Sunday, June 23, 2013

စင်္ကာပူတွင် (၇) နှစ်ကြာသောအခါ အပိုင်း (၂) နောက်ဆုံးပိုင်း

အပိုင်း (၂) ပိုင်းခွဲမယ်လို့ စိတ်မကူးထားပေမယ့် ရေးချင်တာတွေ များနေလို့အချိန်အခက်အခဲကြောင့် (၂)ပိုင်းခွဲရေးဖြစ်လိုက်ပါတယ်။ ပထမပိုင်းမှာပြောလက်စ ဝန်ထမ်းရွေးချယ်ရေးနဲ့ ခန့်ထားရေးတို့အတွက် ဆက်ပြောရရင် အင်တာဗျူးခေါ်ဖို့ဆုံးဖြတ်လိုက်တဲ့ လျှောက်ထားသူကို ဖုံးခေါ်၊ ခေါ်လို့မရရင် အီးမေလ်းနဲ့ဆက်သွယ်ပြီး ဘယ်နေ့ဘယ်အချိန်မှာတော့ အင်တာဗျူးလာလို့ရမလားဆိုပြီး လှမ်းဆက်သွယ်ပါ တယ်။ (၂) ဖက်အစဉ်ပြေမယ့် ရက်နဲ့ အချိန်ကိုဆုံးဖြတ်ပြီးတာနဲ့ လျှောက်ထားသူကို အီးမေလ်းနဲ့ အင်တာဗျူးအချိန် နေရာနဲ့ ဘယ်လိုလာရမယ်ဆိုတာ အသေးစိတ်ရေးထားတဲ့ အီးမေလ်းကို ရုံးရောက်ရင် ဖြည့်ရမယ့် လျှောက်လွှာဖောင်နဲ့အတူ ပေးပို့လိုက်ပါတယ်။ ကိုယ်တိုင်ဖြည့်စွတ်ရမယ့် လျှောက်လွှာကို ကြိုတင်ပေးပို့ထားခြင်းကြောင့် (၂) ဖက်လုံးအချိန်ကုန်သက်သာပြီး ရုံးရောက်မှ ကသောကမျော ဖြည့်ရ တက်ထက်စာရင် အများကြီးကောင်းတယ်လို့ ယူဆပါတယ်။ ဒီနည်းကိုတော့ ကျနော်ရင်က အင်တာဗျူးသွားခဲ့ဖူးတဲ့ American MNC ကြီးတစ်ခုရဲ့ HR ကသုံးတာကို ပုံတူယူထားတာဖြစ်ပါတယ်။အင်တာဗျုးခေါ် တဲ့နေရာမှာ အထူးသဖြင့် အလုပ်ခေါ်ရခက်တဲ့ ရာထူးတွေအတွက် အင်တာဗျူးအချိန်နဲ့ ရက်ကိုတခါတယံမှာ ရုံးချိန်ပြင်ပတွေမှာ စီစဉ်ပေးတာတွေ၊ ကျနော်တို့ရုံးရဲ့ နေရာအနေအထား အရ လာရခက်တဲ့အတွက်လိုအပ်ရင် အနီးဆုံး ရထားဘူတာကို အကြိုအပို့လုပ်ပေးတာတွေကို အထူးဝန်ဆောင်မှုနဲ့လုပ်ပေးတာတွေ ရှိပါတယ်။

အလုပ်လျှောက်လွှာမှာတော့ ပိုမိုအသေးစိတ်တဲ့အချက်အလက်တွေ ကို ကိုယ်တိုင်ဖြည့်ခိုင်းခြင်းကြောင့် ပုံမှန်ပေးပို့လိုက်တဲ့ Resume ထက်ကိုယ်သိလိုတဲ့အကြောင်းအရာတွေ ကို အင်တာဗျူးမေးသူတစ်ယောက် အနေနဲ့ ကြိုသိရတာရယ်၊ ကိုယ်တိုင်လက်ရေးနဲ့ ရေးသားရတဲ့အတွက် လက်ရေးပေါ်မူတည်ပြီး လျှောက် ထား သူရဲ့ တိကျမှု၊ အသေးစိတ်ဂရုစိုက်မှုနဲ့ စိတ်နေစိတ်ထား တွေကို ကြိုတင်ခန့်မှန်းပါတယ်။ အဲ့ဒီနောက်တော့ အလုပ်လျှောက်ထားသူအတွက်အမှတ်ပေးစနစ် စာရွက်ကိုအလုပ်လျှောက်လွှာ နဲ့ အခြားအထောက်အပံစာရွက်စာတမ်း များနဲ့အတူ အင်တာဗျူးမေးမြန်းမယ့် ဌာနအကြီးအကဲ ဆီကိုပေးပို့လိုက်ပါတယ်။ လျှောက်ထားသူအတွက်အမှတ်ပေးစနစ် က တော့ အလုပ်လျှောက်ထားသူ ရဲ့ ဝတ်စားဆင်ယင်ပုံ၊ ရုံးထဲဝင်လာရင် ဧည့်ကြိုနဲ့ ဆက်ဆံစကားပြောပုံ၊ လျှောက်ထားတဲ့ အလုပ်နဲ့ပညာအရည်အချင်းဆက်စပ် မှုရှိမရှိ၊ အလုပ်အတွေ့အကြုံ၊ မေးမြန်းတဲ့မေးခွန်းတွေ ကို ပြန်ဖြေပုံ ဖြေနည်း၊ ကိုယ့်ကုမ္ပဏီကို စိတ်ဝင်စားမှု စတဲ့ အသေးစိတ်အချက်အလက် အခု (၂၀) ကို အမှတ်ပေးပြီး ဘယ်လောက်အမှတ်ရရင်တော့ ဖြင့်အလုပ်ခန့်ထားဖို့ စဉ်းစားမယ် မစဉ်းစားဖူးဆိုတာကို ဆုံးဖြတ်ပါတယ်။ နောင်ကျနော်သူငယ်ချင်းများ အင်တာဗျူးသွားခဲ့ ရင် ဧည့်ကြိုကိုလဲ ဂရုစိုက်ပါလို့ အကြံပြုပါရစေ။ အထူးသဖြင့် MNC အဆင့်လုပ်ငန်းကြီးတွေရဲ့ HR ဟာ အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ ကျနော်လက်ရှိအလုပ်လုပ်နေတဲ့ လုပ်ငန်းအဆင့်ကတော့ MNC အဆင့်မဟုတ်ပေမယ့် ကျနော့် အရင် လုပ်ငန်းအတွေ့အကြုံတွေ၊ လေ့လာသင်ယူခဲ့တာတွေ နဲ့ ပေါင်းစပ်ပြီး ကျနော့်ဌာနတစ်ခုလုံးရဲ့ စနစ်အလုံးစုံကို MNC လုပ်ငန်းကြီးများရဲ့ စနစ်အတိုင်းဖန်တီးထားပါတယ်။

