Saturday, May 19, 2012

ပြည်တော်ပြန် အလုပ်လုပ်ကြမှာလား ...


Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.


၂၀၁၂ ခုနှစ် မေ လ ၁၇ ရက်နေ့မှာတော့ ဆယ်စုနှစ် အတန်ကြာပိတ်ဆို့ထားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုများထဲကအရေးကြီးပြီး အရာရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုများဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှု အသစ်များ နဲ့ Finance ဆိုင်ရာပိတ်ဆို့မှုများကို ယာယီဆိုင်းငံလိုက်ကြောင်းသတင်းကောင်း ကြားလိုက် ရပါတယ်။ ပိတ်ဆို့မှုတွေကို ယာယီဆိုင်းငံပြီး ရင်းနှီးမြုပ်နှံမှုအသစ်တွေကို ခွင့်ပြုဖို့အတွက် အမေရိကန် ပြည်ထောင်စု အစိုးရကနေ ခွင့်ပြုမိန့်ပါမစ်တွေကို ထုတ်ပေးမယ်လို့လဲ ဆိုပါတယ်။ ဘယ်အချိန်မှာမှန်း မသိပေမယ့် အမြန်ဆုံး ၂၀၁၂ နှစ်ကုန် သို့မဟုတ် ၂၀၁၃ နှစ်လည်ပိုင်းလောက်မှာ ဖြင့်နိုင်ငံတကာ ကော်ပရေးရှင်းကြီးတွေ ဝင်ရောက်လာလိမ့်မယ်လို့ ကျနော်တော့ထင်မြင်မိပါတယ်လောလောဆယ်တော့  နိုင်ငံတကာ ကော်ပရေးရှင်းကြီးတွေ ဝင်ရောက် လာနိုင်ဖို့ အခြေခံလိုအပ်ချက်တွေ အမြောက်အမြား လိုအပ်နေပါသေးတယ်။ လျှပ်စစ်မီးအလုံအလောက်ရရှိနိုင်ဖို့နဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ၊ ဆက်သွယ်ရေး နဲ့ အလွန်အရေးကြီးတဲ့ လူစွမ်းအားအရင်းအမြစ်တွေ အမြောက်အမြားလိုအပ်လျှတ်ရှိနေ ပါတယ်။ 


အခြားလိုအပ်ချက်တွေကို အစိုးရအနေနဲ့ ဖြည့်စီးပေးနိုင်ဖို့ မဟာဗျူဟာများချမှတ်လုပ်ဆောင်မယ်၊ အစိုးရအဖွဲ့အစည်းများနဲ့ သက်ဆိုင်ရာဌာနများကနေပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ဖြစ်နိုင်လိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။ သို့သော် အလွန်အမင်းလိုအပ်နေတဲ့ လူစွမ်းအားအရင်းအမြစ်တွေရရှိဖို့ အတွက်ကတော့ ကျနော်တို့ နိုင်ငံနဲ့ နိုင်ငံတကာ ကော်ပရေးရှင်းကြီး များအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ အင်ဂျင်နီယာဘွဲ့နှင့် လုပ်ငန်းအတွေ့အကြုံရှိပြီးသော၊ ဘွဲ့ရရှိပြီး လုပ်ငန်းအတွေ့အကြုံ မရှိသေးသောအင်ဂျင်နီယာပေါင်းစုံ၊ ကွန်ပြူတာပညာရှင်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ပညာရှင်များ အမြောက်အများဟာ အမိမြန်မာနိုင်ငံကနေထွက်ခွာလာလိုက်ကြတာ အခုဆို နိုင်ငံတွင်း ပညာရှင်ရှားပါးမှုကို အကြီးအကျယ်ရင်ဆိုင်နေရတွေ့ရပါတယ်။ 

