Saturday, April 5, 2014

ကျနော် နှင့် ဂျပန်ခရီး ၂၀၁၄


အခုလက်ရှိအလုပ်လုပ်နေတဲ့ Company မှာ အလုပ်ဝင်ပြီးတဲ့နောက် စာမရေးဖြစ်ခဲ့တာ အတော်ကိုကြာခဲ့ပါပြီ။ ပုံမှန်အားဖြင့် ခရီးထွက်တဲ့ အကြောင်းတွေကို အကျယ်တဝင့်ရေးလေ့မရှိပေမယ့် အခုသွားခဲ့တဲ့ ဂျပန်ခရီးက ကျနော့်အတွက် ထူးထူးခြားခြား လေးတွေရှိတာကြောင့် ကျနော့်မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ ဖတ်ရအောင်ရေးဖြစ်ပါတယ်။

တကယ်တော့ ဒီခရီးထွက်ဖို့အစီအစဉ်မရှိခဲ့ပဲ ၂၀၁၄ တရုတ်နှစ် သစ်ကူးကိုတော့ စင်္ကာပူမှာပဲ နေဖြစ်မယ်လို့ စဉ်းစားပြီးကာမှ ရုံးကပိတ်ရက်ကို အကြာပြီးရက်ရှည်ပိတ်လိုက်တာ ကြောင့် ၁ လလောက်အလိုမှာ ကောက်ကာငင်ကာ နဲ့ စီစဉ်လိုက်ပါတယ်။ ဖြစ်ချင်တော့ အမေရိကန်လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ Delta Airlines ကလဲ ဈေးလျော့တာကြောင့် ရုံးမှာ ခွင့်တောင်မတင်ရသေးပဲ လက်မှတ်ဝယ်လိုက်ပြီး ခွင့်တစ်ရက်အတွက် သူဌေးနဲ့ အတော်လေး စကားပြောဆိုလိုက်ရပါ တယ်။ ခရီးသွားမယ့် ကာလက ဂျပန်မှာ အအေးဆုံးရာသီဥတု ဖြစ်နေတာကြောင့် ကျနော်နဲ့ ကျနော့်သူငယ်ချင်း နှစ်ယောက်သား အေးဒဏ်ခံနိုင်ဖို့ အဝတ်အစား တွေကအစ အတော်လေးပြင်ဆင်လိုက်ရတယ်။ သွားမယ့် ခရီးစဉ်ကို တိုကျိုမြို့မှာ အဝင် ၂ ည အိပ်၊ နှင်းလျှောစီးတာမလုပ်ဖူးတာရယ်၊ နှင်းကို မမြင်ဖူးလို့ သွားကြည့်ချင်တာရယ်ကြောင့် တိုကျိုမြို့တော်ကနေ ကီလိုမီတာ ၂၈၀ လောက်ဝေးတဲ့ ဂျပန်မြောက်ပိုင်း က Nagano မြို့နားမှာ ရှိတဲ့ Nozawa Onsen Ski Resort မှာ ၁ ည၊ ကျိုတိုမြို့တော်မှာ ၁ ညနဲ့ စင်္ကာပူမပြန်ခင် တိုကျိုမှာ ၁ ည အားလုံးပေါင်း ၅ ညအိပ် ၆ ရက်ခရီးဖြစ်ပါတယ်။ မြို့တွေတစ်ခုနဲ့ တစ်ခု သွားရလာရမှာ ဆိုတော့ ဂျပန်ရဲ့ အဓိက Transportation ဖြစ်တဲ့ ရထားနဲ့ပဲခရီးသွားမယ် စိတ်ကူးတော့ စင်္ကာပူကထွက်ခင်မှာပဲ Japan Rail Pass လို့ခေါ်တဲ့ JR Pass ကို (၇) ရက်အတွက် ကြိုဝယ်ထားလိုက် ပါတယ်။ online ကနေပဲ အော်ဒါမှာလိုက်ပြီး ၂ ရက်အတွင်းမှာ FEDEX နဲ့အိမ်အရောက်ပို့ပေးပါတယ်။ Japan Rail Company လက်အောက်က ကျည်ဆံရထားတွေ အပါအဝင်၊ ရထားလိုင်းအားလုံးကို (၇) ရက်ကြာ ကြိုက်သလောက်စီးလို့ရတဲ့ လက်မှတ်ပါ။ ဈေးနှုန်းက မသက်သာပေမယ့် သွားရမယ့် ခရီးတွေမှာ ကျည်ဆံရထားအသုံးများတာကြောင့် ပြန်တွက်ကြည့်လိုက်ရင် ကိုက်တယ်လို့ပြောရမှာပါ။

ဂျပန်ခရီးစဉ် ကို ဖေဖဝါရီလ (၄) ရက်နေ့မှာ စထွက်ဖြစ်ပါတယ်။ မနက်အစောကြီးလေယာဉ်ခရီးစဉ်
ဖြစ်တာကြောင့် ချန်ဂီကို ၄ နာရီလောက်ရောက်ပြီး Delta Airlines Counter မှာ Check in ဝင်ဖို့လုပ်တော့ အရင်တုံးက Check In ဝင်တဲ့ ပုံစံနဲ့မတူထူးထူးခြားခြား တစ်ခုက ကောင်တာမှာ Check in မဝင်မီမှာ Private Security Company တစ်ခု က Security Officer တွေက ခရီးသည်တစ်ယောက်ချင်းစီရဲ့ e-ticket ကို တောင်းကြည့်တယ်၊ ဘယ်သွားမှာလဲ ? အလုပ်ကိစ္စလား၊ အပျော်ခရီးလား၊ ဘယ်နှစ်ရက်ကြာမှာလဲ၊
