံနှင့် အခြားအပေါင်း
အပါများတည်ထောင်ထားသည့် company များဖြင့်စာချုပ်အတုများ ချုပ်ဆိုခြင်း၊ ငွေပေးခြေခြင်းစသည်တို့ကိုပြုလုပ်ခဲ့ကြသည်။ တရားခံ
နှင့် အပေါင်းအပါ မန်နေဂျာ တို့ ၂ ဦးစလုံး အလုပ်မှ နှုတ်ထွက်ခဲ့ကြပြီးနောက် SLA အနေဖြင့်ပုံမှန်မဟုတ်သော ငွေပေးခြေမှုများကို
စတင်တွေ့ရှိရမှစပြီး လိမ်လည်မှုကြီးပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ဆုံးရှုံးခဲ့ရသည့် ပြည့်သူ့ငွေများကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ရှာဖွေဖော်ထုတ်ပြန်လည်သိမ်းစည်းခဲ့ရာတွင် ခန့်မှန်းခြေတန်ဖိုး
ဒေါ်လာ ၉ သန်းဖိုးခန့်တန် ငွေကြေးနှင့် ပစ္စည်းများပြန်လည်ရရှိခဲ့သည်။

တရားခံ Koh Seah Wee ထံမှ သိမ်းစည်းရမိပစ္စည်းနှင့်ငွေကြေးများ

ဘဏ်အပ်ငွေ S$554,872 နှင့် ငွေစုစာချုပ်များ
East Coast ရှိ S$2.4 သန်းတန် အိမ်ယာ ၂ ခု
အာမခံပေါ်လစီ ၂ ခု
ငွေသား S$21,000
အာမခံသေတ္တာအတွင်းမှ S$1.1 သန်း
Tanah Merah ရှိ ဆောက်လုပ်ဆဲ Condo မှကြိုတင်ပေးငွေ S$96,320
Lamborghini ပြိုင်ကားတစ်စင်းနှင့် Mercedes-Benzes ၂ စင်း ကိုရောင်းရာမှ ပြန်လည်ရရှိငွေ S$1.6 သန်း
နိုင်ငံခြားသုံးငွေဖြင့်ရင်းနှီးမြုပ်နှံထားသောစာရင်းမှ S$464,429
StarHub သို့ကြိုတင်ပေးငွေ S$1,550
ှSingapore Power သို့ကြိုတင်ပေးငွေ S$5,000

စုစုပေါင်းတန်ဖိုး S$6.2 သန်း ကိုပြန်လည်ရရှိခဲ့သည်။

တရားခံ Lim Chai Meng ထံမှ သိမ်းစည်းရရှိသော ငွေကြေးနှင့် ပစ္စည်း များ

Tanah Merah ရှိအိမ်နှင့် Condo တစ်ခုတို့ထံရင်းနှီးမြုပ်နှံထားငွေ S$927,218
Sing Inevestment နှင့် ဘဏ်စာရင်းမှ S$81,235
ပြိုင်ကား Ferrari တိုက်မိသဖြင့် အပုံလိုက်ရောင်းရာမှရငွေ S$10,800
လမ်းခွန်ပေးထားငွေ မှ S$2,302
အဆိုပါကားနှင့်ပတ်သတ်၍ ပြန်အမ်းရငွေ S$207,862
LV, Prada နှင့် Dior branded အိတ်ပေါင်းစုံ ၁၀ အိတ်
တန်ဖိုးကြီး လက်ပတ်နာရီ (၃) လုံး
တရားခံ၏ အိမ်ထောင်ဖက်၊ တူ၊ ယေက္ခမစသည့် အမျိုးများ၏ အမည်များဖြင့် အပ်နှံထားသော ဘဏ်စာရင်းများထံမှ ပြန်လည်ရရှိငွေ ပေါင်း S$2 သန်း

စုစုပေါင်းခန့်မှန်းတန်ဖိုး S$3.2 သန်း ကိုပြန်လည်ရရှိခဲ့သည်။

စင်္ကာပူနိုင်ငံ၏ အစိုးရနှင့် ပတ်သတ်သောအဖွဲ့အစည်းအတွင်းဖြစ်ပွားခဲ့ သည့်လိမ်လည်မှုများအနက် အကြီးဆုံးအမှုတစ်ခု အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပြီး လိမ်လည်မှုများတွင်လည်း အမြင့်မားဆုံးထောင်ဒဏ်အပြစ်ပေးခဲ့သည့် အမှုကြီးတစ်ခုဖြစ်သည်။

Reference - The Straits Times Newspaper, Today Newspaper.

Monday, October 31, 2011

ချင်းမိုင်မြို့သို့အလည်တစ်ခေါက်

ဒီအကြောင်းအရာကတော့ စာဖတ်ပရိသတ်အတွက်မရည်ရွယ်ပဲ ကျနော့်ခရီးသွားမှတ်တမ်းသက်သက် တစ်ခုပါပဲ။ အောက်တိုဘာ ဒေဝါလီနေ့ holiday ရှိတဲ့အတွက် ဘယ်သွားရင် ကောင်းမလဲဟဲ့လို့ တရုတ်ပြည်ကအပြန်မှာ တွေးပြီးနေတာ သွားစရာနေရာတွေကို စဉ်းစားကြည့်တော့ Bali မှာမိုးရွာနေတော့ သိပ်အစဉ်မပြေ၊ ထိုင်းနိုင်ငံထဲက Karabi ကလဲရာသီဥတုကသိပ်မကောင်းနဲ့ နောက်ဆုံးတော့
Thai Airways က promotion ချတယ်ဆိုတဲ့ဟာကိုကြည့်လိုက်တော့ သွားခဲလှတဲ့ land tour ကိုသွားကြည့်ဖို့ ထိုင်းနိုင်ငံ ရဲ့ ဒုတိယ အကြီးဆုံးမြို့တော် ချင်းမိုင်မြို့ ကိုသွားဖို့ ခရီးသွားဖော်လဲဖြစ် အခန်းဖော်လဲဖြစ်တဲ့ ကျနော့်သူငယ်ချင်းနဲ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ စင်္ကာပူ ချင်းမိုင်တိုက်ရိုက်လေကြောင်းဟာ ၄ နာရီလောက်ကြာမြင့်မှာဖြစ်တဲ့အပြင် Budget လေကြောင်းတွေထဲက Air Asia တစ်ခု ထဲ ပျံသန်းတာကြောင့် ဈေးနှုန်းတွေကို ထုံးစံအတိုင်း ယှဉ်ကြည့်ပါတယ်။ တိုက်ရိုက်ခရီးကို ၃၅၀ ကျပြီးတော့ TG နဲ့ ဘန်ကောက်တဆင့်ပျံ ဆိုရင် ၃၇၀ ပဲကျမယ်ဆိုတော့ Budget Airline ကိုတရုတ်ပြည်ကပြန်လာပြီးထဲ ကစီးဖို့အားသိပ်မရှိတာကြောင့် ဒီတခါတော့ Star Allience Member ကြယ်ငါးပွင့်အဆင့်လေကြောင်း TG နဲ့သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။




Zuji Travel နဲ့

များသောအားဖြင့် online ကဝယ်တဲ့လက်မှတ်တွေမှာ လေကြောင်းလိုင်းကတိုက်ရိုက်ဝယ်လေ့ရှိပေမယ့် ဒီတခါတော့ Online Travel Agent ဖြစ်တဲ့ Zuji Travel ကနေဈေးနှုန်းစစ်ကြည့်တော့ တခြား online travel agent တွေထက်ဈေးသက်သာတာကြောင့် Zuji ကနေ ဝယ်ဖို့ဖြစ်လာပါတယ်။ ဒါ့အပြင် NATAS Travel Fair Promotion အဖြစ် MasterCard နဲ့ဝယ်ရင် S$25 Hotel Voucher ရမယ်၊ POSB MasterCard ကလဲ သူ့ဘဏ်ကဒ်နဲ့ဆို rebate ပေးအုံးမယ်ဆိုတော့ Mastercard နဲ့ဝယ်ဖြစ်လိုက်တယ်။ Full Service Airlines and
5 Stars Airline ကြီးဖြစ်သည်နဲ့အမျှ Online transation မှာ Passgener အနေနဲ့ဘယ်လိုခုံကို ဦးစားပေးရွေးချယ်လိုပါသလဲ၊ ဘယ်လို အစားအသောက်များ စားချင်ပါသလဲဆိုတာ ကြိုတင်မှာကြားလို့ရတဲ့အားလျှော်စွာ ခရီးစဉ်တစ်ခုလုံးအတွက် Seafood Meal စားဖို့ Specail Meal Request လုပ်ထားလိုက်ပါတယ်။ Mastercard နဲ့ပေးချေတဲ့အတွက် S$25 တန် Online Voucher တစ်ခုကို တပါတ် အကြာမှာ Zuji ကပို့တာကြောင့် Zuji ရဲ့ Marketing Strategy ထဲမှာနစ်မြောပြီး ဟိုတယ်အခန်းအတွက်လဲ Voucher ကိုသုံးရမှာဆိုတဲ့ အတွက် Zuji ကနေပဲ ဟိုတယ်ကို Booked လုပ်ရပြန်ပါတယ်။ ဒီတခါတော့ အဆင်မြင့်ဟိုတယ်ကြီးတွေမှာမနေတော့ပဲ အချက်အချာ ကျ တဲ့နေရာနဲ့ဈေးသင့်ရုံနေရာကိုရွေးနေဖြစ်တယ်။ တစ်ညကို S$35 လောက်ပဲကျပါတယ်။ ကြယ်၎လုံးအဆင့်လို့ရေးထားတဲ့ဟိုတယ်ပါ။

စင်္ကာပူ မှ ချင်းမိုင်ဆီသို့

ခရီးသွားမယ့်နေ့အောက်တိုဘာ ၂၂ မနက်ပိုင်းမှာများ သာမန်ထက်ကိုပိုအလုပ်များနေပါတယ်။ Weekend နဲ့ Holiday ကခံနေ၊ ကိုယ်ကလဲ မရှိဖူးဆိုတော့ Deposit လုပ်စရာရှိတဲ့ ချက်တစ်စောင်ကို အနီးနားကဘဏ်မှာသွား Deposit လုပ်၊ အိမ်ရောက်တော့ အိမ်သန့်ရှင်းရေးလုပ်နဲ့ အကုန်ပြီးသွားတဲ့အချိန်ကပဲ ၁၂ ထိုးခါနီးနေပါပြီ၊ နေ့လည်စာစားပြီးတော့ တမှေးလောက်လှဲလိုက် ချင်သေး ပေမယ့် အချိန်ကသိပ်မရပြန်တော့ဘူး။ NEA ကို check လုပ်ထားတော့မိုးကလဲရွာနိုင်ဖွယ်ရှိတယ်တဲ့ဆိုတော့ အိမ်ကနေ လေဆိပ်သွားဖို့ MRT ကိုလမ်းဘယ်လိုလျှောက်ရမလဲတွေးနေတုံး မိုးကတဖွဲဖွဲရွာလာတော့တယ်။ အချိန်လေးတစ်ခုသတ်မှတ်လိုက်ပြီး ဒီအချိန်အတွင်း တော့ မိုးမစဲရင် အိမ်ရှေ့ကားမှတ်တိုင်ကနေ Bus 61 စီးသွားမယ်လို့တော့တွေးထားပါရဲ့။ ထင်တဲ့အတိုင်း မိုးက မစဲပဲရွာနေတော့ နှစ်ယောက်သား သေတ္တာတစ်ယောက်တစ်လုံးနဲ့ ၆၁ ကိုစီးဖို့ဆင်းရတော့တာပေါ့။ ကားကသိပ်မစောင့်ရပဲ မြန်မြန်လာတော့ တော်ပါ သေးရဲ့။ လမ်းမှာတော့တွေးသွားတယ်၊ ဖြတ်သွားတဲ့ Habour Front MRT မှာဆင်းပြီး ရထားစီးရမလား၊Bugis ရောက်ရင်စီးမလားနဲ့ပေါ့။ ကားက Eunos မှာဂိတ်ဆုံးမှာဆိုတော့ Eunos အထိစီးသွားပြီး ရထားဆက်စီးရင်ပိုနီးတယ်ဆိုပြီး လမ်းမှာဖြတ်ခဲ့သမျှ MRT တွေမှာဆင်း ပြီး ရထားဆက်မစီးဖြစ်ခဲ့ ပါဘူး။ ကားက Lavender ကိုကျော်ပြီးတာနဲ့ Boonkeng ဖက်တွေရော ရပ်ကွက်တွေထဲပါလျှောက်ပတ်တာ Eunos နဲ့နီးရက်နဲ့မရောက်နိုင်ဖြစ်လာတာ နောက်ဆုံး Check in Counter ပိတ်ဖို့ မိနစ် ၄၅ လောက်အလိုမှာတော့ ငါဒီအတိုင်းဆက်စီး သွားရင် မှီမှာတောင်မဟုတ်တော့ဘူးဆိုပြီး လမ်းမကြီးတစ်ခုအရောက်မှာ ကားပေါ်ကဆင်းပြီး Taxiနဲ့ ခရီးဆက်ဖို့ကားပေါ်က အထုတ် ဆွဲပြီးကသိုက်ကရိုက် ပြေးဆင်းရပါတော့တယ်။ လမ်းမကြီးမှာဆင်းလို့ Taxi ရမလားမှတ်တယ်၊ ကားသွားကားလာ ကများ၊ Bus lane ထဲကနေတားရတော့ ကားကတစ်စင်းမှတောင်မရပါဘူး။ Busy Sign On Call Sign တွေနဲ့ရဲရဲတောက်မီးနီတွေနဲ့ Taxi တွေပဲ ဖြတ်မောင်းနေပါတယ်။ လေယာဉ်အချိန်မမှီမှာဆိုးလို့ စိတ်ကလဲပူ၊ လမ်းမှာဘာကြောင့်များ ဆင်းပြီးရထားမစီးမိပါလိမ့်လို့ ကိုယ့်ကိုကိုယ် အပြစ်တင်၊ ကြက်တူရွေးတောင်အရှုံးပေးရမယ့် တတွတ်တွတ် အဆက်မပြတ်စကားပြောလာတဲ့ သူငယ်ချင်းကြောင့်ကိုယ့်မှာ စဉ်းစား တွေးတောချိန်မရ လို့ဆုံးဖြတ်ချက်မှားရတယ်ဆိုပြီး သူ့ကိုစိတ်ကတို၊ ကံဆိုးသူသွားရွာ (not ကံဆိုးမ) မိုးလိုက်လို့ရွာဆို သလို မိုးရွာထဲမှာ ထီးတချောင်းနဲ့ Taxi ကို မရမကတားနေရတဲ့အဖြစ်ကတော့ဆိုးလှပါတယ်။ အဲ့ဒီမှာ ဘာတစ်ခုသင်ခန်းစာရသွားလဲဆိုရင် နောင်အခါများမိုးရွာလို့ တစုံတခုအစဉ်မပြေလို့ လေဆိပ်သွားရမယ်ဆိုရင် ငွေကိုချွေတာမနေပဲ Taxi ပဲစီးသွားဖို့ပါ။ စိတ်ဖိစီးမှု ခံရတာ ဟာပေးလိုက်ရတဲ့ ငွေနဲ့ဆိုဘာမှမပြောပါ့လောက်ပါဘူး။ နောက်ဆုံးမှာတော့ ကောင်တာပိတ်ဖို့ နာရီဝက်အလိုမှာ ရှားပါးအဖိုးတန် လှတဲ့ taxi တစ်စင်းကိုရလိုက်ပါတယ်။ လမ်းပေါ်မှာကားသွားနေတုံး အရှေ့ဖက်ကိုရောက်နေတာကိုသိပေမယ့် လေဆိပ်ကိုဘယ်လောက် ကြာအောင်မောင်းရအုံးမလဲလို့တွေးပြီး စိတ်ကပူသေးတာ။ Thai Airways ကောင်တာရှေ့ကိုတော့ ကောင်တာမပိတ်မီ မိနစ် ၂၀ အလို မှာရောက်သွားပါတယ်။ ကျနော့်ဘဝမှာ ပထမဆုံး အဖြစ်မှတ်တမ်းတင်ရမှာပါ။ ဘယ်တော့မဆိုကောင်တာဖွင့်ချိန်မှာ အမြဲကောင်တာရှေ့ ရောက်နေတက်တဲ့ကျနော့်မှာ ဒီတခါတော့ ကောင်တာပိတ်ခါနီး အချိန်မှကောင်တာရှေ့ကိုရောက်ရပါတော့တယ်။ ၂၄နာရီကြိုတင် online check in system ပေါ်မှာ စင်္ကာပူ ဘန်ကောက်၊ ဘန်ကောက်ကနေ ချင်းမိုင် တောက်လျှောက်ကိုခုံနေရာတွေယူထားပြီး ပြီးဆိုတော့ ကောင်တာဝန်ထမ်းကို Luggage တွေတောက်လျှောက်ပို့ဖို့သာထပ်ပြောလိုက်ပြီးနောက် ထုတ်ပေးလိုက်တဲ့ Boarding pass တွေယူ
ပြီးကျနော့် စင်္ကာပူကနေထွက်ခွာလာပါတယ်။