နိုင်ငံတကာ ကော်ပရေးရှင်းကြီးများ မဝင်ရောက်ခင်မှာ လိုအပ်နေတဲ့ လူစွမ်းအားအရင်းအမြစ်တွေကို ပြည်တွင်းရှိ အင်အားကြီး Company ကြီး များကလက်ဦးမှုရယူပြီး အမိမြန်မာပြည်အတွင်းကို ပညာရှင်တွေ ပြန်လည်ခေါ်ယူခန့်ထားနိုင်ဖို့ကြိုးစားလာကြတာကိုယခုနှစ်ဆန်းပိုင်းလောက်ကစပြီးတွေ့ရှိလာရပါတယ်။ 

ပထမဦးဆုံး သတိထားမိတာကတော့ FMI Co.,Ltd လို့ လူသိများတဲ့ Serge Pun & Associates (Myanmar) SPA. ရဲ့ အလုပ်ကြော်ငြာ ကို Singapore Strait Time စနေသတင်းစာရဲ့ Executive Recruit ကော်လံမှာပါ။ Position တစ်ခုချင်းစီကို ခေါ်ယူတာမဟုတ်ပဲ သူရဲ့ မြောက်များလှစွာသော လုပ်ငန်းကြီးများအတွက် ခြုံငုံပြီး Project Management ၊  Engineering ၊ Sales & Marketing ၊ Investment နဲ့ Administration ဆိုင်ကျွမ်းကျင်သူများကို အမိမြန်မာပြည်မှာ ပြန်လည်အလုပ်လုပ်ဖို့အတွက် ခေါ်တဲ့ကြော်ငြာဖြစ်ပါတယ်။ Singaporean and PR preferred ဆိုတာတွေ နဲ့သာ ရင်းနှီးနေတဲ့ကျနော်တို့အတွက်၊ ကြုံတောင့်ကြုံခဲ စင်္ကာပူ Executive Recruitment ရဲ့အောက်ကကြော်ငြာမှာ SPA ရဲ့  Myanmar Nationality Preferred ဆိုတာကို ဖတ်ရတော့ ခံစား ရတဲ့ ခံစားမှုက နည်းနည်းတော့ တမျိုးပါပဲ။ ဒီနောက်ပိုင်းမှာတော့ SPA ဟာ စင်္ကာပူမြန်မာများ အမြဲဝင်လေ့ရှိတဲ့ website တွေမှာပါ ကြော်ငြာတွေ ထည့်ပြီး သူရဲ့ အိမ်ယာအရောင်းပြပွဲမှာ အလုပ်လျှောက်လွှာ တွေလာတင်နိုင်ကြောင်းဖိတ်ခေါ်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် စင်္ကာပူRecruitment Agency တစ်ခုကိုလဲ အသုံးပြုပြီးတော့ လူစွမ်းအားအရင်းအမြစ်တွေ စုဆောင်းခဲ့တာ ကို ဝမ်းမြောက်ဖွယ် ရာတွေ့ရပါတယ်။

သူ့နောက်ကနေတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Company ကြီးများထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Myint & Associates Co.,Ltd ဟာလဲ သူ့ Company ရုံးချူပ်ကို ထပ်မံတည်ဆောက်တဲ့နေရာမှာ အလုပ်လုပ်ဖို့အတွက် Mechanical Engineer နဲ့ Electrical Engineer တွေကို စင်္ကာပူသတင်းစာကနေပြီးတော့ ခေါ်ယူပြီး မြန်မာနိုင်ငံမှာ ပြန်လည်အလုပ်လုပ်ဖို့အတွက် ဖိတ်ခေါ်ခဲ့
တာတွေ့ရပါတယ်။ အခုနောက်ဆုံးအနေနဲ့ ကတော့ Forever Group ရဲ့ MRTV 4 ကလဲပဲ Event Coordinator နဲ့ Designer တွေကို စင်္ကာပူ shweroom website ကနေကြော်ငြာခေါ်ယူခဲ့ပြန်ပါတယ်။ 