ခရီးဆောင်အိတ်ကို ကိုယ်တိုင်ထုတ်ပိုးတာလား၊ တစ်ယောက်ယောက်က လူကြုံထည့်ပေးလိုက်တာ ရှိလား၊ စင်္ကာပူမှာ ဘာအလုပ်လုပ်တာလဲ စတဲ့မေးခွန်းတွေကို မေးတဲ့အပြင် သူတို့ရဲ့ Check List မှာပါထည့်ရေးတာကို တွေ့ရတယ်။ ဘာကြောင့် ဒီလို မေးမြန်းစစ်ဆေးတာလဲ ဆိုတာတော့ ကျနော်က American Airlines တစ်ခါမှ မစီးဖူးတာကြောင့် မသိဘူး။ အမေရိကန် လေကြောင်းလိုင်း တစ်ခုကြောင့် လုံခြုံရေးပိုမိုတင်းကြပ်တယ်လို့ထင်တာပါပဲ။ Delta Airlines ရဲ့ မြေပြင်ဝန်ဆောင်မှုဟာ စီးဖူးသမျှ လေကြောင်းလိုင်းတွေအားလုံးထဲက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ Check In Procedure နှုတ်ဆက်တာ၊ ဘာညာဟာ SQ Ground Service ထက်အများကြီးသာပါတယ်။ မနက် ၆ နာရီ ၁၅ မိနစ်မှာ ချန်ဂီက ထွက်လာတဲ့ ကျနော်တို့လေယာဉ်ဟာ တိုကျို Narita Airport ကို ဂျပန်စံတော်ချိန် ၁ နာရီ ၃၀ မှာဆိုက်ပါတယ်။ Narita Airport ဟာ ကျနော်မျှော်လင့်ထားသလို အပျံစားကြီးမဟုတ်တော့ နည်းနည်းတော့ အံသြသွားတယ်။
ကမ္ဘာ့အကောင်းဆုံး လေဆိပ်ကြီးတွေ ဖြစ်တဲ့ Changi International၊ Hong Kong Int'l နဲ့ Inchong Int't ထဲမှာ Inchong ကို မရောက်ဖူးတော့ မနှိုင်း ယှဉ်တက်ပေမယ့် လောလောဆယ်အထိကတော့ ချန်ဂီ လေဆိပ်က ကျနော့်အတွက် အကောင်းဆုံးလေဆိပ်တစ်ခုပါပဲ။ ဂျပန်လူဝင်မှုကြီးကြပ်ရေး ဟာ မျှော်လင့်ထားသလို မဟုတ်ပဲ အသက်ငယ်ငယ် Officer တွေ ပဲ များပါတယ်။ မျက်နာ က တင်းပေမယ့် နှုတ်ဆက်
ဖော်တော့ ရပါသေးတယ်။ ဘာအပိုတစ်ခုမှ မပြောပဲ၊ လက်ဗွေယူတာ ဓာတ်ပုံရိုက်တာ တွေကို ဆက်တိုက်လုပ်ပြီး ၃ မိနစ်လောက်အတွင်းမှာ ကိစ္စပြီး သွားပါတယ်။ အကောက်ခွန်နေရာရောက်တော့ Green Channel က ဖြတ်ပေမယ့် အသက်ငယ်ငယ် မိန်းကလေး အရာရှိက အလွန်မျက်နာ ပြုံးချိုစွာနဲ့ ပါတ်စ်ပို့ကိုတောင်းကြည့်ပြီး ဘာတွေပါလဲ လို့မေးတယ်။ ဘာ မှမပါဘူးပေါ့၊ အဝတ်အစားတွေပဲ ပါပါတယ်ဆိုတော့ အိတ်ကိုဖွင့်ကြည့်လို့ရမလားတဲ့၊ ရပါတယ်ပေါ့ မရဖူးပြောလို့မှမရတာ။ အိတ်ကို ဖွင့်ကြည့်ပြီး တိတိကျကျ ကို ရှာဖွေပါတယ်။ အိတ်ထဲမှာ နည်းနည်းရှုပ်ပွသွား တာကို သေသေခြာခြာ ပြန်စီပြီးပိတ်ပေးပြီးတဲ့အချိန်မှာ တခြားကောင်တာ မှာ အစစ်ခံနေတဲ့ ကျနော့် သူငယ်ချင်း အိတ်ကို ဖွင့်ကြည့်ချင်လို့ သော့ က ကျနော့်စီမှာ ရောက်နေတော့ အရာရှိတစ်ယောက်က လာတောင်းတာနဲ့ ပေးလိုက်ရသေးတယ်။ ၂ ယောက်လုံး clear
ဖြစ်ပြီးတော့ အချိန်လေး နည်းနည်းရတာနဲ့ Narita Terminal 2 ဖက်မှာ Free Wifi Card ပေးတဲ့
ကောင်တာကို Shuttle bus စီးပြီးသွား ရှာ တာမတွေ့တဲ့နောက်တော့ Pocket Wifi လို့ခေါ်တဲ့ Device
လေးကို ၆ ရက်အတွက် စင်္ကာပူ ဒေါ်လာ ၇၀ ပေးပြီး ဌားလာလိုက်ရတယ်။

စင်္ကာပူက ဝယ်ထားတဲ့ JR Pass ရထားလက်မှတ်ကို ဂျပန်ရောက်မှ စီးလို့ရတဲ့ ကဒ်ပြားလဲရတာဆိုတော့ ရထားလက်မှတ်ကောင်တာ မှာ နာရီဝက်လောက်တန်းစီပြီး လက်မှတ်ကိုလဲ၊ သွားမယ့် ခရီးတောက်လျှောက်ကို ထိုင်ခုံတွေ reserved တစ်ခါထဲလုပ်လိုက်ပါတယ်။ Narita Airport ကနေ တိုကျိုမြို့ထဲကို Narita Express လို့ခေါ်တဲ့ ရထားတစ်စင်းနဲ့ ၁ နာရီလောက်ကြာအောင် စီးပြီးတဲ့နောက်တော့ တိုကျို ရထား
ဘူတာကြီးကို ချောချောမောမော ပဲ ဆိုက်ပါတယ်။ အဲ့ဒီကနေ စင်္ကာပူက MRT လိုရထားဆက်စီးပြီး တည်းမယ့် ဟိုတယ်ကို သွားတော့ မြေအောက်ကနေ မြေပေါ်ကို တက်တော့ နှင်းကျနေတာကို ပထမဆုံး တွေ့ဖူးလိုက်ပါတယ်။ နှင်းနဲ့ မိုးဖွဲလေး ရောပြီးကျနေတဲ့ အနေအထားပါ။ ကိုယ်ကိုကိုယ်ပို လုံခြုံအောင်ဝတ်ပြီး
