Sunday, April 5, 2015

မစ္စတာ လီကွမ်ယူ ၏ သေတ္တာနီ ... Mr. Lee's Red Box


မူရင်းဆောင်းပါး ဖြစ်တဲ့ Mr. Lee's red box ကို Mr. Lee ရဲ့ Principal Private Secretary (PPS)
ကိုယ်ရေးအတွင်းရေးမှူးချုပ်အဖြစ် ၁၉၉၇ ခုနှစ် မှ ၂၀၀၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ ပြီး နောက်
ရာထူးအဆင့်ဆင့် တက်ကာ လက်ရှိ စင်္ကာပူနိုင်ငံ ပညာရေးဝန်ကြီး အဖြစ်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ Mr. Heng Swee Keat က Mr Lee ကွယ်လွန်ပြီး ၁ ရက်အကြာမှာ မီဒီယာပေါင်းစုံကနေ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

Mr. Lee ကွယ်လွန်ပြီးတဲ့နောက်မှာ မီဒီယာတွေ Facebook တွေမှာ အကောင်းအဆိုးတွေ ဝေဖန်ကြ။
တချို့ကလဲ အကောင်းရေးတဲ့ သူများကို အမေကျော်ဒွေးတော်လွမ်းတို့၊ အဆိုးရေးတဲ့ သူများ ကိုလည်း
တလုတ်စားဖူးသူ့ကျေးဇူးဆိုတာ ရှိတယ်။ သူတည်ထောင်ခဲ့ပြီး တိုးတက်ခဲ့တဲ့နိုင်ခံမှာနေပြီး အရိပ်နေနေ အခက်ချိုးချိုး မျိုးမလုပ်ကြတဲ့ စသည်ဖြင့် ထုံးစံအတိုင်း ဂိုဏ်းဂနတွေ ကွဲပြားနေဆဲ ကာလဆိုတော့ ကျနော်လဲ ပြောခံရမှာဆိုးတာ နဲ့ ရေးချင်တဲ့ အကြောင်းအရာတွေ အခုမှရေးဖြစ်ပါတယ်။ မူရင်းဆောင်းပါးက
ဆီလျော်အောင်ဘာသာပြန်ရေးတဲ့ အတွက်အမှားများပါခဲ့ရင် ခွင့်လွှတ်ဖို့ ကြိုတင်တောင်းပန်ပါတယ်။
ကိုယ်ပိုင် Blog များနဲ့ facebook မှ ရှယ်မယ်ဆိုရင် ကျေးဇူးပြုပြီး Credit ပေးပါလို့ မေတ္တာရပ်ခံပါတယ်။

သေတ္တာနီ ကို Mr Lee ဝန်ကြီးချုပ်ဖြစ်သည့်အချိန်မှ စပြီး ဖေဖဝါရီလ ၅ ရက်နေ့ Mr. Lee နေမကောင်း
ဖြစ်ပြီး ဆေးရုံမတက်မီ ၁ ရက်အလိုအထိ Mr. Lee သုံးစွဲခဲ့သည့် သမိုင်းဝင်ပစ္စည်းတစ်ခုဖြစ်ပါသည်။
Mr Lee ကွယ်လွန်ပြီးနောက်သေတ္တာနီကို စင်္ကာပူအမျိုးသားပြတိုက်ရှိ Mr Lee ပြခန်းတွင်အများပြည်သူ
ကြည့်ရှုနိုင်ရန်စတင် ပြသထားပြီဖြစ်ပါတယ်။