မြန်မာပြည်တွင်း လုပ်ငန်းကြီးများကနေ ခေါ်ယူတဲ့ အလုပ်ကြော်ငြာ ကိုကြည့်ခြင်းဖြင့် ပြည်တွင်းမှာ ကြွမ်းကျင်အလုပ်သမားရှားပါးမှုနဲ့ရင်ဆိုင်နေရတာသိသာထင်ရှားတယ်လို့ကျနော့်အနေနဲ့တော့ထင်မြင်ယူဆပါတယ်။ ပြည်တွင်းလုပ်ငန်းကြီးတစ်ခုကနေ ပြည်ပမှာရှိတဲ့ မြန်မာဝန်ထမ်းများပြန်လည်ခေါ်ယူ ခန့်အပ်ရေးအတွက်  အထူး ဌားရမ်းထားတဲ့ လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ အတိုင်ပင်ခံတစ်ယောက်နဲ့ မထင်မှတ်ပဲ တွေ့ကြုံစကားပြောဖြစ်တော့ သူက နောင်လာမည့် အနာဂါတ်မှာ ဝင်ရောက်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတကာကော်ပရေးရှင်းကြီးများ အနေနဲ့လိုအပ်တဲ့ မန်နေဂျာများကိုအနီးစပ်ဆုံးဖြစ်တဲ့စင်္ကာပူကနေ ခေါ်ယူကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ သူတို့လိုအပ်တဲ့ ဝန်ထမ်းများရှာဖွေရတာ အင်မတန်ခက်ခဲနေတဲ့အကြောင်းပြောပြပါတယ်။ မြန်မာများကို စီမံအုပ်ချုပ်ရမှာဖြစ်တဲ့အတွက် မြန်မာလိုတက်တဲ့ မြန်မာတစ်ယောက်ထက်ပိုမို သင့်တော်တဲ့လူမျိုးမရှိနိုင်ကြောင်း၊ နိုင်ငံတွင်း အလုပ်အကိုင်ဖန်တီးမှုနဲ့ စီးပွားရေးဖွံဖြိုးမှုဟာ အနှေးနဲ့ အမြန်ဆိုသလိုဖြစ်ပေါ်လာမှာဖြစ်တဲ့ အကြောင်း သူရဲ့ ထင်မြင်ချက်ကိုပြောပြပါတယ်။ 

ဟုတ်ပါတယ်ကျနော်တို့လဲဒီလိုဖြစ်လာလိမ့်မယ်လို့မျှော်လင့်ကြပါတယ်။သို့သော်ဘယ်တော့လောက်မှာ ဖြစ်မလဲဆိုတော့ တော့စောင့်ကြည့်လေ့လာကြရအုံးမှာပါ။ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူမျိုး အများစုအနေနဲ့တော့ ကိုယ်နိုင်ငံကိုယ်ပြန်ပြီး အလုပ်လုပ်ချင်ကြမှာပါပဲ။ သို့သော်လုပ်ခလစာ ဘယ်လောက်ရကြမှာလဲ ? ဆိုတဲ့ မေးခွန်းဟာ အလွန်အရေးကြီးတဲ့ မေးခွန်းတစ်ခုပါပဲ။ ကိုယ်နိုင်ငံကိုယ် ပြန်လုပ်လို့အချို့သောစားရိတ်စကများသက်သာသွားမယ်ဆိုပေမယ့်နေထိုင်စားရိတ်တစ်ခု လောက်ပဲ ရှိမှာဖြစ်ပြီး အခြေခံစားကုန်တွေနဲ့ ခရီးစားရိတ်တွေက သိပ်တော့ မထောင်းသာလှပါဘူး။ ဒါ့အပြင် မြို့တွင်းသွားတဲ့ bus နဲ့ ပို့ဆောင်ရေးစနစ်ကဖွံဖြိုးမှုမရှိသေးတာနဲ့ အလျှောက်သွားလာရေးမှာ အခက်အခဲ၊ Telecommunication ကလဲ တခါတယံမှာ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုမရသေးတာဟာလည်း ကျနော်တို့အတွက် စဉ်းစားစရာတွေပါ။ 