တော့ ဟိုတယ်ကို လမ်းလျှောက်မယ့် လမ်းကြောင်းကို ဖုံးနဲ့ကြည့် မြေပြင်က အမှတ်အသားတွေ ကြည့်လိုက်တော့ ကံကောင်းစွာနဲ့ ဟိုတယ်က လမ်းဖြတ်ကူးပြီး ၁ မိနစ်လောက်လမ်းလျှောက်လိုက်ရုံနဲ့ ရောက်တဲ့ နေရာမှာ တွေ့ရတော့ အတော်ပျော်သွားတယ်။ နှင်းဖွဲဖွဲကြားကနေ လမ်းအကြာကြီး မလျှောက် ရတော့ ဖူးပေါ့။ ဟိုတယ်ရောက် Check In ဘာညာလုပ်ပြီး အခန်းကို တက်သွားတော့ တွေ့ဖူးသမျှ၊ နေဖူးသမျှ ဟို
တယ်အခန်းတွေထဲက အသေးဆုံး အခန်းလေးပါပဲ။ ဟိုတယ်အခန်းထဲမှာ ရှိသင့်ရှိထိုက် တဲ့ ပစ္စည်းပစ္စရ Facility အပြည့်အစုံကို တော့ သူ့နေရာနဲ့သူသပ်သပ်ရပ်ရပ် လေး ရှိနေပါတယ်။ ဟိုတယ်မှာ Onsen လို့ခေါ်တဲ့ ဂျပန်ပုံစံ ရေချိုးကန်က ဟိုတယ် ရဲ့ ၂ ထပ်မှာ ရှိတော့ ရေနွေးလေး သွားစိမ်လိုက် တာ ခရီးပန်းတာအတော်လေး သက်သာသွားပါတယ်။ အပြင်မှာ နှင်းကျ တာရပ်သွားတော့ နောက်တော့ (၂) ယောက်သား လုံလုံခြုံခြုံ လေးဝတ်စားပြီး ပထမညကို Ginza Area ဖက်လမ်းလျှောက်သွားဖြစ်ပါတယ်။

ဒုတိယနေ့မနက်ပိုင်းတော့ရာသီဥတုက သာသာယာယာရှိတာကြောင့် ဟိုတယ်က နေ 1 ကီလိုမီတာ
ကျော်ကျော်လေးဝေးတဲ့ Tsukiji Fish Market ကို လမ်းလျှောက်သွားပြီး အဲ့ရောက်တော့ သွားတာ
နောက်ကျသွားလို့လား၊ Holiday ကြောင့်လား မသိဘူး ပိတ်တယ်ဆိုတော့ ကျနော်တို့ ပထမဆုံး visit ကတော့ မအောင်မြင်လိုက်ပါဖူး။ အဲ့ဒီမှာ မနက်စာစားမယ်လို့ စိတ်ကူးထားတော့ ပိတ်တာတာနဲ့တိုးနေတာ နဲ့ ဘယ်နေရာမှာ ဘာစားရမှန်းမသိပဲ ယောင်ဝါးဝါး ဖြစ်ပြီး တဲ့နောက် 7-11 လိုဆိုင်လေးတစ်ဆိုင်တွေ့တာနဲ့ ဝင်ပြီး ဆူရှီလေး တစ်ဗူးရယ်၊ ကော်ဖီရယ်ဝယ်ပြီး ဗိုက်ကဆာနေတာနဲ့ဆိုတော့ လမ်းပေါ်မှာ ပဲ ၂ ယောက်သား မတ်တက်ရပ်စားလိုက်တယ်။ ဂျပန်ဟာ ဘာကြောင့်မှန်းမသိ အမှိုက်ပုံးကို နေရာတိုင်းမှာ မထားပေးထားပဲ၊ recycle bin တွေပဲ တော်တော်များများ တွေ့ရပါတယ်။ အမှိုက်ပုံးမရှိတော့ အမှိုက်က
မပြစ်ရပဲ လက်ကနေတန်းလန်းကိုင်ထားရတော့ အတော်လေးခက်တယ်။ အဲ့ဒီကနေ တိုကျိုဘူတာကြီးကို ရထားစီး၊ အဲ့ဒီကနေတဆင့် ရထားထပ်စီးပြီး Meiji Shrine ကို သွားပါတယ်။ Meiji Shrine ကတော့
လွယ်လွယ်ကူကူ နဲ့ ရှာတွေ့ပြီး ဝင်ပေါက်ကနေ အထဲကို အတော်လေး လမ်းလျှောက်ဝင်ရတယ်ဗျ။ အဲ့ဒီကနေပြန်တော့ အနီးတဝိုက်လမ်းလျှောက်ကြည့်ပြီး မြေအောက်ကစားသောက်ဆိုင်လေး မှာ နေလည်စာ စားဖြစ်ပါတယ်။ အစားအသောက်က သိပ်မကောင်းရတဲ့ အထဲ စားသောက်ဆိုင်တွင်း ဆေးလိပ်သောက်ခွင့်ပြုထားတော့ မီးခိုးမွှန်တာကြောင့် ခပ်မြန်မြန်ပဲစားပြီးလိုက်ရတယ်။ အဲ့တာမျိုးလေးတွေ ကျ တော့ စင်္ကာပူ
ဥပဒေ ကို ကျေးဇူးတင်မိတယ်။ နောက်တစ်နေရာ ဆက်သွားတာကတော့ တိုကျိုရဲ့ နာမည်ကျော် Electronic ပစ္စည်းတွေ ရောင်းတဲ့ shopping mall များစုဝေးရာ Akihabara ဖက်ကိုပါ။ ကိုယ်ပဲ ဝယ်ဖို့စိတ်ကူးမရှိတာလား၊ ဈေးပဲ ကြီးနေတယ်လို့ ထင်လို့လားမသိ ဘာမှထွေထွေထူးထူး မဝယ်လာဖြစ်ပါဖူး။