Mr. Lee မှာ သေတ္တာနီ တစ်လုံးရှိသည်။ မိမိ Mr Lee အတွက် ကိုယ်ရေးအတွင်းရေးမှူးချူပ်အဖြစ်တာဝန်ထမ်းဆောင် နေစဉ်ကာလ က ဒီ သေတ္တာနီနှင့် နေစဉ်နှင့် အမျှပတ်သတ်ခဲ့ရဖူးသည်။ Mr Lee ရုံးမတက် လာမီ မနက် ၉ နာရီခန့်တွင် သေတ္တာနီ ရုံးသို့ အရင်ရောက်လေ့ရှိသည်။ Mr Lee ဒီသေတ္တာနီကို နှစ်ပေါင်းများစွာသုံးစွဲ ခဲ့သည်ကို Mr Lee နှင့် အလုပ်တူတူတွဲ လုပ်ခဲ့ဖူးသည့် အရာရှိကြီးငယ်များ မှတ်မိလောက် အုံးမည်ဟုမိမိထင်သည်။ တကယ်တော့ သေတ္တာနီသည် သေတ္တာပုံစံလေးထောင့် ပုံရှိပြီး ၁၄ စင်တင်မီတာခန့်ဗျက်ကျယ်သည်။ သေတ္တာနီ၏ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် သေတ္တာနီကိုယခင်ကိုလိုနီခေတ်ကအင်္ဂ
လိပ်ဝန်ကြီးများ ရုံးတစ်ရုံးနှင့် တစ်ရုံး စာရွက်စာတမ်းများ ပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိပြီး မိမိတို့၏
စင်္ကာပူဝန်ကြီးများ လည်းယခင်က အသုံးပြုဖူးသော်လည်း ယခုနောက်ပိုင်းနှစ်များ တွင် Mr Lee တစ်ဦး
တည်း သာသုံးစွဲတာ သတိထားမိသည်။ ၁၉၉၇ခုနှစ်က မိမိ Mr Leeထံတွင် စတင်တာဝန်ထမ်းဆောင်တော့ သေတ္တာနီကို စမြင်ဖူးသည်။ သေတ္တာနီလို့ခေါ်ပေမယ့် ဝိုင်အနီရောင်ရင့်ရင့်နှင့်ပိုတူပြီး ပါလီမန် ထဲကထိုင်ခုံအရောင်မျိုးရှိသည်။ ဒီသေတ္တာနီကို Mr Lee အလုပ်လုပ်သော အချိန်တိုင်းတွင် အသုံးပြုလေ့ရှိပြီး သူ၏စာရွက်စာတမ်းများ၊ မိန့်ခွန်းအကြမ်းများ၊ ဖတ်စရာစာများ၊ မေးခွန်းများမေးရန်အတွက် အကြမ်းရေးမှတ်ထားသည့် မေးခွန်းများ၊ လေ့လာမှတ်သားမိသော အကြောင်းအရာများ၊ ဆင်ခြင်သုံးသပ်ချက်များ ပါရှိလေ့ရှိပါသည်။ ဒီနှစ်ပိုင်းများတွင် Mr Lee သူ၏ ကိုယ်ရေးအထုပတ္ထိများ ရေးနေချိန်အတွင်း သေတ္တာနီသည် သူ၏ ရုံးနှင့် အိမ်ကို လွန်း ထိုးခေါက်ပြန်ပြေးပြီး စာရွက်စာတမ်းများ ပို့ဆောင်သည့် တာဝန်များထမ်းဆောင်ခဲ့
သည်။ ထို့အပြင် Mr Lee ယခင်ကသုံးစွဲခဲ့သည့် အသံသွင်း တိတ်ခွေများ၊ နိုင်ငံခြားခေါင်းဆောင်များ နှင့် အဆက်အသွယ်ပြု လုပ်သည့် အကြောင်းအရာများ၊ စီးပွားရေးပျက်ကပ်သုံးသပ်ချက်များ၊ ဝန်ကြီးချုပ်အိမ် တော် ဝန်ထမ်းများအတွက် ညွန်ကြားချက်များ၊ ဒီထက်မက အမြန်လမ်းမကြီးများပေါ်မှာ သစ်ပင်များ    အကြောင်း အထိပါဝင် လေ့ရှိသည်။ Mr Lee သည် မည်သည့်အကြောင်းအရာမဆို စေ့စေ့စပ်စပ် တိတိကျကျ လုပ်တက်သည့် အကြောင်း လူအများ သိကြသည့်အတိုင်း စင်္ကာပူမြို့အတွင်း သွားရင်းလာရင်း တွေ့မိသည့် သစ်ပင်ညိုး နွမ်းပြီး သေနေသည်ကအစ သေတ္တာနီအတွင်း က မှတ်စုတွင် ရေးမှတ်ပြီး အရေးတယူ
