Sunday, February 28, 2016

ကျနော် နှင့် RHC Career Talk


ဒီ blog ပေါ်update မတင်၊ စာအသစ်မရေးမိတာ ၁ နှစ်ကျော်တောင်ကြာပါပေါ့။ လွန်ခဲ့တဲ့ နှစ်ကလို့ daily life style တစ်ခုလုံးကို healthy life style အနေနဲ့ရော စလုံး တစ်တိုင်းပြည်လုံး အစိုးရကစလို့ အောက်ခြေအထိ ပြောနေကြတဲ့ work-life balance ပေါ်လစီကြီးကို အလွန်ထောက်ခံတာကြောင့် နေ့စဉ်နဲ့အမျှ အားကစားလေ့ကျင့်ခန်းတွေ ကိုယ်တိုင်လဲ လုပ်၊ အစိုးရရဲ့ အထောက်အပံငွေတွေ သုံးပြီး company က ဝန်ထမ်းများအတွက်လဲ တစ်နှစ်ပါတ်လုံးအတွက် ကိုယ်ကာယလေ့ကျင့်ခန်း အစီအစဉ်တွေ ချမှတ်နဲ့ HR project များစွာကို ကောင်အထည်ဖော် နေတာများသွားတာကြောင့် ဘာစာမှမရေးဖြစ်ခဲ့တော့ပါဖူး။ ဒီအကြောင်းအရာကတော့ ၂၀၁၆ ဖေဖဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့ RHC Technologies မှာ စကား ပြောခဲ့တာလေးအတွက် Short note လေး ကိုယ့်မှတ်တမ်းလေးအနေနဲ့ ချရေးထားတာလေးပါ။

အဲ့ဒီလိုနဲ့ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ရန်ကုန်ကို ဘန်ကောက်ကတဆင့် ခရီးသွားဟန်လွဲလေး ဝင်သွားမယ် စိတ်ကူးမိတယ်။ ရန်ကုန်မှာလဲ ဒီတခါသွားတာ ဘာမှမယ်မယ်ရရ လုပ်စရာမရှိ တော့ ကိုစိုင်းလင်းသူ ဖွင့်ထားတဲ့ RHC ကိုသွားလည်မယ်လို့ စိတ်ကူးမိတော့ သူ့ကို Fb chat box ကနေ လာလည်ပါမယ်လို့ အကြောင်းကြားတော့ သူက မထင်မှတ်ပဲ သူ့ကျောင်းသား လေးတွေကို စကားပြောပေးပါတယ်။ ၁ နာရီအချိန်ပေးပါ့မယ်တဲ့။ ဘာပြောရမှာလဲ လို့ မေးတော့ HR နဲ့ပါတ်သက်တဲ့အကြောင်း၊ Motivation စိတ်ဓာတ်တက်ကြွ ဖို့ပြောတဲ့ အကြောင်းတဲ့။ ကျနော် က blog ပေါ်မှာသာစာရေးဖူးတာ၊ ဒီလို လက်ချာပုံစံ၊ Motivation talk ပုံစံတွေကို တခါမှမပြောဖူးတော့ အတွေ့အကြုံ ရအောင် ပြောလဲပြောချင်တယ်။ ကျနော့် အတွက် challenging တစ်ခုအနေနဲ့ ရယ်၊ အတွေ့အကြုံ ရယ်၊ နောက်ဆုံး တစ်ခုအနေနဲ့ စင်္ကာပူမှာ အမြဲတမ်းလိုလို contribution back to society လုပ်နေပေမယ့် ကိုယ့်မြန်မာပြည် အတွက် တစ်ထောင့်တစ်နေရာ ကနေ contribution လုပ်တဲ့အနေနဲ့ ပြောမယ်လို့ ဆုံးဖြတ်ပြီး ဘာပြောမလဲ ဆိုတာ ကိုယ့်ဟာကိုယ် ပြန်တွေးတယ်။ ကိုစိုင်းလင်းသူ ကိုလဲ သူ့ သင်တန်းသားတွေက ဘယ်လိုလူမျိုး၊ အသက်စတာလေးတွေ မေးပြီးတော့ ပြောမယ့် topic ကို ရွေးထုတ်ရတာပေါ့။ သူ့နဲ့စကားပြောဖြစ်တဲ့နေ့က စင်္ကာပူကနေ ဘန်ကောက်ကို သွားဖို့ (၄) ရက်အလိုပေါ့။ ရုံးမှာလဲ ပိတ်ရက်တွေ နီးလာတာနဲ့ အမျှ ဖြတ်စရာလေးတွေ အတော်များများ ရှိနေတာလေ။ လုပ်စရာရှိတာလေးတွေ ခပ်မြန်မြန်ရှင်း စီစဉ်စရာ ရှိတာလေးတွေ စီစဉ်ပါတယ်။