ဂျပန်ရဲ့ အိမ်သာတိုင်းလိုလို မှာ ရှိတဲ့ အိမ်သာကမုတ်မှာ တက်ထားတဲ့ ရေဆေးတဲ့ toilet seat ကို တော့ ဝယ်ချင်လို့ လိုက်ရှာပေမယ့် မတွေ့ဖြစ်ပါဘူး။ Akihabara ကနေတော့ Shinjuku ဖက်ကို ဆက်သွားပြီး ညစာစား လမ်းလျှောက်လိုက်ကြည့်ပြီး ဟိုတယ်ပြန်နားဖြစ်ပါတယ်။ ဟိုတယ်ပြန်ရောက်တော့ ခရီးစကထဲ က ဖျားချင်ချင်ဖြစ်နေတဲ့ ခရီးသွားဖော်သူငယ်ချင်းက အပြင်းအထန် ဖျားပြီး ကိုယ်တွေ အရမ်းပူလာတာကြောင့် ဟိုတယ် reception ကို ဆရာဝန်အနီးမှာ ရှိလားမေးတော့ communication က ပြသနာတက်နေတာနဲ့ အနီးဆုံးဆေးရုံ ဘယ်နားမှာ ရှိလဲဆိုတော့ ဆေးရုံမြေပုံကို ကွန်ပြုတာကနေ print ထုတ်ပေးတယ်။
အခန်းပြန် အဝတ်အစား တွေ အထပ်ထပ်ဝတ်ပြီး ည ၁၁ နာရီလောက်ဆိုတော့ Taxi ပဲဌား ပြီး အနီးဆုံး
ဆေးရုံကို ၂ ယောက်သားပြေးကြရတယ်။ အနီးဆုံးဆေးရုံက ကံကောင်းချင်တော့ တကယ့်ကို အနီးလေးပါ၊ Taxi မီတာ Flag Down Rate အတွင်းမှာပဲ ရောက်ပါတယ်။ ယန်း ၇၀၀ ကျော်ဆိုတော့ စင်္ကာပူ ၈ ကျပ်ကျော်ဆိုတော့ အတော်ဈေးကြီးတယ်ပြောရမှာပေါ့။ ဆေးရုံကလဲ International Hospital Private Hospital ဆိုတော့ ဘာသာစကားအခက်အခဲ အတော်လေးနည်းပါတယ်။ ညလည်ကောင် ဆို တော့ လူနာကလဲ မရှိတော့ မြန်မြန်ဆန်ဆန် ပဲ ကုသပေး၊ ဆေးထုတ်နဲ့ ည ၁၂ နာရီခွဲလောက်မှာ ကိစ္စပြီးသွားပါတယ်။ Bill တောင်းတော့ ယန်း ၃၇၀၀၀ ကျပါတယ်။ ပထမ ၃၇၀၀ လို့ထင်လို့ တယ်သက်သာ ပါလားဟဲ့ လို့ထင်မိတာ။ Accident & Emergency Service ကို စင်္ကာပူ ၄၅၀ ကျော်ကျတယ်ဆိုတော့ စင်္ကာပူ
A & E ငွေ ၁၀၀ ယူတာကို ဈေးကြီးတယ်လို့ မပြောလိုတော့ ပါဘူး။ Travel Insurance ဝယ်ထား တော့
ပြသနာ သိပ်မရှိလိုက်ဖူးပေါ့။ Insurance က ပြန်ပေးမယ်ဆိုတဲ့ ငွေ က မနေ့ကမှ approved ဖြစ်ကြောင်း အကြောင်းကြားလာတယ်။

တတိယနေ့ အစီအစဉ်ကတော့ တိုကျိုကနေ Nozawa Onsen ဆိုတဲ့ တောင်ပေါ်နှင်းလျှောစီး စခန်းကို သွားဖို့ပါ။ တိုကျိုကနေ Nagano City ကို ကျည်ဆံရထားနဲ့ ၁ နာရီ မိနစ် ၃၀ လောက်စီး၊ Nogano Station ကနေ Togarinozawa Onsen Station လေးကို Local ရထားနဲ့ ၁ နာရီထပ်စီး၊ အဲ့ဒီကနေ Nozawa Onsen ကို Bus ထပ်စီးပြီး သကာလ ကျနော်တို့ တည်းခိုမယ့် Lodge Nogano ကို ရောက်ပါ
တယ်။ Lodge Nogano က တောင်ကုန်းပေါ်မှာဖြစ်ပြီးတော့ ဂျပန်စတိုင် အိပ်ခန်းလေးတွေရယ်၊ Hostel style Share bed rooms တွေနဲ့ဖွဲ့စည်းထားတဲ့ တည်းခိုခန်းလေးပါ။ Host က ဂျပန်အမျိုးသမီးနဲ့ သူ့
အမျိုးသား Australian ပါ။ အတော်လေးပျုဌာလှပြီး နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ရောက်ပြီး အ
ထုတ်ချပြီးတာနဲ့ နှင်းလျှောစီးမယ့် ကိရိယာတွေကို ထုတ်တဲ့ နေရာမှာ ကိုယ်နဲ့တော်မယ့် ဖိနပ်တို့၊ဘာတို့ သွားထုတ်ရတယ်။ နှင်းလျှောစီး blade မှာတက်ရတဲ့ ဖိနပ်ဟာ ကျနော့်အထင် ၅ ကီလိုလောက်လေး
မယ်ဗျာ။ အဲ့ဖိနပ်စီးပြီး လမ်းလျှောက်ရတာ အင်မတန်မှကို အခက်အခဲပါ။ Equipment တွေ ထမ်းပြီး Lodge ကို ပြန်တော့ ချထားခဲ့တဲ့ luggage တွေက အခန်းပေါ်ရောက်နှင့်နေပါပြီ။ ကျနော်တို့ အခန်းက
ဒုတိယထပ်မှာပါ။ အခန်းကနေကြည့်ရင် ပတ်ဝန်းကျင်တစ်ခုလုံးကနှင်းတွေနဲ့ ဖုံလွှမ်းနေပြီးနှင်းတောင်ကုန်း တွေကိုလှန်းမြင်နေရပါတယ်။ အချိန်က မရှိတော့ အဝတ်အစားလဲ ပြီး ခုနက ကိရိယာတွေ ထမ်းလို့တောင်ပေါ်ကိုတက်တဲ့ cable car station ကို လမ်းလျှောက်သွားရတယ်။ station ရောက်တော့တောင်ပေါ်
တက်တဲ့ လက်မှတ်ကို ပြောင်းပြီး တဲ့နောက်ကြည့်လိုက်တော့ တောင်ပေါ်တက်တဲ့ cable car တွေက