ဆောင်ရွက်စေလေ့ရှိသည်။

Mr Lee ပြောလာမည့်အကြောင်းအရာ များ ကို မိမိတို့ တခါမှကြိုတင်မှန်းဆလို့ မရနိုင်ခံပေ။ စင်္ကာပူနိုင်ငံအတွင်း သို့မဟုတ် ကမ္ဘာ့တစ်နေရာရာမှာ တစ်ခုခုဖြစ်သည့်အကြောင်းအရာ များဖြစ်နိုင်သည်။ သေခြာ
သော အချက်အနေနဲ့ ဖြစ်နေသည့်အကြောင်းအရာများ သည် သူ၏နိုင်ငံအတွက်၊ သူ့နိုင်ငံသားများအ  တွက်သူများထက်ယှဉ်ရင် ရှေ့ကိုဘယ်လိုခြေတလှမ်းသာနေထိုင်ရေးတွေအတွက် သေတ္တာနီထဲတွင် ခိုင်မာသည့်စီမံကိန်း တွေရှိနေသည်။ သေတ္တာနီ Mr Lee ရုံးသို့ ရောက်ရှိသည်နှင့် Mr Lee ၏ အတွင်းရေးမှူးများ မှ Mr Lee အတိုချုပ်မှတ်ချက် ရေးထားသည်များ ကို အကျယ်တဝင့်ဖြစ်အောင် ပြန်ရေးပြီး သည်နှင့်       သက်ဆိုင်ရာဝန်ကြီးဌာန များကို ညွှန်ကြားချက်များ ပေးပို့ခြင်း၊ မေးခွန်းများမေးမြန်းခြင်းများ တို့ကို Mr Lee ရုံးမတက်လာမီအမြန်ဆုံးပြီးစီးအောင် ပြင်ဆင်လုပ်ဆောင်လေ့ရှိသည်။ အရှေ့တောင် အာရှ စီးပွားရေးပျက်ကပ်အတွင်း Mr Lee အိမ်မှ အလုပ်လုပ်နေစဉ်ကာလ သေတ္တာနီ သည် အိမ်နှင့် ရုံးအသွားအပြန်လုပ်ကာ စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်များ၊ စီးပွားရေးပညာရှင်များ နှင့် တွေ့ဆုံဆွေးနွေး မှုများကို သယ်ယူပို့ဆောင်ခြင်းဖြင့် တာဝန်ကျေပွန်ခဲ့သည်။ မိမိ Mr Lee ထံတွင် အလုပ်လုပ်စဉ်အချိန်အတွင်း သူ၏နေ့စဉ်နံနက်စာသည် သူ့အိမ်အနီး စားသောက်ဆိုင်တန်းမှ ဂျိုင့်ဖြင့်သွားဝယ်သော အချိုရည်မဆမ်းထားသည့် ပဲနို့ခဲတခွက်ဖြစ်ပြီး၊ လက်ဖက်ရည် နှင့် ကော်ဖီကို နံနက်စာတွင်သုံးဆောင်လေ့မရှိပေ။ Mr Lee ရုံးတက်လာသည်နှင့် သူ့အရင်ရောက်နှင့်နေသော သေတ္တာနီအတွင်း မှ အကြောင်းအရာများ သည် သူပြန်လည်သုံးသပ်ရန် အဆင်သင့်ပြင်ဆင်ထားလေ့ ရှိသည်။ အဲ့ဒီအချိန်ကစပြီး အလုပ်လုပ်တဲ့ရက်က သူ့ပုံမှန်အချိန်ဇယားအတိုင်း အစဉ်လိုက်သွားတော့သည်။ ဖတ်စရာရှိသည်များဖတ်သည်၊ အီးမေလ်းများဖတ်ပြီး