သင်တန်းသူ သင်တန်းသားများက ကျောင်းပြီးကာစလူငယ် တွေများပြီး၊ အလုပ်လုပ်ဖို့ တာဆူနေကြတဲ့ လူငယ်တွေဆိုတော့ အဲ့ဒါနဲ့ ကိုက်ညီမယ့် အကြောင်း အနေနဲ့ Career Life ဆိုတဲ့ ခေါင်းစဉ် အောက်က အကြောင်းအရာတွေ အတွက် ပြောမယ့်အကြောင်းအရာ အတွက် စာရေးတဲ့ပုံစံအတိုင်း ဖြစ်အောင် စာစီရေးချ၊ research လုပ်စရာတွေ အတွက် research လုပ်ပေါ့။ အဲ့ဒီအတွက် ရုံးတက်ဖို့ (၄) ရက်ထဲကနေ (၂) ရက်သုံးလိုက်ရပြီး (၁) ရက်မှာ မနက် ၁၀ နာရီကနေ ၄ နာရီအထိ ပြင်ဆင်ပါတယ်။ ဒီကြားထဲမှာလဲ ရုံးကပြသနာ တစ်စုံတစ်ခု ရှိရင် ဖြေရှင်းတာတို့၊ သူဌေးခေါ်လို့ သွားစကားပြောရတာတို့လဲ ရှိတာပေါ့။ Company မှာ တစ်နှစ်ကို (၂) ခါလောက် နှစ်စဉ်ပေါ်လစီ အပြောင်းအလဲ တွေအတွက် လူအများကို စကား ပြောရတာ ရှိပေမယ့် projector background ပေးထားပြီး ပြောတဲ့အကြောင်းအရာ က Power Point Slide က ညွန်းတဲ့အတိုင်း ကိုယ့်စကားနဲ့ ကိုယ် လက်တန်းပြောတာများတော့၊ ပထမတော့ ရန်ကုန်မှာ Projector သုံးရင် Power Point Slide ပါပြင်ပြီးသွားမယ်လို့ တွေးမိတယ်။ တကယ်တော့ Slide ပြင်ဖို့ကလဲ အချိန်တော့မရှိတော့ပါဖူး။ တကယ်တန်းလုပ်မယ် ဆိုရင်တော့ အချိန်ယူလုပ်ရမှာပေါ့။ အဲ့ဒီလိုနဲ့ ကိုစိုင်းလင်းသူက projector မသုံးဖူးဆိုတော့ PP Slide ညွန်းမရှိပဲ ပြောရဖို့ဖြစ်လာပြီ။ အဲ့ဒီအချိန်မှာတော့ ပြောမယ့် အကြောင်းအရာ တွေ အကုန် A4 စာမျက်နာ ၈ မျက်နာစာလောက် ချရေးထာပြီးပြီ။ ၁ နာရီလောက်မလောက်ဆိုတာ တော့ မပြောတက်တော့ ကဲ ဘန်ကောက်နဲ့ ရန်ကုန်မှာ ရှိတဲ့အချိန်ကို ပြောကြည့် မယ်လို့ စိတ်ကူးပြီး အိတ်ထဲကောက်ထည့်လိုက်တော့တယ်။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးမှတ်မှတ်ရရ တစ်ခုအနေနဲ့ ကျနော်က တခုခုလုပ်ရင် Planning ချတက်တော့ စကားသွားပြောရင် ဘာဝတ်မှာလဲ ဆိုပြီးလဲ တွေးမိတယ်။ ရန်ကုန်မှာ မိသားစု ဓာတ်ပုံရိုက်ဖို့ အတွက်ယူသွားမယ့် အဝတ်အစား တွေကလဲ အဆင်သင့်ရှိနေတော့ အဲ့ဒီထဲက ရှပ်တစ်ထည်ဝတ်မယ်ပေါ့။ အဲ့တော့ neck tie စီးမလား၊ မစီးပဲ ရှပ်ပေါ်ကနေပဲ coat ထပ်ဝတ်မလားတွေးမိတော့ coat က ပူပါလိမ့်မယ်၊ neck tie နဲ့ပဲဝတ်မယ်လို့ တွေးလိုက်မိတယ်။ ရှိတဲ့ တိုင် ၄ခုလောက်ထဲက တစ်ခုကအမြဲဝတ်နေကျ အဆင်သင့် စီးထားပြီး သားလေး။ နောက်တစ်ခုက တလောကလက်ဆောင်ရထားပြီး ပို modern ဖြစ်တယ်လို့တွေးမိတော့ အဲ့တာကို စီး ချင်တယ်၊ ခက်တာက ကိုယ်က neck tie တစ်ခါမှကိုယ်ဟာကိုယ် မလုပ်ဖူးဘူး။ မလုပ်တက်တာပေါ့။ လုပ်ပေးနေကျ သူငယ်ချင်းကလဲ မရှိ၊ ဝတ်ကလဲ ဝတ်ချင်တယ်ဆိုတော့ စင်္ကာပူက မထွက်ခင် တစ်ညမှာ ipad ကို ရှေ့မှာချ၊ youtube ကနေ ကြည့်ပြီး စီးလိုက်တာ ၄ ခါလောက်မှာ အောင်မြင်သွားတယ်၊ ၆ ခါမြောက်လောက်မှာတော့ ကိုယ်လိုချင်တဲ့ အနေအထား အတိုင်းလှလှပပ လေးဖြစ်သွားပါတော့တယ်။ ကိုယ်ကိုကိုယ်လဲ အတော် ကျေနပ်သွားတယ်။ တစ်သက်လုံးအပျင်းကြီးပြီး ဒီဟာစီးနည်းကို မသင်လာခဲ့ပဲ အခုကျမှလုပ်တက်သွားလို့လေ။