စင်္ကာပူ - ဘန်ကောက်ခရီးစဉ်ကို Boeing 777 လေယာဉ်သုံးတာကြောင့် အလည်ခုံလေးခုံတွဲထဲက ၂ ခုံကိုကြိုယူထားဖြစ်တယ်။
ကံကောင်းချင်တော့ လေးခုံမှာ တစ်ခုံကလူမရှိတော့ ပိုပြီးလွတ်လွတ်လပ်လပ် ထိုင်ရတာပေါ့။ လေယာဉ်လေထဲရောက်ပြီး ဝန်ထမ်းတွေ
လမ်းလျှောက်လို့ရတော့ လေယာဉ်မောင်ချုပ်ကရောက်လာပြီး ကြိုတင်မှာကြားထားတဲ့ အစားအစာအတွက် Double Confirm လာလုပ်
ပါတယ်။ မနက်ကမိုးအေးတာရယ် စိတ်မောလူမောတာရယ်ကြောင့် တောက်လျှောက်ဟတ်ချိုးချီပြီး နေမကောင်းချင်သလိုဖြစ်နေတယ်။
Personal Entertaiment System က activated ဖြစ်ပြီးပြီမို့ ကြည့်ချင်တဲ့ ရုပ်ရှင်လေးတစ်ခုရွေးပြီး ဇိမ်လေးနဲ့နေတုံး ကြိုတင်မှားထား
တဲ့အတွက် in flight meal ကိုအရင်မှာထားတဲ့ ခရီးသည်တွေအတွက်လာချပေးပါတယ်။ သောက်စရာအတွက် red wine ရွေးလိုက်ပြီး
တစ်ခွက်ကုန်တော့ စမ်းသောက်ကြည့်ချင်တာနဲ့ white wine သောက်ကြည့်လိုက်တာ ဘယ်လိုကြီးဖြစ်သွားတယ်မသိ ပိုတောင်နေထိုင်
မကောင်းဖြစ်ချင်သွားပါတယ်။ ရုပ်ရှင်လေးကြည့် ဇိမ်လေးနဲ့ နှပ်မယ်ကြံခါရှိသေးတယ် ဘန်ကောက်သုဝဏဘူမိလေဆိပ်ကို ဆင်းဖို့
လေယာဉ်စပြီး နိုမ့်ဆင်းလာပါတယ်။ ဘန်ကောက်လေဆိပ်ကိုဆိုက်တော့ လေယာဉ်က terminal tube ကိုမသွားပဲ တစ်နေရာမှာရပ်ပြီး
ခရီးသည်တွေကို ကားနဲ့ခေါ်သွားလို့ မြန်မာပြည်ကစထွက်လာတုံးက ကားနဲ့လေယာဉ်ကိုသွားရတာ တောင်ပြေးပြီးမှတ်မိလိုက်သေး
တယ်။ ၂၀၀၆ ခုနှစ်ထဲက ကားနဲ့လေယာဉ်စီကိုမသွားဖြစ်တော့တာ အခုကြမှပဲဘယ်လိုဖြစ်တယ်မသိ သုဝဏဘူမိရယ်။ လေဆိပ်ခန်းမ
ထဲရောက်တော့လဲ ထုံးစံအတိုင်းလမ်းညွှန်တွေက သေခြာမရှိတော့ information counter ကိုမနည်းရှာပြီး Connection flight အတွက်
မေးမြန်းလိုက်ရတယ်။ နည်းနည်းလျှောက်လိုက်ပြီး ထပ်ပြောင်းစီးရမယ့် ဂိတ်ကိုရောက်တော့ ခရီးသည်တွေတော်တော်များများတောင်
ရောက်နေနှင့်ကြပြီ၊ ဂိတ်ကလဲ မီးမလာသလို မီးတော်တော်များများ ကို ပိတ်ထားတော့ မှောင်မည်းမည်းမှုန်ဝါးဝါးနဲ့ဗျာ။ ဘန်ကောက်
ကနေချင်းမိုင်ကိုတော့ Airbus A330 လေယာဉ်ကိုသုံးပါတယ်။ လေယာဉ်ပြန်အကြီးကြီးကိုခရီးတိုလေးတွေမှာသုံးတော့၊ အစားအသောက်
ကျွေးတဲ့အခါ လေယာဉ်အမှူထမ်းတွေအတော်ပင်ပန်းကြတာပဲ။ ၁ နာရီ မိနစ် ၂၀ အတွင်းခရီးသည် ၃၀၀ နီးပါးကိုအမြန်ကျွေး၊ အမြန်
သိမ်းကြရတာကြည့်ရတော့ တချို့တွေဘာကြောင့်များ cabin crew ဖြစ်ချင်တာပါလိမ့်လို့တွေးမိပါရဲ့။ ချင်းမိုင်ရောက်တော့ ည ၈ နာရီ
ကျော်နေပါပြီ။ ဒီတခါတော့မသွားမီထဲကတော်တော်လေ့လာထားတော့ taxi ဆိုဘယ်လောက်ပေးရမယ် ဆိုတာသိနေပြီ။ ပထမတော့
Airport Taxi Counter ကိုသွားမယ်ကြံတုံး ထိုင်းတစ်ယောက်ကတက်စီရမယ် လေဆိပ်တက်စီဈေးဖြစ်တဲ့ ဘတ် ၁၂၀ ပဲဆိုတာနဲ့ သူ့
ကားနဲ့ပဲလိုက်သွားလိုက်တယ်။ ကားသမားက English လိုတော်တော်ပြောတက်တယ်။ ဒီလိုပြောတက်မှလဲ သူစီးပွားရေးလမ်းဖြှောင့်မှာ
ကိုး။ လမ်းမှာတောက်လျှောက်ဘယ်နေရာတွေသွားလို့ရကြောင်း၊ သူ့မှာတခြားကားလဲရှိကြောင်း ဘာညာပြောတော့ ဈေးလေးတီးခေါက်
ကြည့်မိတယ်။ စဉ်းစားထားတဲ့အတိုင်း ရွှေတြိဂံကိုပဲသွားမယ်လို့ ဘယ်လိုဈေးရှိလဲဆိုတော့ ၂ ယောက်ကို ဘတ် ၁၅၀၀ နဲ့ဆီထည့်ပေး
တဲ့ ကားတစ်စင်းလုံး ၂ ယောက်ထဲတဲ့။ စုံစမ်းထားတာက tour group နဲ့သွားရင် ၁ ယောက်ကို ဘတ် ၉၀၀ သူများနဲ့ သွားရမှာဆိုတော့
သူပြောတာကမဆိုးဘူးပေါ့။ ဆီကရော ဘယ်လောက်လောက်ကျမှာလဲဆိုတော့ ၁ထောင်ကျော်တဲ့။ အင်းဒါဆို ကိုယ်လဲ အေးအေး ဆေးဆေးသွားရ၊ ဈေးလဲမဆိုးဘူးပေါ့။ အဲ့ဒါနဲ့ကားဆရာကို သဘက်ခါအောက်တိုဘာလ ၂၄ တင်္နလာနေ့မှာသွားမယ်လို့ ကြိုတင်ချိန်း
ထားလိုက်ပါတယ်။

ဟိုတယ်နာမည်က Maninarakorn Hotel တဲ့။ ချင်းမိုင်ညဈေးနဲ့ နီးနီးနားနားပါ။ Deluxe Residence type အခန်းကိုယူထားပါတယ်။
ဟိုတယ် reception နေရာ၊ lobby ကတော့ တော်တော်ကိုခန်းခန်းနားနား ပြင်ဆင်ထားတာပါ။ ဧည့်ကြိုဝန်ထမ်းရဲ့ဝန်ဆောင်မှုကတော့
အားရစရာ တစက်မှမရှိပါဘူး။ အင်္ဂလိပ်လိုလဲသိပ်မယ်မယ်ရရမပြောတက်တဲ့အပြင် ပြုံးတောင်ပြုံးတက်ပုံမပေါ်ဘူး။ အခန်းကိုရောက်
တော့ အခန်းကမဆိုးလှပါဘူး။ resident type ဖြစ်တဲ့အတွက် ဧည့်ခံမှာဆက်တီကြီးတစ်ခုနဲ့၊ ထမင်းစားစားပွဲ၊ ထိုင်ခုံအပြည့်အစုံရှိပါတယ်
Microwave တစ်လုံးတောင်ထားပေးထားပါတယ်။ အတွင်းအိပ်ခန်းကတော့ သာမန်ပါပဲ၊ ရေးချိုးခန်း အိမ်သာကိုတော့ ဧည့်ခန်းနဲ့အိပ်ခန်း
အလည်မှာတွေ့ရတယ်။ ပစ္စည်းတွေချပြီးဘောင်းဘီတိုလဲပြီးတာနဲ့ နှစ်ယောက်သားအနီးဆုံး ညဈေးကိုသွားကြည့်ကြတယ်။ ညဈေးက
စနေနေ့ပေမယ့် သိပ်လဲစည်စည်ကားကားမရှိပါဘူး။ အထူးသဖြင့်ပစ္စည်းအတုတွေရောင်းတာများပါတယ်။ နေမကောင်းတဲ့အတွက်
ဆေးလေးဝယ်ပြီးဟိုတယ်မှာစောစောပြန်နားလိုက်တော့တယ်။

Day 1 in Chaing Mai

မနက်စာကိုဟိုတယ်မှာစားပြီး နှစ်ယောက်သားပြင်ဆင်ထွက်လာပြီးတဲ့နောက် လမ်းမကြီးတစ်ခုရဲ့ဘေး ချင်းမိုင်မြို့ဟောင်းကျုံးဘေးမှာ
ယောင်ဝါးဝါးနဲ့ ဘယ်ဆက်သွားရမယ်မသိဖြစ်နေတုံး Tok tok သုံးဘီးတစ်စီးရပ်လာပြီး ဘုရားတွေလိုက်ဖူးမလား ၅ နေရာကို ဘတ် ၅၀
ပဲပေးဆိုတာနဲ့ တန်လှချီလားသွားမယ်ဆိုပြီးသုံးဘီးသမားခေါ်ရာနောက်ကိုလိုက်သွားကြလေရဲ့။ သူလဲ English လိုသူများနားလည်အောင်
တော့ပြောတက်ရှာပါတယ်။ ချင်းမိုင်မြို့ဟောင်း(ကျုံးနဲ့ကာထားတဲ့ လေးထောင့်ပုံမြို့) ထဲက ရှေးဟောင်းစေတီ (၅) နေရာကိုသေသေ
ခြာခြာလိုက်ပို့ပါတယ်။ သူခမျာ ဂိုက်တစ်ယောက်လိုတော့မဟုတ်ပေမယ့် သူသိသလောက်တက်သလောက်လေးကို အင်္ဂလိပ်လိုရှင်းပြ၊
ဓာတ်ပုံတွေလဲရိုက်ပေးပါသေးတယ်။ သူပို့တဲ့စေတီတွေရဲ့နာမည်တွေကိုသေသေခြာခြာတော့ မမှတ်မိပေမယ့် မှတ်မိသလောက်ပြောရရင်
Wat Chedi Luang စေတီဟာတော့ နည်းနည်းပိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုရမှာပါ။

စေတီတော်ကို ၁၄ ရာစုနှစ်က ဘုရင် Saen Muang Ma ကဖခမည်းတော်နတ်ရွာစံ ကံကုန်တော်မူသောအခါ အရိုးပြာကို ဌာပနာအဖြစ်
တည်ထားကိုးကွယ်မယ်လို့ကြံပြီး စတင်တည်ဆောက်ခဲ့သည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ၁၀ နှစ်ကြာသည်အထိအပြီးမသတ် နိုင်ခဲ့ပဲ ကံကုန်တော်မူခဲ့သော ဘုရင်ကြီး၏ မိဖုရားမုဆိုးမမှဆက်လက်တည်ဆောက်ခဲ့သော်လည်း မပြီးစီးခဲ့ပဲ ၁၅ရာစုနှစ်အတွင်း ဘုရင်
Tilokaraj ကဆက်လက်တည်ဆောက်ပြီးစီးစေခဲ့သည်။ ၈၂ မီတာဥာဏ်တော်အမြင့်ရှိပြီး ထုထည် ၅၄ မီတာရှိသည့် ထိုအချိန်ကာလတွင်း
က အကြီးဆုံးစေတီဖြစ်သည်။ ၁၄၆၈ ခုနှစ်တွင် မြဘုရားတစ်ဆူကိုဌာပနာတော်မူသည်။ ၁၅၄၅ခုနှစ်တွင် မြေငလျင်ကြောင့် စေတီတော်
အထက်ပိုင်းမြေခတော်မူပြီးနောက် မြဘုရားကို ၁၅၅၁ ခုနှစ်တွင် Luang Prabang စေတီစီသို့ရွေ့ပြောင်းစံပါယ်တော်မူကြောင်းသိရ
သည်။



သူပို့ပေးတဲ့ စေတီ (၅) ဆူပြီးတော့ တော်တော်စောနေတာကြောင့် ဘယ်သွားရမှန်းမသိတော့ပဲ သူခုနကပြောတဲ့ Tiger kingdom ဆို
တာကိုသွားကြည့်ဖို့ဈေးမေးတော့ နောက်ထပ် ဘတ် ၁၅၀ ပဲထပ်ပေးပါဆိုတာနဲ့ အဲ့ဒီကိုသွားဖို့ခရီးဆက်ကြပါတယ်။ အဲ့ဒီကိုတော့ ၃ ဘီး
နဲ့သွားလို့မရတော့ပဲ သူဘုန်းကြီးကျောင်းတစ်ခုမှာ ရပ်ထားတဲ့ သူ့ဆလွန်းကားတစ်စီးကိုသွားယူပြီး Tiger Kingdon ကို မိနစ် ၂၀
လောက်မောင်းပြီးတဲ့အခါရောက်ပါတယ်။




ကျားလှောင်ခြံထဲစီသို့

ချင်းမိုင်မြို့ပြင်မှာရှိတဲ့ အဲ့ဒီ ကျားပြပွဲကိုရောက်တော့ လာလေ့လာကြတဲ့ လူတွေတော်တော်များများတွေ့တယ်။ Asianနည်းပြီးအဖြူတွေပဲ များပါတယ်။ ကျားလှောင်အိမ်ထဲဝင်ကြည့်ရမယ်လို့ မထင်ပဲလာခဲ့ကြပြီးနောက် သူတို့ဧည့်ကြိုကောင်တာကိုရောက်မှ ဘယ်လိုဆိုတာကို အတိအကျသိရတော့တယ်။ ရောက်ပြီးမှတော့ ပေါက်တဲ့နဖူးမထူးတော့ပြီမို့ တခါမှကျားလှောင် အိမ်ထဲဝင်မကြည့်ဖူးတာကြောင့်ဝင်ကြည့် မယ်ဆိုပြီး အစားစားရှိတဲ့ဈေးနှုန်းတွေကိုဖတ်ကြည့်ပါတယ်။ ကျားအကြီးဆုံးကောင်ရဲ့ လှောင်အိမ်ထဲဝင် ဓာတ်ပုံရိုက်၊ ကျားကိုကိုင်ကြည့် ဖို့အတွက် ၁၅ မိနစ်အချိန်ကို ဘတ် ၄၈၀ ပါ။ ကျားအလတ်စားကတော့ ၅၀၀၊ ၅ လသားကျားအသေးအတွက် ၅၂၀ နဲ့၊ ကျားအငယ်စား လေးအတွက် ၁၀ မိနစ်ကို ၅၂၀ ဘတ်အသီးသီးပါ။ ဒီတော့ ကျနော်တို့က ကျားအိမ်ထဲဝင်ခြင်းဝင်တော့ တန်အောင်ကြာကြာ ဝင်မယ် ပေါ့ ဆိုပြီး သိပ်မကြီးဘူးလို့ထင်တဲ့ ၅ လသားကျားအသေးကို ၁၅ မိနစ်ဝင်မယ်လို့ လတ်မှတ်ဝယ်လိုက်ပါတယ်။ ဝယ်တဲ့အခါမှာလဲ မိမိသဘော နဲ့မိမိဝင်တာဖြစ်ကြောင်း တစ်စုံတစ်ခုများဖြစ်ခဲ့ရင် အာမခံအကာအကွယ်ထားရှိတာကို နားလည်ကြောင်းလက်မှတ်ထိုး ရပါတယ်။ အဲ့ဒီနောက်ကိုယ်သွားရမယ့် ကျားလှောင်တဲ့အိမ်လို့ပြောတာထက်စာရင် လှောင်ထားတဲ့ ခြံ လို့ပြောလို့ပိုရတယ်ပေါ့ဗျာ။ ခြံ
ရှေ့မှာတော့ camera flash မီးလုံးဝမသုံးဖို့၊ ကျားခြံထဲမှာမပြေးဖို့၊ ရုတ်တရုတ်မလှုပ်ရှားဖို့၊ ကျားစီကိုရှေ့တည့်တည့်မှမသွားဖို့စတဲ့
သတိပေးထားတဲ့စာတွေဖတ်ရတယ်။ အဲ့ဒီတော့နည်းနည်းတော့လန့်လာပါပြီ။ ကျားခြံထဲကိုဝင်တော့ ခြေသလုံးလောက်နေရာမှာ ကြိုး ၂
ချောင်းကို ကျော်ခွဖို့လျှပ်စစ်လွှတ်ထားတာဖြစ်ကြောင်းသတိပေးတော့ ဘယ်နှယ့်ခြေသလုံးလောက်ကို ကျားကခုန်ကျော်နိုင်မှာပေါ့လို့
တွေးမိသေးတယ်။ ခြံထဲမှာ ကျားကတစ်ကောင်ထဲမဟုတ် ၃ ကောင်တောင်ရှိတယ်ဗျ။ သူတို့ပြောတာ့ ကျားအသေးက စင်္ကာပူမှာတွေ့နေ
ကျ မိုင်းရှာ အယ်လ်ဇေးရှင်းခွေးလောက်ရှိပြီး ခွေးလောက်အရပ်မမြင့်ပေမယ့် ကိုယ်လုံးထွားထွားပါ။ ၂ ကောင်က အုံးလက်တစ်ခုကိုကိုက်
ဖဲ့နေပြီး တစ်ကောင်ကတော့ အိပ်နေပါတယ်။ ခြံထဲကိုအစောင့် ၂ ယောက် ကြိမ်လုံးကိုယ်စီနဲ့အစဉ်သင့်မျက်ခြေမပြတ်စောင့်ရှောင့်နေပြီး
ကျားကိုအနီးကပ်ထိကိုင်လို့ရအောင်၊ ကျားနဲ့အနီးဆုံးမှာဓာတ်ပုံရိုက်လို့ရအောင်ကူညီပေးပါတယ်။ တကယ်တော့ ကျားမျက်စိမနောက်
အောက်တစ်ခုခုအာရုံလွှဲထားတာပါ။ ကျနော့်မှာအသက်တောင်ဖြှောင့်အောင်မရှုရဲပါဘူး။ ကျားနဲ့ဓာတ်ပုံရိုက်ခံရာမှာလဲ ကျားကိုကြည့်နေ
ရတာနဲ့ အာရုံကသိပ်မရဘူး။ ကိုင်ကြည့်ပါဆိုလို့ ခပ်လန့်လန့်နဲ့ ကျားကျောကုံးကိုတစ်ချက်နှစ်ချက်လောက်တော့ ပွတ်ပေးလိုက်ပါသေး
တယ်။ ကျားအမွှေးကကြောင်လို့တော့ချောချောမွတ်မွတ်ရှိမနေပဲ တော်တော်ကြမ်းတာကိုးဗျာ။ တကယ်တော့ ဒီကျားအသေးကိုရွေးမိ
တာဟာ ကျနော်တို့အမှားပါ။ ကျားကအကောင်ကသာကြီးပေမယ့် သူကကလေးစိတ်ပဲရှိသေးတော့၊ ကျနော်တို့အိမ်ကြောင်လေးတွေများ
ခုန်ပေါက်ကစားချင်သလိုပေါ့၊ သူတို့မှာလဲခုန်ပေါက်ကစား၊ ကျားနှစ်ကောင် နပန်းသတ်ကြ၊ ကစားဖို့ပေးထားတဲ့ အုန်းလက်ကြီးကိုသွား
ယားလို့ထင်ပါရဲ့ကိုက်ဆွဲဖဲ့ဆိုတော့ တန်အောင်နေမယ်လို့တွေးထားတဲ့ စိတ်တွေကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး ၂ ယောက်
သားရပြီ တော်ပြီဆိုပြီ ကျားခြံအပြင်ကိုအလျှင်အမြန်ပြေးထွက်လိုက်တော့တယ်။ ကျားအကြီးဆုံးကိုရွေးတဲ့သူတွေကမှ ပိုကောင်းတာပါ။
ကျားကြီးက ကစားချင်တဲ့စိတ်မရှိတော့ ဓာတ်ပုံလာရိုက်တဲ့သူကိုမျက်လုံးတောင်ဖွင့်မကြည့်ပဲအိပ်နေတာကျားဗိုက်ပေါ်ခေါင်းအုံးလို့တောင်
ရတယ်ဗျာ။ ဘယ်လောက်ပဲလေ့ကျင့်ထားပေမယ့် တောရိုင်းသတ္တဝါဖြစ်တဲ့အတွက် အရိုင်းစိတ်ဝင်ပြီးတစ်စုံတစ်ခု အန္တရယ်များပြုလိုက်
ရင်မတွေးရဲစရာပါပဲ။



