Sunday, May 10, 2015

စင်္ကာပူတွင် (၉) နှစ်ကြာသောအခါ အပိုင်း (၁)


ကျနော့်ရဲ့ ပိုစ့်စီးရီးတစ်ခုအဖြင့် စင်္ကာပူကို အခြေချနေထိုင်တဲ့ နှစ်ပတ်လည်ရောက်တိုင်း ကိုယ့်သမိုင်းကိုယ် ရေးတဲ့အနေနဲ့ရယ် ကိုယ်ဘာတွေဖြစ်ခဲ့တယ် ဘဝကို ဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆို တချိန်မှာ ပြန်ဖတ်လို့ရအောင် နဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း မိတ်ဆွေ စာဖတ်ပရိတ်သတ်များဖတ်ရအောင် ရေးဖြစ်ပါတယ်။ စင်္ကာပူကိုအခြေချခဲ့တာ လာမယ့် ဇွန်လ (၆) ရက်နေ့ဆိုရင် (၉) နှစ်ရှိခဲ့ပါပြီ။ ရှေ့လထဲမှာ ဆီးဂိမ်းလုပ်အားပေးရှိတာရယ်၊ ပါပါးနဲ့မာမား ဆီးဂိမ်းပွဲလာကြည့်မှာရယ်ကြောင့် ရေးနိုင်မှာမဟုတ်လို့ အခုလထဲမှာ ကြိုတင်ရေးပြီး ကြိုတင်လိုက်သည်။ လက်ရှိအလုပ်လုပ်နေတဲ့ အလုပ်က များပြားလှတဲ့ တာဝန်နဲ့ဝတ္ထရားတွေကြောင့် ဘာစာမှမရေးဖြစ်တော့တာ ၂၀၁၃ ခုနှစ်ကထဲကပါ။ မနှစ်ကဒီလိုအချိန်မှာတောင် စင်္ကာပူ (၈) နှစ်ပြည့်အကြောင်းမရေးဖြစ်ခဲ့ ပါဖူး။

Professional Life လွန်ခဲ့တဲ့ နှစ် ၂၀၁၄ ခုနှစ်မှာတော့ ကျနော် ၂၀၁၃ခုနှစ်တွင်းမှာ HR Specialist Diploma ကို နန်ယန်ပေါ်လီကနေ အောင်မြင်စွာနဲ့ရယူနိုင်ခဲ့ပါတယ်။ မော်ဂျူး (၆) ခုမှာ (၂) ခုလောက်ကအတော်လေးခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသည်ပေါ့။ ကျနော့် Graduation ကိုကျနော့်မိသားစုတစ်ခုလုံး တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါတယ်။ Company ကလဲ ဒီအထူးပြုဒီပလိုရပြီး သိပ်မကြာခင်မှာပဲ Asst HR Manager ကနေ HR Manager ရာထူးကို တိုးမြှင့်ပေးခဲ့ပါတယ်။ တကယ်တန်းအမှန်အတိုင်းဝန်ခံရရင်တော့ ယနေ့တိုင် ကျနော် ကျင့်သုံးနေတဲ့ HR Policy နဲ့ အိုင်ဒီယာတွေဟာ ဒီအထူးပြုဒီပလိုမာစီကနေ ပြန်လည်အသုံးချခဲ့တာဆိုလို့ ကျနော့်စိတ်ထင် ၂၀%အောက်မှာပဲရှိမှာပါ။ ဒီပလိုသင်တန်းမှာ တစ်ခုမှနားမလည်ခဲ့တဲ့ Performance Management လို့ခေါ်တဲ့ ဝန်ထမ်းတွေရဲ့စွမ်းဆောင်ချက်ကို စီမံခန့်ခွဲတဲ့ မော်ဂျူးကိုတော့ Spring Singapore လို့ခေါ်တဲ့ စလုံးအစိုးရရဲ့ Company တွေအပေါ်ကူညီတဲ့ဦးစီးဌာနကနေ ထောက်ပံတဲ့ငွေ (Grant) ၅၀၀၀ ကိုသုံးပြီး သင်တန်းက ကိုယ်နဲ့ကီးကိုက်တဲ့ဆရာတစ်ယောက်ကို အတိုင်ပင်ခံအနေနဲ့ဌား ရမ်းပြီး Company ရဲ့ Performance Management System ကို ပိုမိုကောင်းမွန်လာအောင်အဆင့်မြင့်တင် နိုင်ခဲ့ပါတယ်။ သို့သော်လည်း Company Management Team အနေနဲ့ အတိုင်ပင်ခံ ရဲ့ HR နဲ့ပတ်သတ် တဲ့ အကြံပြုချက်တွေကိုသာလက်ခံခဲ့ပြီး၊ တခြားတွေ့ရှိချက်တွေကိုတော့ သိပ်လက်မခံချင်ကြပါဖူး။ ၂၀၁၄ ခုနှစ်ဟာ Company အတွက် ဝင်ငွေသိပ်မကောင်းတဲ့အတွက် ၂၀၁၄ နှစ်ကုန် ဆုကြေးငွေကို အမြင့်ဆုံး အခြေခံလစာရဲ့ ၅၀% အထိကိုပဲအမြင့်ဆုံးပေးနိုင်ခဲ့ပါတယ်။

တဆက်ထဲမှာပဲ ဆုံးရှုံးခဲ့တာတွေ ကို ပြန်အဖတ်ဆယ်နိုင်ဖို့အတွက် ၂၀၁၅ ခုနှစ်အတွင်းမှာ အလုံးအရင်းနဲ့ ကြိုးစားကြရမှာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ကျနော့် HR အပိုင်းထဲကနေ Company နလထူနိုင်ဖို့အစွမ်းကုန်ကြိုးစားရမှာမို့ကုန်ကျစားရိတ်ခြွေတာရေး အစီအမံတွေကို အလျှင်အမြန်ရေးဆွဲခဲ့ပြီး တဲ့အနောက် စီမံကိန်းကို အဆင့် ၁ / ၂ / ၃ သတ်မှတ်ပြီး ၂၀၁၅ခုနှစ်ဇန်နဝါရီလကစတင်အကောင်အထည်ဖော်ပါတယ်။ ကုန်ကျစားရိတ်ခြွေတာရေး လို့ ခေါင်းစဉ်တက်ထားတာနဲ့အမျှ ဖြစ်နိုင်ချေရှိသော၊ ငွေယိုပေါက်ဖြစ်နေသော အရာမှန်သမျှကို တားဆီးပိတ်ပင်ရတာနဲ့အမျှ၊ လူသဘောတရားအရ ကိုယ့်အကျိုးအမြတ်ထိခိုက်လာ ခဲ့ရင် ဆန့်ကျင်တက်တဲ့သဘောသဘာဝတွေကြောင့် ကျနော့်ရဲ့ စီမံကိန်းတွေက အစပိုင်းမှာ အခက်အခဲတွေရှိခဲ့သော်လည်း နောက်ပိုင်းမှာ တော့ အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မှတ်မှတ်ရရ နဲ့ရယ် လျို့ဝှက်ချက်မဟုတ်တာရယ်ကြောင့် ဒီစီမံကိန်းတွေထဲ က တစ်ခုကိုပြောပြချင်ပါတယ်။ ကျနော့် စာဖတ် ပရိတ်သတ်ထဲမှာ HR နဲ့ပတ်သတ်တဲ့ လေ့လာဆည်းပူးနေတဲ့ သူတွေများရှိခဲ့ရင် အတုယူနိုင်အောင်ပါ။ ကျနော့် plan တစ်ခုမှာ (၃) နှစ်နှင့်အထက် လုပ်သက်ရှိသူ မန်နေဂျာအဆင့်မှန်သမျှကို အခြေခံလစာ ၆% ၆ လစာလျှော့ချဖို့ပါပါတယ်။ မန်နေဂျင်းဒါရိုက်တာကစလို့ မန်နေဂျာအဆင့်မှန်သမျှပါ။ ကျနော်က လစာငွေ တွေလျှော့ချမယ့် လူစာရင်းနဲ့ လျှော့ချခဲ့မယ်ဆိုရင် ငွေဘယ်လောက် အကုန်အကျ သက်သာသွားမယ့် အကြောင်းကို မန်နေဂျင်းကိုတင်ပြတော့ သူကဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ နာမည်တွေ ကြည့်တော့ ကျနော့် နာမည်ပါတာတွေပါတယ်။ policy အရ (၃) နှစ်လုပ်သက်အထက်လို့ပြောထားတဲ့အတွက် တကယ်တန်းပေါ်လစီအတိုင်းလုပ်မယ်ဆိုရင် ကျနော်ပါစရာမရှိပါဘူး။ သူက မင်းပါစရာမလိုဘူးလေတဲ့၊ မင်းက (၃) နှစ်မှ မပြည့်သေးပဲလို့ပြောတော့၊ ကျနော်က ဒီလိုလစာဖြတ်တောက်တဲ့ ပေါ်လစီမျိုးချမှတ်တဲ့အခါမှာ ချမှတ်တဲ့ သူကိုယ်တိုင်ပါမှ တခြားသူတွေ ပြောစရာကနေလွတ်မယ်၊ ဒီပေါ်လစီကို အကောင်အထည်ဖော်ရတာလွယ်ပါလိမ့်မယ်လို့ ပြန်ပြောပါတယ်။ ၆% က မင်းကို မထိခိုက်စေဖူးလားတဲ့။ ဖြစ်ချင်တော့ ကျနော့် ကို နောက်ထပ်ရာထူးတစ်ခုထပ်ဆောင်းပေးထားပြီး လောလောလတ်လတ် လစာတိုးပေးထားတော့ ပြန် ဖြတ်မယ်ဆိုရင် မကောင်းဖူးထင်နေပုံရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၆% ကလဲ ထိခိုက်တာပဲပေါ့လို့၊ တဆက်ထဲ Company အခြေအနေကောင်းလာခဲ့ရင် ၆% ကို ၆ လလျော့ခဲ့တဲ့ငွေတွေကို ပြန်ပေးမယ်လို့ ပေါ်လစီထဲမှာ ထည့်ရေးရင်ပိုကောင်းတာပေါ့လို့ ပြောတော့ အင်းကောင်းသားပဲတဲ့ ထည့်လိုက်လို့ လမ်းညွှန်ပါ တယ်။ အဲ့ဒီမှာ HR တစ်ယောက်ရဲ့ စကားအသွားအလာဟာ ပေါ်လစီချမှတ်မှုတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိတဲ့အတွက် သတိထားစရာပါ။ HR အနေနဲ့ တခြားဝန်ထမ်းတွေအပေါ်မှာ ရော ကိုယ့်နဲ့ တန်းတူ လိုင်းမန်နေဂျာလို့ခေါ်တဲ့ ဌာနကြီးမှူးများ အပေါ်မှာပါ စံနမူနာဖြစ်ရအောင်၊ သာတူညီမျှ ဖြစ်ရ အောင်၊ မျက်နာမလိုက်ပဲ အမှန်အတိုင်းပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲဖို့လိုပါတယ်။ ကျနော့်ရဲ့ စီမံကိန်း အဆင့် ၁ ကိုတော့ အောင်မြင်စွာနဲ့ အကောင်အထည်ဖော်ပြီးတဲ့ နောက်မှာ အဆင့် ၂ ကိုစတင်ဖို့ တာဆူနေပါတယ်။ သို့သော်လည်း အဆင့် ၂ မတိုင်မီမှာ Company စပြီးနလံထူနိုင်ပါစေလို့ပဲဆုတောင်းနေရပါတယ်။

Company ရဲ့အခြေအနေက သိပ်ကြီးအကောင်းကြီးမဟုတ်သော်လည်း အဆိုးဆုံးအခြေအနေ မဟုတ်တာ ကြောင့် ကျနော်ကိုယ်တိုင် အလုပ်ကထွက်ဖို့၊ တခြားအလုပ်တစ်ခုရှာဖို့ လောလောဆယ်အစီအစဉ်မရှိပေ မယ်၊ မြန်မာပြည် အလုပ်အကိုင်ရှာဖွေရေးအေးဂျင့်ဖြစ်တဲ့ myjob.com.mm ကနေအခါအားလျှော်စွာ ဆက်သွယ်လာတဲ့ အတွက်မြန်မာပြည်ကို ဝင်ရောက်လာတဲ့ နိုင်ငံတကာ Company ကြီးတွေအတွက် အရမ်း လိုအပ်နေတဲ့ အဆင့်မြင့် HR ရာထူးကြီးများ မိတ်ဆက်လာခဲ့ရင်တော့ တခါတခါ စကားပြောဆွေးနွေးဖြစ် ပါတယ်။ တေ့တေ့ဆိုင်ဆိုင် အနေနဲ့ ကာလ်းစ်ဘတ် ဘီယာရဲ့ HR Director က စင်္ကာပူကိုရောက်နေတာနဲ့ ကြုံတော့ career discussion အနေနဲ့ ၁နာရီလောက်ကြာအောင် စကားပြောဖြစ်ကြပါတယ်။ ဒါရိုက်တာ က မြန်မာအမျိုးသမီး အမေရိကန်နိုင်ငံသားပါ။ အင်္ဂလိပ်စကားကို အမေရိကန်လေသံနဲ့ကိုပြောပြီး ထက်မြတ်တဲ့ အမျိုးသမီးတစ်ဦးပါပဲ။ သူတို့မျှော်မှန်းထားတဲ့လစာက ကျနော်ရနေတဲ့ လစာရဲ့ ၅၀% လောက်ပဲရှိ တော့ နှစ်ဦးနှစ်ဖက် အစဉ်မပြေနိုင်ကြမှန်း စကားဝိုင်းအဆုံးမသတ်မီထဲကသိနှင့်နေကြပြီးသားပါ။ ဒါမယ့် မြန်မာပြည်ရဲ့ လက်ရှိ HR အခြေအနေကို သူ့စီကနေ နည်းနည်းပါးပါး သိလိုက်ရတာကတော့ ကိုယ့်အတွက် အမျက်ပေါ့ဗျာ။ ဒီတလောမှာတော့ ဥရောပအခြေစိုက် Electronic Cash transaction အလုပ်တွေ လုပ် မယ်ဆိုတဲ့ Company အတွက်ရယ်၊ ဟင်နီကန်ဘီယာအတွက်ရယ်၊ မြန်မာနိုင်ငံသားပိုင် နာမည်ကျော် ရေနံ company ကြီး တစ်ခု အတွက်ရယ်ဆိုပြီး မိတ်ဆက်လာတော့ ကာလ်းစ်ဘတ် နဲ့တုံးကလိုဖြစ်မှာဆိုးလို့ ဒီပမာဏငွေရမှာ စဉ်းစားမှာနော်ဆိုတော့ ပေးနိုင်ပါတယ်တဲ့။ အဲ့တာကြောင့် ကျနော်စကားနည်းနည်း ဆက်ပြောကြည့်ကြတယ်။ တဖက်ကစဉ်းစားနေတာက မြန်မာနိုင်ငံသားတစ်ယောက်ကို မြန်မာပြည်မှာ အလုပ် လာလုပ်ဖို့အတွက် အဲ့လောက်ငွေပေးစရာမလိုဖူးပေါ့။ အဲ့တာကို ကျနော်လုံးဝလက်မခံနိုင်တာပါ။ ဒီရာထူး ဒီလိုတာဝန်တွေအတွက် မြန်မာပြည်မှာ ရှာလို့မရလို့နိုင်ငံခြားလာရှာတယ်၊ မြန်မာနိုင်ငံသားဆိုရင်တော့ ဈေးတစ်မျိုး၊ တခြားနိုင်ငံခြားသားဆိုရင် ဈေးတစ်မျိုးဆိုရင်တော့ ကျနော်တို့အစထဲက စကားပြောစရာကို မလိုတာပါ။ တကယ်တန်း ဟုတ်ပြီ တောင်းတဲ့လစာပေးမယ် လာလုပ်ပါဆိုရင်တောင် စဉ်းစားရမယ့် အချက် တွေကု A4 စာမျက်နာ ၁ ခုစာလောက်ရှိပါတယ်။ ဆုံးရှုံးသွားရမယ့် life style၊ ၉ နှစ်ကြာကွဲနေတဲ့ ပတ်ဝန်း ကျင်တစ်ခုနဲ့ မြန်မာနိုင်ငံ ရဲ့ Human Resources တွေကြောင့်  ကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေ အမျာားကီးမှ အများကြီးပါ။ ကျနော့်သူငယ်ချင်း ဟောင်းတွေဖြစ်တဲ့ အမေရိကန်သမ္မတကြီးကတောင် မိန့်ခွန်းထဲ ထည့်ပြောခံရတဲ့ လမင်းဦး တို့လို၊ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေနဲ့ ဒေါက်တာဘွဲ့တောင်ရတော့မယ် ဆရာ ဦးစံဇာနည်ဗိုလ်သား အမရတို့လောက်မတော်မတက်ပဲ သူတို့လို ကိုယ်ကျိုးစွန့်ပြီး နိုင်ငံကို တဖက်တလမ်းကနေ အထောက်အကူမပြုနိုင်သေးတာ အမှန်ပါလို့ ဝန်ခံပါတယ်။

Weight Lose Mission

လွန်ခဲ့တဲ့ နှစ် မေလ မှာ အဝလွန်နေပြီဖြစ်တဲ့ ကိုယ်ကိုကိုယ် ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ ကျနော်ရဲ့ နာစေးတဲ့ ရောဂါ၊ နေရင်းထိုင်းရင် ဘာမှမလုပ်ပဲ ပင်ပန်းနေတာ၊ တခါတယံ အိပ်မပျော်တဲ့ ပြသနာတွေဟာ ကျနော့်နေ့စဉ်ဘဝကို ထိခိုက်လာပါတယ်။ လွန်ခဲ့တဲ့ နှစ် မေလက ကိုယ်အလေးချိန် ၉၂ ကီလိုဖြစ်နေတဲ့အတွက် BMI 32 အဆင့်ဖြစ်နေပေမယ့် ကိုယ်ကိုကိုယ် ဝနေတဲ့လို့ ဘယ်တော့မှမထင်ခဲ့ ပါဘူး။ နန်ယန်ပေါ်လီက graduate ဖြစ်ပြီးတဲ့နောက်မှာ Dover မှာရှိတဲ့ Singapore Polytechnic Graduate Guild မှာ ပေါ်လီအောင်အဖြစ် မန်ဘာကို လျှော့ဈေးနဲ့ဝင်ခွင့်ရခဲ့ပါတယ်။ သူ့စီမှာရှိတဲ့ Gym အသေးလေးမှာပဲ အပြေးစက်ပေါ်ပြေး၊ လမ်းလျှောက်စက်ပေါ်လျှောက်၊ ရေကူးနဲ့ ၁၅ နှစ်လောက်ဘာအားကစားမှ မယ်မယ်ရရ မလုပ်တဲ့ body ကြီးကိုလှုပ်ရှားစေရပါတော့တယ်။ နေ့စဉ်ရုံးကအပြန် gym ကိုတိုက် ရိုက်သွား လေ့ကျင့်ခန်းလုပ် Weekend မှာလဲ လုပ်နဲ့ဆိုတော့ ၉၂ ကီလိုကနေ ၉၀ ကီလိုကို ကျလာတယ်။ ဝိတ်ကကျလာတော့ လူကအားတက်လာတယ်။ ကိုယ်လုပ်တဲ့အလုပ်အတွက် အကျိုးသက်ရောက်မှုရှိတယ် ပေါ့။ ၂ လလောက်ကိုယ်ဟာကိုယ်လုပ်ပြီးတဲ့နောက် ကျနော့်ရုံးက ကျနော့်လက်ထောက်က အားကစားလုပ်တာလဲ ဝါသနာပါ၊ စလုံးစစ်တပ်မှာလဲ အထူးလက်ရုံးတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ ကျနော့်ရဲ့ Weight Lose Mission ကြီးကို သူက Training Plan ချပေးပါတယ်။ ဘယ်နေ့မှာဘာလုပ်၊ ဘယ်နှမိနစ်ပြေး ဘာညာပေါ့။ အဲ့ဒီမှာ ကျနော် ငယ်ငယ်က ရွက်လှေအသင်းမှာအလုပ်လုပ်တုန်းက အားကစားသမား (၂) ဦးကို တစ်ယောက်ကို ဝိတ်ချပြီး၊ တစ်ယောက်ကို ဝိတ်တင်ရတာ သွားသတိရတယ်။ ပြီးတော့ ကျနော်က ရေကူးရတာပဲ ကြိုက်တယ်။ ပြေးရတာဝါသနာကို မပါတာ။ မှတ်မှတ်ရရ အဲ့ဒီမှာလုပ်တုန်းက မနက်ပိုင်း Physical training အချိန်မှာ ကလေးတွေပြေးခိုင်းနေတုံး၊ ကျနော်တို့လေးစားကြောက်ရွံရတဲ့ ရွက်လှေအဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး (ယခုဥက္ကဌ) ရောက်လာလို့၊ ကျနော့်မှာ သူမပြန်မချင်း ကလေးတွေနဲ့လိုက်ပြေးရတာ ဟာ နောက်ဆုံးပြေးခြင်းပါပဲ။ အဲ့ဒီမှာ ဝိတ်ချရတဲ့အားကစားသမားကို တစ်ရက် ၃ မိုင်လောက်ပြေးခိုင်းတာ သတိရမိတယ်။ အခုကျနော်ကိုယ်တိုင်ပြေးမှာ အတော်ပင်ပန်းတာပါလားလို့ပေါ့။ အပြေးစက်ပေါ်မှာပြေးရာကနေ Singapore Poly အားကစားကွင်း ထဲ မှာ တဖြည်းဖြည်းနဲ့အပတ်ရေကို တိုးတိုးပြေးဖြစ်တယ်။ အဲ့တုံးက စလုံးတပ်မတော်ကခေါ်တဲ့ လုပ်အားပေးစစ်တပ်မှာ ဝင်ပါမယ်စိတ်ကူးထား တော့ စလုံးတပ်မတော်ရဲ့ ကာယကြံ့ခိုင်မှု အောင်မှတ်ဖြစ်တဲ့ ၂.၄ ကီလိုမီတာကို ၁၂.