တောင်ကုန်းအနိုမ့်အမြင့်ပေါ်မူတည်ပြီး ၃ station လောက်တွေ့ရတယ်။ ကျနော်တို့ကတော့ အမြင့်ဆုံး
တောင်ပေါ်ကို တက်တဲ့ cable car ကိုရွေးပြီး တက်သွားလိုက်တာ ၁၅ မိနစ်လောက်ကြာကြာစီးရပါတယ်။ တောင်ပေါ်စခန်းကို ရောက်တော့ကိုယ်က အမြင့်ဆုံးရောက်ပြီထင်တာ အဲ့ဒီကနေထပ်တက်တဲ့ တစ်ဆင့် ကျန်သေးတာတွေ့ရတယ်ဗျ။ သူများတွေ Ski စီးနေတာတွေ့တော့ အတော်လေးလွယ်တယ်တဲ့ ဟ ဆိုပြီး blade တွေ ချဖိနပ်ကို blade မှာတက်ပြီး တောင်ကုန်းပေါ်ကနေဆင်းချလိုက်တာ အဲ့လောက် အရှိန် ပြင်းလိမ့်မယ်လို့ မထင်ဖူး။ ၁၅ မီတာလောက်ဆင်းချသွားပြီးတော့ ခနတန့်သွားတာနဲ့ တုတ်ချောင်း ၂ ချောင်းနဲ့ ထောက်ပြီး ရပ်အောက်လုပ်ကြည့်တာလဲ မရ၊ ဆက်ပြီးလျှောနေတာ၊ ထောက်ထားတဲ့ တုတ်တွေ ကလဲ ကိုယ့်ဘော်ဒီဝိတ်ကို မခံနိုင်ပဲ ကွေးကုန်တယ်။ အဲ့တာနဲ့ လွှတ်လိုက်ရင်တော့ လျောကျသွားတော့မှာ၊
ပြီးတော့ တခြားလူတွေစီးနေတဲ့ လမ်းကြောင်းပေါ်ရောက် ရင်ကိုယ်က မရှောင်တက်မတိမ်း တက်နဲ့ ဆို
တော့ ဒုက္ခတွေဖြစ်ကုန်တော့မှာပဲ ဆိုပြီး ဘယ်လိုလုပ်ရမလဲ ခပ်မြန်မြန်တွေးလိုက်တော့ ခန္ဒာကိုယ်တစ်ခုလုံးလှဲချလိုက်ရင်တော့ ဆက်မလျှောနိုင်တော့ဖူး ဆိုပြီး ကိုယ် ကို ဘေးတိုက်လှဲချလိုက်ရပါတယ်။ လှဲချပြီး
တော့ ချက်ချင်းက ထလို့မရသေးဘူး၊ ဖိနပ်နဲ့တွဲထားတဲ့ blade တွေကို ချွတ်ရအုံးမှာလေ၊ သင်ပေးထားတဲ့အတိုင်းခုလုပ်ကို တုတ်ချောင်းနဲ့ နိုပ်ပြီးဖွင့်၊ ဖိနပ်နဲ့ blade ကွဲသွားပြီဆိုမှာပဲ လူကို လှုပ်လို့ရ တော့တယ်။ အပေါ်ကို လှန်းကြည့်လိုက်တော့ ကျနော့် သူငယ်ချင်းကလဲ ဆင်းချလာတော့ မယ့်ပုံစံဖြစ်နေတော့ မဆင်းလာနဲ့လို့ အော်ပေမယ့် သူကမကြားဖူး။ ဆင်းချတာလဲ ကျနော်လဲနေတဲ့ နေရာကိုမှ တည့် တည့်။ သူလဲ ဆင်းလာပြီးတဲ့နောက် အခြေအနေ ကို သိပြီး အမြန်ရပ်နိုင်အောင်ကြိုးစားတာ ကျနော့် ခပ်လှမ်းလှမ်းမှာပဲ တန့်သွားတယ်။ ဖိနပ်နဲ့bladeကို အမြန်ချွတ်ဖို့လှန်းအော်လိုက်ရတယ်။ အဲ့တာနဲ့ ၂ ယောက်သားတောင် ကုန်းပေါ်ဖြည်းဖြည်းချင်းပြန်တက်ပြီးတောင်ကုန်းပေါ်က လွင်ပြင်လေးလိုဖြစ်နေတဲ့နေရာလေးမှာ ခနနည်း
နည်းပါးပါးစီး ဓာတ်ပုံလေးပါလေးရိုက်ပြီးလက်လျှော့လိုက်ကြတော့တယ်။ တောင်ပေါ်က စားသောက်ဆိုင် မှာ နေ့လည်စာစား၊ ခနနားပြီး တောင်အောက်ကို cable နဲ့ပြန်ဆင်း၊ သူငယ်ချင်းကလဲ အဖျားတက်လာတာနဲ့ lodge ကိုပြန်ပြီး နားလိုက်ကြတော့သည်။ ညစာကို တော့ ရွာထဲ က အိမ်ဆိုင်လေးမှာ ဆာကေး
လေး သောက်ပြီး စားလိုက်တာ အတော်စားကောင်းဗျာ။ ဆိုင်ရှင်ကလဲ English လိုမတက်တော့ လာစား
နေတဲ့ တခြားဂျပန်ကောင်လေး တစ်ယောက်ကို စကားပြန်လုပ်ပြီး ဆာကေးမှာရတာ ရီနေရတယ်။
တကယ်တော့ Ski စီးကြည့်ချင်တာထက် နှင်းတွေအများကြီးဖုံးနေတဲ့၊ တလောကလုံးနှင်းတွေနဲ့ ဖုံးလွှမ်း
နေတဲ့ နေရာကို ရောက်ဖူးချင်တာရယ်ကြောင့် Nozawa Onsen Resort ကို လာရထားတတန်၊ ကားတ
တန်နဲ့လာခဲ့ကြာတာပါ။ အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး၊ အတော်လေးသာသာယာယာ ရှိတဲ့ ရွာလေးပါ။ ကျနော်အဲ့ဒီနေရာကို နောက်တစ်ခေါက်တော့ ထပ်သွားမယ် စိတ်ကူးထား သေးတယ်။






 
(၄) ရက်မြောက်နေ့မှာတော့ Nozawa Onsen ကနေ ကျိုတိုမြို့တော်ကို တိုကျိုကတဆင့်သွားပါတယ်။
အလာတုံးကအတိုင်း ရထားတွေ အဆင့်ဆင့်စီး၊ တိုကျိုရောက်၊ တိုကျိုကနေ ကျည်ဆံရထားနဲ့ (၃) နာရီ