ကျားခြံထဲကထွက်ပြီး အခြားကျားတွေကိုခြံအပြင်ဖက်နေ လိုက်ကြည့်ဓာတ်ပုံရိုက်ပြီး Tiger Kingdom ကနေမြို့ထဲက ဈေးဝယ်စင်တာ
တစ်ခုကိုလိုက်ပို့ခိုင်းလိုက်ပါတယ်။ ကြီးကြီးမားမား ဈေးဝယ်စင်တာပို့ပါဆိုကာမ စင်္ကာပူမြို့နယ်တွေမှာရှိတဲ့ စင်တာလောက်ရှိတဲ့ ဟာ
မှာချပေးခဲ့တော့ သွားလို့မတက်မယ့်တူတူအဲ့ဒီမှာ နေ့လည်စာစားရအောင်ဆိုပြီးဆိုင်လိုက်ရှာတော့ စားချင်တဲ့ဆိုင်ဖြစ်တဲ့ Black Canyon
ကိုရှာတွေ့ပါတယ်။ Black Canyon မှာဝက်သားနီချက်၊ ယိုးဒယားတုံယမ်းဟင်းချိုနဲ့စားလိုက်တာ စပ်ကလဲစပ်စားလို့ကလဲကောင်းနဲ့
နေ့လည်စာပြီးသွားတယ်။ Black Canyon မရောက်မီမုန့်ဈေးဆိုင်လေးတွေ့တော့ မုန့်လုံးရေပေါ်လေးဝယ်လာတာနဲ့ အတော်ဖြစ်ပြီး အစပ်အမြန်သက်သာအောင် စားလိုက်မှနေသာထိုင်သာရှိသွားပါတယ်။ ဈေးဝယ်စင်တာမှာ လိုက်လျှောက်ပတ်ကြည့်ပြီး ညှပ်ဖိနပ်တစ်
ယောက်တရံဝယ်ပြီး ဟိုတယ်ပြန်နားလိုက်ကြတော့တယ်။ နောက်နေ့ကိုတော့ ခရီးဝေးဆက်စရာရှိတာနဲ့ အနီးနားက ညဈေးမှာလိုက်
ကြည့်ပြီး ယိုးဒယားဆိုင်လေးတစ်ဆိုင်မှာ ညစာစားဖြစ်ပါတယ်။ မှတ်မှတ်ရရ ရန်ကုန်ရောက်ရင် ငါးကောင်လုံးသွားသွား စားတာ ချင်းမိုင်
မှာတော့ ငါကောင်လုံးကြော်စားဖြစ်တယ်။ တကောင်လုံးမှ ဘတ် ၁၂၀ ပဲပေးရတယ်ဗျ။

Day 2 ... ရွှေတြိဂံ သို့

မနက်စောစောထ နံနက်စာစား လိုတာလေးတွေပြင်ပြီးတော့ ချိန်းထားတဲ့အချိန် ၈ နာရီတိတိမှာပဲ ခေါ်ထားတဲ့ကားဆရာရောက် လာပါ
တယ်။ သူနဲ့တူတူ အမျိုးသမီးတစ်ယောက် ဂိုက်ဆိုပြီးပါတယ်ဗျ။ သွားမယ့်ခရီးလမ်းမှာ ဘယ်နေရာတွေဝင်မယ် ဘယ်လိုသွားမယ်ဆိုတာ
ထပ်ရှင်းပြပြီးတော့ Toyota Viao လေးနဲ့ ခုနက အမျိုးသမီးကမောင်းလို့ တစ်လမ်းလုံးသူကမောင်းမှာလားဆိုပြီး တွေးနေတော့ သူ့
ယောင်္ကျားလေးမိတ်ဆွေကလိုက်မောင်းပေးမှာဖြစ်ကြောင်း သူက တော့စကားပြန်အဖြစ်လိုက်ပေးပါမှာဖြစ်ကြောင်းပြောပြပါတယ်။
ချင်းမိုင်မြို့ထဲကအတွက်မှာ ပြောထားတဲ့အတိုင်းကားကို ကျနော်တို့ရှေ့မှာ ဆီတိုင်ကီအပြည့်ဖြည့်ပေးပါတယ်။ အပြန်ခရီးဆုံးမှာ ဆီတိုင်
ကီအပြည့်ပြန်ဖြည့်ပေးရမှာ ဖြစ်တဲ့အတွက်ပါ။ ချင်းမိုင်ကနေထွက်တော့ တောင်ပေါ်တက်တဲ့လမ်းတစ်ခုကိုမောင်းတက်တယ်ဗျ။ လမ်းမှာ
လဲ တောအုပ်တွေ စမ်းချောင်းလေးတွေနဲ့ တကယ့်ကိုသာသာယာယာပါပဲ။ ကားမောင်းတဲ့လူကလဲ မောင်းနေကျဆိုတော့ တောင်ဆင်း
တောင်တက်လမ်းကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနေတာ ကီလိုမီတာ ၁၀၀ အောက်ကိုမရောက်ပါဘူး။ မိနစ် ၂၀လောက်ကြာတော့
ပထမဆုံးကြည့်ရမယ့် ရေပူစမ်း ကိုရောက်ပါတယ်။ ဘာမှမယ်မယ်ရရ မရှိပဲဈေးဆိုင်တန်းတွေနဲ့ ရေပူတွေကို စမ်းချောင်းလေးတစ်ခုလို
လုပ်ပေးထားပြီး ခြေထောက်ရေစိမ်လို့ရပါတယ်။ ရေပူတွေကို ၃-၄ နေရာလောက်မှာ ရေပန်းနဲ့ပန်းထုတ်ပေးထားတော့ ရေနွေးငွေ့လေး
တော့ခံလို့ရတယ်ဗျ။ အဲ့ဒီမှာ မိနစ် ၂၀ နားမယ်ဆိုပေမယ့် ကားမောင်းတဲ့သူနဲ့ ဂိုက်မကစားလို့မပြီးသေးလို့ နာရီဝက်ကျော်လောက်
နေဖြစ်တယ်။







အဲ့ဒီရေပူစမ်းကနေ နောက်ထပ် ၂ နာရီလောက်မောင်းတော့ Chaing Rai မြို့ကိုရောက်ပါတယ်။ အဲ့ဒီနောက်တော့ မဲခေါင်မြစ်ကြီးကို
လှမ်းမြင်လိုက်ရပြီး သိပ်မကြာပဲ နာမည်ကျော်ရွှေတြိဂံကိုရောက်ရှိပါတော့တယ်။ မဲခေါင်မြစ်ဘေးက စားသောက်ဆိုင်မှာ နေ့လည်စာကို
ခပ်မြန်မြန်စားလိုက်ပြီး ရွှေတြိဂံအထိမ်းအမှတ်ဆိုင်းဘုတ်နဲ့ဓာတ်ပုံလေးဘာလေးရိုက်ပြီး မဲခေါင်မြစ်တဖက်ခြမ်းက လာအိုနိုင်ငံကိုကူးဖို့
လှေဆိပ်ကိုဆင်းကြရော၊ အဲ့ဒီကြမှ ဘာကြောင့် tour နဲ့သွားရင် တစ်ယောက် ၉၀၀ ဘတ် အပြီးအစီးယူထားလဲသိရတော့တာပါ။
စက်တပ်လှေနဲ့ကူးဖို့ တစ်ယောက်ကို ဘတ် ၈၀၀ ကြီးများတောင်ပေးရတယ်။ ကျနော်တို့က ၂ ယောက်၊ ဂိုက်ကတော့ ဂိုက်မို့လို့မပေး
ရဖူးဆိုတော့ တော်သေးတာပေါ့။ ဘတ် ၁၆၀၀ ပေးပြီး lift jacket ကိုယ်စီယူပြီး စက်လှေပေါ်ဆင်းကြတယ်။ လှေလေးက ၃ ယောက်ထိုင်
စာပဲရှိတာပါ။ သမ္ဗန်ကိုစက်တက်ထားတဲ့ပုံမျိုးပါ။ လူတွေတက်ပြီးတာနဲ့ မောင်းသွားလိုက်တာ တကယ့်ကိုအမြန်မောင်း speed boat
အတိုင်းပါပဲ။ ပင်လယ်ထဲမှာအလွန်မြန်တဲ့ speed boat တွေစီးလာတော့ ကျနော့်အနေနဲ့တော့ အဲ့လောက်မဟုတ်ပေမယ့် ကျနော့်သူငယ်
ချင်းမှာတော့ တော်တော်ကိုလန့်နေတာပါ။ မဲခေါင်မြစ်ဟာရေစီးလဲတော်တော်သန်တယ်ဗျာ။ ပထမဆုံးမြစ်ထဲကနေ မြန်မာဖက်အခြမ်း
မှာရှိတဲ့ ကာစီနိုဆိုတာကိုလိုက်ပြပါတယ်။ ကမ်းကပ်လို့မရဖူးလို့ပြောတယ်။ ဘယ်လိုကနေဘယ်လို မြန်မာပြည်နယ်နိမိတ်ထဲမှာ ကာစီနို
ရှိနေတာလဲတော့ မသိဘူးဗျ။ မြန်မာအလံ နဲ့ ထိုင်းနိုင်ငံအလံထောင်ထားတာတွေ့တော့ ယိုးဒယားဖက်ကပဲ ဖွင့်ထားတာနေမယ်လို့
ထင်မိတယ်။ အဲ့ဒီကနေပြန်လှဲ့ပြီး တရုတ်ပိုင်ဆိပ်ကမ်းလားတော့ မသိဘူး တရုတ်အလံလွှင့်ထားတဲ့တရုတ်သဘောင်္တွေ ရပ်ထားတဲ့
ဆိပ်ကမ်းနားကိုဖြတ်မောင်းပြတယ်။ အဲ့ဒီကနေတော့ လာအိုဆိပ်ကမ်းသေးသေးလေးကိုမောင်းပြီး ကမ်းပေါ်တက်ကြည့်တယ်ဗျ။ လာအို
လူဝင်မှုကြီးကြပ်ရေး က မြန်မာပြည်ကမီးကင်းလောက်ပဲရှိပြီး အရာရှိတစ်ယောက်ပြည်ဝင်ခ ဘတ် ၂၀ စီထိုင်ကောက်နေတယ်။ လာအို
အလံကိုလဲ တဲထိပ်မှာထောင်ထားသေးတာ။ အဲ့ဒီနောက်မှာတော့ ဈေးတစ်ခုရှိပါတယ်။ ကျနော့်မှာ မြန်မာပြည်ကဈေးထဲ ပြန်ရောက်သွား သလိုခံစားရတယ်။ တခုပဲကွာတာက ဒီဈေးကတော့ နာမည်ကျော်တံဆိပ်တွေရဲ့ အိပ်တွေ၊ အင်္ကျ၊ ဘောင်းဘီ စတဲ့ပစ္စည်းအတုတွေကြီး
ပဲရောင်းတာပါ။ မြန်မာနိုင်ငံသုံးငွေစက္ကူအဟောင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ဓာတ်ပုံပါ တဲ့ ၁ ကျပ်တန်၊ ၅ ကျပ်တန်ငွေစက္ကူတွေကို ပလပ်စတစ်
အုပ်ရောင်းသလို၊ အခုခေတ်ကလေးတွေမမြင်ဖူးတော့လောက်တဲ့ ၁ ကျပ်တန်အကြွေကစလို့ ၅ပြားစေ့အဆုံးကြွေမျိုးစုံကိုလဲ ပလပ်စတစ်
ကဒ်ပြားနဲ့ရောင်းပါသေးတယ်။ ၁ ခုကို ဘတ် ၁၀၀ တဲ့။ ပထမတော့ တစ်ခုလောက်ဝယ်လာအုံးမလို့နောက်တော့ တော်ပါပြီမသိမ်းထား
တော့ပါဘူးဆိုပြီး ပြန်ချထားလိုက်တယ်။ ဘာမှမဝယ်ပဲ လာအိုနိုင်ငံ Donsao လို့ရေးထားတဲ့ဆိုင်းဘုတ်ရှေ့မှာ အမှတ်တရဓာတ်ပုံလေး
ရိုက်ပြီး စက်တပ်မော်တော်လေးနဲ့ ထိုင်းနိုင်ငံဖက်ကိုပြန်ကူးခဲ့ပါတော့တယ်။







ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်/တာချီလိတ်သို့

ရွှေတြိဂံဒေသ မဲခေါင်မြစ်ကမ်းဘေးကနေ ထိုင်းမြန်မာနယ်စပ်မြို့တွေ ရှိတဲ့ မယ်ဆိုင်မြို့ဖက်ကိုဆက်ထွက်လာခဲ့ကြပါတယ်။ နာရီဝက်ကျော်လောက်တော့ လမ်းနည်းနည်းဆိုးတဲ့လမ်းပေါ်မောင်းပြီးတဲ့နောက် မယ်ဆိုင်မြို့ထဲကိုဝင်လာတော့တယ်။ လမ်းတောက်
လျှောက်မြန်မာပြည်ထဲကနေ တာချီလိတ်ကိုမရောက်ဖူးတော့ ရောက်ရချီသေးရဲ့ဆိုပြီး ရင်တခုန်ခုန်နဲ့ပေါ့။ မြို့ထဲရောက်လာတာနဲ့ လမ်း
ပေါ်ကဆိုင်တွေမှာ မြန်မာလိုရေးထားတဲ့ဆိုင်းဘုတ်တွေ၊ ဘန်နာတွေကိုစတွေ့ရပြီး၊ တချို့လမ်းဘေးသတိပေးချက်တွေက အစ ထိုင်း မြန်မာ ဘာသာ၂ မျိုးနဲ့ရေးထားတာတွေ့ရတယ်။ ဒရိုင်ဘာနဲ့ စကားပြန်တို့ကထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးမှာ ထွက်ခွာခွင့်ပါမစ်ယူပြီးတဲ့
နောက် တာချီလိတ် မယ်ဆိုင် တံတားထိပ်က ထိုင်းမြန်မာနယ်စပ်ဖြတ်ကူးဂိတ်ကိုရောက်ပါတယ်။ ကားကိုအနီးနားမှာရှိတဲ့ အခပေးကား
ရပ်တဲ့နေရာတွေမှာ ရပ်တော့ငွေကောက်တဲ့သူက မြန်မာအမျိုးသမီးဆိုတာ မျက်နာပေါ်ကပါးကွက်ကြားကိုမြင်တာနဲ့သိသာပါရဲ့။ ဟိုဖက်
ကမ်းကူးဖို့အတွက် ထိုင်းဖက်ခြမ်း လူဝင်မှုကြီးကြပ်ရေးရောက်တော့ ပြသနာကစပေါ်ပါတော့တယ်။ ကျနော့်မြန်မာနိုင်ငံကူးလက်မှတ်ကို
ပေးတော့ ထိုင်းအရာရှိက ကူးလို့မရကြောင်းငြင်းပါတယ်။ မြန်မာဖက်ကလက်မခံတဲ့အကြောင်း၊ တံဆိပ်တုံးထုမပေးတဲ့အကြောင်း အဲ့တာ
ကြောင့်ဖြတ်ခွင့်မပေးပါတဲ့။ အဖြစ်က ကိုယ့်မြန်မာဖက်ကလက်မခံတာတဲ့။ မြန်မာနိုင်ငံသား မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားလို့တဲ့
လူကြားလို့တောင်မကောင်း ကိုယ်နိုင်ငံအတွင်းတောင်ပြန်ဝင်ခွင့်မရတဲ့ မြန်မာ့လူဝင်မှုကြီးကြပ်ရေးစနစ်ပါပဲ။ အမြဲလိုလိုစိတ်ထဲမှာ ထားတဲ့
အမိမြန်မာနိုင်ငံတော် ဆိုတာကြီးကို တစ်သက်မှာပထမဆုံးအကြိမ် စိတ်နာမိတာပဲ။ တကယ်ဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့
မြန်မာပြည်ထဲကို မည်သည့်တရားဝင်လမ်းကြောင်းမှမဆိုဝင်လာတာကို တရားဝင်ခွင့်ပြုရမှာပေါ့။ တခြားနိုင်ငံသားတွေတောင် ဥဒဟိုဝင်
ထွက်နေတာ ကိုယ့်နိုင်ငံသားမှမဝင်ရဖူးဆိုတာကိုတော့ လက်မခံနိုင်လောက်အောင်ပါပဲ။ တော်တော်လဲစိတ်မကောင်းဖြစ်မိပါရဲ့။ ဘယ်တက်နိုင်မလဲ မဝင်ရဖူးဆိုတော့လဲ မဝင်ယုံပေါ့။ သူငယ်ချင်းကိုတော့ ကိုယ့်မြန်မာပြည်ထဲရောက်ဖူးအောင် စကားပြန်နဲ့ထည့်ပေး
လိုက်ပြီး ကျနော်တော့ မယ်ဆိုင်ဈေးထဲမှာပတ်နေလိုက်တော့တယ်။ မယ်ဆိုင်ဈေးကလဲ တကယ်တော့စိတ်ဝင်စားစရာပါပဲ။ မြန်မာပြည်
ဖက်ကထွက်တဲ့ပစ္စည်းအစုံကို ဒဏ်ကြေလိမ်းဆေးကအစရပါတယ်။ ပထမပိုင်းတော့ ဈေးဝယ်တဲ့အခါ ထုံးစံအတိုင်း English လိုပဲပြောပါ
တယ်။ အဲ့တော့ ဈေးရောင်းတဲ့သူက အထူးအဆန်းလုပ်ပြီးကြည့်တော့ မြန်မာလိုပြောလို့ရလား လို့မေးလိုက်တော့ ဝမ်းသားအားရ လေသံနဲ့ ရပါတယ်တဲ့။ တယ်ဟုတ်ပါလား မြန်မာလိုပြောပြီး ဈေးဆစ်လို့ရပြီပေါ့။ မာမားအတွက်ဝယ်ချင်တဲ့ ဆွယ်တာလိုက်ရှာတော့
တော်တော်များများဆိုင်တွေမှာတွေ့တယ်။ ဈေးထဲမှာဈေးဝယ်တာ နည်းနည်းလည်သွားပြီဆိုတော့ဈေးမေးပြီး တခြားဆိုင်တွေလိုက်ကြည့်
ဈေးနှုန်းကိုအရင် နည်းနည်းစနည်းနာကြည့်လိုက်တယ်။ ဆိုင်တိုင်းဟာမြန်မာဆိုင် သို့မဟုတ် မြန်မာအရောင်းဝန်ထမ်းခန့်ထားတာကြီးပဲ
ဘယ်နေရာမှာမဆို မြန်မာလိုပြောပြီးဈေးမေး ဈေးဝယ်လို့ရတယ်ဗျ။ အနွေးထည်တွေရောင်းတဲ့ဆိုင်တစ်ဆိုင်ရောက်တော့ ပစ္စည်းလဲ
ကောင်းဈေးလဲ မဆိုးဆိုတာနဲဝယ်မယ်လို့ဆုံးဖြတ်ပြီး စကားစမြည်ပြောတော့ ဟိုဖက်ကမ်းကူးလို့မရတဲ့အကြောင်းကိုရောက်တော့ ဆိုင်
ရှင်ရှမ်းမကပြောပြတယ်၊ တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ထားရင် ကူးလို့မရဖူးတဲ့၊ မြန်မာနိုင်ငံသားစိစစ်ရေးကဒ်ပါလာရင်တော့ ဟိုဖက်
ကို ဘတ် ၃၀၀ ပေးရင် ရေထဲကကူးလို့ရတယ်တဲ့ဗျ။ ကျနော့်ကိုတောင်နောင်ကူးချင်ရင်ပြောလို့ပြောလိုက်သေးတယ်။ ဘယ်နှယ့်စင်္ကာပူ
က ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမား Mas Salamat အားကျလို့ ဟိုဖက်ကမ်းကို စက်ဘီးကျွတ်ဖက် ရေကူးပြီး ကူးရမလိုဖြစ်နေ
တယ် အဖြစ်က။ ကျနော်လဲ ရပါတယ် မကူးတော့ပါဘူးလို့ပြောလိုက်တယ်။ ဆိုင်ရှင်ကဟိုဖက်ကမ်းကိုလှန်းမျှော်ကြည့်လို့ရတဲ့နေရာရှိ
ကြောင်း၊ ကူးလို့မရတဲ့သူတွေကအဲ့ဒီမှာသွားပြီး ဓာတ်ပုံရိုက်ကြကြောင်းပြောတော့ ဆိုင်ရှင်ရဲ့လမ်းညွှန်မှုနဲ့ ဟိုဖက်ကမ်းကို လှန်းမျှော်လို့ ရတဲ့နေရာလေးကိုရောက်တော့ မြန်မာနိုင်ငံဖက်ကိုကူးခွင့်မရတဲ့ အနောက်နိုင်ငံသားတွေ ကင်မရာကိုယ်ဆီနဲ့ ရိုက်နေကြတာတွေ့ရတယ်။
ကိုယ့်လိုမြန်မာပါမပါတော့ မပြောတက်ပါဘူး။ တကယ်တော့ ချောင်းလို့သာပြောရပေမယ့် မြောင်းလို့ခေါ်ရင်ပိုမှန်မှာပါ။ အကျယ်က ၁၀ မီတာကနေ ၁၅ မီတာလောက်ပဲရှိပုံပေါ်ပါတယ်။ ရေစီးတော့တော်တော်သန်ပြီး ညစ်ပတ်တဲ့ရေတွေစီးဆင်းနေပါတယ်။ ကျနော်လဲ ဟိုဖက် ကိုဓာတ်ပုံလေးဘာလေးရိုက်ပြီး ပြန်ထွက်မယ်လုပ်တော့ ဟိုဖက်ကပြန်လာတဲ့သူငယ်ချင်းကိုတွေ့တယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးရှေ့
ကစောင့်ပြီး ကျနော်တို့ မယ်ဆိုင်မြို့ကနေပြန်လည်ထွက်ခွာပါတယ်။ လမ်းမှာတော့ Chaing Rai မှာရှိတဲ့ Silver Temple ကိုဝင်ကြည့်ပြီး
ဓာတ်ပုံရိုက်ကြတယ်။ နေဝင်သွားပြီဖြစ်တဲ့အတွက် ဘုရားကျောင်းကလှပေမယ့် ဓာတ်ပုံကောင်းကောင်းမရိုက်လိုက်နိုင်ပါဘူး။ ချင်းမိုင်မြို့
ထဲကိုတော့ ည ၈ နာရီကျော်လောက်မှာပြန်ရောက်ကြပြီး အပြင်တောင်မထွက်နိုင်တော့ပဲ အနားယူလိုက်ရတော့တယ်။








Day 3 ... ချင်းမိုင် Shopping

ဒီမနက်တော့ ဘာအစီအစဉ်မှမရှိတော့တဲ့အတွက် အေးအေးဆေးဆေးမှ အိပ်ယာထ နံနက်စာကိုဇိမ်ဆွဲစားပြီး ရှောပင်းစင်တာတစ်ခုမှာ
အချိန်ဖြုံးဖို့ စိတ်ကူးတာကြောင့် ဟိုတယ်ဧည့်ကြိုမှာ ဘယ်ဈေးဝယ်စင်တာသွားရင်ကောင်းမလဲလို့စုံစမ်းပြီးတော့ လေဆိပ်နားက
Airport Plaza ကိုသွားမယ်ဆိုပြီး ဟိုတယ်ရှေ့ကတက်စီကားဌားပြီး သွားကြတယ်။ စင်တာရှေ့ရောက်တော့ လူတွေကဘာလို့ မတ်တက်
တမျိုးထိုင်လို့တဖုံတွေ့တော့ ဘာလုပ်နေကြပါလိမ့်ပေါ့။ နောက်တော့မှသိတယ် ဈေးဝယ်စင်တာက နံနက် ၁၁ နာရီမှဖွင့်လို့ ဝင်ဖို့စောင့်
နေကြတာတဲ့။ ကျနော်တို့လဲ ၁၀ မိနစ်လောက်လိုသေးတော့ ခဏစောင့်ပြီးဖွင့်တော့ လျှောက်ကြည့်ကြတယ်။ ရှေ့ပင်းစင်တာက အဆင့်
မြင့်ဈေးမြင့် ရှောပင်းစင်တာတစ်ခုဖြစ်ပြီးတော့ စင်္ကာပူမှာရှိတဲ့ brand တွေပါပဲ။ တချို့ဟာတွေတော့ဈေးသက်သာပါရဲ့။ နေ့လည်စာကို
ရှော့ပင်းစင်တာ မြေအောက်မှာရှိတဲ့ စားကောက်တန်းမှာ ထိုင်းဝက်ခြေထောက်ထမင်းစားဖြစ်တယ်။ ထိုင်းဘတ်ငွေသိပ်မရှိတော့လို့ ငွေ
လဲပြီး နေ့လည်ကိုဟိုတယ်မှာပြန်နားဖြစ်ကြတယ်။ ညနေဖက်တော့ ညဈေးနားမှာရှိတဲ့ ဂျပန်စာဘူဖေးဆိုင်မှာစားဖြစ်တယ်။ အစားအစာ
တော့ သိပ်အစုံကြီးမဟုတ်ပေမယ့် ၁ နာရီခွဲစာအဝစားအတွက် ဘတ် ၂၄၀ လားကျတော့ S$10 လောက်ပဲဆိုတော့ စားပျော်ပါတယ်။
အဲ့ဒီကနေဗိုက်ပြည့်တော့ ညဈေးထဲပတ်ကြည့်ပြီး စောသေးတာနဲ့ ချင်းမိုင်ကMandalay Disco ကို ၂ ယောက်သားသွားကြည့်ကြတယ်။
စောသေးလို့လား၊ ကြားရက်မို့လားမသိ Disco ကြီးတစ်ခုလုံး စားပွဲဝိုင်း ၂ ခုမှာပဲလူရှိတယ်ဗျာ။ ဝင်ကြေးပေးစရာမလိုပဲ သောက်စရာတစ်
ခုစီတော့ ဝယ်သောက်ကြရတယ်။ ၁ နာရီလောက်ထိုင်ပြီးတော့ ဘာမှထွေထွေထူးထူးမရှိတာနဲ့ ဟိုတယ်ကိုလမ်းလျှောက်ပြန်ပြီး စောစော
ပဲအနားယူလိုက်ကြတော့တယ်။

စင်္ကာပူသို့

လေယာဉ်အချိန်က မနက် ၁၀ နာရီဆိုတော့ မနက်စာစားပြီးတာနဲ့ လေဆိပ်ကိုတန်းဆင်းဖြစ်ပါတယ်။ ချင်းမိုင်ကနေဘန်ကောက် တဆင့်
နဲ့စင်္ကာပူကိုပြန်ရမှာပါ။ Check in Counter Staff က ဘန်ကောက်မှာ ၆ နာရီနားရမယ့်အတွက် အပြင်ထွက်ချင်သေးလား ဆိုတော့
ဘန်ကောက်မှရေကကြီး traffic jam ကိုလဲကြောက်တာကြောင့် လေဆိပ်ထဲမှာပဲနေတော့မယ်လို့ ပြောလိုက်ပါတယ်။ ချင်းမိုင်ကနေ
ထွက်လာပြီး ဘန်ကောက်ကို ၁၁ နာရီလောက်မှာရောက်ကြတယ်။ ပြည်တွင်းဆိုက်ရောက်ကနေ ပြည်ပထွက်ခွာထဲကိုပြောင်းစီးရတာ
ကြောင့် transit area ထဲကိုဝင်တဲ့နေရာမှာ တခါမှမမြင်ဖူးမကြုံဖူးတဲ့ စက်တစ်လုံးနဲ့ စစ်ဆေးခံခဲ့ရတယ်ဗျ။ စီးထားတဲ့ဖိနပ်၊ ခါးပတ်ကို
ချွတ် ပြီး ဖန်ပေါင်းချောင်လိုဟာထဲဝင်ပြီး မတ်တပ်ရပ်နေတုံး အဲ့ဒီကစက်ကအသံတွေမြည်လာပြီး ၁၀ စက္ကန့်လောက်ကြာတဲ့အခါ အပြင်
ကိုထွက်ပြီး စက်ကထွက်လာတဲ့ အဖြေကိုစောင့်ခိုင်းသေးတာ။ အဲ့ဒီနောက်ကိုယ့်ရှေ့က screen ပေါ်မှာ OK လို့အစိမ်းရောင်ပေါ်လာတော့
မှ သွားခွင့်ပြုပါတယ်။ တကိုယ်လုံးကိုဖောက်ပြီးကြည့်တဲ့ X-Ray စက်လားလို့ထင်မိတယ်။ နေ့လည်စာကို Black Canyon မှာပဲစားပြီး
တော့ အိပ်ဖို့နေရာကိုသွားရှာတော့ အိပ်တဲ့ခုံကလဲမကောင်း Air Con ကလဲမအေးတော့ ဘယ်နားသွားနေရပါ့မလဲ စိတ်ကူးနေတုံး
Diners Club Member ဆိုရင် Airport Lounge တစ်ခုမှာ အခမဲ့နားလို့ရတာမှတ်မိတော့ ဘယ် lounge မှာနားခွင့်ရမလဲ Internet ကနေ
တချက်ကြည့်တော့ Louis' Tavern CIP Lounge မှာနားလို့ရတယ်ဆိုတာ သိရတော့အဲ့ဒီမှာ နားဖို့စိတ်ကူးမိတယ်။ သူငယ်ချင်းက
ခြေထောက်အနိုပ်ခံချင်တယ်ဆိုတော့ သူက အနိုပ်ခံတဲ့နေရာကိုသွားပြီး ကျနော်ကတော့ lounge ကိုသွားပါတယ်။ lounge ကဝန်ထမ်း
တွေက အလကားနေမယ့်သူမို့လားမသိ Customer Service ကတော့အလွန်ချာပါတယ်။ lounge တစ်ခုလုံးမှာ ခရီးသည်တစ်ယောက်မှ
မရှိပဲ ကျနော်တစ်ယောက်ထဲရှိပါတယ်။ အဲပုဂံမှာအလုပ်လုပ်တုံးက ပဲ Airline Lounge ဆိုတာကို ဝင်ဖူးတော့ အခုလို International
Level Lounge ဆိုတာကို တခါမှမရောက်ဖူး၊ ဝင်ဖို့လဲ ကိုယ်က Business Class စီးတာမဟုတ်တော့ လိုက်ကြည့်ဖြစ်တယ်။ ခင်းကျင်းထားတဲ့ အစားအစာတွေကကိတ်မျိုးစုံအပါအဝင် အသားညှပ်ပေါင်မုန့်က ၄ မျိုးလောက် စားစရာတွေကြီးပဲ ၁၅ မျိုးလောက်ရှိ
ပါတယ်။ အရက်မျိုးစုံသောက်လို့ရတဲ့ အရက်ဘားတစ်ခု၊ အချိုရည်မျိုးစုံနဲ့ ဘီယာမျိုးစုံ ထည့်ထားတဲ့ ရေခဲသေတ္တာ၊ လက်ဖက်ရည်၊
ကော်ဖီဖျော်ဖို့နေရာ၊ ဒီထက်မက အသင့်စားခါက်ဆွဲပြုတ်နဲ့ရေနွေးလဲရှိပါတယ်။ အင်တာနက်သုံးဖို့အတွက် PC ၂ လုံးကိုချထားပေး
တယ်။ ကျနော်လဲ ကျနော်ကြိုက်တက်တဲ့ ကိတ် ၂ မျိုးလောက်ယူမြည်း၊ အိပ်လို့ရတဲ့ခုံတစ်ခုံယူပြီး ၁ နာရီလောက်မျက်လုံးမှိတ်နားနေ လိုက်တယ်။ အိပ်ယာထတော့ မျက်နာလေးဘာလေးသစ်ပြီး အချိုရည်တဗူးယူသောက်၊ စားစရာလေး နည်းနည်းစားပြီး Connection
Flight အတွက်ဂိတ်ကိုသွား၊ ဘန်ကောက်ကနေပျံသန်းထွက်ခွာလာပြီးတဲ့နောက် စင်္ကာပူကို ညနေ ၆ နာရီလောက်မှာပြန်ရောက်ပါတယ်။

Thursday, September 8, 2011

မေးချင်အုံး ဟဲ့ ဒီကိစ္စ


ဒီအကြောင်းအရာကတော့ စင်္ကာပူဝန်ကြီးချုပ်ဟောင်း နဲ့ ဝါရင့်ဝန်ကြီး ရာထူးကတရားဝင်အနားယူသွားပြီးဖြစ်တဲ့ နိုင်ငံရေးဂုရုကြီး
Mr Lee Kuan Yew နဲ့ NTU ကမဟာဘွဲ့၊ ဒေါက်တာဘွဲ့ရယူဖို့ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူများ ရဲ့ ဆွေးနွေးပွဲမှာ အလွန်နာမည်ကြီး သွားတဲ့အကြောင်းအရာတစ်ခုကို The New Paper သတင်းထောက် Koh Hui Theng ရဲ့ ရေးသားချက်ကို ဆီလျှော် အောင်ဘာသာပြန်ဆိုဆွေးနွေးခြင်းဖြစ်ပါတယ်။ တစ်စုံတစ်ခုများ အကြောင်းတိုက်ဆိုင်မကျေလည်မှုများနှင့် အမှားအယွင်းပါရှိပါက ခွင့်လွှတ်ပါရန်ကြိုတင်တောင်းပန်ပါတယ်။

၂၀၁၀ စင်္ကာပူရွေးကောက်ပွဲမတိုင်မီထဲက လှုပ်လှုပ်ရွရွ နဲ့ ဆူဆူပူပူဖြစ်လာနေတဲ့ စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားများအလွန်အကျွံလက်ခံ
နေတဲ့ကိစ္စဟာ အခုချိန်အထိ အေးအေးချမ်းချမ်း မရှိသေးပါဘူး။ ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးများ နဲ့ ပါလီမန်အမတ်များ
ဟာ နိုင်ငံခြားသားများအနေနဲ့ စင်္ကာပူစီးပွားရေးဖွံဖြိုးမှုကို ဘယ်လိုအထောက်အကူပြုနေကြောင်း အခွင့်အရေးရလျှင်ရသလို ရှင်းပြမြဲ
ဖြစ်သလို သူတို့နိုင်ငံသားများကလဲ အခွင့်အရေးရလျှင်ရသလို ဆူဆူပူပူ လုပ်မြဲပါပဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးအခုနောက်ဆုံးပေါ် ပေါ်ပြုလာ အတင်းတစ်ခုအနေနဲ့ ကတော့ Nanyang Technological University (NTU) မှ Biological Science ဘာသာရပ်ဖြင့် PhD ဒေါက်တာဘွဲ့
ကိုရယူဖို့ စာသင်ကြားနေတဲ့ အသက် ၂၇ နှစ်အရွယ် ကျောင်းသူ စင်္ကာပူနိုင်ငံသား Ms Joan Sim မှ Mr Lee Kuan Yew ကိုမေးမြန်းခဲ့
သည့် " အချိန်တိုတိုအတွင်း နိုင်ငံတစ်ပါးမှ ဝင်လာ၍ အခြေစိုက်နေထိုင်သူ အမြောက်အများစွာ ကိုနေထိုင်ခွင့်ပြုခဲ့ခြင်း ၏ အကျိုး
သက်ရောက်မှုအနေဖြင့် နိုင်ငံ၏ အရည်အသွေးကို ထိခိုက်စေနိုင်သည့်အတွက် What Can We Do to Create A Sense of Belonging and Foster Social Cohesiveness? ဟုမေးမြန်းခဲ့ခြင်းအပေါ် Mr Lee မှအဖြေကို တိုက်ရိုက်ရိုးစင်းစွာ ဖြေဆိုခဲ့ လိမ့်မယ်လို့ သူမ မျှော်လင့်ခဲ့ပါသည်။ ထို့အပြင် အမေးအဖြေ အခြေအနေဖြစ်သည့်အတိုင်း Mr Lee မှလဲ သူမမေးမြန်းခဲ့သည့် အခြေအနေကို အခြေခံ ၍ ပြန်လှန်မေးခွန်းထုတ်လိမ့်မည်ဟု သူမ ထင်မြင်ခဲ့သော်လည်း ထင်သလိုမဖြစ်လာခဲ့ချေ။

မေးခွန်းဆုံးသွားသည်နှင့်တပြိုင်နက် Mr Lee မှ စင်္ကာပူနိုင်ငံတွင်ကြုံတွေ့နေရသည့် ပြသနာတစ်ခုဖြစ်သည့် အသက်အရွယ်ကြီးသူများ
ပိုမိုများပြားလာသည့် အကြောင်း၊ ဒါ့အပြင် ကလေးမွေးဖွားနှုန်းကျဆင်းနေသည့် ပြသနာတစ်ရပ်သည် စင်္ကာပူ၏ နိုင်ငံခေါင်းဆောင်များ
အတွက် အလွန်စိတ်ပူပန်နေရသည့် အကြောင်းတစ်ခုဖြစ်ကြောင်း အကျယ်တဝင့် ပြောကြားသည်။ စင်္ကာပူတွင်ရှိသော ဇနီးမောင်နှံ
တစ်စုံတွင် ပျှမ်းမျှအားဖြင့် ကလေး ၁.၀၁ သာရှိကြောင်း၊ နိုင်ငံရေးသိပ္ပံမှလေ့လာသုံးသပ်သည့် ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များ
အရ စီးပွားရေးဖွံဖြိုးတိုးတက်မှု ရလဒ်ကောင်းများအတွက် စင်္ကာပူနိုင်ငံသည် နှစ်စဉ် နိုင်ငံခြားမှရွေ့ပြောင်းအခြေစိုက်နေထိုင်သူ ၆၀၀၀၀ (ခြောက်သောင်း) လိုအပ်လျှတ်ရှိသော်လည်းမဖြစ်နိုင်ကြောင်း၊ ၂သောင်း သို့မဟုတ် ၂သောင်း၅ထောင်ခန့်လောက်သာဖြစ်နိုင်ကြောင်း၊
ဆက်လက်၍ ဇနီးမောင်နှံတစ်စုံလျှင် ကလေး ၁.၈၊ ပိုမို၍ ၂.၁ ဆိုလျှင်လိုအပ်လာမည့် လူဦးရေကို သူ့လူနဲ့သူပြန်ဖြည့်သွားနိုင်လိမ့်မည်
ဖြစ်ကြောင်း ပြောကြားသည်။

စင်္ကာပူအစိုးရ၏ ပညာရေးဝန်ကြီးအပါအဝင် ၁၇၀၀ သောကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျှတ်ရှိသော ဝါရင့်နိုင်ငံရေးဂုရုကြီး
Mr Lee Kuan Yew နှင့် ကျောင်းသား၊ ကျောင်းသူများ၏ တွေ့ဆုံစကားပြောဆွေးနွေးပွဲကြီးတွင် Mr Lee မှ စင်္ကာပူနိုင်ငံကို မည်ကဲ့သို့
ရှေ့ဆက်ပဲ့ကိုင်သွားမည့်အကြောင်းပြောကြားနေရင်း သူ၏ပြောစကားများကို ရပ်တန့်၍ သူ့ကိုမေးမြန်းခဲ့သည့်မေးခွန်းရှင်ကို လှည့်ကြည့်
လိုက်ပါတယ်။ ထိုမှတစ်ဆက်တည်း -

Mr Lee မှ အသက်ဘယ်လောက်ရှိပြီလဲ ? ဟုမေးခွန်းထုတ်ခြင်းအပေါ် Ms Sim မှ အသက် (၂၇) နှစ်ရှိပြီဖြစ်ကြောင်း ပြန်လည်ဖြေကြား
ပါတယ်။ ထို့နောက်လျှင်မြန်စွာပဲ နောက်ထပ်မေးခွန်းများတစ်ခုပြီးတစ်ခုထပ်မေးပါတယ် -

အိမ်ထောင်ကျပြီလား ( အဖြေ - မကျသေးပါဘူး)
ဘယ်တော့ PhD ပြီးမှာလဲ ( အဖြေ - နောက် ၂ နှစ်ကြာရင်ပါ )

မှတ်ချက်တိုလေးတစ်ခုအနေဖြင့် Mr Lee မှ သြော် ဒါမဆို မင်း ဒေါက်တာဘွဲ့ရတဲ့အချိန်က အသက် ၂၉ နှစ်ဖြစ်နေပြီပဲ။
နောက်ဆုံးမေးခွန်းတစ်ခု အနေဖြင့် -
မင်းမှာ ယောင်္ကျားလေး မိတ်ဆွေ (boyfriend) ရောရှိပြီလား ( အဖြေ - မရှိသေးပါဘူး )

သူမေးခွန်းများမေးပြီးသည်နှင့်တပြိုင်နက် Mr Lee မှ ဆက်လက်၍ အမျိုးသမီးများ၏ အိမ်ထောင်ကျချိန်၊ ကလေးမွေးဖွားရန်သင့်တော်
ချိန်စတဲ့ အကြောင်းအနည်းငယ်ပြောပြီးသည်နှင့် -

“ မင်းကိုငါ့အနေနဲ့ အကြံပေးချင်တာကတော့ အချိန်ကုန်မနေပါနဲ့၊ မင်းရဲ့ ဒေါက်တာဘွဲ့ (PhD) နဲ့ တူတူ မင်းအတွက်ယောင်္ကျားလေး
မိတ်ဆွေတစ်ယောက်ပါရရှိပါစေလို့ ငါမျှော်လင့်တယ် ”

၁၇၀၀ သော ပရိသတ်စီမှ အလွန်ကျယ်လောင်သော ရယ်မောသံများထွက်လာသည် နှင့် အတူ Ms Sim ၏ မျက်နာမှာလဲ အရှက်ကြောင့်
နီရဲသွားစေခဲ့ပါတယ်။ The New Paper ဖြင့် အင်တာဗျူးတွင် သူမအနေဖြင့်အလွန်တရာ အရှက်တကွဲအကျိုးနည်းဖြစ်ရကြောင်း၊ မိမိ
ကိုယ်မိမိ ချက်ချင်းပျောက်ကွယ်သွားလိုကြောင်း၊ Mr Lee အဲ့ဒီမေးခွန်းတွေစမေးတဲ့အချိန်ကစပြီး သူ့စိတ်တွေဘာကိုဘာမှ မသိတော့ လောက်အောင်ဖြစ်သွားကြောင်း၊ နောက် (၁) နာရီလောက်ကြာအထိဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည်အထိဖြစ်သွားကြောင်း ဖြေကြား သွားခဲ့ပါတယ်။

သူမမျှော်လင့်ထားခဲ့ သည့် အပြန်အလှန်မေးခွန်းတစ်ခုမှ ပြန်မေးမလာခဲ့ပဲ မမျှော်လင့်ထားသည့် မေးခွန်းများအတွက် သူမစိတ်ကျေနပ်မှု
မရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမမေးမြန်းသွားသည့်မေးခွန်းအပေါ် Mr Lee မှတိုက်ရိုက်မဖြေဆိုသည့် အတွက်လဲ Mr Lee ကို
အပြစ်တင်ချင်တဲ့ လေသံလေးတွေပါတယ်ဆိုတာ ကျနော်သတိထားမိပါတယ်။ တကယ်ဆိုရင် ကျနော့်အမြင်ပြောရရင်ဖြင့် သူမမေးတဲ့
မေးခွန်းရဲ့တစ်စိတ်တစ်ဒေသအပေါ်မှာ Mr Lee ကတိုက်ရိုက်မဟုတ်သော နိုင်ငံရေးစကားဖြင့်ပြန်လည်ဖြေကြားသွားခဲ့တယ်လို့မြင်ပါ တယ်။ စင်္ကာပူနိုင်ငံသား တွေကတော့လတ်တလော ရထားကြပ်တာတွေ၊ အလုပ်အတွက်ယှဉ်ပြိုင်ရတာတွေ အိမ်ဈေးတက်တာတွေ စတဲ့
အများအပြားသော ဆင်ခြေတက်မှုတွေကိုသာသိကြာပေမယ့် နောင်နှစ်ပေါင်းများစွာမှာတကယ်တန်းဖြစ်ပေါ်လာမည့် ပြသနာတွေကို
တော်တော်များများ က မသိကြပါဘူး။ တွေးလဲမတွေးကြပါဘူး။ သာမန်ပြည်သူမဆိုထားနှင့် ဒေါက်တာဘွဲ့ယူရန်ပြင်ဆင်နေသည့် သူမ
အနေဖြင့်တောင် သတိထားမိပုံမပေါ်ပေ။

Monday, August 29, 2011

တရုတ်ပြည် သို့ ပထမဆုံးခရီးစဉ်

ကျနော့်ရဲ့ ခရီးသွားမှတ်တမ်းမှတ်ရာ သက်သက်ပါပဲ။ ခရီးတွေမကြာခဏသွားတက်ပေမယ့် အခုဟာကတော့ ပထမဆုံးရေးတဲ့ ခရီးသွား
မှတ်တမ်းပါ။ တရုတ်ပြည်ကိုသွားလည်မယ်လို့ ကြံရွယ်နေခဲ့တာကြာပြီဖြစ်လို့ ၂၀၁၁ ခုနှစ်ဆန်းပိုင်းလောက်မှာ Jet Star Asia က
တရုတ်ပြည် ဟန်ကျိုးမြို့ကို စင်္ကာပူကနေတိုက်ရိုက် စတင်ပျံသန်းမှု အထိမ်းအမှတ် လတ်မှတ်တွေကို ဈေးလျော့ရောင်းတော့ တစ်စောင်
ကို S$248 နဲ့ မိသားစု (၄) ယောက်စာဝယ်ထားလိုက်ပါတယ်။ Budget လေကြောင်းတို့ရဲ့ ထုံးစံအတိုင်း အဝေးကြီးခွာဝယ်မှ သက်သာ
တာဆိုတော့ ခရီးသွားမယ့်ရက်က August 9 ကနေ August 17th လို့သက်မှတ်ထားလိုက်တယ်။ ဒီလိုနဲ့ လက်မှတ်ဝယ်ထားပြီး တမျှော်
တခေါ်ကြီး စောင့်ပြီးတဲ့နောက် ကျနော်တို့ မိသားစုခရီးထွက်ကြမယ့် Aug 9th ကိုရောက်ရှိလာပါတော့တယ်။

လေယာဉ်အချိန်က ညနေ (၆) နာရီမှာဆိုပေမယ့် မနက်မိုးလင်းထဲက တစ်မိသားစုလုံး တလှုပ်လှုပ် တရွရွနဲ့ ပြင်ဆင်လို့ မပြီးနိုင်အောင်
ဖြစ်နေသလိုပဲ။ ပါပါးကတော့ မနက်ထဲက ရေမိုးချိုးပြီး သူ့ကုလားထိုင်ပေါ်ထိုင်ပြီး အချိန်ကိုစောင့်နေလေရဲ့။ ကျနော်ကတော့ မနက်ပိုင်း
ကိုနောက်ကျမှ အိပ်ယာထ၊ နေ့ခင်းထမင်းစား ပြီးတော့လဲ တရေးတော့ အိပ်လိုက်သေးတယ်။ နေ့လည် ၃ နာရီလောက်မှ အိမ်ကနေ
လေဆိပ်ကို MRT စီးသွားမယ်လို့မှန်းထားပေမယ့် ၂ နာရီလောက်မှာတော့ ပါပါးကဖင်တကြွကြွဖြစ်ပြီး အိမ်ရှေ့တံခါးဖွင့်နေပါပြီ။ ဒီတော့
၂နာရီခွဲလောက်မှာ အိမ်ကနေထွက်ဖြစ်ကြပါတယ်။

Jet Star ရဲ့ဝန်ဆောင်မှုအသစ်အရ Web Check In လုပ်လို့ရတော့ ကောင်တာမဖွင့်မီထဲက ကြိုတန်းစီနေနှင့်တဲ့ တရုတ်ပြည်သားတွေ
နဲ့ တူတူမစီလိုက်ရပဲ၊ Web Check In Prority Counter ကနေ Check In လုပ်၊ အရင်ကတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ သူတွေက အရာရှိတွေ
ဖြစ်နေကြပြီဆိုတော့ check in bag မှာ ပိုနေတဲ့ ၄ ကီလိုကို ကင်းလွတ်ခွင့်ပေး၊ လိုချင်တဲ့ထိုင်ခုံကိုရအောင်လဲစီစဉ်ပေးလိုက်ပါတယ်။
စောစောစီးစီး Deperture Terminal ထဲဝင်ပြီး၊ ပါပါး၊ မာမားနဲ့ ညီမလေးက Terminal တွေထဲမှာ သိပ်လျှောက်မလည်ဖူးကြ လို့ Changi Airport Terminal 3 ကို ရထားလေးစီးပြီးလိုက်ပို့၊ Butterfly Park နဲ့ Garden T3 ကိုလိုက်လည်ကြပြီးတဲ့နောက်၊ ကိုယ့်လေ
ယာဉ်ထွက်မယ့် T1 ဖက်မှာပဲ ညစာ fast food စားလိုက်တယ်။ Budget လေပျံဆိုတော့ ညစာမကျွေးတော့ ကြိုစားထားမှ တော်ကာကြ
မှာလေ။

Departure Gate ထဲရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ပါပါးက Wheel Chair နဲ့ဆိုတော့ ထုံးစံအတိုင်း လေယာဉ်ပေါ်ကိုအရင်ပေးတက်
ပါတယ်။ ထိုင်ခုံမှာထိုင်ပြီး ခဏနေတော့ အုံးအုံးကျွတ်ကျွတ် ဆူညံစွာနဲ့ ကျန်ခရီးသည်တွေတက်လာပါတော့တယ်။ လေယာဉ်တစ်စင်းလုံး
ဟာ တရုတ်ပြည်ကတရုတ်တွေပဲလို့ ထင်တာပဲ။ ပစ္စည်းတွေတစ်ခုံနဲ့တစ်ခုံပစ်ပေးကြ၊ အော်ကြဟစ်ကြ၊ ဓာတ်ပုံတွေရိုက်ကြနဲ့လေယာဉ်
တစ်စင်းလုံး ရှုပ်ယှက်တွေခက်နေတော့တာပါ။ ကျနော်နဲ့ ညီမလေးက ၂ ယောက်တစ်နေရာထိုင်တော့ Window Seat ဖက်ကတရုတ်မ
တစ်ယောက်ပါ။ သူ့ထိုင်ခုံပေါ်ထိုင်ပြီးတာနဲ့ ကျနော့်လက်ထဲက ဖုံးကိုလက်ညိုးထိုးပြပြီး တရုတ်လိုတစ်စုံတစ်ခုပြောပါတယ်။ ဖုံးဌားဆက်
မှန်းတော့ အလိုအလျှောက်နားလည်လိုက်ပေမယ့် ထုံးစံတိုင်း ငါတရုတ်လိုမတက်ဖူး လို့ English လိုပြန်ပြောတော့ သူက ဖုံးဌားဆက်ချင်
ကြောင်း English လိုတစ်လုံးချင်း ပြန်ပြောပါတယ်။ Local Call ဆိုရင်ရတယ်လို့ဆိုပြီး ဖုံးပေးဆက်လိုက်ရပါသေးတယ်။ ခဏနေတော့
လေယာဉ် Taxi Out ပြေးလမ်းမှာနေရာယူပြီး တော်တော်နဲ့မတက်တော့ permission မရသေးလို့ပဲထင်ထားတာ၊ လေယာဉ်ကပြေးလမ်း ပေါ်ကနေ ပြန်ကွေ့ပြီးမောင်းနေတာတွေ့တော့ နောက်ပြေးလမ်းတစ်ခုကို သွားနေတယ်လို့ပဲထင်ထားတာ၊ Departure Gate ကို ပြန်ရောက်တော့မှ Captain က National Day Parade အတွက် စင်္ကာပူ ဝေဟင်ပိုင်နက်ကို နာရီဝက် ပိတ်လိုက်တဲ့ကြောင်း၊ ပျံသန်းမှု
မပြုလုပ်နိုင်တဲ့အတွက် ဂိတ်ကိုပြန်လာရတာဖြစ်ကြောင်း ကြေငြာပါတယ်။ နာရီဝက်ကြာနေပြီးတဲ့နောက် လေယာဉ်ပြေးလမ်းပေါ်ကိုသွား
လေထဲပျံတက်တဲ့အထိ ထွက်ခွာချိန်ထက် (၁) နာရီနောက်ကျပြီးမှာ စင်္ကာပူကထွက်လာနိုင်ခဲ့ပါတယ်။

ကျနော့်ရဲ့ စည်းကမ်းနဲ့မူအတိုင်းလိုက်နာတက်တဲ့ အကျင့်ဟာ တစ်ခါတစ်လေမှာမကောင်းပါဖူး။ သိနားလည်ထားတဲ့ အတိုင်း Budget
လေကြောင်းလိုင်းဟာ ပြင်ပကအစားအစာတွေယူဆောင်စားသောက်လို့မရပဲ တင်းကြပ်စွာတားမြစ်တယ်ဆိုတာ အမြဲတမ်းမမှန်ကန် ကြောင်း လက်တွေ့သိသွားခဲ့ပါတယ်။ လေယာဉ်ပျံသန်းမှုတည်ငြိမ်လာတဲ့အချိန်မှာတော့ ခရီးသည်တွေဟာ ထုတ်ပိုးသယ်ဆောင်လာတဲ့
အစားအစာမျိုးစုံကို ထုတ်ပြီး ပေါ်ပေါ်ထင်ထင်ကို စားသောက်ပွဲကြီး ဆင်နွှဲကြပါတော့တယ်။ လေယာဉ်ကရောင်းတဲ့ အစားအစာတွေကိုလဲ
ဝယ်စားကြတဲ့ သူတွေလဲရှိပါတယ်။ ဒါမယ့် ကိုယ့်ဟာကိုယ်စားကြတဲ့သူတွေကများတယ်ဗျာ။ ဒီတော့စားစရာမျိုးစုံကထွက်လာတဲ့ အနံတွေ
ကြောင့်လေယာဉ်တစ်စင်းလုံး မွှန်နေပါတော့တယ်။ ကျနော့်မှာတော့ စာအုပ်ကြီးအတိုင်း ဘာစားစရာတစ်ခုမှမပါလာတော့ အနံလေးခံပြီး
ပဲလိုက်လာပြီးတဲ့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hangzhou Xiaoshan International Airport (HGH) ကိုခန့်မှန်းဆိုက်ရောက်ချိန်
ထက် (၁) နာရီနောက်ကျပြီး ဆိုက်ရောက်ခဲ့ပါတယ်။

China Immigration ကိုအခက်အခဲမရှိကျော်ဖြတ်ပြီး၊ အိတ်တွေယူအပြင်ထွက်တော့ တရုတ်ပြည်မှာနေထိုင်တဲ့ ကျနော့် အစ်မ တစ်ဝမ်းကွဲ ကျိကျိပြုံး နဲ့အတူ အပြင်အရင်ရောက်နေတဲ့ ပါပါးနဲ့မာမားကိုတွေ့ပါတယ်။ ပထမတော့ Hangzhou မြို့ထဲကို Shuttle Bus နဲ့သွားမယ်လို့ အစ်မက ပြောပေမယ့် Taxi (2) စင်းနဲ့ ဈေးညှီနှိုင်းလို့ရတာကြောင့် တက်စီ (၂) စင်းခွဲပြီး မြို့ထဲကိုချီတက်ကြပြီး အစ်မ စီစဉ်ပေးထားတဲ့ Hotel မှာ ညအိပ်အနားယူပါတယ်။