၄၀ စက္ကန့်အတွင်း အပြီး ပြေးနိုင်ရတယ်ဆိုတော့ အဲ့တာကို ရည်မှန်းပြီးပြေးတာ။ ၂.၄ ကီလိုမီတာဖြစ်တဲ့ ၆ ပါတ်ပြည့်ပြီးတိုင်း ငါ ဘယ်တော့ မှာ အဲ့လိုမပြေးတော့ဖူးလို့ တွေးမိတဲ့အထိ မောဟိုက်လွန်းတာပါ။ ပေါ်လီကျောင်းရဲ့ အားကစားကွင်းထဲမှာ အပြေးလေ့ကျင့်ခန်းလုပ်တော့ ပျိုပြစ်နုနယ်တဲ့ ကျောင်းသားကျောင်းသူ တွေရဲ့ ရုပ်ပုံတွေက ကျနော့်အတွက် အများကြီးအားတက်စေပါတယ်။ တချိန်ထဲမှာပဲ ငါ သူတို့အရွယ်တုံးက သူတို့လိုကျောင်းသားဘဝ တွေမဖြတ်သန်းခဲ့ဖူးဘူး။ အခုလက်ရှိကိုယ်နိုင်ငံက ကျောင်းသားတွေ လဲ သူတို့လိုကျောင်းသားဘဝ ဖြတ်သန်းဖို့ဖြစ်လာစရာမမြင်သေးဘူးလို့ အတွေးနည်းနည်း လွန်မိတယ်။ ကျနော်သူတို့အသက်အရွယ် ကျောင်းသားဘဝ ၁၈-၁၉ ပေါ့။ ကျနော် ပြည်မြို့မှာ နာမည်ကျော်တိုက်ဂါးဘီယာကို နိုင်အောင်ဖိုက်ရင်း နဲ့ ဘီယာချမ်းရောင်းနေခဲ့တာ။ ပြည်မြို့ကနေ မန္တလေးအသွားမှာ ဘီယာတွေဈေးတက်မှာကြိုသိလို့၊ ကွနန်တင်နာကား နဲ့ လမ်းမှာရသမျှဘီယာတွေ ပြန်ဝယ်ပြီး ဈေးတက်ချိန်ပြန်ရောင်းခဲ့တာ ဘီယာကုန်သည် ပေါက်စဘဝပေါ့။ ကျနော်ဒါတွေ အတွက်ဝမ်းမနည်းပါဘူး။ ဒီလိုမျိုးကျနော့်ဘဝကို စောစောစခဲ့တဲ့ အတွက် လောကကြီးအကြောင်းပိုနားလည်ပြီး ဒီအခြေအနေမျိုး ကို ရောက်လာတယ်လို့ပဲတွေးမိတယ်။ ကိုယ်လုပ်ချင်တာတွေ ကို တသက်လုံးလုပ်ခွင့်ပေးခဲ့တဲ့ ကျနော့်မိဘတွေကို လဲ ကျေးဇူးတင်ပြီး အခုချိန်မှာ အတက်နိုင်ဆုံးကျေးဇူးတွေ ဆပ်နေဆဲပါ။

ကွင်းထဲမှာပတ်ပြေးနေရာကနေ အပြင်မှာသူများတွေလို ပြေးချင်လာတော့ ဒီပေါ်လီကျောင်းကြီး တပါတ် ပြေးတယ်။ ပေါ်လီကျောင်းတစ်ပတ် က ၃ ကီလိုမီတာ ကွက်တိပဲဗျာ။ လွန်ခဲ့တဲ့ August လလောက်ကစပြီး ကျနော်အပြင်မှာ ပြေးတဲ့ရက်က တစ်ပါတ်ကို ၂ ရက်ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ် မေလကစခဲ့တဲ့ ကျနော့် mission ကိုအောင်မြင်အောင် ကျနော်ခရီးသွားနေတဲ့ ကာလကလွဲလို့ တစ်ပါတ်က (၆) ရက်လေ့ကျင့်ခန်းလုပ်တာပါ။ တစ်ရက်ကို အနည်းဆုံး ၁ နာရီကနေ ၁ နာရီခွဲလောက်အထိကြာပါတယ်။ တင်္နလာနေ့ကတော့ ကျနော်အတော်သဘောကျတဲ့ workout ပါ။ ပေါ်လီတစ်ပါတ် ၃ ကီလိုမီတာပြေး၊ မီတာ ၁၀၀၀ ရေကူး ပြီး ၁၅ မိနစ်စက်ဘီးစီးတဲ့ triathlon ပါ။ ဒီ workout တစ်ခါလုပ်ရင် အနည်းဆုံး ၀.