စာပြန်စရာရှိသည်များ ပြန်ပြီးသည်နှင့် အဲ့ဒီနေ့ အတွက် နိုင်ငံခြားနှင့် ပြည်တွင်းဧည့်သည်များ ကို လက်ခံတွေ့ဆုံလေ့ရှိသည်။ ကိုယ်ရေးအတွင်းမှူးချူပ် ဆိုသည်နှင့်အမျှ Mr. Lee K Y ဧည့်သည်များတွေ့ဆုံသည့်အခါတိုင်း အခွင့်ထူးရကာ အနားတွင် ထိုင် ပြီးနားထောင်ခွင့်ခဲ့သည်။ အစည်းအဝေး သို့မဟုတ် ဧည့်သည်လက်ခံတွေ့ဆုံပြီးသည်နှင့် မိမိကို ဘယ်လိုထင်လဲ လို့ ထင်မြင်ချက်မှတ်ချက်များမေးတက်သည့်အတွက်    ပြောသမျှစကား တလုံးမကျန်ရအောင် နားထောင်မှတ်သား ရသည့်အတွက် မိမိအတွက် အများကြီးပညာဆည်းပူးနိုင်ခဲ့သည်။

ညနေပိုင်းအချိန်များကတော့ Mr. Lee K Y အတွက်လေ့ကျင့်ခန်းအချိန်ပဲဖြစ်ပြီး မည်သည့်နေရာ ရောက်  နေနေ လေ့ကျင့်ခန်းကို မပျက်မကွက် စည်းကမ်းထားပြီးလုပ်လေ့ရှိသည်။ အပြေးစက်ပေါ်တွင် ပြေးခြင်း၊   လှေလှော်စက်ဖြင့်လှေလှော်လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်း နှင့် လမ်းလျှောက်ခြင်းတို့ သည် သူလုပ်နေကျ ကာယလေ့ကျင့်ခန်းများပင်ဖြစ်ပြီး လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းလဲ ညနေ သတင်း ဒါမှမဟုတ် သူ့တရုတ်စာ စကားပြောလေ့ကျင့်ခြင်း ကိုနားထောင်လေ့ရှိသလို တခါတလေ လဲ ဖုံးများပြောလေ့ရှိသည်။ အသက် ၇၀ ကျော် ၈၀ နားနီးလာသည်နှင့် အမျှ ဇရာကြောင့်စိတ်သွားတိုင်း ကိုယ်မပါတော့ သည့် နောက်
တွင်တော့ ရိုှးရှင်းသောကာယလေ့ကျင်းခန်းများ သာ လုပ်တော့ပြီး အစိုးရအဖွဲ့ဝင်ဝါရင့်ဝန်ကြီးအဖြစ်မှ အနားယူချိန် ၂၀၁၁ ခုနှစ်တွင်တော့ လေ့ကျင့်ခန်းလုပ်ချိန်တွင် အလုပ်ကိစ္စများ သိပ်မလုပ်တော့ ပဲပိုပြီး
လွတ်လပ်ပေါ့ပါးကာ သူ့ဘဝအကြောင်းအရာများ၊ ရီစရာ ဟာသလေးများကို သူ့ ကိုယ်ရံတော်များ၊ ဝန်ထမ်းများ ကိုပြောပြလေ့ရှိတော့သည်။

Mr. Lee K Y ညနေပိုင်း လေ့ကျင့်ခန်းလုပ်နေပြီ ဆိုရင်တော့ မိမိတို့ ရုံးဝန်ထမ်းအပေါင်းတို့က အဲ့ဒီနေ့အတွက်လုပ်စရာရှိသည်များ၊ Mr. Lee K Y ဖတ်ရန်မှတ်ချက်ပေးထားသည့်စာများ၊ စသည့်ဖြင့် Mr. Lee K Y အိမ်စာလုပ်ရန်အတွက် သေတ္တာနီထဲ ကို အစီစီအရီရီ ပြန် ထည့်ကြရသည်။ တခါတယံ သေတ္တာနီထဲ ထည့်စရာများ မပြီးသေးသည့်အတွက် သူ့ကိုယ်ရံတော် အရာရှိကို နောက်တခေါက်ပြန်လာယူခိုင်းကြရသည်။ Mr. Lee K Y ၏ ဇနီးသက်ရှိထင်ရှားရှိစဉ်က ညနေပိုင်းတွင် Mr. Lee K Y ရုံးခန်းရှိရာ သမ္မတနန်းတော်အတွင်း ရှိ ဝန်ကြီးချူပ်ရုံး ကိုလာရောက်ပြီး Mr. Lee K Y နှင့်အတူတကွထိုင်ကာသူတို့ နှစ်ဦးစလုံးနှစ်သက်သဘောကျသည့် သမ္မတနန်းတော် အတွင်ရှိသစ်ပင်များကို ကြည့်ရှုစကားစမည်ပြောလေ့ရှိသည်။ သူတို့ဇနီးမောင်နှံပြောကြသည့်စကာ များမှာ အခြား ဇနီးမောင်နှံတွေပြောသလိုပဲ ဒီကနေ့ညစာတော့ ဘာစားကြရင်ကောင်းမလဲ၊ သူ့တို့မြေးတွေ ဘာတွေလုပ်နေကြတယ် စတဲ့အကြောင်းအရာတွေပဲ ဖြစ်သည်။ အဲ့ဒီနောက်တော့ သူတို့ဇနီးမောင်နှံ အိမ်သို့ပြန်ချိန်တွင် သေတ္တာနီလဲ အတူတကွပါသွားတော့သည်။ အိမ်တွင်ညစာစားပြီးသည် နှင့် သူတို့ဇနီးမောင်နှံ အေးအေးလူလူ လမ်းလျှောက်လေ့ရှိပြီး၊ Mr. Lee K Y ဝန်ကြီးချူပ်ဘဝ သန်တုံးမြန်တုံးကာလများတွင် သူ့ဇနီးက လမ်းလျှောက်လေ့ရှိပြီး Mr. Lee K Y က တော့ စက်ဘီးစီးလေ့ရှိသည်။ သူစီးသည့် စက်ဘီးကို မြင်လျှင် လူအများလက်ဖျားခါလေ့ရှိပြီး အလွန်ရှေးကျနေပြီဖြစ်သော စက်ဘီးဖြစ်သည်။ အဲ့ဒီစက်ဘီးကို အသစ်လဲလိုက်သည်ဟု ဘယ်သူမှ မမြင်ဖူးကြပေ။ Mr. Lee K Y အသက်အရွယ်ကြောင့် အားနည်းလာအခါကျမှ သူသည် အဲ့ဒီစက်ဘီးကို အစီးရပ်လိုက်ပေတော့သည်။
Mr. Lee K Y ညစာအပြီး အေးအေးလူလူ လမ်းလျှောက်ပြီးသည်နှင့် သူအလုပ်ပြန်စလုပ်ရန် ရုံးမှပြန်ယူလာသော သို့မဟုတ် ပို့လိုက်သော သေတ္တာနီကို ဖွင့်တော့သည်။ သူ့အလုပ်ခန်းအဖြစ် စာကြည့်ခန်းကိုအသုံး
ပြုပြီး ယခင်ကတော့ သူ့သားအကြီးဆုံး လီရှန်လွန်း (လက်ရှိဝန်ကြီးချူပ်) ၏အိပ်ခန်းဖြစ်သည်။ သူ့စာကြည့်ခန်း သို့မဟုတ် အလုပ်ခန်းသည် အလွန်ရိုးရှင်းသော ပရိဘောဂများဖြင့်သာ ဆင်ယင်ထားပြီး၊ အလုပ်စားပွဲသည် သစ်သားစားပွဲဟောင်းတစ်ခုသာဖြစ်သည်။ စားပွဲမျက်နာပြင်ကို မှန်သားပြင်အုပ်ထားပြီး အတွင်းတွင် မိသားစုဓာတ်ပုံများ၊ သာအကြီး ဝန်ကြီးချူပ်လီရှန်လွန်း စစ်မှုထမ်းကာလဓာတ်ပုံများ ထည့်ထားသည်။ Mr. Lee K Y ဇနီးရှိစဉ်ကတော့ သူ အလုပ်လုပ်နေစဉ် သူ့ဇနီးက