ကျနော်စင်္ကာပူမှာနေထိုင်အလုပ်လာခဲ့တာ (၇) နှစ်ကြာတဲ့အခါမှာတော့ လက်ရှိအလုပ်ရှင်ရဲ့ မြှောက်စားမှုကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ရာထူးတစ်ခုနဲ့အတူလက်အောက်ခံအမှုထမ်းတွေကိုအုပ်ချုပ်ကွပ်ကဲရတဲ့ အချိန်အနေမျိုးဖန်တီးလာတဲ့နောက်မှာတော့ ကျနော့်ကိုအဓိက ကူညီပေးရတဲ့လက်ထောက်တစ်ယောက်ရပါတယ်။ ကျနော့်ရဲ့ ပထမဆုံးလက်ထောက်ကတော့ ကျနော်တိုက်ရိုက်ခန့်အပ်တာမဟုတ်ပဲ ကျနော့်သူဌေးကို တခြားတစ်ယောက်ကအကူအညီတောင်းတာကြောင့် အလွန်တရာမှ အကူအညီ ပေးလိုတဲ့ ကျနော့်သူဌေးက ဟိုဖက်ကလူဘာလုပ်တက်လဲ ဘာပညာအရည်အချင်းလဲ မေးမနေတော့ပဲ ခန့်ပေး ပါတယ်။ ကျနော်အလုပ်ဝင်ပြီး (၁) လအကြာမှာတော့ ကိုယ်တော်ချော က တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ စင်္ကာပူကို ရောက်လာပါတော့တယ်။ အဲ့ဒီမှာ တရုတ်လိုမတက်တဲ့ ကျနော်နဲ့ အင်္ဂလိပ်လို လုံးစေ့ ပတ်စေ့မတက်တဲ့ တရုတ်နဲ့ စခန်းသွားရပါတော့တယ်။ သူ့ရဲ့ နောက်ကြောင်းကိုကြည့်တဲ့အခါမှာတော့ ကိုယ်တော်ချောက Microtronic နဲ့ဘွဲ့ရထားတာပါတဲ့ဗျာ။ HR နဲ့မှ ပြဒါးတစ်လမ်းသံတစ်လမ်း ဆို သလို လားလားမှမအပ်ဆက်ပဲ ဘာ တစ်ခုမှ သုံးစားလို့မရပါဘူး။ ကျနော်သိတဲ့ တက်တာတွေကိုသင်ပေးရမှာ မစိုးရိမ်တက်တဲ့ ကျနော် တက်နိုင်သမျှသင်ပေးပေမယ့် သင်သလိုလဲ မလုပ်၊ ခိုင်းသလိုလဲ မလုပ်ပဲ၊ ဘာမှ သာမတက်တယ် ကိုယ့်တောင်ဆရာပြန်လုပ်ချင်ပါတယ်။ (၂) လကျော် (၃) လအကြာမှာတော့ ကျနော့်အထက်က သူဌေးကိုပြော အဲ့ဒီကနေတဆင့် လုပ်ငန်းပိုင်ရှင်သူဌေးကိုပြောပြီး စက်တွေနဲ့ သက်ဆိုင်တဲ့ ဌာနကို ပြောင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။ ကိုယ်တော်ချောက HR မှာ သက်သာနေတော့ မပြောင်းချင်ပေမယ့် အထက်အမိန့်ကြောင့်ပြောင်းပြီးတဲ့ နောက် (၁) လအကြာမှာတော့ တရုတ်ပြည်ကို အလုပ်ထွက်ပြီး   ပြန်သွားပါတော့တယ်။ သူပြီးတော့ ကျနော့်အထက်ကသူဌေးကို ကျနော်အလုပ်စမလုပ်မီထဲက အင်တာဗျူးလုပ်ထားဖူးတဲ့ မလေးတရုတ်ကောင်မလေး တယောက်ကသူ့ကို အလုပ်ရှိလားလှန်းမေးတော့ အစဉ်သင့်ရှိတာနဲ့ ခန့်ထားလိုက်ပါတယ်။ အသက်က (၂၆) နှစ်နဲ့ HR လုပ်ငန်းအတွေ့အကြုံအတော်များများ ရှိပါတယ်။ သူကတော့ စာရွက်စာတမ်းကိစ္စတွေ၊ MOM နဲ့ပတ်သတ်တာတွေကို အကုန်လုံးနီးပါး ကျနော့်ကိုကူညီလုပ်ကိုင်ပေးနိုင်ပါတယ်။ သူနဲ့ကတော့ ဘာပြသနာမှမရှိပေမယ့် ကျနော်ချမှတ်နေတဲ့ ပေါ်လစီတွေ စတင်အသက်ဝင်အကောင်အထည်ပေါ်လာတဲ့အထိ စိတ်ရှည်ပုံမရပါတာကြောင့် ကုမ္ပဏီမှာ စနစ်မရှိဖူးဆိုပြီး (၂)လအကြာမှာ အလုပ်ကထွက်သွားပါတော့တယ်။ လုပ်ငန်းကြီးတစ်ခုလုံးအတွက်ချမှတ်ရတဲ့ပေါ်လစီတွေဟာ ဒီနေ့ချမှတ် မနက်ဖန်မှာ အသက်ဝင်အကောင်အထည်ပေါ်လာတာမဟုတ်ပါဘူး။ အထူးသဖြင့် လက် ရှိ အလုပ်လုပ်နေတဲ့လုပ်ငန်းလို အရင်ကဝန်ထမ်းအမှုထမ်း အယောက်(၃၀) လောက်ရှိတာကနေဗြုန်းဆိုင်းဆို (၂၀၀) လောက်ဖြစ်လာတဲ့အခက် အပြောင်းအလဲကိုချက်ချင်းလက်ခံလို့မရတာရယ်၊လုပ်နေကျလုပ်ရုံးလုပ်စဉ်သာ အကောင်းဆုံးလို့ ထင်နေတာရယ်၊ ဌာနကြီးမှူးများက ဒီကုမ္ပဏီတစ်ခုမှာပဲ အလုပ်လုပ်ဖူးတဲ့အတွက် တခြားလုပ်ငန်းတွေ ဘယ်လိုအလုပ်ကြတယ်ဆိုတာ အတွေ့အကြုံမရှိတာတွေရယ်ကြောင့် အခုလို အပြောင်းအလဲ အသစ်အဆန်းပေါ်လစီတွေ ချမှတ်တဲ့အခါမှာ သူတို့အတွက် လက်ခံဖို့အချိန်ယူရပါတယ်။ ခုနကပြောတဲ့ မရွှေချောထွက်သွားပြီးတဲ့နောက်မှာတော့ ကျနော့်အတွက်လက်ထောက်ကို ကျနော်ကိုယ်တိုင်ရှာဖို့အခွင့်အရေးရလာပါတယ်။ ဒီတခါတော့ အလောတကြီးတွေမခေါ်တော့ပဲ အချိန်လေးယူပြီး အလုပ်လျှောက်လွှာတွေကို အသေးစိတ်စိစစ်လေ့လာပြီးတဲ့ အခါ အခုလက်ရှိကျနော့်လက်ထောက် စလုံးကောင်လေး တစ်ယောက်ကို အလုပ်ခန့်ထားနိုင်ခဲ့ပါတယ်။ HR နဲ့ပတ်သတ်တဲ့ လုပ်ငန်းအတွေ့အကြုံဘာမှမရှိပဲ အခုမှ စလုံးတပ်မတော်ကနေ (၂) နှစ်စစ်မှုထမ်းပြီးလို့ထွက်လာတဲ့အသက် က (၂၃) နှစ်ကောင်လေးပါ။ သူ့ရဲ့ ပညာရေးနောက်ကြောင်း ဟာ အမြင့်ကြီးမဟုတ်ပေမယ့် စင်္ကာပူနိုင်ငံထဲက ကျောင်းမြင့်မြင့်တွေကို ဝင်ခွင့်ရခဲ့ပြီး ဆက်မတက်ပဲ လက်ရှိပညာ အရည်အချင်းတစ်ခုမှာ တန့်နေခဲ့တာကြောင့် ပညာရေးနောက်ခံမမြင့်ပေမယ့် သင်ယူနိုင်မှုစွမ်းအားအတော်မြင့်မားပါတယ်။ တစ်ခုသင်ပေးပြီးရင် နောက်တခါထပ်သင်စရာမလိုပဲ ကိစ္စအဆုံးတိုင်အထိ အမြဲကူညီပေးပါတယ်။ အလုပ်လုပ်ပြီး (၂) လအကြာမှာ ထုံးစံမဟုတ်ပဲ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ပေးထားပြီးတဲ့ နောက် ယနေ့တိုင်ကျနော်နဲ့အတူအမှုထမ်းနေဆဲပါ။ ကျနော့် NYP မှာ တက်နေတဲ့ Specialist Diploma ရဲ့ ပထမဆုံးModule ရဲ့ Lecturer က လက်ချာတစ်ခုမှာ ပြောတယ်၊ ကိုယ်အတွက်လက်ထောက်ခေါ်မယ်ဆိုရင် HR နဲ့ပတ်သတ်တဲ့ အတွေ့အကြုံတစ်ခုမှမရှိတဲ့ သူကို ရှာခေါ်ပါတဲ့ သင်ရတာပိုလွယ်ပါလိမ့်မယ်တဲ့။ အမှန်တကယ်ကိုယ်တွေ့ပါပဲ။

စင်္ကာပူမှာ (၇) နှစ်ကြာတဲ့အခါမှာတော့ မြန်မာတွေအများကြီး နဲ့ တရုံးထဲတူတူအလုပ်စုလုပ်ရတာ မြန်မာပြည်က လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအတွက် မြန်မာဝန်ထမ်းများရှာပေးရတော့ မြန်မာအတော်များများ နဲ့ ဆက်ဆံရတာတွေ ပထမဆုံးအနေနဲ့ ဖြစ်လာပါတယ်။ ပျော်စရာလဲကောင်းသလို တခါတလေ မှာလဲပြသနာလေးတွေ နည်းနည်းပါးပါး ရှိပါတယ်။ သိတဲ့အတိုင်း HR ဆိုတာဌာနကြီးမှူးများအားလုံးအပြင်အလုပ်ရှင်သူဌေး တို့နဲ့ တိုက်ရိုက်စကားပြော၊ သူတို့ဖြစ်စေချင်တာတွေကို လုပ်ပေးဆိုတော့ တချို့အကြောင်းအရာတွေဟာ လုပ်ငန်းပိုင်းဆိုင်ရာ လျို့ဝှက်ရတာတွေရှိပါတယ်။ ကိုယ်ကသိနေတာတွေ ရှိတော့ တခါတလေ ကိုယ့်မြန်မာအချင်းချင်း ဆိုတော့အလွန်အကြွံတွေ မဖြစ်ရလေအောင် ထိမ်းသိမ်းသတိပေးတာတွေကို လုပ်ပေးပေမယ့် ကိုယ့်စေတနာ အတွက်သူများဝေဒနာဖြစ်တာတွေ ဖြစ်တော့သူ့ထိုက်နဲ့သူကံ လို့ပဲသဘောထားလိုက်ရတော့တယ်။ လွန်ခဲ့တဲ့ (၃) လလောက်က ကျနော်တို့ လုပ်ငန်းရဲ့ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီတစ်ခုက မြန်မာပြည်ရုံး အတွက် ဝန်ထမ်းများခန့်အပ်ဖို့ကူညီပေးဖို့ အကူအညီတောင်းတာကြောင့် စင်္ကာပူမှာ ဝန်ထမ်းအတော်များများ ရှာဖွေခန့်ထားရေးအတွက်လုပ်ဖြစ်တယ်။ အဲ့ဒီမှာ ဘာတွေ့လဲဆိုတော့ မြန်မာလူမျိုးများရဲ့ English Communication အတော်ကြီးကို ညံ့ဖျင်းသွားတာကိုပါ။ မေးတာနဲ့ဖြေတာတွေ တခြား၊ မလိုအပ်ပဲမတောင်းဆိုပဲ ရှိသမျှစာရွာက်စာတမ်းတွေ ထုတ်ပြတာ၊ ကျနော့်ဆီကို ဖုံးဆက်ပြီး မြန်မာအချင်းချင်း ကူညီပါဆိုပြီး ကူညီပေးခိုင်းတာ စသည့်ဖြင့် တခြားနိုင်ငံသားးတွေကိုအလုပ်ရွေးချယ်ခန့် ထားတဲ့အရာမှာမတွေ့ရတဲ့ အခက်အခဲတွေကိုရင်ဆိုင်ရပါတယ်။ မြန်မာပြည်အတွက်လစာ ဘယ်လောက်လိုချင်လဲ မေးရင် ဖြင့် ငွေ ၁၈၀၀ အောက်ကိုမလျှော့နိုင်ပေမယ့်အရည်အချင်းတစုံတရာမှမရှိတော့ ကိုယ့် အမိမြန်မာနိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်ဟာ အတော်ညံ့ဖျင်းသွားပါလားဆိုပြီး စိတ်မကောင်းဖြစ်မိတယ်။ Certificate ထက်ကိုယ်တကယ်ဘာလုပ်တက်လဲ ဘာအရည်အချင်းရှိလဲ ဆိုတာပို အရေးကြီးပါတယ်။ တကယ့်ကိုအရည်အချင်းပြည့်ဝတဲ့ မြန်မာတွေလဲ တွေ့ဖူးပါတယ်။ ဥပမာပြောရင် မြန်မာပြည်လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအတွက်စင်္ကာပူကနေ ခန့်အပ်ပေးလိုက်တဲ့ HR Executive တစ်ယောက် ဆိုရင် Communication ဆိုတာပြောစရာမရှိ၊ အရည်အချင်းဆိုတာလဲ တကယ့်ကို လုပ်နိုင်ကိုင်နိုင်တဲ့ တစ်ယောက်ပါ။ သူ့ကိုစင်္ကာပူကျနော့်ရုံးမှာ အင်တာဗျူးခေါ်တော့ ကျနော်က ကျနော့်လက်ထောက် ကောင်လေးကို သင်ပေးတဲ့အနေနဲ့ အင်တာဗျူးခိုင်းပါတယ်။ ကျနော်ကတော့ ဘေးကထိုင်ပေါ့။ ကျနော့်ကောင်က မေးခွန်းစစအဖွင့်ကို Tell Me more about yourself နဲ့စပါတယ်။ တကယ်ဆို အင်တာဗျူးမေးခွန်း တွေထဲမှာ ကျနော်အမုန်းဆုံး မဖြေချင်ဆုံးမေးခွန်းပါ။ လွယ်မယောင်နဲ့ခက်တဲ့မေးခွန်းဆိုတော့ ဒီကောင်ဘာကြောင့်ဒီလိုမေးခွန်းနဲ့ စရပါလိမ့်လို့တွေးနေတုံး ဖြေတဲ့သူက သူ့မေးခွန်းကို အကောင်းဆုံး အင်္ဂလိပ်စာ၊ အပြည့်စုံဆုံးအဖြေကို ဖြေသွားတော့ ကျနော့်ကောင်ဘာဆက်မေးရမှန်းမသိတော့ပဲ ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေတဲ့အခြေအနေကို ကျနော်အမြန်ဝင်ရောက်ကယ်တင်လိုက်ရတဲ့ အထိကို တော်တာပါ။