ကြာစီးပြီးတဲ့ နောက် ကျိုတိုကို ညနေ (၄)နာရီလောက်မှာ ရောက်ပါတယ်။ ဟိုတယ်က Kyoto station နားမှာကို ထုံးစံအတိုင်း မြေပုံအကြည့်မှား၊ လမ်းတွေမှားနဲ့ ဟိုတယ်ကို နောက်ကျမှရောက်တော့တယ်။ ည
ဖက်တော့ Kyoto Station ထဲက ဆိုင်တွေလိုက်ကြည့်၊ ညစာစားနဲ့ပဲ အချိန်ဖြုံးလိုက်တော့တယ်။ (၅) ရက်မြောက်နေ့မှာ Kyoto က အထင်ကရ နေရာတွေ ကို စက်ဘီးနဲ့ လျှောက်သွားမယ်လို့ တွေးထားပေမယ့် မိုးရွာနေတာကြောင့် ရထားနဲ့ပဲ သွားဖြစ်ပါတယ်။ မိုးကြောင့်သွားရလာရတာ ခရီးမတွင်ပဲ၊ ဖိနပ်ကရေဆို နဲ့ အတော်လေး ကသိကအောက်နိုင်လှတယ်။ ကျိုတိုမြို့က Arashiyama ဆိုတဲ့နေရာမှာ ရှိတဲ့ Tenryuji Temple၊ Bamboo Grove ၊ Togetsykyo Bridge တို့ကိုလမ်းလျှောက်လည်ပတ်ပြီး ကျိုတို ဘူတာကို
ပြန်လာ၊ မနက်ထဲက အပ်ထားခဲ့တဲ့ luggage တွေပြန်ထုတ်ပြီး တိုကျိုဖက်ကိုပြန်ထွက်လာပါတယ်။ တိုကျိုအဝင်မှာတော့ ရထားက ရပ်လိုက်သွားလိုက်နဲ့ တိုကျိုကို ဆိုက်ရောက်ရမယ့် အချိန် ထက်နောက်ကျနေပါ
ပြီ။ အပြင်ကိုကြည့်တော့ နှင်းက အတော်ကြီးကျနေတော့ သာမန်နှင်းကျတယ်လို့ပဲ ထင်မိတာ။ တိုကျိုဘူ
တာကြီး ကို ရောက်တဲ့ အချိန်မှာ တော့ local ရထားတွေအကုန် နှင်းမုန်တိုင်း ကြောင့် မထွက်နိုင်တော့ တဲ့အကြောင်းကြော်ငြာနေတာ ကြားရပါတယ်။ အဲ့ဒီညအတွက်တည့်မယ့်နေရာက ဘူတာနဲ့ ၂.၂ ကီလိုမီတာဝေးပါတယ်။ taxi စီးသွားမယ်ဆိုတော့ Taxi တန်းစီနေတဲ့ လူတန်းကြီးက များပြီး Taxi တစီးမှလဲ မလာပါဖူး။ အဲ့တော့ တိုကျိုဘူတာကြီးမှာ ညအိပ်မလား၊ မလာတဲ့ Taxi ပဲစောင့်မလား၊ စွန့်စားပြီးလမ်းလျှောက်ကြမလား ဆိုပြီးတွေးတော့ စွန့်စားလမ်းလျှောက်ကြမယ်ပေါ့။ ခြေထောက် ကို ရေမဆိုရအောင် ပလစ်စတစ် စွပ်၊ အပေါ်ကခြေအိတ်ထပ်ဝတ်၊ ဖိန်ပ်စီးပြီး နှင်းတောထဲမှာ iPhone ရဲ့ လမ်းညွှန်ကို အားကိုးလို့ Luggage ကိုယ်စီဆွဲပြီး နှင်းထု ၆ လက်မလောက်ရှိတဲ့ လမ်းပေါ်ကို လျှောက် ကြပါတယ်။ Luggage က ဘီးတွေက အလုပ်မလုပ်နိုင်တော့ နှင့်ပေါ်မှာ ဆွဲရတာ ပင်ပန်းချက်က ကမ်းကုန်။ မီတာ ၂၀၀-၃၀၀ လောက်လျှောက် လိုက်၊ အမိုးလေးရှာပြီး နားလိုက်နဲ့ လျှောက်ကြရင်း၊ Internet Wi-Fi လွှင့်ပေးနေတာ Pocket Modern က Battery ကုန်သွားပါတော့တယ်။ သိပ်မကြာဖူး၊ ကျနော့် iPhone ကလဲ Battery ရှိနေသေးပေမယ့်အ
အေးလွန်သွားတာလား၊ ဘာကြောင့်မှန်းမသိ အလုပ်မလုပ်တော့ ပါဖူး။ အဲ့တော့ print ထုတ်ထားတဲ့
စာရွက်မြေပုံကိုအားကိုးပြီး လျှောက်ရင်းနဲ့ လာသမျှ Taxi လဲ တားပေမယ့် ဘယ်သူမှမရပ်ပေးကြပါဖူး။
၂ ယောက်လုံးလဲ ခြေကုန်လက်ပန်းကျလို့အဆောက်အဦး တစ်ခုက အကန့်လေးတစ်ခုမှ နှင်းခိုရင်း taxi တစ်စင်းလာတာတွေ့တော့ စွန့်စားတားကြည့်တာ၊ ကံတရားမျက်နာသာပေးတာနဲ့ taxi ကရပ်ပေးပါ
တယ်။ ဒါတောင်ပေးမတက်သေးဘဲ ဘယ်သွားမှာလဲ ဆိုတာမေးနေ တော့ လိပ်စာရေးထားတဲ့ စာရွက်ကို
ပေးတော့ ကားထဲက GPS ထဲကို ရိုက်ထဲကြည့်သေးတယ်၊ ကျနော်တို့မှာတော့ လမ်းလည်ကောင် နှင်းတွေကြားထဲမှာရပ်စောင့်လို့ပေါ့။ နောက်တော့ အိုကေ ဆိုတာနဲ့ luggage ၂ လုံးအမြန်တင်ပြီး taxi ပေါ်
တက်လို့ ဘလောက်ခ်တစ်ခုလောက်ပဲ ပတ်မောင်းလိုက်ရတယ်၊ ၅ မိနစ်မကြာဖူး တည်းခိုမယ့်ဟိုတယ်ရှေ့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတယ်။ အဲ့ဒီအချိန်မှာ ပိုက်စံ ကုန်တာအရေး မဟုတ်တော့ပါဘူး။ လုံခြုံရာ