ီDay (1) in Hangzhou

မနက်စောစောထ ပါပါးနဲ့ Breakfast စားပြီးတာနဲ့ Hangzhou မြို့ထဲကလည်စရာပတ်စရာတွေကို Taxi တစ်စင်းတစ်နေကုန် ဌားပြီး
စထွက်ကြရာ၊ ပထမဆုံး ဟန်ကျိုးမြို့ရဲ့အထင်ကရဖြစ်တဲ့ West Lake ကိုရောက်ပါတယ်။ West Lake ကနွေရာသီဖြစ်တဲ့အတွက် တစ်နှစ်
လုံးမှာ နွေနှောင်းရာသီတစ်ခုထဲမှာပဲ ပွင့်တဲ့ကြာပန်းတွေနဲ့ ဝန်းရံထားတဲ့တောင်တန်းတွေကြားမှာ မနက်ခင်းနေရောင်ခြည်နဲ့တူတူ လှလှပပရှိနေပါတယ်။ West Lake ကိုတာလမ်းမ (၅) ခုနဲ့ ခွဲခြမ်းထားပြီး ကန်ရဲ့ ၃ ဖက်ကိုတောင်တွေနဲ့ဝန်းရံထားပါတယ်။ ရေအနက် ၀.၈ မီတာယေဘူရရှိပြီး၊ ကုဗမီတာ ၁၄ သန်း ၂ သိန်း ၉ သောင်း ကျယ်ဝန်းပါတယ်။ ရေလည်မှာ ကျွန်းလေးတွေ၊ တံတားငယ်လေးတွေ လဲရှိတာတွေ့ရပါတယ်။ ကျနော်ရယ်၊ ပါပါး၊ မာမား၊ ညီမလေးနဲ့ အစ်မ (၅) ယောက်သား၊ ရေကန်ကြီးရဲ့ တောင်နဲ့မြောက်တန်းထာတဲ့ 3KM ရှည်၊ တာရိုးလမ်းမကြီးတစ်ခုဖြစ်သော Yang Causeway ကို လမ်းလျှောက်ဖြတ်သန်းပါတယ်။ တာလမ်းမကြီးအဆုံးတစ်ဖက်ရောက် တော့ လမ်းဆက်လျှောက်ပြီး Leifeng Pagoda ဆိုတဲ့အလွန်ရှေးဟောင်းကျစေတီတစ်ဆူကို ပြန်ငုံတည်ဆောက်ထားတဲ့ စေတီတော် ကိုရောက်ပါတယ်။ စေတီတော်က တောင်ကုန်းတစ်ခု ပေါ်မှာရှိတဲ့အတွက်၊ တောင်ကုန်းပေါ်ကို စက်လှေခါးနဲ့ရယ်၊ ရိုးရိုးလှေခါး နဲ့ ရယ် တက်ဖို့စီစဉ်ထားတာတွေ့ရပေမယ့်၊ ပါပါးက Wheel Chair နဲ့ဆိုတဲ့အတွက်၊ Golf ကားလေးနဲ့တောင်ကုန်းပေါ် ကိုလိုက်ပို့ပေးပါ
တယ်။ မြတ်စွာဘုရားသခင်ရဲ့ ဓာတ်တော်မွေတော်တွေရှာဖွေတွေ့ရှိခဲ့တဲ့ အုတ်ပုံသာရှိတော့သော ရှေးဟောင်းဘုရားကျောင်း အပေါ်ကနေ
ဂျပန်နိုင်ငံရဲ့အလှူနဲ့ ခေတ်မှီဘုရားကျောင်း အဖြစ် ပြန်ငုံတစ်ဆောက်ထားတာပါ။




Leifeng Pagoda

မူရင်း စေတီတော်ကို 975 ADက ဘုရင် Qian Chu ၏ အမိန့်တော်ဖြင့်၊ သားတော်မွေးဖွားခြင်းအထိမ်းအမှတ်အဖြစ်တည်ဆောက်စေခဲ့
ခြင်းဖြစ်ပြီး၊ ထောင့် (၈) ခုပါရှိကာ၊ (၅)ထပ်မြင့်သည့်စေတီဖြစ်သည်။ အုတ်မြစ်ကို အုတ်ဖြင့်တည်ဆောက်ထားပြီး၊ အခြားအစိတ်အပိုင်း
များတွင် သစ်သားနှင့်အုတ် ရောစပ်တည်ဆောက်ထားကြောင်းသိရသည်။ ရှေးဟောင်းတရုတ်နိုင်ငံ Ming မင်းဆက်လက်ထက်တွင်၊
ဂျပန်ပင်လယ်ဓားပြများက ဟန်းကျိုးမြို့ကိုတိုက်ခိုက်စဉ်ကာလအတွင်း စေတီအတွင်း လက်နက်များရှိသည်ဟု ယူဆကာ စေတီတော်ကို
မီးတင်ရှို့ခြင်းကြောင့် သစ်သားများအကုန်လောင်ကြွမ်း၍ အုတ်ပုံစံအတိုင်းသာကျန်ရှိခဲ့တော့သည်။ နောင်များကြာသောအခါ၊ စေတီတော်
တည်ဆောက်ထားသည့် အုတ်များကဆေးကုသရာ တွင် ပျောက်ကင်းသည်ဟု ယုံကြည်သက်ဝင်ကြသဖြင့်လူအများက အုတ်များကိုယူ
ဆောင်ကာ ပေါင်ဒါမှုန့်များပြုလုပ်သဖြင့် ၁၉၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အပြီးပြိုပျက်ပြီး အုတ်ပုံဘဝသို့ရောက်ရှိခဲ့သည်။
စေတီ၏မြေအောက်တွင် ကြီးကျယ်မြင့်မြတ်သော ဗိမာန်တစ်ခုခုတည်ရှိကြောင်း အငြင်းပွားမှုများကြောင့် ခေတ်မှီစက်ကိရိယာများ၏
အကူအညီဖြင့် ရှာဖွေလေ့လာကြာရာ ၂၀၀၁ မတ်လ ၁၁ ရက်နေ့တွင် မြေအောက်ဂူဗိမာန်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ အတွင်း၌အဖိုး
တန်ရတနာများနှင့် ရွှေကြုတ်၊ ငွေကြုတ်တို့ဖြင့်သိမ်းဆည်းထားသော ဗုဒ္ဓ၏ ဆံတော်များကိုပါတူးဖော်ရရှိခဲ့ကြသည်။ ထို့နောက် စေတီတော် ငုံ၍အသစ်ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင်အပေါ်မှ ငုံ၍တည်
ဆောက်ခဲ့သော စေတီကိုဖွင့်လှစ်နိုင်ခဲ့သည်။ စေတီတော်အသစ်ကို သံမဏိတန်ချိန် ၁၄၀၀၊ ကောပါးတန်ချိန် ၂၀၀ တို့ဖြင့်အခိုင်အမာ
တည်ဆောက်ခဲ့ပြီး၊ အတွင်းတွင်အပေါ်ဆုံးထပ်သို့ တက်ရောက်ပြီး ရှုခင်းကြည့်ရှုနိုင်ရန် ဓာတ်လှေခါး (၂) စင်းရှိပြီး Fully Aircon တက်
ဆင်ထားသည်။ မူရင်း စေတီတော်နှင့် မြေအောက်ဗိမာန်တော်ကို မူရင်းအတိုင်းထိမ်းသိမ်းထားသည်ကို တွေ့ရသည်။

အဲ့ဒီစေတီတော်ကနေ နောက်တစ်နေရာအဖြစ် Liuhe Pagoda ကိုသွားပါတယ်။ ထုံးစံအတိုင်း တောင်ကုန်းပေါ်မှာပဲတည်ဆောက်ထား
ပြီး Wheel Chair တင်ပို့ပေးနိုင်မယ့်ကားမရှိပါဘူး။ ဒီတော့ ပါပါးနဲ့ အစ်မက တောင်ကုန်းအလည်မှာကျန်ခဲ့ပြီး ကျနော်ရယ်၊ မာမား
ရယ်၊ ဖြူထွေးရယ်၊ သွားကြည့်ကြတယ်။ အပြင်ပန်းကတော့ သစ်သားနဲ့တည်ဆောက်ထားတာဖြစ်ပြီး၊ အပြင်ကကြည့်ရင် အထပ်ပေါင်း
(၁၃)ထပ်ရှိတာကို တွေ့ရပါတယ်။ မက်စောက်လှတဲ့ လှေခါးကို တစ်ထပ်ပြီးတစ်ထပ် တက်သွားပြီးတဲ့နောက် (၃) ထပ်မြောက်မှာ မာမား
တို့နားကျန်ခဲ့တယ်။ ကျနော်လဲ တစ်ထပ်ပြီးတစ်ထပ် နားလိုက်တက်လိုက် နောက်ဆုံး (၇) ထပ်ကိုရောက်ပါတယ်။ (၇) ထပ်ကနေ
Qiantang မြစ်ကြီးကို အပေါ်စီးကနေမြင်နေရပြီး၊ ဟန်ကျိုးမြို့ကိုလဲ လှမ်းမြင်နေရတယ်။ အတွင်းမှာတော့ရှေးဟောင်း နံရံဆေးရေး ပန်းချီကားတွေကတော့ စိတ်ဝင်စားစရာပါ။


Liuhe Pagoda

တရုတ်ရိုးရာ အထပ်မြင့် စေတီပုံစံဖြစ်ပြီး ပထမဦးဆုံး 970 AD က မြောက်ပိုင်း Song မင်းဆက်လက်ထက်တွင် Wuyue ပြည်နယ်
နယ်စားမင်းကြီးက Qiantang မြစ်ဒီရေအတက်အကျ စောင့်ကြည့်ဖို့နဲ့၊ လမ်းကြောင်းပြမျှော်စင်တစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၁၂၁ ခုနှစ်ကဖြစ်ပွားခဲ့သော စစ်ကြောင့် စေတီမျှော်စင်တစ်ခုလုံး အလုံးစုံပျက်ဆီးခဲ့ရသည်။ စေတီအဟောင်းနေရာတွင်
ယခုလက်ရှိ မျက်မြင် အဖြစ်တည်ရှိသော စေတီမျှော်စင်ကို သစ်သား၊ အုတ်တို့ဖြင့် တောင်ပိုင်း Song မင်းဆက်လက်ထက်တွင် ပြန်လည်
တည်ဆောက်ခဲ့ပြီး၊ Ming မင်းဆက်နှင့် Qing မင်းဆက်လက်ထက်များတွင် ထပ်မံပြုပြင်မွန်းမံမှုများရှိခဲ့သည်။ ၈ ထောင့်ပုံစံဖြစ်ပြီး ၁၉၆ ပေမြင့်သည်။

ဘုံ (၇) ဆင့်ပေါ်ကဆင်းပြီးတော့ အတော်ကိုမောပန်း၊ ဗိုက်ကလဲဆာနေပါပြီ။ တောင်ကုန်းအောက်ကိုဆင်း၊ တောင်ကုန်းအောက်ခြေက
စားသောက်ဆိုင်မှာ အစ်မ က နေ့လည်စာကျွေးပါတယ်။ နေ့လည်စာစားပြီးတဲ့အချိန်မှာတော့ အတော်ကိုပူလာပါပြီ။ နောက်တစ်နေရာ
သွားဖို့ အချိန်မရတော့တဲ့အတွက် ပါပါးကို Taxi နဲ့အတူ ဟိုတယ်ပြန်ခိုင်းပြီး ကျနော်တို့ကတော့ Shopping Centre တစ်ခုမှာ ခဏ
တဖြုတ်လျှောက်ကြည့်ကြပါတယ်။ အဲ့ဒီကနေ ဟိုတယ်ကိုပြန်ပြီး ပါပါးကိုခေါ် ပစ္စည်းတွေသိမ်းပြီးတဲ့နောက် အစ်မဝမ်းကွဲ ရုံးစိုက်နေထိုင်
တဲ့ Suzho မြို့ကိုခရီးဆက်ဖို့အတွက် Hangzhou Railway Station ကိုခရီးဆက်ကြပါတယ်။ ဟန်ကျိုးဘူတာကြီးဟာ ရှုပ်ယှက်ခပ်နေလို့
ဘယ်လိုတွေ ရှိမှန်း အသေအခြာမလေ့လာခဲ့ရပါဘူး။ များပြားလှတဲ့လူတွေက သွားလာလှုပ်ရှားနေသလို၊ လမ်းဘေးတွေမှထိုင်နေတဲ့ သူ
တွေလဲ အများကြီးပါပဲ။ ကျနော်တို့စီးရမယ့် ရထားပေါ်တက်ရမယ့် Platform Waiting Area ရောက်ပြီးရထားလာမယ့် အချိန်ကိုထိုင်
စောင့်ကြပါတယ်။ ရထားစောင့်ရတဲ့ waiting area ရဲ့အကျယ်အဝန်းဟာ တင်းနစ်ကွင်း (၃) ကွင်းစာလောက်ရှိမယ် ခန့်မှန်းရတယ်ဗျာ။
ဝင်ပေါက်မှာတော့ ကျနော်တို့ MRT ဝင်ပေါက်လိုအပေါက် (၁၀)ခုလောက်ရှိမယ်၊ လက်မှတ်ကဒ်ပြားကို ထည့်လိုက်ပြီး အပေါ်ကပြန်ထွက်
လာတဲ့ အခါယူပြီး ဖွင့်တဲ့တံခါးထဲကို ဝင်သွားရတာပါ။ ကျနော့်စိတ်ထဲမှာ ရိုးရိုးရထားပဲစီးရလိမ့်မယ်ထင်ထားတာ၊ ကျနော့်အစ်မက
ဒီနိုင်ငံမှာ ဂျုံးဂျုံးဂျက်ဂျက် ရထားမရှိတော့ဖူးဆိုမှ ကျည်ဆံရထားမှန်းသိပါတယ်။ သူ့ရထားထွက်မယ့် အချိန်ရဲ့ (၁၀) မိနစ်အလိုကျမှ
ဂိတ်ကိုဖြတ်ပြီး Platform ပေါ်ကိုပေးဆင်းပါတယ်။ ကိုယ်စီးရမယ့် ရထားတွဲအတွက် Platform ပေါ်မှာ တွဲနံပါတ်တွေရှိပါတယ်။
ကျည်ဆံရထားပေါ်ရောက်တဲ့ အခါမှာတော့ ကျနော့်မှာ တောသားမြို့တက်ပါပဲ။ တခါမှမစီးဖူးတော့ အင်မတန်မှလဲ စိတ်ဝင်တစားရင်ခုန်
မိတယ်။ တခြားနေရာတွေမှာ အိမ်သာတွေမကောင်းသလောက် အဲ့ဒီရထားပေါ်ကအိမ်သာကတော့ 5 stars လေယာဉ်ပျံကြီးတွေပေါ်က
အိမ်သာအဆင့်ပါပဲ။ ရေပူရေအေး အတွက် ရေသန့်စက်တွေကို တွဲတိုင်းမှာထားတာတွေ့ရပြီး အခမဲ့ယူနိုင်ပါတယ်။ ရထားကြီးဟာ
တစ်နာရီ ကီလိုမီတာ ၃၅၀ အထိမောင်းနိုင်တယ်လို့ပြောပေမယ့် ခရီးတိုလေးတွေမောင်းရတာကြောင့် မောင်းနှင်မှုအမြန်နှုန်းပြ display ကိုကြည့်ရသလောက် ကီလိုမီတာ ၃၁၅ အထိမောင်းတဲ့အထိ စီးခဲ့ရပါရဲ့။

စီးလို့တောင်မဝသေးဘူး ဇိမ်လေးနဲ့ မှိန်းတုံးရှိသေးတယ် ဆင်းရမယ့်ဘူတာ ရောက်ခါနီးပြီဆိုတော့ ဆင်းဖို့ပြင်ဆင်ရတော့တာပေါ့။
Suzhou မြို့ကိုရောက်တော့ ညဖက် (၈) နာရီခွဲလောက်ရှိပါပြီ။ ညစာကို အစ်မအိမ်ကိုအသွား On the way က ဖက်ထုတ်နဲ့ ဝက်သား
ကြော်ရောင်းတဲ့ဆိုင်မှာ စားပါတယ်။ အဲ့ဒီ Suzhou မြို့ကိုရောက်တော့ လမ်းတွေ၊ မီးပွိုင့်တွေ၊ တိုက်တွေကအစ ကိုယ်နဲ့ရင်းနှီးနေသလို
သန့်ရှင်းသပ်ယပ်ပြီး၊ သူ့နေရာနဲ့သူ အစီအစဉ်တကျ ရှိနေတဲ့လို့ ထင်တော့ အစ်မက မြို့ရဲ့ ဒီအပိုင်းကို စင်္ကာပူရဲ့ နည်းပညာအကူအညီ
အကြံဥာဏ်တွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ကြောင်း၊ Singapore Industries Estate ဖြစ်တဲ့အကြောင်းပြောတော့ မှအကျိုးအကြောင်း
သိရပါတယ်။ တစ်နေကုန်သွားလာထားရတော့ အိမ်ရောက်လို့ ရေမိုးချိုးပြီးတာနဲ့ တန်းအိပ်တော့တာပါပဲ။

Day 2 ( In Suzhou)