စင်္ကာပူမှာ (၇) နှစ်ကြာတဲ့အခါမှာတော့ (၈) နှစ်ကြာလောက်ရပ်နားထားတဲ့ ကျနော့်ရဲ့ ပညာရေးကို ပြန်လည်စတင်ဖြစ်ပါတယ်။ ကျနော့်ရဲ့ နောက်ဆုံးဒီပလိုမာကို မြန်မာနိုင်ငံ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကနေ ရယူပြီးတဲ့နောက်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဘာကျောင်းမှဆက်မတက်ဖြစ်ခဲ့ပါဘူး။ ကျနော်ဒီ HR လိုင်းဖက်ကိုသွားမယ်လို့ စိတ်ကူးထဲက စင်္ကာပူကကျောင်းတချို့မှာ ဘွဲ့လွန်ဒီပလိုမာ၊ အထူးပြုဒီပလိုမာ စတာတွေကို ဆက်တက်နိုင်ဖို့လျှောက်ထားခဲ့ပြီး NUS က(၁)ကြိမ်၊ Singapore poly က (၂) ကြိမ်ကျောင်းဝင်ခွင့်ပေးခဲ့သော်လည်း သူတို့သတ်မှတ်ထားတဲ့ ကျောင်းသားဦးရည်မပြည့်မှီတာကြောင့် သင်တန်း များမဖွင့်လှစ်နိုင်ခဲ့ပဲ ဒီနှစ် ၂၀၁၃ မှာတော့ Nangyang Polytechnic ကနေပထမဆုံးဖွင့်အကြိမ်အဖြစ်ဖွင့်လှစ်တဲ့ Specialist Diploma in Human Resources Management အထူးပြုဒီပလိုမှာသင်တန်း ကိုစတင်တက်ရောက်ဖြစ်ပါတယ်။ ကျောင်းလက်ခံပြီး ကျောင်းမဖွင့်ဖြစ်တဲ့ ယခင်အတွေ့အကြုံတွေကြောင့် ကျောင်းစတက်ပြီး စာသင်ခန်းထဲရောက်မှပဲ သြော်ငါတကယ်ပဲ ကျောင်းတက်ရပြီလား လို့ စိတ်ဒုန်းဒုန်းချနိုင်တော့တယ်။ မော်ဂျူး (၆) ခု ကို Semester (၂) ခုခွဲတက်ရပြီး (၉) လပဲ ကြာတဲ့ သင်တန်းဟာ အခုဆိုရင်တော့ First Semester ရဲ့ Last module ကိုရောက်နေပါပြီ။ သင်ကြားလိုက်တဲ့ ပညာရပ်တွေဟာ တချို့ကို ချက်ချင်းလက်တွေ့အသုံးချနိုင်သလို တချို့ကတော့ ကိုယ့်လုပ်ငန်းလို သေးသေးမွှားမွှား ကုမ္ပဏီ နဲ့ မအပ်ဆက်သေးတာတွေပါ။ ဒီသင်တန်းပြီးသွားရင်တော့ ဖြင့် ကျနော့်ဘဝလှေကားထစ်တစ်ခု ကို တဆင့်ထပ်တက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ကျနော့်ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။ ဖတ်ပေးတဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။ ။

Sunday, June 16, 2013

စင်္ကာပူတွင် (၇) နှစ်ကြာသောအခါ အပိုင်း (၁)

ကျနော့်ရဲ့ ပိုစ့်စီးရီးတစ်ခုဖြစ်တဲ့ စင်္ကာပူကို အခြေချနေထိုင်တဲ့ နှစ်ပတ်လည်ရောက်တိုင်း ကိုယ့်သမိုင်းကိုယ် ရေးတဲ့အနေနဲ့ရယ် ကိုယ်ဘာတွေဖြစ်ခဲ့တယ် ဘဝကို ဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆို တချိန်မှာ ပြန်ဖတ်လို့ရအောင် နဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း မိတ်ဆွေ စာဖတ်ပရိတ်သတ်များဖတ်ရအောင် ရေးဖြစ်ပါတယ်။ တချို့သူငယ်ချင်းတွေကတော့ comment ရေးတယ် ပျင်းစရာကောင်းတယ်တဲ့၊ ကျနော်လက်ခံပါတယ်၊ ကျနော့်အကြောင်းကျနော်ရေးတာ ဆိုတော့ ပျင်းစရာကောင်းမှာပါပဲ။ လွန်ခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ကတော့ ကျနော်စင်္ကာပူနိုင်ငံ ကို အခြေချနေထိုင် လာခဲ့တာ (၇) နှစ်မြောက် ရှိခဲ့ပါပြီ။ မဖြှောင့်ဖြူးသော ပန်းခင်းလမ်းမဟုတ်သော ကျနော့်ရဲ့ ဘဝ လှေကားထစ်များကို အခက်အခဲ များကြိုးစားအားထုတ်မှုများစွာနဲ့ လှေကားထစ် တစ်ခုစာ တက်လှမ်းနိုင်ခဲ့ပြီးလို့ နောက်ထပ် လှေကားထစ် တွေ ဆင့်ကဲတက်နိုင်ဖို့ ဆက်လက်ရုံးကန်သွားရအုံးမှာပါ။

ကျနော့်နောက်ဆုံးပိုစ့်တစ်ခုဖြစ်တဲ့ ဖြတ်သန်းခဲ့သော ၂၀၁၂ ခုနှစ်မှာ ကျနော်အလုပ်ပြောင်းရတဲ့ အကြောင်းရေးထားပြီးသားဖြစ်လို့ အသေးစိတ်ထပ်မရေးတော့ပါဘူး။ အမြဲလိုလို ရင်းနှီးနေတဲ့ retrenchment တို့ Layoff တို့ကို ကိုယ်တိုင် နဖူးတွေ့ဒူးတွေ ကြုံဖူးလိုက်ရတော့ အတော်ခါးသီးပါလားလို့ ခံစားမိပါရဲ့။ အကောင်းဖက်ကပြန်လှည့်ကြည့်မယ် ဆိုရင်တော့ အဲ့ဒီ retrenchment သာမရှိခဲ့ရင် ကျနော်လိုချင်တဲ့ career path ပေါ်ကို ဘယ်အချိန်မှရောက်မလဲ၊ ကျနော်လိုချင်တဲ့ decision making level အဆင့်မျိုးကို ဘယ်လို တက်လှမ်းရမလဲ ဆိုတာတွေ အတွက် အဖြေတကယ်ကိုမရှိခဲ့ပါဘူး။ မထင်မှတ်ပဲ ကြိုးစားပမ်း စားအလုပ်ရှာရင်းနဲ့ ရလာခဲ့တဲ့ အခုလက်ရှိအလုပ်အကြောင်း ကို ဒီပိုစ့်ရဲ့ အဓိကအကြောင်းအရာ အနေနဲ့ ရေးမယ်စိတ်ကူးထားပါတယ်။

လက်ရှိအလုပ်လုပ်နေတဲ့ အဆောက်အအုံ အတွင်းပိုင်းအလှဆင် ကန်ထရိုက်တာ တစ်ခုဖြစ်တဲ့ ကုမ္ပဏီဟာ လက်ရှိဝန်ထမ်းအလုပ်သမား အင်အား ၂၂၀ ရှိပါတယ်။ ၂၅%ကတော့ Management Staffs and Technical Staffs လို့ခေါ်တဲ့ ပရိုဂျက်တွေကို အုပ်ချူပ်ကွပ်ကဲရတဲ့ အုပ်ချူပ်မှုဆိုင်ရာဝန်ထမ်းတွေ၊ အလုပ်တင်ဒါတွေကို တွက်ချက်ရတဲ့ ကျွမ်းကျင်မှုဆိုင်ရာ ဝန်ထမ်းတွေ၊ ဝယ်ခြမ်းရေး နဲ့ စာရင်းပိုင်းဆိုင်ရာ တွေအတွက် ပံ့ပိုးအထောက်အကူပြုဝန်ထမ်းတွေ နဲ့ ကျန်တဲ့ ၇၅% ကတော့ တရုတ်ပြည်၊ မြန်မာပြည်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ(ခ်ျ) နိုင်ငံတွေက လက်သမား၊ ဆေးသုတ်သမား က စလို့ အလုပ်ကြမ်းအလုပ် သမားတွေပါ။ ဝန်ထမ်းအလုပ်သမား အင်အား ၂၂၀ အတွက် အုပ်ချုပ်မှုဆိုင်ရာ နဲ့ ပံပိုးမှုများအတွက် ကျနော်နဲ့ ကျနော့် လက်ထောက် အမှုထမ်း (၂) ယောက်ဟာ နေ့စဉ်နဲ့ အမျှ မရိုးနိုင်တဲ့ ပြသနာပေါင်းစုံ ကို ဖြေရှင်းကြရပါတယ်။ ဘယ်လိုပြသနာမျိုးတွေလဲ လို့ ဆိုရင် ၂၅% ရှိတဲ့ ဝန်ထမ်းများအတွက် အဓိက ပံပိုးပေးရတာကတော့ ဝန်ထမ်းရှာဖွေရေး နဲ့ ရွေးချယ်ရေးပါပဲ။ ဇူလိုင် (၂၆)ရက်နေ့ဆိုရင် ကျနော့်လက်ရှိကုမ္ပဏီမှာ အလုပ်လုပ် တာ (၁) နှစ်တိတိရှိခဲ့ပါပြီ။ ၁ နှစ်လုံးလုံး (၁) လမျှ မပြတ်လ တိုင်း ဝန်ထမ်းရှာဖွေခန့်ထားရေးကို လုပ်ကိုင်လာရတာပါ တကယ်တန်းပြောရရင် အတော်ကြီးငြီးငွေ့စရာကောင်းလှပါတယ်။ အဓိကဌာနကြီး တွေ ဖြစ်တဲ့ ပရိုဂျက်ဌာန၊ ကြူအက်(စ်)ဌာန၊ ဝယ်ချမ်းရေးဌာန တွေကတော့ ဝန်ထမ်းအဝင်အထွက် အများဆုံး ဖြစ်ပြီး တကယ်တော် တကယ်တက်လို့ အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းရှာရအခက်ဆုံး ဌာနတွေပါပဲ။ ဌာနတစ်ခုက ဝန်ထမ်းပြည့်သွားရင် နောက်ဌာနတစ်ခုက လိုပြန်ပြီ၊ အဲ့ဌာနပြီးလို့ အေးဆေးပြီကြံကာရှိသေး နောက်ဌာနတစ်ခုကထလာပြန်လို့ ကျနော်နဲ့ ကျနော့်လက်ထောက်က Tsunami wave တွေလို့ ခေါ်ပါတယ်။ လက်ရှိကမ္ဘာဟာ ကျွမ်းကျင်ဝန်ထမ်းများ အလုပ်ခန့်ထားနိုင်ဖို့ အလုအယက် ရှာရဖွေရ ခက်လွန်းတဲ့အတွက် Talent War လို့ခေါ်တဲ့အထိကို ပါပဲ။ ဒီ Talent War ထဲမှာ ကိုယ့်ကုမ္ပဏီ ဝန်ထမ်း ကောင်းတွေနဲ့ ရပ်တည်နိုင်ဖို့အတွက်ကတော့ retain talent strategy လို့ခေါ်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို ထွက်မသွားအောင် ထိမ်းထားနိုင်ဖို့အတွက် မဟာဗျုဟာကောင်းတွေ လိုအပ်ပါတယ်။ ကျနော့် ကိုယ်ပိုင်ပေါ်လစီကတော့ Retain Talent policy ပါ။ ပြသနာရှိနေတဲ့ ဝန်ထမ်းကို ထွက်သွားစေဖို့ သို့မဟုတ် ထုတ်ပြစ်ဖို့ ဆိုတဲ့ ပေါ်လစီဟာ ကျနော့်ရဲ့ နောက်ဆုံးမဖြစ်မနေ အခြေအနေမှာပဲ သုံးဖို့ ထားပါ တယ်။ ရှိနေတဲ့ ဝန်ထမ်းတွေကို ထိမ်းထားပြီး သူတို့ကိုပျော်အောင်ထားဖို့ နည်းလမ်းကောင်းတွေကို အသုံးချခွင့်ရအောင် ကျနော့် မန်းနေဂျင်းဒါရိုက်တာစီက အထောက်အပံ့ရဖို့ အစွမ်းကုန်ကြိုးစားရပါတယ်။ တခါတလေ မန်နေးဂျင်းကနေ အထောက်အပံ့ကောင်းလွန်းလို့ တခြားဒါရိုက်တာတွေက အမြင်ကတ်သည်အထိ ပါပဲ။ သို့သော် ဝန်ထမ်းတွေ မတည်မြဲ မထိမ်းနိုင်ဖြစ်နေရတဲ့ အကြောင်းအရင်း အဓိကအမှန်ကို သိပေမယ့်လဲ Change management Policy အပြောင်းအလဲတွေ ချက်ချင်းအသက်မဝင်နိုင်သေးတာကြောင့် ချမှတ်လိုက်တဲ့ ပေါ်လစီတွေ အသက်ဝင်လာအောင် အချိန်ကာလတစ်ခု တော့ စောင့်ရအုံးမှာပါ။