နေရာတစ်ခု၊ နွေးနွေးထွေးထွေး နေလို့ရမယ့် နေရာရောက်ရင်ပဲ ကျေးဇူးတင်လှပါပြီ။ နှင်းမမြင်ဖူးလို့ နှင်း
တောင်အထိအတောင် ခရီးအတန်တန်ဆင့်ပြီး သွားကြည့် ရတာ။ အခုတော့ နှင်းတောထဲမှာ ဒုက္ခနဲ့တွေ့လိုက်တာ၊ နှင်းဆိုတာ မကြည့်ချင်တော့ပါဖူး၊ တော်ပါပြီ ကို ဖြစ်သွားတော့တာပါပဲ။ (၆) ရက်မြောက်နေ့ မှာ အစီအစဉ် အရ Kamakura ကိုသွားလည်မယ် စိတ်ကူးထားပေမယ့် ရာသီဥတု ကြောင့်ရယ်၊ ရထားအချိန်
တွေ မမှန်တော့မှာကြောက်တာရယ်ကြောင့် မနက်စာစားပြီး၊ ပြင်ဆင်ပြီးတာနဲ့ တိုကျိုဘူတာကြီးကို ပဲ
ထွက်လာခဲ့တော့တယ်။ တိုကျိုဘူတာကြီးမှာ လူတွေက သာမန်ထပ်ပိုများနေတယ်လို့ ထင်ပေမယ့်၊ ဖြစ်ရိုး
ဖြစ်စဉ်ပဲလို့ ပဲတွေးလိုက်မိတယ်။ ညနေစင်္ကာပူပြန်မယ့် လေယာဉ်အချိန်က ၆ နာရီမှဆိုတော့ တိုကျိုကနေ လေဆိပ်ကို နေ့လည် ၃ နာရီမှာထွက်မယ့် Narita Express ကို reserved လုပ်ထားတယ်ဆိုတော့ အချိန် ရသေးတာနဲ့ Shinjuku က Tokyo Metropolitan Building ကို သွား လည်ဖြစ်ပါတယ်။ အဲ့ဒီကနေ ဘူတာကြီးကို ပြန်ပြီး ရထားအချိန်စောင့်နေတုံး၊ နှင်းအရမ်းကျတာကြောင့် Narita Express Delayဖြစ်မယ်ဆိုတော့ Information မှာ သွားမေးရတယ်၊ Information မှာလဲ လူတွေ အုံးအုံးကျွတ်ကျွတ်နဲ့ပါ။ Information က ရထားနောက်ကျကောင်းနောက်ကျနိုင်တယ်၊ ဒါမယ့် ရထားလာမယ်၊ ပလတ်ဖောင်းမှာ
စောင့်ပါဆိုတော့ ပလတ်ဖောင်းကို ဆင်းသွားမှာ အဲ့မှာလူတွေက ပြွတ်သိပ်နေ အောင့် စောင့်နေကြတာ
တွေ့ရတော့တယ်။ တစ်ခုခုတော့ လွဲနေပြီဆိုပြီး ကိုယ်တက်ရမယ့် ရထားတွဲ နေရာမှာတန်းစီနေတာပေါ့။
စိတ်ထဲမှာတော့ အလာမှာတုံးက အေးအေးဆေးဆေး ပဲ ဆိုတော့ ရထားပေါ် အတက်အဆင်းလုပ်တဲ့နေရာမှာ ပြသနာမရှိဖူး၊ ကိုယ်တက်လို့ရမှာပဲ၊ ကိုယ့်ခုံကိုယ် ရမှာပဲ လို့ထင်မိတယ်။ ရထားလာပြီးတဲ့ နောက် ကိုယ်ထင်ထားတွေ တက်တက်ဆင်အောင်လွဲပြီး၊ ရထားပေါ်တောင် တက် လို့မရတော့အောင် ရထားပေါ်မှာ လူတွေပြည့်ကြပ်သွားပါတယ်။ အဲ့ဒီအချိန်ကျမှ သိလိုက်တာက အဲ့ဒီနေ့တစ်နေကုန် လေဆိပ်ကို ရထားတစ်စင်းမှမထွက်ပဲ၊ အခုထွက်တဲ့ ရထား ပထမဆုံးဆိုတော့ ရှေ့ပိုင်း က မသွားရသေးတဲ့ ခရီးသည်တွေ အကုန်က အခုရထားကို ရောက်လာကြတာပါ။ ကျနော်ကတော့ လေယာဉ်မမှီတော့ဖူးလို့ တွက်ထားပေမယ့် ရလိုရငြား ကြိုးစားချင်သေးတာကြောင့် ရှေ့မှာလူ ၅ ယောက် လောက်ကျန်နေပေမယ့် ဆက်စောင့်ကြည့်
နေလိုက်တယ်။ ရထားဝန်ထမ်းတစ်ယောက် ဂျပန်လိုလာပြောတော့ ကိုယ့် ရှေ့ကစောင့်နေတဲ့ ၅ ယောက်လောက်က လက်လျှော့ပေးလိုက်ကြတယ်။ အဲ့တော့ ကိုယ် တွေ က ရထားအပေါ်ဝရောက်လာပြီပေါ့။
တက်လို့ကတော့ မရသေးဘူး။ ကျနော်ကြည့်လိုက်တော့ အထဲမှာ Luggage တွေကြောင့် ပြည့်နေတာဆိုတော့၊ luggage တွေကို ထပ်ပေးဖို့၊ လူတွေ နည်းနည်းနေရာပေးဖို့၊ ပူးပေါင်းကူညီဖို့ English လို့ကျနော်အော်ပြောပေမယ့် ဂျပန်တွေက English လိုနားလည်တဲ့ ပုံမပေါ်တာကြောင့် ပထမဆုံး ခရီးသည်တစ်ယောက်ရဲ့ luggage ပေါ်ကို ကျနော့် luggage တစ်ခုထပ်တင်၊ ခြေတစ်နေရာစာကို အတင်းထိုးဝင်လိုက်လို့၊
