Wednesday, February 29, 2012

Foreign labour cuts: Too Deep?


ယနေ့ထုတ် TODAY Newspaper မှ Foreign labour cuts: Too Deep? သတင်းကို သူငယ်ချင်းတွေအားလုံးဖတ်ရအောင် ဆီလျှော်အောင် ဘာသာပြန်ပေးထားတာဖြစ်ပါတယ်။ ဘာသာပြန်ဆိုမှု အားနည်းချက်များရှိနိုင်သည့်အတွက် အမှားအယွင်းများ ရှိခဲ့ရင် ခွင့်လွှတ်ဖို့ကြိုတင်တောင်းပန်လိုက်ပါတယ်။ အခကြေးငွေဖြင့်ထုတ်လုပ်ဖြန့်ချီသော ပြည်တွင်းပြည်ပဂျာနယ်များ နှင့် အခြား Media များမှအပ မည်သည့် blog နှင့် website များတွင်မဆို myanmarinsingapore.com မှ နှင့် ယခု blog တဆင့် လွတ်လပ်စွာရှယ်ယူနိုင် ပါတယ်။

စင်္ကာပူအစိုးရ၏ နိုင်ငံခြားသားအလုပ်သမားများလျှော့ချမှု ပေါ်လစီများမှာ လွန်လွန်းနေပြီလား? ဆိုသော မေးခွန်းကို အချို့သော စင်္ကာပူနိုင်ငံသားပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ မှ မေးမြန်းဖွယ်ရာရှိနေပြီး စင်္ကာပူအစိုးရအနေနဲ့လဲ ဖြေရှင်းချက်တွေ ထုတ် ရနိုင်ဖွယ်အခြေအနေ ကိုရင်ဆိုင်နေရပါတယ်။ အချို့သောပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ မှ အစိုးရအပေါ်မေးခွန်း မထုတ်မီ ဖေဖဝါရီလ (၂၈) ရက်နေ့ကစတင်လိုက်တဲ့ စင်္ကာပူပါလီမန်တွင်း အစိုးရဘက်ဂျက် ဆွေးနွေးခန်းမှာ ပါလီမန်အမတ် ၂၅ ယောက်က ပါဝင်ဆွေးနွေးသွားသည့် အနက် စီးပွားရေးလုပ်ငန်းစုများ နှင့် ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကိုအလွန်အမင်း ထိမ်းချုပ်လာခြင်း နဲ့ပတ်သတ်သောဆွေးနွေးချက်များ ကို (၁၆) ဦးသော ပါလီမန်အမတ်များ က ပိုမိုအလေးပေးဆွေးနွေးသွားပါတယ်။ ပိုမိုကြပ်တည်း လိုက်သော စည်းမျဉ်းစည်းကမ်း များတွင် နိုင်ငံခြားသားအလုပ်သမား များအပေါ် အလွန်အမင်းမှီခိုနေရခြင်း ကင်းလွတ်အောင်ဖိအားပေး ဆောင်ရွက်မှုများပါဝင်ကြောင်းသိရပါတယ်။

နိုင်ငံခြားသားအလုပ်သမားဌားရမ်းမှုအတွက်ပေးရသော အခွန် (Levy) ကို အကြိမ်ကြိမ်တိုးမြှင့်ကောက်ခံခြင်း၊ တင်းကြပ်သောစည်းမျဉ်း စည်းကမ်း လိုအပ်ချက်များပြဌာန်းခြင်းတို့လဲပါဝင်သဖြင့် အချို့သောပါလီမန် အမတ်များအနေဖြင့် အစိုးရ၏ ပေါ်လစီများချမှတ်သူများ အနေဖြင့် လိုသည်ထက်ပို၍ အလွန်အမင်း တင်းကြပ်လွန်းနေပြီဟုထင်မြင်ယူဆကြပါတယ်။ ထိုကဲ့သို့ အလွန်တင်းကြပ်မှုကြောင့် စီးပွားရေးလုပ်ငန်းများကို အနည်းနှင့်အများ ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည့်အပြင် အထူးသဖြင့် အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကိုပိုမို အထိလာနိုင်စရာအကြောင်းရှိနေပါတယ်။