မနက်စောစော နံနက်စာစားပြီးတာနဲ့ Suzhou မြို့ထဲအလည်ထွက်ဖို့ ထွက်ခဲ့ကြတဲ့အခါ နေပူမှန်းသိလို့ ဦးထုတ်၊ ထီးစတာတွေ အကုန်
ပါအောင် တခါထဲယူလာခဲ့ကြတယ်။ ပထမဆုံး မြို့ရဲ့ ထင်ရှားတဲ့ ရေကန်ကိုရောက်ပါတယ်။ ရွှေကြက်ဖကန် လို့ ခေါ်တယ်တဲ့။ နံနက်ပိုင်းဆိုတော့ လူတွေလဲ သိပ်မရှိ၊ သိပ်လဲမပူပါဖူး။ ဓာတ်ပုံရိုက်လို့လဲတော်တော် ကောင်းတဲ့နေရာတွေ အများကြီးရှိပါတယ်။ ရေကန်
ကြီးဘေးကနေ လျှောက်လမ်းကြီးတစ်ခုရှိပြီး၊ တစ်နေရာမှာတော့ အထိမ်းအမှတ် Structure တစ်ခုတွေ့တဲ့အခါ ကဗျည်းကိုဖတ်ကြည့်
တော့ Suzhou - Singapore Industries Estate အထိမ်းအမှတ်ဖြစ်ပြီး တရုတ်ဒုတိယ သမ္မတနဲ့ Mr. Lee Kuan Yew တို့ကဖွင့်လှစ်
ထားတဲ့ဆိုတဲ့အကြောင်း သိရပါတယ်။ အဲ့ဒီ ကနေတဆင့် Suzhou မြို့ရဲ့အထင်အရ နေရာတစ်ခုဖြစ်တဲ့ Tiger Hill ကိုရောက်ပါတယ်။
တောင်ကုန်းပေါ်တက်ရမှာဖြစ်တဲ့ အတွက်ပါပါးနဲ့ အစ်မကနေခဲ့ပြီး ထုံးစံအတိုင်း ကျနော်တို့ လမ်းလျှောက်တက်ကြရတာပေါ့။ တောင်
ကုန်းပေါ်တက်တဲ့လမ်းက ပြေပြေပြစ်ပြစ် ပါပဲ။ လမ်းမှာလဲ ဓားသွေးကျောက်တုံးတို့၊ ဘာတို့စတဲ့ စိတ်ဝင်စားစရာတွေတော့တွေ့ရပေ မယ့် ရေးထားတဲ့ ရာဇဝင်တွေကိုလဲ ကိုယ်ကနားမလည်တော့ အခက်ပေါ့။ တောင်ကုန်းထိပ်မှာတော့ ရှေးဟောင်းစေတီတစ်ဆူရှိပါတယ်။
Yunyan Pagoda လို့ခေါ်ပါတယ်။ လူတွေကိုပေးမတက်ပဲ ပိတ်ထားပြီး အပြင်ကနေပဲကြည့်လို့ရတယ်ဗျ။ ထူးဆန်းတာက စေတီဟာ
၃ ဒီဂရီတိမ်းစောင်းနေတာပါပဲ။ လျှောက်လည့်ပတ်ကြည့် ပြီးအောက်ပြန်ဆင်းတော့ ရေတွင်းသေးသေးတစ်ခုမှာ လူတွေက အလုအယှက်
ရေတွေကိုမျက်နာသစ်၊ ခြေထောက်လောင်းလုပ်နေကြတာတွေ့တော့ ကျနော်တို့လဲ ဝင်တိုးကြည့်တာပေါ့။ မာမားကကံကောင်းစွာနဲ့
တစ်ခုထဲသော ရေခပ်တဲ့ပုံးကရတဲ့အခါ ရေကိုရေတွင်းထဲက ငင်ဖို့လုပ်ကြတယ်။ ရေတွင်းကအဲ့ဒီပုံးတစ်ပုံးဝင်စာပဲဆိုတော့ ရေခပ်လို့ရ
အောင်ပုံးကိုမှောက်ချ ခတ်ရပါတယ်တဲ့။ ရေကိုကိုင်ကြည့်တော့ ရေဟာရေခဲရေ တမျှအေးပါတယ်။ ပုလင်းထဲထည့်လိုက်တဲ့အခါ ရေခဲရေ
လိုရေငွေ့တွေချက်ချင်းပျံလာတာပါ။ ရေတွင်းရေနဲ့ မျက်နာသစ်လိုက်တာတော်တော်လေး လန်းဆန်းသွားတယ်ဗျာ။ တောင်ကုန်းအောက်
အထွက်တော့ ဆိုင်တွေတန်းစီနေတာပါပဲ။



Tiger Hill and Yunyan Pagoda (or) Second Leaning Pagoda

သမိုင်းအထောက်အထားများအရ ထိုတောင်ကုန်းပေါ်တွင် ဘုရင် Helu ကိုမြေမြှုပ်သင်္ဂြိုဟ်ခဲ့ရာ (၃)ရက်အကြာတွင် တောင်ကုန်းအထက်
၌ ကျားဖြူတစ်ကောင်ထိုင်နေသည်ကိုတွေ့ရှိရာမှစ၍ Tiger Hill ဟုအမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တောင်ကုန်းအထက်
တွင် ထင်ရှားသည့်ဓားရေကန် နှင့် ကျောက်တုံးဥယျာဉ်စသည့် သဘာဝပန်ဝန်းကျင်အလှများဖြင့် ပြည့်နှက်နေသည်။ ဘုရင် Wu King Helu ၏ င်္သချိုင်းတော်သည် ဓားရေကန်၏ အောက်တွင်တည်ရှိသည်ဟူသော ယုံကြည်ယူဆမှုသည် နှစ်ပေါင်းထောင်ချီနေသော ဖြေရှင်းမရသည့် လျှို့ဝှက်နက်နဲမှုတစ်ခု ဖြစ်ကြောင်းသိရသည်။

တောင်ကုန်းအထက်တွင်Yunyan Pagoda ကို 907-960 CE ကာလခန့်က စတင်တည်ဆောက်ခဲ့ပြီး Song မင်းဆက်လက်ထက်တွင် အပြီးသတ်ခဲ့သည်။ (၈) ထောင့်ပုံစံ စေတီဖြစ်ပြီး၊ ၁၅၄ ပေမြင့်ကာ၊ အထပ် (၇) ထပ်ပါရှိ၍ အုတ်ဖြင့်တည်ဆောက်ခဲ့သည်။ စေတီတစ်ခု လုံး ၏ အလေးချိန်သည် ကီလိုဂရမ် ၇ သန်းခန့်ရှိပြီး၊ အတွင်းအုတ်တိုင်ကြီးများဖြင့် ထောက်ပံထားရာ၊ ထောက်ပံထားသောတိုင်ကြီး (၂) တိုင်ယိုယွင်းမှုကြောင့် ၃ ဒီဂရီတိမ်းစောင်းလာခဲ့ရ သည်။ အခြားအကြောင်းတစ်ရပ်အနေဖြင့် စေတီမျှော်စင်ကိုတည်ဆောက်ခဲ့စဉ်က မြေသားတစ်ဝက်၊ ကျောက်သားတစ်ဝက်အောက်ခြေမြေပြင်တွင်တည်ဆောက် ထားခြင်းကြောင့် မြေသားဖက်တွင်နိုမ့်ဆင်းလာခဲ့ခြင်းလဲ ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ထပ်မံ မတိမ်းစောင်းလာစေ ရန်အတွက် ကွန်ကရစ်များဖြင့်အားဖြည့်ပြီး အောက်ခြေကိုခိုင်ခံအောင်ပြုလုပ်ခဲ့ ကြသည်။ ထိုသို့ပြုလုပ်စဉ်အတွင်း ခေါင်းတလားတစ်ခု အတွင်းသိမ်းစည်းထားသည့် ဗုဒ္ဓကျမ်းစာများကိုတွေ့ ရှိခဲ့ကြသည်။ ထိုမျှော်စင် စေတီသည် အထပ် (၇) ထပ်မြင့်သော်လည်း အတွင်း၌ အပေါ်အထပ်ထပ်သို့တက်ရောက်ရန် လှေခါးမပါရှိသဖြင့် တက်ရန်အပြင်မှ လှေခါးထောင်တက်မှရကြောင်း သိရသည်။

အဲ့ဒီကနေလည်ပတ်ပြီးတဲ့နောက် Suzhou မြို့ထဲက Shopping Centre ကြီးတစ်ခုထဲမှာ ရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာနေ့လည်စာ
ကျွေးပါတယ်။ ဖားသားဟင်းက အဓိကဟင်းလျှာဖြစ်ပြီး Order မှာပြီး ခဏနေတော့ စားပွဲထိုးက သဲနာရီလေးတစ်ခုစားပွဲပေါ်လာတင်ရင်း
မှာ ထားတဲ့ အစားအစာတွေ မိနစ် (၂၀) အတွင်းမရခဲ့ရင် မှာထားသမျှငွေတပြားမှမယူပါဖူးတဲ့၊ ဆိုင်ရဲ့ကောင်းမွန်တဲ့ ဝန်ဆောင်မှုလေး
တစ်ခုပါ။ နေ့လည်စာစားပြီးတဲ့နောက် မနေ့ကနဲ့ ဒီနေ့တောင်ကုန်းတွေတက်၊ လမ်းတွေလျှောက်ထားလို့ အစ်မက Foot Massage နေ
ရာကိုခေါ်သွားပြီး အညောင်းပြေစေပါရဲ့။ ဒီနောက်တော့ အိမ်ပြန်အနားယူပါတယ်။

Day 3 ( In Shanghai)

Suzhou ကနေ Shanghai ကိုရထားစီးဖို့အတွက် Suzhou Industry Railways Station ကိုမနက်ပိုင်း ထွက်လာခဲ့ကြပါတယ်။ ကြား
ဘူတာ အသေးလေး ဆိုပေမယ့်အဆင့်မြင့် ဘူတာရုံတစ်ခုပါပဲ။ Common Waiting Area တစ်ခုပဲထားတာတွေ့ရပါတယ်။ ကိုယ်စီးရမယ့်
ရထား နံပါတ် Dispaly မှာပေါ်လာရင် ဂိတ်ကိုသွားဝင်ရုံပါပဲ။ Suzhou ကနေ Shanghai ဘူတာဟောင်းကို မိနစ် ၃၀ ကျော်ကျော်လေးပဲ
စီးရတယ်ဗျာ။ ရှန်ဟိုင်းမြို့ထဲကိုဝင်လာတော့ မိုးတွေကစရွာလာရော၊ မိုးကြည့်ရတာတော်တော်နဲ့စဲမယ့်ပုံကမပေါ်ပါဘူး။ ဘူတာရုံရောက်
တော့ ဘူတာက အဟောင်းဆိုတော့ Wheel Chair တက်ဖို့ဓာတ်လှေခါးဘာညာမတွေ့ရပါဘူး။ သဘောကောင်းတဲ့ ရထားဘူတာအရာရှိ
တစ်ယောက်က နေရာပြလို့ ဓာတ်လှေခါးတစ်စင်းကိုခေါ်သွားပေးပြီး သူ့ access card နဲ့ Lift ကိုမောင်းပေးပါတယ်။ Lift ထဲဝင်လိုက်
တော့ မိုးတွေယိုလို့ အရာရှိကပဲ သူ့ထီးဖွင့်ဆောင်းပေးပါသေးတယ်။ Lift ထဲထီးဆောင်းရတာပေါ့။ ဘူတာက နှစ်ပေါင်း ၃၀ ကျော်ပြီမို့
ပျက်စီးနေပြီဆိုတဲ့ အကြောင်းသူကပြောပြပါသေးတယ်။ ဘူတာအပေါ်ကိုရောက်တော့ မိုးကမစဲတော့တဲ့အပြင် ပိုတောင်ရွာလာသလိုပါပဲ။
အစ်မ စီစဉ်ထားတဲ့ ဟိုတယ်ကဒီဘူတာနဲ့နီးနီးလေးဆိုပေမယ့် မိုးကရွာနေတော့ အတော်ကိုအခက်အခဲတွေ့နေရတာပါ။ တက်စီဌားဖို့
လိုက်ရှာတော့လဲ မြေအောက် underpass တစ်ခုကနေသွားရမှာဆိုတော့ ခက်ခက်ခဲခဲနဲ့အောက်ကိုဆင်းပြီး တက်စီတစ်စင်းရတော့
ပါပါးရယ်၊ ညီမလေးရယ်၊ ကျနော်ရယ် ၃ ယောက်သား Taxi နဲ့သွားရမယ့်နေရာကိုသွားကြရော၊ Taxi က မီတာ Taxi ပါ။ တက်တက်ချင်း ၁၄ RMB ပေးရပါတယ်။ တကယ်ဆို ကျနော်တို့သွားရမယ့်နေရာက ၃ ကီလိုမီတာအောက်မှာဆိုတော့ ၁၄ ယွမ်ဆိုပြီးရ
မယ့်ဟာ Taxi သမားကမသိမှန်းသိတော့ ပတ်မောင်းပါတယ်။ မောင်းနေရင်း ကျနော်က သွားရမယ့်နေရာ holiday inn ဆိုတာမြင်လို့
ပြောတော့ မသိချင်ယောင်ဆောင်နေသေး၊ အတင်းကြီးပြောတော့ ဆောင့်ကြီးအောင့်ကြီး ပြောဆိုပြီးမောင်းပို့ပါတယ်။ ငွေကိုလက်ထဲ
မပေးမချင်း အနောက်က ပစ္စည်းထည့်ထားတဲ့ boot ကိုမဖွင့်ပေးပါဘူး။ hotel ကိုရောက်တော့ အစ်မနဲ့ မာမားကမရောက်ကြသေးဘူး။
ဒီဟိုတယ်ဆိုတာ သေခြာလားသိရအောက် Reception ကိုသွားမေးတော့ မနည်းကြီးကို English လိုပြောပြပြီးမှ Reservation ဟုတ်ထား
တာရှိကြောင်း သိရတော့မှစိတ်အေးရပါတယ်။

ခဏနေတော့အစ်မနဲ့မာမားလဲ စိတ်တပူပူနဲ့ရောက်လာကြတော့တယ်။ သူတို့မှာလဲ Taxi Queqe မှာကြားဖြတ်နေကြတဲ့လူတွေများနေလို့
Taxi ကိုတော်တော်နဲ့ မရတဲ့အကြောင်းသိရတယ်။ ဟိုတယ်မှာ Check in ဝင်ပြီး၊ ပထမဆုံး China Pavilionလို့ခေါ်တဲ့ Shanghai
Expo လုပ်တဲ့နေရာကိုသွားကြပါတယ်။ မိုးရွာလို့ဓာတ်ပုံရိုက်လို့ သိပ်မကောင်းပေမယ့် အတွင်းမှာတော့ ကြီးကျယ်ခန်းနားလှပါပေတယ်။
180 ဒီဂရီစက်ဝိုင်းတစ်ဝက်ပုံစံ Screen နဲ့ ၁၇ မိနစ်စာလောက်ပြောင်းလဲတိုးတက်လာတဲ့ တရုတ်ပြည်ကြီး ကိုပြတဲ့ရုပ်ရှင်ဇာတ်လမ်းတို
ကို တရုတ်ပညာရှင်ကြီး ကွန်းဖြူးရှပ်ရဲ့အဆိုအမိန့်တွေနဲ့တွဲပြီး ပြသသွားပါတယ်။ အဲ့ဒီကနေပန်းချီကားတွေ အသက်ဝင်လှုပ်ရှားနေတဲ့ ပြခန်းဖြစ်တဲ့ River of Wisdom ပြခန်းပါ။ Song မင်းဆက်လက်ထက်က ပန်းချီအကျော်အမော် Zhang Zeduan ရဲ့နာမည်ကျော်ပန်းချီ
ကားတွဲကြီး တစ်ခုဖြစ်သည့် Along the River During the Qingming Festival ကိုနောက်ဆုံးပေါ်နည်းပညာများ ၏ ဖန်တီးမှုဖြင့်
3D Animation အဖြစ်ပြုလုပ်ကာ ၁၂၈ မီတာအရှည် ၆.၅ မီတာအမြင့်ရှိသော ပိတ်ကားပေါ်တွင် အရာအားလုံးကို အသက်ဝင်အောင်
ဖန်တီးထားသော ၂ မိနစ်ကြာ ရုပ်ရှင်ပြခန်းတစ်ခုဖြစ်ပါတယ်။ စသည်ဖြင့် များပြားလှတဲ့ ဖန်တီးတည်ဆောက်မှုတွေနဲ့အပြည့်ရှိနေတဲ့ ပြတိုက်အကြီးစားကြီးတစ်ခုလိုပါပဲ။ နှစ်စဉ်ကျင်းပတဲ့ Shanghai Expo ကိုအဲ့ဒီနေရာမှာ ကျင်းပတာဖြစ်ပါတယ်။ လူတွေကလဲ ကျိတ်ကျိတ်တိုးအောင် စည်ကားနေတာပါ။

အဲ့ဒီကနေ မြို့ထဲတစ်နေရာက ဈေးဝယ်စင်တာတစ်ခုမှာ နေ့လည်စာစားပါတယ်။ ပြီးတော့ စင်တာဘေးက ဘုရားကျောင်းတစ်ခုဝင်၊
ဘုရားဝတ်ပြုပြီး၊ ရှန်ဟိုင်းမြို့ရဲ့ နာမည်ကျော် မြစ်ကမ်းဘေးက Shanghai Wall Street ကိုသွားဓာတ်ပုံရိုက်ကြတယ်။ ကမ်းနားက အဆောက်အအုံတွေအကုန်လုံး ကိုလိုနီပုံစံအဆောက်အအုံတွေ ဖြစ်ပြီးတော်တော်လေး သန့်ရှင်းသပ်ရပ်အောင်လုပ်ထားတာတွေ့ရတယ်။
ကမ်းနားကနေ Shanghai မြို့ကအထပ်မြင့် Tower ကြီးတွေကိုနောက်ခံထားဓာတ်ပုံရိုက်လမ်းခဏလျှောက်ပြီး ဟိုတယ်ပြန်နားကြတယ်။
ညစာကိုတော့ အနီးနားက တရုတ်စာကိုပဲ Fast Food ရောင်းတဲ့ဆိုင်လေးမှာ စားဖြစ်တယ်။ အီကြာကွေးဟာစားဖူးသမျှ အီကြာကွေးထဲ
အကောင်းဆုံးပါပဲ။ ညစာစားပြီး ညီမလေးနဲ့ နီးနီးနားနားက ဈေးဝယ်စင်တာသွားကြည့်မယ်ဆိုပြီး ဟိုတယ်ကရေးပေးတဲ့ စာရွက်ကိုကိုင်
ပြီး Taxi ဌားတော့ Taxi သမားက ၃ ဘီး ဆိုင်ကယ်ကိုလက်ညိုးထိုးပြပြီး အဲ့တာနဲ့သွားခိုင်းတယ်ဗျ။ ဒါနဲ့ ၃ ဘီးဆိုင်ကယ်ဆီသွား စာရွက်
ထိုးပြတော့ ၂၀ ပေးရမယ်တဲ့။ Taxi ကတောင် ၁၄ ယွမ် ကိုနီးလို့မလိုက်ပဲ ၃ ဘီးစီးခိုင်းတာဆိုတာ သိတော့ ၁၀ ပေးမယ်ဆိုတော့ အဖိုးကြီးက ၁၅ တဲ့ ဒါနဲ့ လှည့်ထွက်သွားတော့ လာခဲ့တဲ့ဆိုတော့ (၂)ယောက်သား ၃ ဘီးဆိုင်ကယ်နဲ့ လစ်ကြရော။ ဟိုရောက်တော့ ဘာ
မှလဲ ထွေထွေထူးထူးမရှိပါဘူး။ စားချင်တဲ့ အချိုမုန့်လေးဘာလေးစားပြီး ပြန်မယ်လုပ်တော့ အပြင်ကလှန်းကြည့်တာ တည်းတဲ့ဟိုတယ်
ကိုမြင်ရတယ်။ ဘယ်ရမလဲ စင်္ကာပူသားပဲ လမ်းလျှောက်မယ်ဟဲ့ဆိုပြီး လျှောက်ရော။ လျှောက်ပြီးတော်တော်ကြာတော့ Direction ကမှား
မှန်းသိတော့ နောက်တဖက်ကို ပြန်လျှောက်တယ်။ ခက်တာ အလည်ကောင်မှာ ရထားဘူတာကြီးခံနေလို့ မြင်ရပေမယ့် လမ်းလျှောက်လို့
မရမှန်းနောက်မှ သိပါတယ်။ ဒီတော့ Taxi ကိုဌားတော့ မရပ်ဘူး။ ဒါနဲ့ ၃ ဘီးဆိုင်ကယ်တစ်စင်းလာတော့ လက်လှမ်းတားပြီး ဟိုတယ်ကို
လက်ညိုးထိုးပြပြီး ၃ ဘီး စီးပြန်လာခဲ့ရတော့တယ်။