စာဖတ်ရင်းစောင့်ပေးလေ့ရှိသည်။ Mr. Lee K Y ဝန်ကြီးချူပ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလ များတွင် သူ၏ အိပ်ချိန်သည် နံနက် ၃နာရီခွဲ ဖြစ်ပြီး၊ စီနီယာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလများတွင်တော့ နံနက် ၂ နာရီတွင် အိပ်လေ့ရှိသည်။ နိုင်ငံခြားခရီးစဉ်များမှ ပြန်လာသောရက်များတွင်တော့ သူ၏အိပ်ချိန်ကို နံနက် ၁ နာရီမှ ၂ နာရီအတွင်းသတ်မှတ်ထားလေ့ရှိသည်။ စင်္ကာပူမြိုကြီး အိပ်မောကျချိန်များတွင် တော့ Mr. Lee K Y အတွက် ပုံမှန်အလုပ်ချိန်များပင် ဖြစ်နေသည်။ Mr. Lee K Y အိပ်ယာသို့မဝင်မီ သူလုပ်စေချင်သည့် ညွှန်ကြားချက်များ၊ မှတ်ချက်များ စာရွက်စာတမ်းများ အားလုံးကို သေတ္တာနီ အတွင်းအစီစီအရီရီ ထည့်သွင်းပြီးနောက် သော့ခတ်ကာ သူ၏စာကြည့်ခန်းအပြင်တွင် ချ ထားပေးပြီးနောက် သူ့တစ်နေ့တာလုပ်ငန်းများ ပြီးဆုံးတော့သည်။ နံနက်တွင်တော့ အဲ့ဒီနေ့အတွက်တာဝန်ကျ သည့် ကိုယ်ရံတော် အရာရှိက သေတ္တာနီကို သူ့ရုံးသို့ ပို့ဆောင်ပြီး နေ့သစ်တစ်ရက် စတော့သည်။

သေတ္တာနီအတွက် မှတ်မှတ်ရရ များအနေဖြင့် ၁၉၉၆ ခုနှစ်တွင် Mr. Lee K Y နှလုံးခွဲစိတ်ကုသမှု ပြုလုပ်ရသည်။ ၂ လအတွင်း ဒုတိယမြောက်ခွဲစိတ်ကုသမှုဖြစ်ပြီးပထမအကြိမ်ခွဲစိတ်မှု မှာ မအောင်မြင်ခဲ့ပေ။ ခွဲစိတ်အပြီး သူ့ကို အထူးကြပ်မတ်ကုသဆောင်အတွင်း စောင့်ကြည့်နေပြီးနောက်၊ မေ့ဆေးပြယ်ပြီး ပြန်လည်သတိရလာသည်နှင့် သူ့ကိုယ်ရံတော်အရာရှိကို ခေါ်တော့သည်။ ကိုယ်ရံတော်အရာရှိ အလောတကြီး
ပြေးဝင်ပြီး ဘာအလိုရှိပါသလဲ မေးတော့ " သေတ္တာနီယူခဲ့ပေးမလား ?" တဲ့။ ICU ထဲရောက်နေတဲ့ ကာလထဲမှာတောင် မေးတဲ့ သေတ္တာနီ ကို အရာရှိက အလျှင်အမြန်ရရှိအောင်ဆောင်ရွက်ပြီးတဲ့ နောက်၊ အလုပ်လုပ်ရအောင်ထားခဲ့လို့ ပြောတယ်။ အဲ့ဒီတုံးက Mr. Lee K Y အသက် ၇၂ နှစ်ပါ။ ၂၀၁၀ ခုနှစ်မှာတော့ Mr. Lee K Y ရင်ဖက်ကို ပိုးဝင်တဲ့ရောဂါကြောင့် ဆေးရုံတက်နေစဉ်ကာလအတွင်း သူ့ချစ်ဇနီး ကွယ်လွန်ရှာပါတယ်။ သူ့ဇနီးကွယ်လွန်ကြောင်း ပြောပြီးချိန်မှာတော့ သူထနိုင်သည်နှင့် အသုဘအခန်းအနား