နည်းနည်းရွေ့ပေးကြပြီး၊ ကျနော်တို့ (၂) ယောက်တင်မက နောက်ထပ် လူ ၃ ယောက်လောက်ထပ်ဝင်လို့ရလိုက်ပါတယ်။ ဝင်လို့ရလိုက်တာကို ကျေးဇူးမတင်ပဲ၊ ဂျပန်အဖိုးကြီး ငမူးကြီးက ကျနော်တို့ ၂ယောက်ကို လက်မှတ်ပြခိုင်းတယ်၊ သူက လက်မှတ်ရှိလို့ အထဲဝင်ပြီး သူ့ထိုင်ခုံကို သွားမယ်တဲ့။ ကျနော် က ရှေ့မှာ လူတွေအကုန်ပိတ်နေ့တဲ့အတွက် ရွေ့လို့တောင် မရကြောင်း၊ ငါတို့မှာလဲ လက်မှတ်နဲ့ ထိုင်ခုံရှိကြောင်း
ပြောတာကို အတင်းကြီးပြောတော့၊ ကျနော်လဲ အသံကျယ်ကျယ်နဲ့ အော်ဟစ်ရတဲ့ အဆင့်ကို ပါရောက် လာတော့တယ်။ ကျနော့်သူငယ်ချင်းကို လဲ သူ့ကို စကားပြန်ပြောနေဖို့ မလိုကြောင်း၊ သူလဲ ခရီးသည်
ကိုယ် လဲ ခရီးသည်၊ ကိုယ့်မှာလဲ လက်မှတ်ရှိနေတာ အခြေအနေက ဒီလိုဖြစ်နေတာ ဘယ်လိုမှလုပ်မရတဲ့အကြောင်း ပြောရသေးတယ်။ ရထားကထွက်ခွာချိန်ထက် နာရီဝက်လောက်နောက်ကျပြီးတဲ့ နောက် တိုကျိုဘူတာကြီးကနေထွက်ခွာနိုင်လိုက်ပါတယ်။ ၄၅ မိနစ်ကြာခရီးကို ငါးသေတ္တာလိုနေပြီး ရထားစီးလာရပေမယ့် လေယာဉ်အချိန်တော့ မှီမှာပဲ ဆိုပြီး အားတင်းလိုက်တာပြီးတဲ့ နောက် Narita လေဆိပ်ကိုရောက်တဲ့ အခါမှာ Ticket Exit လုပ်တဲ့နေရာက တန်းစီနေတဲ့ လူအုပ်ကြီးကို တဆင့်၊ လေဆိပ်အဝင် Passport Check Area ကလူအုပ်ကြီး များကို ကျော်ပြီးတဲ့နောက် ဒုက္ခတော့ ကုန်ပြီလို့ ထင်လိုက်တာ Check in Counters တွေကို တန်းစီနေတဲ့ လူတန်းကြီးတွေကို ကြည့်လိုက်တဲ့ အခါ မူးမေ့သွားမတက်ပါပဲ။ Narita
လေဆိပ်တစ်ခုလုံးဟာ၊ူဒုက္ခသည်စခန်းလို ဖြစ်နေပြီး အရေးပေါ်အိပ်ယာတွေ၊ စောင်တွေ၊ အရေးပေါ်စားစရာသေတ္တာပုံးခွံတွေနဲ့ ရှုပ်ရှပ်ခက်ပြီး၊ လူအများအပြားဟာ လေဆိပ်ကြမ်းပြင်တွေပေါ်မှာ အိပ်နေကြတာ၊ နားနေကြတာ တွေ့ ရပါတယ်။ ကောင်တာတစ်ခုကို တန်းစီနေပြီး နာရီတစ်ကြည့်ကြည့်နဲ့ပေါ့။ ၆နာရီခွဲ
ထွက်မဲ့ ကျနော့်လေယာဉ်အတွက် ၆ နာရီအတိမှာ ကျနော်တို့ check in ဝင်လို့ပြီးသွားပါတယ်။ Immigration၊ Security Screening တွေကို အပြေးအလွှားဖြတ်၊ ဂိတ်ကိုရောက်အောင်ပြေးပြီးလို့ ဂိတ်
ရောက်တဲ့အခါ၊ ကျနော်တို့ စီးမယ့် လေယာဉ်ဟာ ည ၇ နာရီခွဲမှ ထွက်တော့မယ့် အကြောင်း ကြော်ငြာသံကြားရတယ်။ စောစော စီးစီး ထဲက ကြော်ငြာပါလား၊ အဲ့လိုဆို မပြေးရ မလွှားရတော့ဖူးပေါ့။ ဂိတ်ရောက်
တော့မှပဲ သက်ပျင်းကြီးချပြီး နားနိုင်တော့တယ်။ Boarding ခေါ်ပြီး လေယာဉ်ပေါ်ရောက်ပြီးတာတောင်
လေယာဉ်ဟာ နောက်ဆုံး ည၈ နာရီကျော်မှထွက်နိုင်ခဲ့တာပါ။ ထိုင်ခုံပေါ်ရောက်တော့ တညနေလုံးဘာမှမစားရသေးတာ ကြောင့်ဗိုက်ကအသံပေးလာပြီဆိုတော့ ဘူတာကြီးကဝယ်လာတဲ့ ပေါင်မုံတစ်ယောက် တစ်လုံး စားနေတာမြင်တဲ့ cabin crew တစ်ယောက်က ရေယူလာပေးရမလားဆိုပြီး လာမေးတော့ Delta Airlines Service ကိုရော Crew ကိုရော အတော်လေး ကျေးဇူးတင်အထင်ကြီးမိပါတယ်။

ကျနော့် ဒီခရီးကတော့ အပျော်ခရီးထက် Adventure ခရီးလို့နာမည်တက်လိုက်ချင်ပါတယ်။ ကျနော့် ရဲ့ Crisis Management Skill ဟာလဲ အတော်လေး ညံ့ဖျင်းသေးမှန်းသတိထားမိတယ်။ သင်ခန်းစာအနေနဲ့ အနေနဲ့ local news ကို သတိထားဖတ်ဖို့၊ especially အခုလို ရာသီဥတု အခြေအနေနဲ့ပတ်သတ်တာမျိုးပေါ့။ နောက်တစ်ခုက Technology ကိုပဲ အားမကိုးပဲ၊ Manual မြေပုံလေးပါလေးဆောင်ဖို့ တွေ လိုအပ်တယ် လို့ သင်ခန်းစာယူရင်း ကျနော့် ပိုစ့်ကို နိဂုံးချုပ်ပါသည်။ ။