၇၅% ရှိတဲ့ အခြေခံအလုပ်သမား များစီက တက်လာတဲ့ ပြသနာအများစုကတော့ စည်းကမ်းနဲ့ပတ်သတ်တာတွေ၊ သူတို့နေထိုင်မကောင်းဖြစ်လို့ ဆေးရုံဆေးခန်းလိုက်ရတာတွေပါ။ ကျနော်က ဆောက်လုပ်ရေး လုပ်ငန်းမှာ ပထမဆုံးအလုပ်အတွေ့အကြုံဆိုတော့ အလုပ်သမား တွေ လစာဘယ်လောက်ရတယ် ဘယ်လိုနေထိုင်စားသောက်ကြတယ်ဆိုတာ အမှန်အတိုင်း ဝန်ခံရရင် အရင်ကမသိခဲ့ပါဖူး။ တကယ်တန်း ထဲထဲဝင်ဝင် သိလိုက်ရတဲ့ အခါမှာ သူတို့ရဲ့ ဘဝတွေက ဟိုးရှေးအခါက ငွေဝယ်ကျွန်လိုမျိုးအထိပါပဲ၊ ထားရာနေစေရာသွား၊ ပေးတာယူခိုင်းတာ လုပ် ပြန်မပြောနဲ့ ဆိုသလိုပါပဲ။ ကျနော် ပြောတဲ့အထဲမှာ တရုတ်ပြည် နဲ့ မြန်မာပြည်က အလုပ်သမားတွေမပါဖူး။ ဘင်္ဂလား နဲ့ အိန္ဒိယအလုပ်သမားများ ဟာ သူတို့တိုင်းပြည်ကနေ စင်္ကာပူမှာ အလုပ်လာလုပ်ရဖို့အတွက် အနည်းဆုံး ငွေ ၃၀၀၀ က နေ ၅၀၀၀ အထိပေးကြရပါတယ်။ ဒါတောင် ကျနော့်အလုပ်သမား အေးဂျင့်ကအနည်းဆုံးယူထားလို့ပါ။ အလုပ်စစဝင်ခြင်းမှာ အခြေခံလစာ စင်္ကာပူ ၁၈ ကျပ်ပဲရပါတယ်။ တလမှာ သူတို့ရဲ့ အိုဗာတိုင် ကြေးနဲ့ဘာနဲ့ဆိုရင် တလကို ငွေ ၇၀၀ ကနေ ၈၀၀ လောက်ပဲရပါတယ်။ အဲ့ဒီကနေ ၁၃၀ က နေ ၁၅၀ က ထမင်းစားရိတ်နှုတ်လိုက်ရင်ဖြင့် ငွေ ၅၀၀-၆၀၀ ပဲ သူတို့မှာကျန်ပါတယ်။ ဒီငွေကိုမှ သူတို့ဒီတိုင်းပြည်ကိုလာတဲ့ အခါ အေးဂျင့်ခပေးရတဲ့ ငွေအကြွေးပြန်ဆပ်၊ အတော်များများ ဟာ ပထမတစ်နှစ်မှာ အကြွေးဆပ်တာနဲ့တင်ကုန်ပါတယ်။ ကုမ္ပဏီကအလုပ်ကောင်းလို့ နောက်ထပ်စာချုပ်ထပ်ချုပ်ရင် သူတို့အတွက် မဟာအခွင့်အရေးကြီးတစ်ခုပါပဲ။ လစာငွေ ၁ ကျပ်တိုးဖို့အရေးကို အထက်က ဖိုမင်၊ ဆူပါဗိုက်စာကို မျက်နာလုပ်ရ၊ သူဌေးတွေမန်နေဂျာတွေဆူဆဲရင် ဘာတစ်ခွန်းမှ ပြန်မပြောပဲ အံကြိတ်နားထောင် ပြီး ဆောရီးကို အခါ ၁၀၀ လောက်ပြောကြရ တာပါ။ ဒီကုမ္ပဏီက အလုပ်မလိုတော့ လို့ တခြားကို ပြောင်းရမယ်ဆိုလဲ အလုပ်သမား သွားချင်လား မသွားချင်လားတွေ မေးမနေတော့ပဲ ပို့ဖြစ်တာ၊ သူတို့ခမျာလဲ ဘာကုမ္ပဏီလဲ ဘာအလုပ်လုပ်လဲ တောင် မမေးရှာပဲ အထုတ်လေးပိုက်လို့ နောက်ထပ်ပြောင်းရမယ့် ကုမ္ပဏီနောက်ကို လိုက်ကြရတာပါ။ ကျနော့်ကုမ္ပဏီသူဌေးဟာ တခြားအရာတွေမှာ မကောင်းတာရှိချင်ရှိမယ်ဒီအလုပ်သမား များ နဲ့ ပတ်သတ်လာရင်ဖြင့်အတော်ကြီးကောင်းပါတယ်။ ကျနော့်တို့ရဲ့ ကိုယ်ပိုင်အလုပ်သမားတန်းလျား ဟာဖြင့် စင်္ကာပူတစ်မြို့လုံးမှာ အကောင်းဆုံးလို့ ကျနော်အာမခံပြောနိုင်ပါရဲ့။ အိန္ဒိယ၊ ဘင်္ဂလားနဲ့ တရုတ်နိုင်ငံသားများ အတွက် TV အခန်း သက်သက်စီ (၃) ခန်းမှာ လက်မ ၄၀ LED TV တစ်လုံးကျစီ၊ ဗဟိုထမင်းစားခန်းမှာ ထမင်းစားရင်း အပန်းဖြေဖို့ LED TV တစ်လုံး၊ Computer (၅) လုံးနဲ့ အခမဲ့အင်တာနက်စင်တာ၊ ဒါတင်မကဖူး၊ ကိုယ်ပိုင်လက်တော့ရှိတဲ့ အလုပ်သမားတွေအတွက် Wi-Fi တောင်ဖွင့်ပေးထားသေးဗျာ။ ဒီလောက်ထိကောင်းအောင်လုပ်ပေးထားပေမယ့် တခါတလေ များ လူ့အလိုနတ်မလိုက်နိုင် ဆို သလို လိုအပ်ချက်တွေ ကိုတင်ပြပြီး တောင်းလာတာတွေ လဲ အများကြီးပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေများမှာတော့ သူဌေးက အလုပ်သမားတွေတောင်းဆိုတာ တော်တော်များမျာ ကို ဖြည့်ဆည်းပေးတယ်လို့ ကြားမိပေမယ့် ကျနော် ကိုယ်တွယ် ပြီးတဲ့နောက်မှာတော့ အလုပ်သမားများ အားလုံးကို တိုက်ရိုက်တောင်းဆိုခွင့်တွေ ပိတ်ပင်ပြီး လိုအပ်တာတွေ ကို စိစစ်ပြီးဖြည့်ဆည်းပေးပါတယ်။

အလုပ်သမားများ ကို သနားပေမယ့်လည်း တခါတလေမှာတော့ ဖြင့် ပြတ်ပြတ်သားသား ကိုင်တွယ်ရတာတွေ ကြုံရပါတယ်။ ကျနော့်ရဲ့ဌာန HR Dept ဟာ အလုပ်သမားများ အားလုံးရဲ့ အရေးကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းလေ့ရှိပါတယ်။ အလုပ်သမားများနဲ့ ပတ်သတ်ပြီး ပထမပိုင်းမှာ ကျနော်သဘောထားပျော့ပြောင်းစွာကိုင်တွယ်တော့ ကျနော့် မန်းနေဂျင်းက ပျော့လွန်းတယ်ဆိုပါတယ်။ ကျနော့်ရဲ့ Management Style က Soft Approach ကိုသုံးလေ့ရှိတော့ အလုပ်သမားများနဲ့ ပတ်သတ်လာရင်တော့ တိတိကျကျ နဲ့ Central Command Management စနစ်နဲ့အုပ်ချူပ်မှရနိုင်မယ်ဆိုတာ တဖြည်းဖြည်း နဲ့ သဘောပေါက်လာပါတယ်။ ဒီစနစ်နဲ့ ပထမဆုံးကိုယ်တွယ်တဲ့ ပြသနာက (၂) ခုပါ။ တစ်ခုကတော့ တရုတ်နှစ်ကူးအချိန်မို့လို့ သူဌေးရဲ့ ကိုယ်စားလှယ်ကနေတဆင့် အလုပ်သမား တွေကို အန်ပေါင်းပေးပါတယ်။ အလုပ်ကြိုးစားတဲ့ပေါ်မူတည်ပြီး စာအိတ်အနီထဲမှာပါတဲ့ ငွေ က ကွာပါတယ်။ အဲ့ဒီအလုပ်သမား တစ်ယောက်ကတော့ နေတာကြာတော့ လူပါးဝတဲ့အထဲပါတယ်ပေါ့ဗျာ။ အန်ပေါင်းရတော့ စာအိတ်ကို ဖွင့် ကြည့်ပြီး ပေးတဲ့လူရဲ့ရှေ့မှာတင် လွှင့်ပြစ်ပါတယ်တဲ့၊ သဘောကတော့ ပါတဲ့ငွေက မပြောပါ့လောက်ဖူးပေါ့ဗျာ၊ သူကသူ့ကိုယ်သူဒီထက်မက ပိုရထိုက်တယ်လို့ထင်ထားတာပါ။ တရုတ်ယဉ်ကျေးမှုအနေနဲ့ ပေးတဲ့ အန်ပေါင်းကို လွှင့်ပြစ်တယ်ဆိုတာ တနည်းအားဖြင့် ပုန်ကန်စော်ကားတာပါပဲ။ Report ရလျှင်ရချင်းပဲ ချက်ချင်းဆင့်ခေါ်ပြီး WP ကိုသိမ်း၊ အလုပ်ထုတ်ပြီး ဘင်္ဂလားပြည်ကို နောက်နေ့မှာပဲ ပြန်ပို့ပလိုက်ပါတယ်။ နောက်တစ်ယောက်ကတော့ ခုနက တစ်ယောက်နဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ အလုပ်သမား တန်းလျားက သူ့အိပ်ယာမှာ ရှုပ်ပွနေလို့ ဒဏ်ငွေချတာကို မကျေနပ်လို့ ဒဏ်ငွေချတဲ့ အမိန့်စာကို စုတ်ဖြဲပြစ်ပြီး ကျနော့် ရုံးအထိတက်လာပြီး စောဒကတက်ပါတယ်။ အလုပ်သမားများဟာ မဆင့်ခေါ်ပဲ ကျနော်တို့ရုံးပေါ်ကို တက်ဖို့အခွင့်မရှိပါဘူး။ ဒါလဲ ပုန်ကန်တယ်လို့စွဲချက်တင်ပြီး ချက်ချင်းအလုပ်က ထုတ်ပယ်ပြစ်လိုက် ပါတယ်။ အဲ့ဒီ (၂) ယောက်ကို ပြင်းပြင်းထန်ထန် အရေးယူပြီးတဲ့နောက်မှာတော့ဖြင့် ကျန်တဲ့အလုပ်သမား အားလုံး ငြိမ်ဝပ်ပိပြားသွားပါတော့တယ်။ စည်းရုံးရေးဆင်းပြီး ထိမ်းသိမ်းတဲ့နည်းလမ်းအနေနဲ့တော့ ဖြင့် လွန်ခဲ့တဲ့လ မှာ လုပ်လက်စ ပရိုဂျက်တစ်ခုကို ကြိုတင်အကြောင်းမကြားပဲ KFC တွေဝယ်ပြီးသွား၊ အလုပ်သမားများ နဲ့ အတူ သူတို့ဘင်္ဂလားထမင်းကို သူတို့နဲ့အတူကြမ်းပေါ်ထိုင်လို့သူတို့လို စက္ကူပေါ်မှာ ဟင်းရည်ဆမ်းပြီးစား စကားစမြည်ပြော တော့ သဘောတွေကျပြီး အလုပ်တွေအတော်ကြိုးစားလုပ်ကြရှာပါတယ်။