ပါလီမန်အမတ်အများစုအနေဖြင့် ယခုအသစ်ပြဌာန်းလိုက်သော စည်းမျဉ်းစည်းကမ်းများမှာ အလွန်ပြင်းထန်သည်ဟု ယုံကြည်ထောက်ခံ ပြီး စီးပွားရေးလုပ်ငန်းများ၏ ဖွဲ့စည်းပုံများပြန်လည် ပြုပြင်ဖို့ သတ်မှတ်ပေးရာတွင် သက်ဆိုင်ရာ လုပ်ငန်းများပေါ်မူတည်ပြီး ပိုမို သင့်တင့်မျှတသော စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များ ချမှတ်သင့်ကြောင်း အစိုးရကိုဝေဖန်လိုက်ပါတယ်။၂၀၁၂ ခုနှစ် ဖေဖဝါရီလ (၁၇) ရက်နေ့ကထုတ်ပြန်လိုက်တဲ့ အစိုးရဘက်ဂျက်ပြဌာန်းမှုအတွင်း တွင် Manufacturing နှင့် Service Sectors ၂ ခုတွင် နိုင်ငံခြားသား အလုပ်သမားများအပေါ် မှီခိုနေမှုများလျော့ချနိုင်ရေးအစီအစဉ် နှင့် ကျန် Sector အားလုံးတွင် S-Pass ချထားပေးမှုအရေအတွက်ကို ပိုမိုတင်းကြပ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ပါလီမန်အတွင်းဆွေးနွေးနေခြင်းဖြစ်ပါတယ်။

Ang Mo Kio GRC မှ PAP ပါလီမန်အမတ် MP Inderjit Singh ကပြောကြားရာတွင် နိုင်ငံခြားသားအလုပ်သမားများ ကိုလျှော့ချရပ်တန့် စေခြင်း ဟာ စီးပွားရေးလုပ်ငန်းစုများ၏ အလွန်အမင်းလိုအပ်လျှတ်ရှိသော အလုပ်သမားလိုအပ်ချက်ကိုဖြတ်တောက်လိုက်ခြင်းနှင့် တိုင်းပြည်၏ စီးပွားရေးဖွံဖြိုးမှုကို တိုက်ရိုက်ထိခိုက်နစ်နာစေသည့် တူညီသောသဘောတရားဖြစ်ကြောင်း၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အစိုးရ၏ ပြင်ဆင်သတ်မှတ်ချက်များကြောင့် ၂ ဆမျှကြီးထွားလာသည့် အသုံးစားရိတ်များနှင့်ကြပ်တည်း လာသည့် အလုပ်သမားဈေးကွက်ကြောင့် များစွာအထိနာလျှတ်ရှိကြောင်း ထည့်သွင်းဆွေးနွေးသွားပါတယ်။

Holland-Bukit Timah GRC မှ PAP ပါလီမန်အမတ် MP Liang Eng Hua မှ စီးပွားရေးလုပ်ငန်းရှင်အများစုအနေဖြင့် နိုင်ငံခြားသား အလုပ်သမားများကိုဖြတ်တောက်နိုင်သလောက်ဖြတ်တောက်ပြီး ကိုယ်ပိုင်ကိုယ်ထုတ်လုပ်မှုစွမ်းအားကို တိုးမြှင့်နိုင်ရန် ကြိုးပမ်းသင့်သည် ကို နားလည်သဘောပေါက် ထောက်ခံကြကြောင်း၊ သို့သော် နိုင်ငံခြားသားအလုပ်သမားများ အပေါ်မှီခိုမှုလျော့ချနိုင်ရေးကို မည်၍ မည်မျှလျော့ချနိုင်မည်၊ အချိန်ကာလဘယ်လောက်ကြာမြှင့်မည် စသည်တို့ ကို အစိုးရနှင့်စီးပွားရေးလုပ်ငန်းများ လက်တွဲညီစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဆွေးနွေးတင်ပြသွားခဲ့ပါတယ်။

အတိုက်အခံပါတီဖြစ်သော WP ပါတီမှ ပါလီမန်အမတ် MP Chen Show Mao မှ Manufacturing, Service and Construction Sector များသည် စင်္ကာပူစီးပွားရေး၏ တစ်စိတ်တစ်ဒေသဖြစ်သည်နှင့်အညီ ယခုပြဌာန်းလိုက်သော ratio ceiling ပြဌာန်းချက်အရ အခြားသော Food and Beverage Services, Social Services and Finance Industries စတဲ့ Service Sector များနှင့် အတူအညီဖြစ်နေကြောင်း၊ MP အနေဖြင့် အကြံပေးလိုသည်မှာ မတူညီသော sector များဖြစ်သည်နှင့်အမျှ ပြဌာန်းချက်ကိုလဲ sector အလိုက်သတ်မှတ်သင့် ကြောင်း၊ ဥပမာအားဖြင့် နိုင်ငံသားများအားသာချက်ရှိသည့် ဘဏ်လုပ်ငန်းများ၊ Biomedicalနှင့်လေကြောင်းနှင့်သက်ဆိုင်သော လုပ်ငန်း များတွင် နိုင်ငံခြားသားအလုပ်သမားဌားရမ်းမှုပေါ်လစီ များကိုပိုမိုတင်းကြပ်သင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခြားသော လုပ်ငန်းများလုပ်ငန်းများတွင် ကုန်ကျစားရိတ်များသက်သာအောင်ပေါ်လစီကိုလျော့ပေးသင့်ကြောင်း ပါဝင်ဆွေးနွေးသွားပါတယ်။