Day 4 ( In Shanghai)

ဒီနေ့ကတော့ Shopping နေ့ပါ။ ပါပါးကို ဟိုတယ်မှာပဲထားခဲ့ပြီး အစ်မလိုက်ပို့တဲ့ Whole Sales Centre ၂ ခုသွားပါတယ်။ မနက်စော
စောထဲကသွားတော့ သိပ်မစည်ကားသေးပေမယ့် ဆိုင်တချို့ကတော့ဖွင့်နေပါပြီ။ အဲ့ဒီဈေးကြီးကို အနီးစပ်ဆုံးပြောရရင် ယုဇနပလာဇာ
လိုဈေးကြီးပါ။ မြောက်များလှသောဆိုင်တွေနဲ့ အဝတ်အထည်၊ အိတ် စတဲ့လူသုံးကုန်ပစ္စည်းတွေ အကုန်ရောင်းပါတယ်။ ဈေးမေးရင်
တော့ ဈေးကြီးကြီးတွေပြောတက်ပေမယ့် ၃ ချိုးလောက်ဆင်းပြီး ဆစ်ဝယ်ရင်တော့ အလွန်တန်တယ်ပြောရမှာပါ။ အဲ့ဒီဈေးမှာတော့ ဈေး
ဝယ်ဖို့ဆိုရင် ပရိယယ်မာယာတွေ အတော်သုံးရတာပါ။ တစ်ခုခုကိုကြိုက်တယ်ဆိုရင် လိုချင်တဲ့ပုံမပြပဲ မသိမသာကြည့်ပြီး ဈေးမေးတာတို့
ကိုယ်ဆစ်တဲ့ဈေးကို ဈေးရောင်းတဲ့သူကမရဘူးဆိုရင် မယူတော့ဘူးဆိုပြီး လှည့်ထွက်သွားတာတို့အစုံပါပဲ။ တခါတလေဲ ကိုယ်လှည့်ထွက်
သွားတဲ့အခါ ဆိုင်ရှင်ကအရေးတောင်မစိုက်ပဲ ကိုယ့်မှာလိုချင်ရက်နဲ့ ပြန်လှည့်ဝယ်မရတာလဲကြုံရပါ့ဗျာ။ တစ်ဆိုင်များ ဆစ်တဲ့ဈေးကနည်း
လို့ဆိုပြီး မိုက်ရိုင်းစွာပြောတာလဲ တွေ့ရတယ်ဗျာ။ သူတို့ whole sales ရောင်းတာဆိုတော့ တစ်ထည် နှစ်ထည်ဆိုရင်လဲ သိပ်အရေး
မစိုက်တာများပါတယ်။ မာမားတို့ အင်္ကျဆိုင်တစ်ဆိုင်မှာ အလုပ်ရှုပ်နေတုံး ယောင်္ကျားအင်္ကျတွေရောင်းတဲ့ဆိုင်တစ်ဆိုင် ဝင်ကြည့်တော့
ရှားရှားပါးပါး ဆိုင်ရှင်က English လိုနည်းနည်းတက်တယ်ဗျာ။ ဒီတော့ဈေးဆစ်လို့လဲအဆင်ပြေသွားပါတယ်။ မဟုတ်ရင်တော့ Caculator ကိုလက်မှာကိုင်ထားပြီး သူ့ကိုနိုပ်ပြခိုင်း၊ ကိုယ်ကနိုပ်ပြနဲ့ စကားပြောလို့မရပါဘူး။ အဲ့ဒီမှာတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့သူတို့
တွေတော့ အတော်ဝယ်ခြမ်းကြတာ ဟိုတယ်ကို Check Out တိုင်းအမှီမနည်းပြန်လာခဲ့ကြရတယ်။ ဟိုတယ်ကနေ မြို့လည်ကောင်က
Shopping Centre တစ်ခုကိုသွား၊ နေ့လည်စာကို KFC ပဲသွက်သွက်လေးစား၊ ပါပါးကိုKFC မှာထားခဲ့ပြီး အဲ့ဒီမြေအောက်ဈေးဝယ်
စင်တာကို လှည့်ပတ်ဝယ်ကြပါသေးတယ်။ Suzhou ကိုပြန်ဖို့အတွက် Shanghai Central Railways Station ကိုသွားဖို့ အဲ့ဒီကနေ
Shanghai MRT စီးသွားကြတယ်။ ရထားဘူတာရောက်တော့ တော်တော်စောသေးတာနဲ့ ရှိတဲ့ဆိုင်တွေလိုက်လျှောက်ကြည့်ပြီး ညစာကို
တော့ အဲ့ဒီမှာပဲစားဖြစ်တယ်။ ရှန်ဟိုင်းဗဟိုဘူတာကြီးရဲ့ Waiting Area ကိုရောက်တော့ အလွန်အံအားသင့်စရာပါ။ ကြီးကျယ်ခန်းနား
လှတဲ့ Departure Waiting Hall ကြီးပါ။ terminal 3 ရဲ့ Departure Hall ထက်တောင်ကြီးမယ်ထင်ပါရဲ့။ အောက်ထပ်မှာရှိတဲ့ Platform ကို
ဆင်းဖို့ဂိတ်ဝင်ပေါက် (၂) ပေါက်စီရှိပါတယ်။ ၁ ပေါက်ကတော့ရထားရဲ့အရှေ့ပိုင်းအတွက်ဖြစ်ပြီး ၁ ပေါက်ကတော့ ရထားရဲ့ အနောက်ပိုင်းအတွက်ဖြစ်ပါတယ်။ Platform ၃၀ တိတိရှိပါတယ်။

Day 5 Shanghai သို့နောက်တစ်ခေါက်

အစီအစဉ်အရ ဒီနေ့မှာ Suzhou က Water Town ဆိုတဲ့နေရာကိုသွားဖို့ပါ။ မနေ့ကအိမ်ပြန်ရောက်တော့ မာမားတို့ ဝယ်လာတဲ့ အထုတ်တွေ ထုတ်ကြည့်ကြတော့ ဆိုင်တစ်ဆိုင်ကိုဝင်ကြည့်ရင်း အိတ်တစ်အိတ်ကိုမေ့ထားခဲ့တာ သိရတယ်။ ထားလိုက်ရမှာကို နှမြောတဲ့
အစ်မက သူ့ရုံးကကားတစ်စင်းခေါ်ပြီး ရှန်ဟိုင်းကိုပြန်သွားယူမယ်ဆိုတာနဲ့ ဒီမနက်စောစော ရှန်ဟိုင်းကို ကျနော်ရယ်၊ အစ်မရယ်၊
ညီမလေးရယ် (၃) ယောက်သားထွက်လာခဲ့တာပါ။ ကားနဲ့မောင်းသွားတော့ (၁) နာရီလောက်မောင်းရတယ်ဗျ။ မနေ့ကသွားခဲ့တဲ့ ဈေးကြီးကိုတိုက်ရိုက်သွား၊ ကျန်ခဲ့တဲ့ဆိုင်ကိုရောက်တော့ ဆိုင်ရှင်ကအစ်မဝယ်နေကျဆိုင်ဆိုတော့ ချက်ချင်းသိပြီး ကျန်ခဲ့တဲ့ အထုတ်ကို
ထုတ်ပေးပါတယ်။ ကျနော်တို့လဲရောက်တုံးရောက်ခိုက် ထပ်ဝယ်လိုက်သေးတယ်။ ကဲကဲပြန်ကြစို့လို့ ၁၀ ခေါက်ထပ်မနဲပြောပြီးတဲ့
၃ ယောက်သား မနည်းစိတ်ပိုင်းဖြတ်ပြီး Suzhou ကိုပြန်ခဲ့ကြရသည်။ Suzhou ရောက်ပြီး နေ့လည်စာစားပြီးလို့ နားတောင်မနားနိုင်ပဲ Suzhou မြို့ထဲက ဘုရားကျောင်းတစ်ခုကို သွားဖူး၊ အပြန်မှာတော့ Super Market တစ်ခုမှာ ဈေးဝင်ဝယ်ပြီးတဲ့နောက် အိမ်ပြန်နား လိုက်ကြ တော့တယ်။

Day 6 in Suzhou

အစ်မက ဒီနေ့ရုံးတက်ရတော့မှာမို့လို့ ပါပါးကိုအိမ်မှာပဲထားခဲ့ပြီး ကိုယ်ဟာကိုယ် Suzhou မြို့ထဲက ဈေးဝယ်စင်တာတစ်ခုကိုသွားဖို့
အတွက် အစ်မနဲ့တူတူအပြင်ကိုထွက်လိုက်ခဲ့ကြတယ်။ အစ်မရုံးမှာ Hp တစ်လုံးယူရမှာမို့ သူ့ရုံးကိုလိုက်သွားယူ၊ အစ်မစီစဉ်ပေးလိုက်တဲ့
ရုံးကားက ဈေးဝယ်စင်တာကိုလိုက်ပို့ထားခဲ့တယ်။ ဝင်ဝင်ခြင်းကတွေ့တဲ့ ကော်ဖီဆိုင်မှာ ကော်ဖီလေးသောက်မုန့်လေးစားပြီးမှာ အတော်
လေးကြီးတဲ့ စင်တာကြီးကို လိုက်ပတ်ဖြစ်တော့တာ။ မနေ့ကနဲ့တစ်နေ့က Shanghai က Whole Sales Centre မှာဈေးသက်သက်
သာသာနဲ့ ဝယ်ခဲ့ကြတော့ Shopping Centre ကဈေးတွေကြတော့ သိပ်သဘောမကျဖြစ်တော့ဘူးဗျ။ ဒါနဲ့စားစရာတချို့နဲ့ အင်္ကျလေး
ဝယ်ပြီး အိမ်ပဲပြန်လိုက်တော့တယ်။ အဲ့ဒီက Taxi ကတော့ ၁၀ ယွမ်တက်တက်ခြင်းပေးရတယ်ဗျ။ ပြသနာမများပဲ အိမ်ကိုရှောရှောရှုရှု
ရောက်ပါတယ်။ ဒီနေ့က ကျနော့် ၃၂ နှစ်မြောက်မွေးနေ့ဆိုတော့ အစ်မက ကိုရီးယားစားသောက်ဆိုင်မှာ မိသားစုညစာ လိုက်ကျွေးတဲ့
အပြင်၊ ဂျပန်ကုန်တိုက်ကြီးတစ်ခုထဲက ကိတ်မုန့်ဆိုင်ကနေ ကိတ်မုန့်တစ်ခုလဲဝယ်ပေးပါသေးတယ်။ စားသောက်ပြီးအပြန်ကျတော့
အိမ်နားနီးနဲ့ Suzhou Culture and Science Centre မှာကျနော်နဲ့ ညီမလေးဆင်းကျန်ခဲ့ပြီး ဓာတ်ပုံလေးဘာလေးရိုက်၊ အိမ်ကိုလမ်း
လျှောက်ပြန်တာ၊ ထုံးစံအတိုင်း Direction ကြည့်တာနည်းနည်းလေးလွဲတက်တဲ့ ကျနော်၊ Blk ရှိရာ၊ ဝန်းထဲရောက်ခါနီးလေးမှာ နည်းနည်း
ပျောက်သွားလို့ လမ်းဘေးကလူကိုမေး၊ လမ်းဘေးကလူခမျာလဲ I don't know ကိုအတင်းကြိုးစားပြောပြီးတဲ့နောက်၊ ကိုယ့်ဟာကိုယ်
နည်းနည်းလျှောက်ကြည့်လိုက်တော့ ပြန်ရမယ့်လမ်းကိုတွေ့တာနဲ့ အိမ်ကိုပြန်ရောက်ခဲ့တော့တယ်။

Day 7 ( in Suzhou and Departure)

ပြန်ရမယ့် Flight က Mid Night မှဆိုတော့ အားနေတာနဲ့ မနက်ပိုင်းမနေ့က ဓာတ်ပုံကောင်းကောင်းမရိုက်ခဲ့ရတဲ့ Culture Centre ကို
ပြန်သွား၊ Tri Pod ပါယူသွားပြီး ကိုယ့်ဟာကိုယ်ရိုက်၊ ရှုခင်းတွေလဲ ရိုက်ပေါ့။ Culture Centre ကရေကန်ကြီးဘေးမှာ ရှိတဲ့အတွက်
အတော်ကိုလှပါတယ်။ Singapore Espanade ရဲ့အတွင်းပိုင်းပြင်ဆင်မှုထက်တောင် သာတယ်ပြောရမှာပါ။ အဲ့ဒီမှာ No Professional Photo Taking လို့ဆိုင်းလေးတွေတွေ့တယ်ဗျ။ ကိုယ်ဟာကိုယ် ၃ ချောင်းထောက်လေးနဲ့ရိုက်နေတုံး လုံခြုံရေးကရောက်လာပြိး တရုတ်
လိုပြောတယ်၊ ပြီးတော့ ၃ ချောင်းထောက်ကိုလဲပြတယ်။ သူတို့အနေနဲ့ ၃ ချောင်းထောက်နဲ့ရိုက်ရင် Professional ပဲလို့ယူဆထားပုံလဲ
ရပါတယ်။ ခက်တာက ကျနော့်မှာသူတို့ကိုပြန်ရှင်းပြဖို့လဲ မတက်တော့ ကိုယ်ဟာကိုယ်ရပ်နေတဲ့ပုံလုပ်ပြ၊ ခလုတ်ကိုနိုပ်ပြ၊ ပြေးပြနဲ့
Automatic ရိုက်တာဆိုတာကို သိစေချင်တာနည်းနည်းတော့ နားလည်သဘောပေါက်သွားပုံရပါတယ်။ ဒါမယ့် သူများနိုင်ငံမှာကိုယ်မတက်
တဲ့ဘာသာစကားနဲ့ဆိုတော့တစုံတစ်ခုများ ဖြစ်ရင်ရှုပ်ကုန်မယ်ဆိုပြီး ၃ ချောင်းထောက်လေးအသာသိမ်းပြီး တခြားနေရာတွေပဲသွား
လိုက်တော့တယ်။ အဲ့ဒီကနေ Bus ကို ၂ ယွမ်ပေးတစ်မှတ်တိုင်စီးပြီးတော့ မနေ့ညနေက ခဏလေးရောက်ခဲ့တဲ့ ဂျပန်ကုန်တိုက်ရှိရာ
Time Square ကိုသွားတယ်ဗျ။ အတော်ကို ကြီးကျယ်ခန်းနားတဲ့ ကုန်တိုက်ကြီးတစ်ခုဖြစ်ပြီး Orchard Road ထက်တောင်ဈေးကြီး
တယ်ပြောရမှာပါ။ ဈေးဝယ်နေတဲ့လူလဲ တစ်ယောက်မှမရှိသလောက်ပါပဲ။ မြေအောက်ထပ်ထဲဆင်းပြီး ကိုယ်စားချင်တဲ့ လမုန့်တို့၊ တခြား
ဆန်းတာလေးတွေဝယ်ခြမ်းပြီး Taxi စီးအိမ်ပြန်ကာ ပြန်မယ့်အချိန်ကိုအနားယူရင်းပဲစောင့်နေလိုက်တော့တယ်။ ည (၇) နာရီရောက်တော့
အစ်မရုံးက စီစဉ်ထားတဲ့ကားနဲ့ Hangzhou Airport ကိုထွက်ခဲ့ရာ လေဆိပ်ကို ည (၉) နာရီမှာရောက်ပါတယ်။ နာရီဝက်လောက်ထိုင်ပြီး
တော့ Check In Counter မှာတန်းစီနေတာတွေ့တာနဲ့ကိုယ်လဲရောစီနေပြီး ထုံးစံအတိုင်း Web Check In Counter ဖွင့်တော့အမြန်လေး
တန်းပြောင်းစီလိုက်တာ ကိုယ်တို့ကထိပ်ဆုံး။ ခက်တာက Counter Staff ကအသစ်ထင်ပါရဲ့ အနောက်ကသူ့ကိုသင်ပေးတဲ့သူကတောက်
လျှောက်ပြောပေးနေရတာ။ Wheel Chair ကိုတော့ သူတို့စီကလူပဲတွန်းမယ်ဆိုတော့ ပေးတွန်းလိုက်ပြီး ကိုယ်ကနောက်ကလိုက်သွား
တော့တယ်။ တရုတ်လူဝင်မှုကြီးကြပ်ရေးကောင်တာတွေမှာ သီးသန့်ကောင်တာတွေမရှိတော့ Wheel Chair လာရင် ကြုံရာတန်းတစ်ခု
ကိုဝင်ပြီး ကြားဖြတ်လိုက်တော့ အမြဲတမ်းပုံစံတကျ တန်းစီနေတဲ့နေရာကလာတဲ့ ကျနော့်အတွက်မျက်နာအလွန်ပူပါတယ်။ လေဆိပ် gate တွေရဲ့ Waiting Area ကတော့ တစ်ဂိတ်စီခွဲမထားပဲ waiting area ကြီးတစ်ခုထဲမှာပဲထားပြီး သက်ဆိုင်ရာ ဂိတ်နံပါတ်တွေပဲသူ့နေရာနဲ့
သူထားတာတွေ့ရပါတယ်။ သူဟာနဲ့သူတော့ သပ်သပ်ရပ်ရပ် လေးရှိတဲ့ လေဆိပ်ပါပဲ။

အပြန်ခရီးစဉ်ကတော့ အချိန်မှန်ပါပဲ။ ညဖက်ပျံသန်းမှုဖြစ်တဲ့အတွက် ခရီးသည်တွေလဲ သိပ်မဆူနိုင်ပဲ အိပ်နေကြပေမယ့် ကျနော့်မှာတော့
ထိုင်ခုံမတ်မတ်ကြီးနဲ့ အိပ်လို့မရတော့ တညလုံးငိုက်ရင်း စင်္ကာပူကိုပြန်ရောက်ပါတော့တယ်။

ခရီးစဉ်တောက်လျှောက် စိတ်ရှည်ရှည်နဲ့ မေတ္တာစေတနာကြီးမားစွာလိုလေသေးမရှိရအောင် ပြုစုစောင့်ရှောက်ပေးတဲ့ ကျိကျိပြုံး ကို ကျနော့်တို့တစ်မိသားစုလုံးအလွန်တရာကျေးဇူးတင်ကြောင်း ပြောရင်း ဒီ Blog Post ကိုနိဂုံးချုပ်လိုက်ပါသည်။ ။