Management Staff လို့ခေါ်တဲ့ အုပ်ချူပ်မှုဆိုင်ရာ ဝန်ထမ်းများအတွက် ဝန်ထမ်းရှာဖွေခန့်အပ်ရေးဟာဖြင့် အင်မတန်မှ သိမ်မွေ့နက်နဲ ခက်ခဲလွန်းလှပါတယ်။ လစ်လပ်နေရာပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ် စေမပေါ်သည်ဖြစ်စေ အမြဲလိုလို သတင်းတွေကို ထောက်လှမ်းလေ့လာနေရပြီး၊ အလုပ်လိုအပ်ကြောင်းကြော်ငြာတွေကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပြီး အမြဲလိုလို ကြိုတင်ကြော်ငြာထုတ်ပြီး အလုပ်လျှောက်လွှာတွေကို လက်ခံထားလေ့ရှိရပါတယ်။ တခါတလေမှာတော့ ဝန်ထမ်းဖက်ကသူ့သဘောနဲ့ သူထွက်ကြသလို၊ အုပ်ချုပ်ရေးဖက်က မလိုလားတော့လို့ဖိအားပေးထွက်စေတာတွေ အတွက်သင့်တော်တဲ့ ဗျူဟာ အသေးလေးတွေအသုံးပြုရပါတယ်။ ဝန်ထမ်းခန့်အပ်ရေးအတွက် ကျနော့်ရဲ့ ကိုယ်ပိုင်ပေါ်လစီအနေနဲ့ ဘယ်နိုင်ငံသား၊ ဘယ်သူ့ကိုမှ မျက်နာမလိုက်ပဲ ကိုယ့်ကုမ္ပဏီအတွက် သင့်တော်တဲ့ ဝန်ထမ်းတစ် ယောက်ရရှိရေး ကိုပဲ ရှေးရှုပါတယ်။ သို့သော် စင်္ကာပူအစိုးရရဲ့ မူဝါဒအရ မဖြစ်မနေ ဦးစားပေးအနေနဲ့ စင်္ကာပူနိုင်ငံသားများကို အဓိကဦးစားပေးရွေးချယ်ခေါ်ယူရပါတယ်။ ဗဟုသုတ အနေနဲ့ပြောရရင်ဖြင့် ကျနော့်ရဲ့ စနေသတင်းစာ ကြော်ငြာတစ်ခုအတွက် ပုံမှန်အားဖြင့် အလုပ်လျှောက်လွှာ ၁၀၀ ကနေ ၂၀၀ အထိရလေ့ရထရှိပါတယ်၊ အထူးသဖြင့် ပရိုဂျက်ပိုင်းဆိုင်ရာ အလုပ်တွေခေါ်ယူတဲ့နေရာ၊ ကြူအက်စ်နေရာတွေ မှာပါ။ ဒီလျှောက်လွှာ အီးမေလ်း ပေါင်းများစွာအတွက် တခါတလေ နေ့တစ်ဝက်လောက်ထိအောင် ရှင်းရပါတယ်။ တခြား HR တွေတော့ မပြောတက်ဖူး ကျနော်ကတော့ အပေါ်စာလို့ခေါ်တာ့ Cover letter ကို အတိအကျ ဖတ်လေ့မရှိပါဖူး။ ဖတ်ဖို့လဲ အချိန်မရှိပါဖူး။ MS Outlook 2010 ရဲ့ MS Word Preview ကနေ လျှောက်ထားသူရဲ့ ကိုယ်ရေးအကျဉ်းကိုပဲ အမြန်ဖတ်လေ့ရှိပါတယ်။ ကိုယ်ပစ်မှတ်ထားတဲ့ လျှောက်ထားသူဆိုရင် နောက်ပိုင်းအလုပ်ရာဇဝင်ကို ဆက်ဖတ်ပါတယ်။ အဲ့ဒီမှာမှ ကိုယ့်အလုပ်လိုအပ်ချက်နဲ့ ကိုက်ညီတယ်လို့ယူဆရင် အင်တာဗျုးခေါ်ယူဖို့လျှာထားစာရင်းထဲထည့်လိုက်ပါတယ်။ ကျနော်ရဲ့ ပစ်မှတ်က ဖြင့် စင်္ကာပူနိုင်ငံသားကိုပဲ ခန့်ရမယ်ဆိုရင်တော့ ဖြင့် အချိန်ကုန်ခံပြီး လျှောက်ကြည့်မနေတော့ပါဘူး။ ကျနော့်ဖက်ကမြင်ရတဲ့ e-mail display name က အမည်ကိုကြည့်ပြီး ပမာဏရွေးချယ်မှုကို လုပ်ပါတယ်။ တခြားအလုပ်ရှာဖွေရေး website တွေကကြော်ငြာများအတွက်တော့ Auto Screen Function တွေပါတဲ့အတွက် ကိုယ်မလိုအပ်တဲ့ နိုင်ငံသားဆိုရင် သူ့အလိုလို ဖယ်ထုတ်ပြီးသားဖြစ်သွားတော့ ကိုယ် ဖတ်ရတာ သက်သာပါတယ်။ ခုနကပြောတဲ့ ပမာဏရွေးချယ်လိုက်တဲ့အထဲကမှ ထပ်ပြီး ၂ ယောက် သို့မဟုတ် ၃ ယောက်လောက်ကို သက်ဆိုင်ရာဌာနအကြီးအကဲဆီကို ပို့ပြီး အင်တာဗျူးဖို့ စိတ်ဝင်စား လား စိတ်မဝင်စားဖူးလားဆိုတာ ကို မှတ်ချက်တောင်းပါတယ်။ တချို့ ဝန်ထမ်းနေရာတွေကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပြီး အင်တာဗျူးခေါ်ပါတယ်။ စင်္ကာပူနိုင်ငံသား ခေါ်လို့မရလို့ နိုင်ငံခြားသားထဲမှာမှ တခြားနိုင်ငံ သားမရှိလို့ မြန်မာကိုမှ ပမာဏရွေးချယ်ထားတယ်ဆိုရင်တော့ တယ်လီဖုံးဆက်ပြီး ဖုံးအင်တာဗျူးအရင်လုပ်ကြည့်ပါတယ်။ ဖုံးထဲမှာ စကားပြန်ပြောနိုင်မှုပေါ်မူတည်ပြီး အင်တာဗျုးခေါ်ဖို့မခေါ်ဖို့ဆုံးဖြတ်ပါတယ်။

ဒီနေ့စာစရေးတာနောက်ကျသွားလို့ အပြီးသတ်ရေးမယ်စိတ်ကူးထားပေမယ့် မရေးနိုင်တော့လို့ စင်္ကာပူတွင် (၇) နှစ်ကြာသောအခါ အပိုင်း (၂) နောက်ဆုံးပိုင်းကို ကျနော်ရှေ့တပါတ်မှာကြိုးစားဆက်ရေး ပါ့မယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Tuesday, January 1, 2013

ဖြတ်သန်းခဲ့ သော ၂၀၁၂ ခုနှစ်


ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၂၀၁၂ ခုနှစ်ကို ကျနော်ဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆိုတာ မှတ်တမ်းတင်တဲ့ ကျနော့်
ဘဝမှတ်တမ်းသက်သက်ပါ။ ကျနော့် blog ကို ကြုံရင်ကြုံသလိုအားပေးကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမ တွေအားလုံး ၂၀၁၃ခုနှစ်မှာ သာယာဖြှောင့်ဖြူးတဲ့ ဘဝခရီးလမ်းကို လျှောက်လှန်းနိုင်ကြပါစေကြောင်း
နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သပါတယ်။

၂၀၁၂ ခုနှစ်ဟာ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနေတဲ့ ကျနော့်ဘဝ ကို နည်းနည်းလှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုတွေမဖြစ်ခဲ့ပေမယ့် ကျနော့်လိုချင်တဲ့ career path ပေါ်ကို အောင်အောင်မြင်မြင် မထင်မှတ်ပဲရောက်ရှိခဲ့တယ်လို့ မှတ်ယူရမှာပဲ။

၂၀၁၂ ခုနှစ်အတွင်းကိုတော့ ဘယ်နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲမှ မသွားပဲ အိမ်ကနေပြီးတော့ ၂၀၁၂ ခုနှစ်
အတွင်းကို ချင်းနင်းဝင်ရောက်ခဲ့ပြန်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာတော့ရန်ကုန်ကို အစီအစဉ်
တစ်စုံတရာမရှိပဲ ပြန်ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူတွေကို ကားပါမစ်ပေးမယ်ဆိုလို့ပါ။ အသေးစိတ် ကိုတော့ မဖတ်ရသေးတဲ့ သူများအတွက် ကျနော်နှင့်ကားပါမစ် ကိုသွားဖတ်ကြည့်နိုင်ပါတယ်။