ရန်ကုန်ရောက်တော့ ရေးထားတာကို ၂ ခါလောက်ပြန်ဖတ်ကြည့်ပေမယ့်။ စကားပြောသလို မပြောဖြစ်ဖူး။ RHC သွားရမယ့် နေ့ နေ့လည် ၂ နာရီလောက်မှာ တစ်ယောက်ထဲ စကားပြော ကြည့်တာ ခပ်မြန်မြန်ပြောတာ ရယ် ကျော်ချပြီးပြောတာရယ်နဲ့ ၄၅ မိနစ်လောက်ကြာသွားတော့၊ တချို့အကြောင်းအရာတွေ ကို ဖျက်ထုတ်ဖို့ ရေးထားတဲ့အထဲမှာ အမှတ်အသား လေးတွေပြရတော့တာပေါ့။ ကျနော့်သမိုင်းက တိုက်ခန်းကနေ RHC ကို ခပ်စောစောလေးထွက်သွားမိတာ ကံကောင်းသွားတယ်။ လမ်းကကျော်သွားတော့ u Turn က ကွေးလို့မရတော့ လှည်းတန်းပွိုင့်ကိုရောက်၊ အဲ့ကနေ တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာ ပြန်ကွေ့ပြီး၊ လှည်းတန်းပွိုင့်ကို ပြန်တန်းစီ၊ နဲ့လမ်းမှာ technology ကိုအားကိုးပြီး၊ Show Direction တွေဘာတွေ လုပ်တာလဲ မရတော့၊ Human Direction နဲ့ လမ်းဘေးက လူတွေ မေးမြန်း၊ RHC ကိုဖုံးဆက်မေးနဲ့ ချိန်းထားတဲ့အချိန်ထက် ၁၅ မိနစ်လောက်စောပြီး RHC ကို ရောက် ပါတယ်။ စင်္ကာပူတစ်မြိုထဲမှာနေပြီး မတွေ့ကြတဲ့ ကိုစိုင်းလင်းသူနဲ့ စကားလေးနည်းနည်းပါးပါးပြော၊ ပြီး သူ့အတန်းနဲ့ မိတ်ဆက်ပေးပေါ့။