ပြင်ဆင်ထားရာ ဝန်ကြီးချူပ်အိမ်တော် သို့သွားတော့သည်။ သူ့ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံကို ဆရာဝန်၏ညွှန်ကြားချက်ကြောင့် ပြန်ရချိန်တွင် သူ့ကိုယ်ရံတော်အရာရှိကို ဆေးရုံမသွားသေးပဲ စင်္ကာပူ
မြစ်ကမ်း ပို့ပေးလို့ ညွှန်ကြားပါတယ်။ ညနက်သန်းခေါင်အချိန်မှာ Mr. Lee K Y တစ်ယောက် သူ့ချစ်ဇနီးအတွက် ကြေကွဲဝမ်းနည်းနေရသည့်အတွက်သူ့ချစ်ဇနီးနဲ့အတူ လမ်းတူတူလျှောက်ခဲ့ဖူးတဲ့ မြစ်ကမ်းဘေးမှာ သူတစ်ယောက်ထဲလမ်းလျှောက်နေချိန်မှာတော့ ခပ်လှမ်းလှမ်းကပဲ စောင့်ရှောက်နေပါတယ်။ တစ်နေရာအရောက်မှာတော့ Mr. Lee K Y လမ်းလျှောက်နေရာကနေ ရပ်လိုက်ပြီး ကိုယ်ရံတော်ကို လပ်ယပ်လှမ်းခေါ်ပြီး မြစ်ထဲက အမှိုက်စတွေ မြောနေတာကို လှမ်းပြပြီး " အဲ့တာတွေ ကို ဓာတ်ပုံလှမ်း ရိုက်ပေးပါလား... မနက်ဖန်ငါ့ အတွင်းရေးမှူးချူပ်ကိုဘာလုပ်ရမယ် ဆိုတာ ပြောလိုက်မယ် " ဓာတ်ပုံရိုက်ပြီးသည်နှင့် ဆေးရုံကို ပြန်တော့သည်။

Mr. Lee K Y အနေဖြင့် စင်္ကာပူမြစ်သာယာလှပရေး ကို သူ ဝန်ကြီးချူပ်အဖြစ်တာဝန်ယူစဉ်ကာလက ပြုလုပ်ခဲ့ပြီး ဒီမြစ်ထာဝစဉ်သန့်ရှင်းသာယာစေဖို့ အချိန်နှင့်အမျှတွေးတော့နေပုံရသည်။ သူ့ကျန်းမာရေးကြောင့် ဆေးရုံသို့ပြန်ရတော့မည့်ဆဲဆဲ၊ ချစ်ဇနီးကွယ်လွန်ခြင်း အတွက် ပူဆွေးသောကရောက်နေရချိန်မှာတောင် ဒီမြစ်ထဲက အမှိုက်ကိုသတိရနိုင်သေးသော သူ ၏ စိတ်ဓာတ်ပြင်းပြမှုကို အလွန်ပဲ ချီးကြူးမိသည်။ အဲ့ဒီညက ရိုက်ခဲ့သည့်ဓာတ်ပုံများသည် နောက်တစ်နေ့ နံနက်တွင် သေတ္တာနီအတွင်း မှ သက်ဆိုင်ရာဌာနများ ကို လိုအပ်သလို ဆောင်ရွက်နိုင်ရန် ဆင့်ကဲပို့ဆောင်ပေးလိမ့်မည်ဖြစ်သည်။

Mr. Lee K Y ၏ ဈာပန ကို နိုင်ငံတော်အဆင့်အဖြင့် နိုင်ငံတော်ဈာပနအခန်းအနားကျင်းပခဲ့ပြီး၊ စင်္ကာပူသမိုင်းတွင် အကြီးကျယ်ဆုံး ဈာပနအဖြစ်ကျင်းပခဲ့သည်။ Lying in State ဟုတ်ခေါ်သည့် ပါလီမန် အဆောက် အအုံအတွင်းအများပြည်သူများ နောက်ဆုံးဂါရဝပြုရန်အတွက် ထားရှိရန် နိုင်ငံတော်ဝန်ကြီးချူပ်အိမ်တော်မှ Mr. Lee K Y ၏ ရုပ်ကလပ်ကို သယ်ဆောင်လာခဲ့ပြီးနောက် ပထမဆုံး