စင်္ကာပူမှာအနိုမ့်ဆုံးလစာစင်္ကာပူဒေါ်လာ ၂၀၀၀နှင့်အထက်ရရှိနေတဲ့အင်ဂျင်နီယာတစ်ယောက်ကတော့ မြန်မာနိုင်ငံကအလုပ်တွေက သူဒီမှာ ရရှိနေတဲ့ လစာအနေအထားမျိုးရမယ်ဆိုရင်တော့ ဒီမှာတက်နေတဲ့ ဘွဲ့လွန်ဒီပလိုမာပြီးရင် ဖြင့်ကိုယ်နိုင်ငံကိုယ် ပြန်ပြီးအလုပ်လုပ်နိုင်ကြောင်းပြောပြပါတယ်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ ကော်ပရေးရှင်းအဆင့် MNC Company ကြီးတစ်ခုမှာ စာရင်းဆိုင်ရာအရာရှိအဖြင့် အလုပ်လုပ်နေတဲ့ Account Executive တစ်ယောက်ကတော့ လစာရရှိမှုအနေအထားအပြင် သွားလာရေးလွယ်ကူဖို့မြန်မာပြည်တွင်း company တွေကဖြည့်ဆည်းစီစဉ်ပေးနိုင်တာတွေ စင်္ကာပူမှာရရှိနေကျ ဖြစ်တဲ့ နှစ်စဉ်ဆုကြေးအဖြစ် လစာငွေရဲ့၂ ဆ ကနေ ၄ ဆ အထိရရှိတာတွေ ကို ထည့်သွင်းစဉ်းစားမှာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ အမြင်ကိုပြောပြပါတယ်။ စင်္ကာပူရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနက် စင်္ကာပူမှာ အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများအနေနဲ့ ပြည်တွင်းပြန်လည်အလုပ်လုပ်နိုင်ဖို့အတွက် တူညီသောလစာပေးသည့်တိုင်အလွယ်လေးစဉ်းစား မဆုံးဖြတ်နိုင် ပါဘူး။ သူတို့အတွက် လစာအပြင် စင်္ကာပူဥပဒေအရမဖြစ်မနေစုဆောင်းရတဲ့ CPF စုငွေ၊ အလုပ်ရှင်ဖက်ကဖြည့်ဆည်းပေးရတဲ့ လစာအပြင် CPF ၁၅.၅%၊ အခြားကျန်းမာရေးဝန်ဆောင်မှု များ အတွက် စင်္ကာပူအစိုးရဖက်ကဖြည့်ဆည်းပေးတာတွေ စတဲ့ လစာအပြင်အခြားသော ခံစားခွင့်တွေကို ပါထည့်သွင်းစဉ်းစားကြရမှာပါ။ ဒါ့အပြင် မြန်မာအလုပ်သမားဥပဒေအနေနဲ့ စင်္ကာပူ Employment Act လိုတိကျခိုင်မာမှုမရှိသေးတဲ့အတွက် ကျနော်တို့အနေနဲ့ပြည်တော်ပြန်အလုပ်လုပ်ဖို့အတွက် လောလောဆယ် စောင့်ကြည့်လေ့လာရေးမူဝါဒကိုကိုင်ဆွဲပြီး ဆက်လက်စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။      

အခကြေးငွေ ဖြင့်ထုတ်ဝေသည့် မည်သည့် media တွင်မဆိုထည့်သွင်းဖော်ပြခြင်းမပြုပါရန် လေးနက်စွာ
မေတ္တာရပ်ခံပါသည်။ Social Network Facebook နှင့်အခြား ကိုယ်ပိုင် Blog များတွင်ဖော်ပြလိုပါက
myanmarinsingapore မှတဆင့်နှင့် ကျနော်၏ Blog မှနေပြီး ရှယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။



No comments:

Post a Comment