၂၀၁၂ ခုနှစ် ဖေဖဝါရီမှာတော့ မိသားစုနဲ့အတူ ဟောင်ကောင်ကိုခရီးထွက်ဖြစ်ပါတယ်။ အဲ့တာလဲ တကယ် တန်းတော့ စီစဉ်ထားတဲ့ ခရီးစဉ်မဟုတ်ပဲ စင်္ကာပူမှာနေကြတဲ့ ကျနော့် ဝမ်းကွဲအမ နဲ့ ညီဝမ်းကွဲ တို့
ဟောင်ကောင်ကို အလည်သွားမယ်ဆိုတော့ ကျနော့်အမေကို ထည့်ပေးလိုက်မယ်ဆိုပြီး Cathay Pacific Promotion လက်မှတ်ကို ဝယ်လိုက်ပြီးကမှ မာမား ပါတ်စ်ပို့ ၆ လ သက်တမ်းမရှိတော့တာကို သတိထားမိ
ကြပါတယ်။ အဲ့ဒါနဲ့ လက်မှတ်ကို ပိုက်ဆံထပ်ပေးပြောင်းပြီးတော့ ကျနော်ပဲ လိုက်ပို့လိုက်တော့မယ်ဆို
တော့ ရန်ကုန်မှာရှိနေကြတဲ့ အဖေနဲ့ ညီမနဲ့ကလဲ သူတို့ပါလိုက်မယ်ဆိုပြီး ဂျီကျတာနဲ့ သူတို့ကို
ဘန်ကောက်ကတဆင့် ဟောင်ကောင်ကို လာ ကျနော်တို့ သားအမိ နှစ်ယောက်က စင်္ကာပူကနေသွားပြီး
ဟိုမှာဆုံကြပါတယ်။ ဟောင်ကောင်ရာသီဥတုက အေးနေတော့ ပါပါး သိပ်ပင်ပင်ပန်းပန်း မရှိပဲ သွားလာနိုင်
ပါတယ်။

၂၀၁၂ ခုနှစ် မတ်လထဲမှာတော့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ အမတစ်ဝမ်းကွဲ အလုပ်လုပ်တဲ့ US MNC ကြီးရဲ့
Singapore Office ကနေ အလုပ်ခေါ်တာကို သတင်းစာမှာတွေ့တော့ အမကိုလှန်းပြောပြီး လျှောက်မိပါ
တယ်။ အမေရိကန် MNC ကြီးတစ်ခုဖြစ်တာနဲ့ အမျှ ဖြတ်သန်းရတဲ့ အလုပ်လျှောက်ထားမှု အဆင့်ဆင့်ဟာ
ကျနော်ကြုံဖူးသမျှ အခက်အခဲဆုံးနဲ့ နောက်ဆုံး Shortlisted Interview Process ဟာလည်း ကျနော့်ဘဝ ရဲ့ အခက်အခဲ ဆုံး အင်တာဗျူး တွေပါပဲ။ အဲ့ဒီမှာ ကိုယ်ကိုကိုယ် ဘာကို သတိပြုမိသွားလဲ ဆိုတော့ ကျနော်
အတော်လေး တုံးသွားပါလား ဆိုတာပါပဲ။ Jurong Island ဆိုတဲ့ ကျွန်းပေါ်မှာ ထိုင်ပြီး နေ့စဉ် မပြောင်းလဲ
တဲ့ အလုပ်တွေလုပ်ပြီး တိုးတက်မှုတစ်စုံတရာ မရှိလာပါလား ဆိုပြီး သုံးသတ်မိပါတယ်။ ဒီ အင်တာဗျူး
မအောင်မမြင်ဖြစ်ခဲ့တာကိုလဲ အတော်ကြီးကို ဝမ်းနည်းမိပါတယ်။ အဲ့ဒီအလုပ်ကိုလျှောက်ထား ခဲ့တဲ့
အကြောင်း ကိုတော့ ကျနော့်တခြား အရင်က အင်တာဗျူးဖြေခဲ့တာတွေနဲ့ ပေါင်းပြီး
ကျနော့်နှင့်အင်တာဗျူးများ အပိုင်း ၁ ဆိုပြီး ရေးဖြစ်ပါတယ်။ အဲ့ဒီကစလို့ ကျနော်တော့ နေ့စဉ်ဒီလိုပဲသွား
နေရင် development ဖြစ်မလာနိုင်ဖူးလို့ ကောက်ချက်ချပြီး အလုပ်ကို ပြင်းပြန်းထန်ထန် ရှာပါတော့တယ်။
ဒါပေမယ့် အဲ့ဒီအခြေအနေကာလရဲ့ job market မကောင်းတာကြောင့်လား၊ ကိုယ်ပို့တဲ့ resume ကိုပဲ
စိတ်မဝင်စားတာကြောင့်လားတော့ မသိဖူး အင်တာဗျူး တစ်စုံတရာမှ မရခဲ့ပါဘူး။

မတ်လကုန်ပိုင်းမှာတော့ ဆွီဒင်အခြေစိုက် MNC တစ်ခုရဲ့ Singapore Office ကနေအင်တာဗျူးလာဖို့
ခေါ်ပါတယ်။ အင်တာဗျူးသွားတဲ့ တခါတလေများ ကျနော့်မိတ်ဆွေတွေ စိတ်ထဲမှာ ခံစားမိလားတော့ မသိဘူးဗျ၊ ရုံးထဲဝင်သွားလိုက်တာနဲ့ ကိုယ်အလုပ်လုပ်ရမယ့် ရုံး၊ ဒီအလုပ်ရလိမ့်မယ်လို့ လေ။ ကျနော့် အတွေ့အကြုံအရတော့ ကျနော်ခံစားမိတယ်။ အဲ့ဒီရုံးကိုရောက်ပြီးတော့ အင်တာဗျုးဖြေဖို့စောင့်နေရတဲ့အချိန်လေး
မှာပဲ ကျနော်တော့ ဒီအလုပ်ကိုရလိမ့်မယ်လို့ ခံစားမိတယ်။ အင်တာဗျုးကို Regional Director နဲ့  Finance & HR Manager ၂ ယောက်မေးပါတယ်။ ဘာမှထွေထွေထူးထူး ခက်ခက်ခဲခဲ တွေ မမေးကြပါဘူး။ သာမန် မေးရိုးမေးစဉ်မေးခွန်းတွေလောက်ပဲ မေးပါတယ်။ အသေးစိတ်ကိုတော့ ကျနော့် post series တစ်ခုဖြစ်တဲ့ စင်္ကာပူမှာ ၆ နှစ်ကြာသောအခါ မှာရေးထားပြီးသးဖြစ်လို့ ထပ်မရေးတော့ပါဘူး။

၂၀၁၂ ခုနှစ် ဧပြီလ (၃) ရက်နေ့မှာတော့ ကျနော် အလုပ်အသစ်ဖြစ်တဲ့ OSM Singapore မှာ အလုပ်စဝင်
ဖြစ်ပါတယ်။ အဲ့ဒီအလုပ်မှာလဲ Sankyu Singapore မှာနေခဲ့တုံးက ထက်ပိုပြီး အားလာတယ် အချိန်အပိုနဲ့
လေ့ကျင့်ခန်းလုပ်တဲ့အချိန်ပိုရလာပါတယ်။ မနက်ပိုင်းရုံးမသွားမီနာရီဝက်လမ်းလျှောက်၊ ရုံးကပြန်ရင်ရေကူး
နဲ့ အတော်လေးအစဉ်ပြေပါတယ်။ အဲ့ဒီအလုပ်မှာတော့ ကျနော့် Professional Experience အပြင် ကိုယ်
ပိုင်အတွေ့အကြုံတွေနဲ့ လုပ်ငန်းတွင်းမှာ အတော်အစဉ်ပြေပြေ လုပ်နိုင်ပေမယ့်၊ တချို့အပိုင်းတွေမှာတော့
အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတာ သတိထားမိပါတယ်။ အရင်ကအလုပ်သမားများနဲ့ သာဆက်ဆံ
ရတဲ့ ကျနော့်မှာ Management Staff တွေနဲ့သာဆက်ဆံရတဲ့အခါမှာ အတော်လေးသတိထားရပါတယ်။
ဆိုလိုတာက ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးလေးလုပ်ပြနေပေမယ့် နောက်ကွယ်ကနေဓားနဲ့ ထိုးနိုင်တဲ့ အနေ အထားပါ။ OSM Singapore မှာ အလုပ်ဝင်ပြီးလို့ မကြာသေးဘူး မြန်မာ Company ကြီးဖြစ်တဲ့ Yoma Strategic (FMI) မှာ လက်ဆော့ပြီးအလုပ်လျှောက်လွှာတင်ခဲ့တဲ့ ကျနော့်ကို အင်တာဗျူးလာဖို့ခေါ်ပါတယ်
မြန်မာပြည်ပြန်ပြီးအလုပ်လုပ်မယ်လို့ ရည်ရွယ်ချက်မရှိပေမယ့် အင်တာဗျူးခေါ်ရင် မငြင်းတက်တဲ့ ကျနော်
FMI နဲ့ Interview & Career discussion တွေကို FMI ရဲ့ HR Consultant နဲ့(၃)ကြိမ်၊ Yoma Strategic ရဲ့ CEO နဲ့ (၁) ကြိမ်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ ကျနော့် blog ကနေပြီး
ပြည်တော်ပြန်အလုပ်လုပ်ကြမှာလား ဆိုတဲ့ ပိုစ့်ကိုရေးဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လထဲမှာတော့ OSM Group ရဲ့ CEO ဟာ group ကြီးတစ်ခုလုံး အကြီးအကျယ်အရှုံးနဲ့
ရင်ဆိုင်နေရတာနဲ့ ပတ်သတ်ပြီး နှုတ်ထွက်လိုက်ရပါတယ်။ Europe Crisis ရဲ့ effect ဟာ နောက်ဆုံး
Singapore အထိရောက်လာပါတော့တယ်။ CEO နှုတ်ထွက်ပြီးထဲက အခြေအနေသိပ်မဟန်ဖူးဆိုတာ
သတိထားမိတော့ online ပေါ်ကနေအလုပ်လေးတွေ နည်းနည်းစီ စပြီးလျှောက်ထားနှင့်ပါတယ်။ ထင်ထား
တဲ့အတိုင်းပါပဲ ၂၀၁၂ ဇူလိုင်လဆန်းမှာ Group President တစ်ယောက် Singapore ကိုလာပြီး သူတို့ရဲ့
restructure ကိုစတင်အကောင်အထည်ဖော်ပါတယ်။ ထုံးစံအတိုင်း cost saving စလုပ်မယ်ဆိုရင် အကုန်
အကျအများဆုံးဖြစ်တဲ့ လစာတွေကို လျှော့ချရမှာဆိုတော့ Singapore Office တစ်ခုလုံးရဲ့ Supporting Staffs တွေအကုန်လုံးကို laid off လုပ်ရတော့တာပါပဲ။ Last in First Out policy အရ ကျနော်က နောက်
ဆုံးမှရောက်လာတဲ့ ဝန်ထမ်းဆိုတော့ ကျနော်ကို ထိပ်ဆုံးကပဲ နှုတ်ထွက်ဖို့ notice ပေးပါတယ်။ ၃ လ
မပြည့်သေးတဲ့အတွက် notice period ကို ၁ ပါတ်သာပေးလို့ရပေမယ့် MD ကသဘောကောင်းစွာနဲ့ ၁ လ အထိခွင့်ပြုကြောင်း၊ ဒီတစ်လအတွင်းမှာလဲ အလုပ်အင်တာဗျူးများကို ခွင့်ယူစရာမလိုပဲ သွားဖို့၊ ရုံးက
တခြားအလုပ်တွေကိုလည်း အရေးကြီးတာလောက်ပဲလုပ်ဖို့ ပြောပြီးခွင့်ပေးပါတယ်။