သင်တန်းကျောင်းတစ်ခုမှာ မြန်မာလိုစကားတခါမှမပြောဖူးတော့ နည်းနည်းလေးတော့ စိတ်လှုပ်ရှားပါတယ်။ ရာသီဥတု ကြောင့်နဲ့ အတန်းထဲက လေအေးစက် က မီးအားကျနေတာ ကြောင့် နည်းနည်းပူတာကြောင့် အတော်လေးချွေးပြန်သွားတယ်။ ကိုယ့်အကြောင်း ကိုယ်မိတ်ဆက်ပြီးတဲ့နောက် ကျနော့်သင်တန်းသားပရိတ်သတ်က ကျနော့်အပေါ် စိတ်ဝင်တစား ရှိတာ ကြောင့် အတော်လေး ဝမ်းသာပြီး စီစဉ်ထားတဲ့အတိုင်း ၈၅% လောက်ပြောလိုက်နိုင်ပါတယ်။ အချိန်ကြောင့် တချို့အကြောင်းအရာ အတော်များများ ကို ဖြတ်ထုတ်လိုက်ရပါတယ်။ စကားစပြောပြီး နာရီဝက်လောက်နေတော့ ပူတာရယ် စကားပြောရတယ်ကြောင့် အာတွေခြောက်ပြီး ရေငတ်လာတာကြောင့် ပါလာတဲ့ရေဗူး ထုတ်သောက်ရတော့တယ်။ ပြောသမျှ တွေ ပြီးသွားပြီး Q & A Session မှာ ကျနော်ထင်ထားတာတွေ အတော်လေးလွဲသွားတယ်။ ကျနော်က မေးခွန်း ၂-၃ ခုလောက်နဲ့ ၁၅ မိနစ်အတွင်း ပြီးမယ်လို့ မှန်းထားပြီး အဲ့ဒီက အပြီး တခြားက appointment ကို တောင် အချိန်ကိုက်လောက်လုပ်ထားတာ။ Q & A Session မှာမေးတဲ့ မေးခွန်းတွေက တော်တော်လေးများပြီး စိတ်ဝင်စားစရာတွေကြီးပါပဲ။ အဲ့ဒီအတွက် နောက်ထပ် ၁ နာရီထပ်ကြာသွားပါတယ်။ Q & A ပြီးတော့ ပြီးမလားမှတ်ပါတယ်၊ တချို့သင်တန်းသူ သင်တန်းသားများက အများနဲ့ မမေးချင်လို့နဲ့တူပါရဲ့ private ထာလာမေးကြာ တော့ နောက်ထပ် ၁၅ မိနစ်ကြာပါတယ်။ အဲ့ဒီအချိန်မှာ ပါလာတဲ့ 600ml ရေဗူးထဲကရေလဲ ကုန်ပါပြီ။

ချိန်းထားတဲ့ appointment ကိုလဲ ဖျက်လိုက်ပြီး အိမ်ကိုတန်းပြန်မောင်းတော့တာပါပဲ။ အိမ်ရောက်တော့ လူလဲ အတော်လေးပင်ပမ်းသွားပါတယ်။ ရေမိုးချိုး ထမင်းစားပြီး လို့ ဖုံးကို ကြည့်လိုက်တော့ fb notification ပေင်း ၇၀ ကျော်လောက်တွေ့တော့ ဘာဖြစ်တာလဲပေါ့။ RHC သင်တန်းသားများစီက friend request လုပ်ထားတာတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားဟန်လွဲ ရန်ကုန်မှာ RHC သင်တန်းသားများ အတွက် စကားပြောခွင့်ရလို့ ကိုယ့်အတွက်လဲ ဂုဏ်ယူသလို၊ အမိမြန်မာနိုင်ငံက လူငယ်များအတွက် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးပေးခွင့်ရလို့ အများကြီး ကျေနပ်ဝမ်းမြောက်မိပါကြောင်း ....