ရုပ်ကလပ် အစောင့် အရှောက်အဖြစ် စင်္ကာပူနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ကြည်းတပ်မတော်ကာကွယ်ရေးဦးစီးချူပ်၊ ရေတပ်မတော်ကာကွယ်ရေး ဦးစီးချူပ်၊ လေတပ်မတော်ကာကွယ်ရေး ဦးစီးချူပ် နှင့် စစ်ဦးစီးအရာရှိချူပ် တို့မှ ဂုဏ်ပြုစောင့်ရှောက်ခဲ့ကြပြီး၊ ကျန် ၅ ရက် တွင်လဲ ၂၄ နာရီပါတ်လုံး ရဲတပ်ဖွဲ၊ မြိုပြကာကွယ်ရေး၊ ကြည်းရေလေ တပ်မတော်အရာရှိကြီးငယ်များမှ ဂုဏ်ပြုစောင့်ရှောက် ခဲ့ကြောင်းသိရသည်။ အများပြည်သူတို့ ဂါရဝပြုရန်ထားရှိရက်အတွင်း လူပေါင်း ၄သိန်း၅သောင်းခန့်နောက်ဆုံးဂါရဝပြုခဲ့ကြပြီး၊ နိုင်ငံတော်ဈာပန အခန်းအနား ကျင်းပရန်အတွက် ပါလီမန်အဆောက်အုံမှ အမျိုးသားတက္ကသိုလ် ယဉ်ကျေးမှုစင်တာသို့ ပို့ဆောင်ရာတွင်လည်း မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ လူပေါင်း ၁ သိန်းခန့်စောင်
့ကြို ပြီးနောက်ဆုံးနှုတ်ဆက်ခဲ့ကြပါသည်။ ပါလီမန်မှ စတင်ထွက်ခွာ ချိန်တွင် အမြှောက် ၂၁ ချက်ပစ်ဖောက်ခဲ့ပြီး၊ အစီအစဉ်အရ လေတပ်မတော် မှာ Black Knight တိုက်လေယာဉ် (၄) စင်းမှ ကောင်းကင်မှ ပျံဝဲအလေးပြုကာ " Missing Man Formation" ကို ဖော်ဆောင်ရန် စီစဉ်ထားသော်လည်း မိုးရွာသွန်းနေပြီး မြင်ကွင်းမရှင်းလင်းခြင်း လေယာဉ်များဟာ တိမ်လွှာအထက်မှ ပျံသန်းနေရခြင်းကြောင့် Formation ကို မဖော်ဆောင်ခဲ့ပဲ ဖြတ်ကျော်ပျံသန်းခြင်းဖြင့် သာ Mr. Lee K Y ကို နောက်ဆုံးအလေးပြုနှုတ်ဆက်နိုင်ခဲ့ပါသည်။ Missiong man formation သည် အထူးဈာပန အခန်းအနားများတွင် အသုံးပြုသည့် လေကြောင်းအလေးပြုစနစ်တစ်ခုဖြစ်ပြီး ၁၉၃၂ ခုနှစ်မှစတင်အသုံးပြုခဲ့ သည်။ V ပုံစံပျံသန်းမှုဖြစ်ပြီး အုပ်မှူးမှာ လေယာဉ်အုပ်စု၏ ရှေ့ထိပ်ဆုံးနေရာတွင်နေရာယူပျံသန်း ပြီး ကျန်လေယာဉ်များက နောက်မှ လိုက်ပျံသန်းမှုပုံစံဖြစ်သည်။

Mr. Lee K Y ကို Mandai သုသာန်တွင် မိသားစုဈာပန အဖြစ်ကျင်းပ မီးသဂြိုလ်ခဲ့ပြီး သူ၏ မကွယ်လွန်မီ ညွှန်ကြားချက်အရ သူ၏အရိုးပြာများ ကို သူ့ချစ်ဇနီးအရိုးပြာများဖြင့် ရောစပ်ထားပေးပြီး နောက် Mr. Lee K Y တစ်ယောက်ကောင်းမွန်ရာဘုံဘဝ တွင် ကောင်းမွန်စွာအနားယူနိုင်ပါစေကြောင်းဆုတောင်းလျှတ် .....