ဇူလိုင်လဟာ ထုံးစံအားဖြင့် Job Market ထဲမှာ အလွန်ပဲ demand များတယ်ပြောရမှာပါ။ ကျနော်လျှောက်
ထားသမျှရဲ့ ၁၀% လောက် response ပြန်လာပါတယ်။ အလုပ်ကို ပြင်းပြင်းထန်ထန် စရှာတဲ့နေ့ကစလို့
နေ့စဉ်အင်တာဗျူးရပါတယ်။ ကျနော့်အခြေအနေဟာ ဟိုး အရင် ၆ နှစ်ကျော်က စင်္ကာပူကို ပထမဆုံး
စရောက်ခါစကမျိုးပါပဲ။ အလုပ်နဲ့ နေရာကိုသိပ်ရွေးလို့မရပဲ ပေးတဲ့လစာ အခြေအနေကောင်းရင် လုပ်ရ
မယ်ဆိုသလိုပါပဲ။ အင်တာဗျူးတွေရပေမယ့် အလုပ်ရဖို့ရာ မျှော်လင့်ချက်ကသိပ်မရှိသေးပါဘူး။ ဒီတခေါက်
အလုပ်ရှာတဲ့ အခါမှာ သတိထားမိတာလေး တစ်ခုက Employment Agency တွေဟာ အတော်လေး ကြိုး
စားပမ်းစား အလုပ်ရှာပေးတာကို သတိထားမိပါတယ်။ ဒီတစ်ခေါက်အလုပ်ရှာရတာအင်မတန်မှစိတ်ပင်ပန်း
လူပင်ပန်းဖြစ်ရပါတယ်။ မှတ်မှတ်ရရ အင်တာဗျုးတစ်ခု အနေနဲ့ Watami Japanese restaurant က HR Officer ရာထူးအတွက် အင်တာဗျူးပါ။ First Interview Process မှာ English Test ဆိုပြီး letter writing ရေးခိုင်းပါတယ်။ ကျနော့်ဘဝရဲ့ အင်တာဗျူးပေါင်းများစွာထဲမှာ ဒါပထမဆုံးပါပဲ။ နောက်ထပ်ပထမဆုံးတစ်ခု
ကတော့ သူတို့နဲ့ပါပဲ။ Second interview လာခိုင်းတော့ သူတို့ရဲ့ so call HQ ကိုသွားတယ်ပေါ့ဗျာ။ သူတို့ရုံးခန်းလေး က bugis က National Library ရှေ့မှာပါ။ ရုံးခန်းတစ်ခုလုံးက HDB တိုက်ခန်းက living room လောက်ပဲရှိပါတယ်။ သိထားတာကတော့ 2nd Interview ကို GM ကမေးပါမယ်။ neck tie ဝတ်ခဲ့ပါ
တဲ့။ အဲ .. အင်တာဗျူးကို neck tie ဝတ်သွားတာလဲပထမဆုံးပဲဗျ။ နောက်တော့ GM က Korea မှာရောက်
နေလို့ Video Conference နဲ့ မေးပါမယ်တဲ့။ အဲ့တာကို ကြိုတင်ပြောထားတာလဲ မဟုတ်ပါဖူး။ ကျနော့်
ဘဝရဲ့ ပထမဆုံး Video Conference Interview ပါ။ Skype နဲ့ ဖြစ်ပြီးတော့ သူ့ဖက်က ရုပ်ကိုမပြပါဖူး။
တကယ်တန်း video conference တွေဟာအဲ့လိုမဟုတ်ပါဖူး။ 2 ways face to face ဖြစ်ရမှာပါ။ သူ့ဖက်
ကိုမမြင် ရတဲ့ အခါမှာ ကိုယ့်ဖက်ကပြောရတာက ကွန်ပြူတာကိုစကားပြောနေရသလိုဖြစ်နေတော့ အတော်
ကြီးအဆင်မပြေလှပါဖူး။ မေးတာတွေနဲ့ ဖြေတာတွေလဲ လွဲပြီး အလွဲလွဲအချော်ချော်နဲ့ 2nd interview ပြီး
သွားပါတော့တယ်။

၂၀၁၂ အတွက်ဇူလိုင်လကတော့ ကျနော့်အတွက် အခက်ခဲဆုံးအခြေအနေပါပဲ။ ရုံးပြေးတက်၊ အလုပ်
လျှောက်၊ အင်တာဗျူးရရင်သွား။ ဒီကြားထဲ ဧပြီလထဲက စတင်လေ့ကျင့်ခဲ့ရတဲ့ စင်္ကာပူနိုင်ငံအမျိုးသားနေ့ အတွက်ကြိုတင်ပြင်ဆင်လေ့ကျင့်မှုကလဲ တစ်ပါတ်မှာ ၂ ရက်ဆိုတော့ တခါတလေ တစ်နေ့ထဲ အင်တာဗျူး ၂ ခုသွားရတဲ့ နေ့တွေမျိုးဆို အတော်ကြီးကို အားယူပြီးသွားရတာမျိုးတွေ ကြုံရပါတယ်။ ဇူလိုင်လရဲ့
တတိယပါတ်လောက်မှာ မြို့ထဲမှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့ HR Officer Post အတွက် အင်တာဗျူးရပါတယ်။
အဲ့တာလဲ မှတ်မှတ်ရရ ဗျာ၊ အမျိုးသားနေ့အတွက် Soka Association ရဲ့ဆုတောင်းတဲ့ ပွဲအလည်မှာ ထုံးစံ
မဟုတ်ပဲ ည ၈ နာရီလောက်မှာ အင်တာဗျူး invite ရတာဗျ။ နောက်နေ့အဲ့ဒီဟိုတယ်ရောက်တော့လဲခုန
ကပြောခဲ့သလိုမျိုး ဖီလင်တမျိုး ရတယ်ပေါ့ ဒီမှာ အလုပ်ရလောက်တယ်ပေါ့။ စိတ်ထင်တာကြောင့်၊
ဆုတောင်းပွဲအလည်မှာ အင်တာဗျူးခေါ်တာကြောင့် အယုံအကြည် လွန်တာကြောင့်လဲဖြစ်မှာပေါ့။
အင်တာဗျူးတဲ့သူကလဲ မန်နေဂျာအသစ်ဖြစ်တဲ့အကြောင်းပြောပြပြီး အလုပ်ခန့်ဖို့သေခြာလောက်သည် အထိပြောလိုက်တော့ အတော်လေးစိတ်အေးခဲ့ရပါတယ်။ အဲ့ဒီကနေအင်တာဗျူးပြန်ပြီး ရုံးပြန်ရောက်တော့
နောက်နေ့မနက်မှာ အခုလက်ရှိအလုပ်လုပ်နေတဲ့ local company ကနေအင်တာဗျူးလာဖို့ပြောတော့
သိပ်မသွားချင်တော့ပေမယ့် ဟိုတယ်ကအလုပ်က Employment Letter ပေးသေးတာမဟုတ်တဲ့အတွက်
back up အနေနဲ့ဆိုပြီးသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သိပ်မကြာဖူး ဟိုတယ်ဖက်ကလဲ ဖုံးဆက်ပြီး
မနက်ဖန်မှာ GM နဲ့တွေ့ဖို့ ထပ်လာပါအုံးဆိုတော့ အလုပ်ရဖို့ကသေခြာသလောက်ရှိပါပြီ။

နောက်နေ့မနက်ကြတော့ ခေါ်ထားတဲ့ အင်တာဗျူးကိုရောက်သွားတော့ ရုံးကြီးကိုကြည့်လိုက်တာ
ရောက်ဖူး သမျှရုံးတွေထဲမှာ အပျံစားလို့ပြောရမှာပါ။ Shenton Way က ရုံးခန်းတွေထက်တောင်သာသေး ဗျာ။ interviewer ဖြစ်တဲ့ အခုလက်ရှိ ကျနော့် မန်နေဂျာကမေးပါတယ်။ ဘာမှလဲ ထွေထွေထူးထူး တွေလဲ
မမေးပါဘူး။ တောင်းတဲ့လစာအတိုင်းလဲ ဈေးမဆစ်ပါဘူး။ အလျှင်အမြန် အလုပ်ဝင်နိုင်ရင် ရပါပြီပဲ ပြောပါ
တယ်။ အဲ့ဒီကနေပြန်လို့ နေ့လည်ကြတော့ သူတို့စီကနေဖုံးဆက်ပြီး offer ပေးတဲ့အကြောင်း လာမယ့်
တင်္နလာနေ့မှာ အလုပ်ဝင်နိုင်ကြောင်းပြောပါတယ်။ အဲ့အချိန်အခါက ကိုယ်ကလဲ urgent ဖြစ်နေတော့
အသေးစိတ်အချက်အလက်တွေ ကိုထည့်မစဉ်းစားနိုင်တော့ပဲ ပေးလာတဲ့အလုပ် ရလာတဲ့အလုပ်လုပ်မယ်
လို့ပဲတွေးထားလိုက်မိတယ်။

နောက်နေ့ကြတော့ ဟိုတယ်က GM နဲ့တွေ့ဖို့အင်တာဗျူးကို မဖျက်ချင်တာနဲ့ပဲ သွားပါတယ်။ HR Mngr
ကိုတော့ တဖက်မှာ Offer ရထားတဲ့အကြောင်း compare လုပ်ပြီးဆုံးဖြတ်မယ့်အကြောင်းပြောဖြစ်ပါတယ်။
အဲ့ဒီကနေ တန်းပြီး အခုလက်ရှိအလုပ်လုပ်နေတဲ့ DHdeco ကိုသွားတဲ့လမ်းမှာ ၂ ခုပေးတဲ့ လစာနဲ့ ခံစား
ခွင့်တွေကို နှိုင်းယှဉ်တွက်ချက်ပါတယ်။ DHdeco ကတော့ Starting pay က ငွေ ၂၀၀ ပိုများပြီး၊ ၅ ရက်
ပဲအလုပ်လုပ်ရမှာပါ။ ဟိုတယ်ဖက်ကတော့ ၅ ရက်ခွဲကို တပါတ်ခြားစီနဲ့ နေ့လည်စာကျွေးပါတယ်တဲ့။
သွားရမယ့် ခရီးအကွာအဝေးက ဟိုတယ်က နည်းနည်းပိုဝေးပါတယ်။ ကျနော်လဲ နောက်ဆုံးတော့ ငွေ နဲ့
၅ ရက်အလုပ်ကိုမက်ပြီးတော့ DHdeco က offer ကိုလက်ခံလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၂၀၁၂ ခုနှစ်
အတွင်းအရေးအကြီးဆုံး အဆုံးအဖြတ် တစ်ခုပါပဲ။ ဒီဆုံးဖြတ်ဟာ ကျနော့်လက်ရှိ အခြေအနေအတွက်
အကောင်းရော အဆိုးပါရောလှက်နေပါတယ်။

အကောင်းဖက်ကကြည့်မယ်ဆိုရင်တော့ ကျနော်လိုချင်တဲ့ career path ပေါ်ပို တိတိကျကျ ရောက်လာ တယ်။ ကျနော့် Professional Experience တွေ အတွက်အရေးအကြီးဆုံး အခြေခံအုတ်မြစ်အတွေ့အကြုံ
တွေကို ရယူနိုင်တဲ့နေရာ၊ ကျနော်ဘဝ တောက်လျှောက်ဖြည့်ဆည်းခဲ့တဲ့ ဘဝအတွေ့အကြုံ၊ လုပ်ငန်း
အတွေ့အကြုံတွေကို လက်တွေ့အသုံးချနိုင်တဲ့နေရာ၊ ကိုယ်လမ်းကိုယ်ဖောက်ရင် ကိုယ်လိုချင်တဲ့နေရာ
တစ်ခုကို ရနိုင်တဲ့နေရာ နဲ့ အတိုင်းအတာ တစ်ခုအထိ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ decision maker level ကို
ရောက်နိုင်ခဲ့တာတွေပါပဲ။ အဆိုးဖက်ကကြည့်မယ်ဆိုရင်တော့ ဘာဆိုဘာမှ တိတိပပ ပေါ်လစီတွေ မရှိတဲ့
လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အလုံးစုံဟာ သူဌေးတစ်ယောက်ထဲရဲ့ ပါးစပ်ပေါ်ရောက်ပြီး အရေးကြီးတဲ့ ကိစ္စ
တွေ အတွက်အခက်အခဲဖြစ်စေတာ၊ အထက်အရာရှိက ရှေးဆန်ပြီးခေတ်ဟောင်းကစနစ်တွေကိုတွယ်ကပ်
ပြီး မပြောင်းလဲနိုင်တဲ့အတွက် အောက်ခြေဝန်ထမ်း အလုပ်သမားတွေ နဲ့ သူဌေးတွေကြားညှပ်တာ၊ အဆိုး
ဆုံးအခြေအနေကတော့ ဘာမှမတက်တဲ့ အလုပ်သမား ခေါင်းဆောင်တွေကို လူယုံလိုသဘောထားပြီး
ပြောသမျှယုံတာ၊ သူဌေး (၅) ယောက်အတွက် (၅) မျိုးသော စနစ်တွေဖန်တီးပေးရတာတွေပါပဲ။ ဘယ်လို
ပဲဖြစ်ဖြစ် ဒီဟာတွေဟာ ကျနော့်အတွက် ဖြတ်ကျော်အောင်ကြိုးစားရမယ့် စိန်ခေါ်မှုတွေပါပဲ။

၂၀၁၂ ခုနှစ် သြဂုတ်လ ထဲမှာတော့ ဧပြီလထဲကနေ ကြိုတင်ပြင်ဆင်လာခဲ့တဲ့ စင်္ကာပူနိုင်ငံအမျိုးသားနေ့ ကို Singapore SOKA Association နဲ့အတူပါဝင်ဆင်နွှဲပါတယ်။ ဒီနှစ်ထဲမှာတော့ Volunteerအလုပ်အဖြစ်
ဒီတစ်ခုပဲ လုပ်ဖြစ်ပါတယ်။ DHdeco မှာအလုပ်ဝင်ပြီးတဲ့နောက် အင်မတန်များပြားလှတဲ့အလုပ်တွေကြောင့်
Blog Post အနေနဲ့ တစ်ခုပဲရေးနိုင်လိုက်ပါတယ်။ စက်တင်ဘာလအတွင်းမှာတော့ ကျနော့်လုပ်ငန်း
အတွေ့အကြုံတွေ ထဲ က ပထမဆုံးအတွေ့အကြုံအဖြစ် General Workers Gathering ကို သူတို့လုပ်ခဲ့
တာတွေနဲ့ ခြားနားစွာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပါတယ်။ အောက်တိုဘာလ မှာတော့ ကျနော့်ဘဝရဲ့
ပထမဆုံး အဖြစ်နဲ့ အလုပ်ဝင်ပြီး ၂ လအကြာမှာ တိုးမြှင့်လစာနဲ့အတူ Confirmation ရပါတယ်။ ပေါ်လစီ
အသစ်တွေ၊ လုပ်ငန်းစဉ်အသစ်တွေ၊ data base system အသစ်တွေကို နေ့စဉ်နဲ့အမျှ ပြင်းပြန်းထန်ထန်
လုပ်ဆောင်ပြီးတဲ့ သကာလမှာတော့ အခု နေ့စဉ်လုပ်ငန်း တွေမှာ ချောမွေ့စွာနဲ့ လည်ပတ်နေနိုင်တာ ကို
တွေ့ရပါတယ်။ သို့သော်လည်းပဲ တိကျခိုင်မာတဲ့ HR policy တွေကို မချမှတ်နိုင်သေးတဲ့အတွက် ဝန်ထမ်း
အဝင်အထွက်များပြား မြန်ဆန်လွန်းတဲ့အတွက် ဖြစ်ချင်တဲ့ orgizational goal တစ်ခုစီကိုရောက်ဖို့တော့
ဆက်ကြိုးစားရအုံးမှာပါပဲ။

၂၀၁၂ ခုနှစ် စက်တင်ဘာလကနေ နိုဝင်ဘာလအထ အစိုးရ WDA grant နဲ့ တရုတ်စာသင်တန်း တစ်ခု
တက်ဖြစ်ပါတယ်။ သင်တန်းပြီးတဲ့အခါမှာတော့ ဘာမှထူးထူးခြားခြား မတက်လာခဲ့ပေမယ့် အခြေခံတရုတ်
စာကို ဘယ်လို လေ့လာသင်ကြားရမယ် ဆိုတာတော့ သိရှိနားလည်လိုက်ပါတယ်။ ဝါကျရှည်ကြီးမဟုတ်
ပေမယ့် တော်တော်များများ သော စာလုံးလေးတွေ လဲ သိလာခဲ့ပါတယ်။ အောက်တိုဘာလ ထဲမှာတော့
ကျနော့် ညီ နေထွန်းနိုင် စင်္ကာပူကို ၂ ပါတ်ကြာ အလည်လာလို့၊ စင်္ကာပူမှာ ရှိနေတဲ့ ပါပါး မာမားတို့နဲ့
အတူ လျှောက်သွားလည်ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလထဲမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ပတ္တရား ကို သူငယ်ချင်း ဘရမ်ဒမ်နဲ့ သွား
လည်ဖြစ်ပါတယ်။ ဒီတစ်ခေါက် ဘန်ကောက်ခရီးကတော့ အတော်လေးပျင်းစရာကောင်းတယ် ပြောရမှာပါ။
ဒီဇင်ဘာလထဲမှာတော့ နှစ်ကုန်ဆုကြေးအတွက် စနစ်သစ်တစ်ခုထဲမှာ အလုပ်ရှုပ်နေခဲ့ပြီး ထွေထွေထူးထူး ဆိုလို့ Nanyang Polytechnic မှာ Diploma သင်တန်းတစ်ခုလျှောက်ထားတာကို လက်ခံတဲ့အကြောင်း
offer ရပါတယ်။ ဒါပေမယ့် ငွေသွင်းပြီးသိတိုင် ကျောင်းမတက်ရမချင်း မယုံကြည်ရဘူးဆိုတာ အရင်
အတွေ့အကြုံတွေအရ အမှတ်ရနေပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာ Singapore Polytechnic ကတစ်ကြိမ်
NUS ကတစ်ကြိမ် Offer ပေးပြီးကာမှ သတ်မှတ်ကျောင်းသားဦးရည် မပြည့်တဲ့အတွက် မဖွင့်ဖြစ်ကြောင်း
ဆိုပြီး ကြုံခဲ့ဖူးလို့ပါပဲ။

၂၀၁၂ ခုနှစ်အတွင်း မှတ်မှတ်ရရ တစ်ခုပြောပါဆိုရင်တော့ အခုလက်ရှိအလုပ်ဖြစ်တဲ့ DHdeco က
လုပ်ဖော်ကိုင်ဖက် မြန်မာညီအကို မောင်နှမတွေနဲ့ တစ်နေ့တစ်နေ့ ရယ်စရာတွေ ပြောကြ၊ သူဌေးတွေ
အတင်းပြောကြနဲ့ ကျနော့်စင်္ကာပူ ဘဝမှာ ဒုတိယမြောက်အဖြစ် မြန်မာဝန်ထမ်းများနဲ့ အလုပ်တူတူ လုပ်ဖူး
တာပါ။ ပျော်စရာတွေ ရှိ သလို၊ တခါတလေ မှာ မြန်မာလိုပြောရင်း နားလည်မှုလွဲတာလေးတွေ ရှိတော့
အလုပ်နဲ့ပတ်သတ်တာတွေကို အတော်လေး သတိထားပြောဆို လုပ်ရတာလေးတွေ ရှိတာတွေ့ရပါတယ်။
နောက်တစ်ခုအနေနဲ့ ၃၃ နှစ်လုံးဟင်းမချက်တက်ခဲ့တာကနေ နိုဝင်ဘာလမှာမာမား ရန်ကုန်ပြန်သွားတော့
ချက်ကျွေးမယ့် သူမရှိတော့တာကြောင့် ကိုယ်ဟာကိုယ် ချက်ရင်းကနေ အခုအတော်လေး ဟင်းချက်
တက်လာပါတယ်။

၂၀၁၃ ခုနှစ် ကိုတော့ ကျနော့် အတွက် စိန်ခေါ်မှုတွေ ကြိုးစားရုံးကန်မှုတွေ ဆက်ရှိနေအုံးမယ့် နှစ်တစ်ခု
အဖြစ်သတ်မှတ်ရမှာပါ။ တကယ်လို့ များ NYP ကသင်တန်း Confirm ဖွင့်ဖြစ်ခဲ့ရင် ဖေဖဝါရီလက စလို့
ဒီဇင်ဘာအထိတိုင်အောင် ၉ လကြာ ညနေပိုင်း သင်တန်း၊ စာမေးပွဲတွေ၊ project တွေနဲ့ အလုပ်ရှုပ်ပြီး
ကြိုးစားရမှာပါ။ ၂၀၁၃ ခုနှစ် ဖေဖဝါရီလ တရုတ်နှစ်သစ်ကူးကိုတော့ ရန်ကုန်မှာ မိသားစုနဲ့အတူ ရှိမှာဖြစ်
ပြီး ကျိုက်ထီးရိုးဘုရားသွားဖူး မယ်လို့စီစဉ်ထားပါတယ်။ သြဂုတ်လလောက်မှာတော့ ရက်ရှည် ခရီးတစ်ခု
ထွက်မယ်လို့ မျှော်လင့်ထားပါကြောင်း နဲ့ ကျနော့် ဒီပိုစ့် ကို နိဂုံးချူပ်ပါတယ်။ ဖတ်မိတဲ့လူတိုင်းကို ကျေးဇူး
အထူးတင်ပါတယ် ခင်ဗျာ။        ။