၃ ကီလိုကျပါတယ်။ နောက်တစ်ရက် အင်္ဂါနေ့ကို ကလပ်က Running Interest Group နဲ့ ၆ ကီလိုမီတာပြေးပါတယ်။ သူတို့ကတခါတလေ ၁၁ ကီလိုမီတာပြေးတာ၊ မှတ်မှတ်ရရ ၂ ခါပြေးဖြစ်တယ်။ ၂၀၁၄ ခုနှစ် August လမှာတော့ ပြေးတဲ့ ဟာ နည်းနည်းလျှော့ချင်လို့ဆိုပြီး နာမည်ကြီး Fitness Club ဖြစ်တဲ့ Fitness First မှာ အသင်းဝင် ဖြစ်ပြီး၊ Group Aerobic Exercise တစ်ခုဖြစ်တဲ့ Body Attack ကို Wednesday နဲ့ Saturday မှာ လုပ်ဖြစ် ပါတယ်။ Group Exercise ကို မြူးမြူးကြွကြွ သီးချင်းတွေနဲ့လုပ်ရတဲ့ အတွက် အတော်လေး သဘောကျ တယ်ပြောရမယ်။ အဲ့တာမလုပ်ခင်လေး အပြေးစက်ပေါ်မှာ ၁၅ မီနစ်လောက်ကြိုပြေးလိုက်ရင်တော့ ကယ်လိုရီ လောင်ကြွမ်းမှုပိုပြီး ဘော်ဒီဝိတ်ကျလာတာလဲ သတိထားမိပါတယ်။ ဒီဝိတ်ချတဲ့ ကာလတောက် လျှောက်မှာ လွန်ခဲ့တဲ့ မတ်လ ၂၀၁၅ အထိကျနော် အစားအသောက်ကို မလျှော့ချခဲ့ပါဖူး။ ကိုယ်စားနေကျအစားအစာ ကို ပဲ ပုံမှန်စားသောက်နေခဲ့တာပါ။ လုပ်ခဲ့တဲ့ကာလတောက်လျှောက် မှာ ဘယ်လေ့ကျင့်ခန်း တွေ ဘယ်လိုလုပ်ခဲ့တယ်၊ ကျလာတဲ့ ဘော်ဒီဝိတ်စတဲ့ အချက်အလက် တွေအကုန်လုံးကို မှတ်ထားခြင်း ဖြင့် ကျနော့်ရဲ့ weight lose mission ကို အနီးကပ်စောင့်ကြည့်ခဲ့သည်ပေါ့။ နောက်တစ်ခု တစ်ကီလို တစ်ကီလို ကျတိုင်းမှာ ခံစားရတဲ့ ပီတိဖြစ်မှု၊ ဒီပီတိဖြစ်မှုများကို ဆက်ထိမ်းထားဖို့ ကုန်ခဲ့တဲ့ အချိန်တွေ ကို နှမြောမှု တို့က ကျနော် ရှေ့ဆက်သွားဖို့ခွန်အားတွေပါပဲ။ မတ်လ မှာတော့ ကျနော့်ဘော်ဒီဝိတ်ဟာ ၇၈ ကီလိုကိုရောက်ရှိလာပါတယ်။ ၇၈ ကိုရောက်လာတဲ့ အခါ လုပ်နေကျ လေ့ကျင့်ခန်းတွေနဲ့ ဝိတ်ကဆက်မကျတော့ပဲ အဲ့နေရာမှာပဲ တဝဲလည်လည် ဖြစ်နေတဲ့အတွက် Diet စစ်ကူခေါ်ရပါတော့တယ်။ Weekend ကလွဲပြီး ညစာတွေအကုန် ကို အရွက်သုတ်တို့၊ Subway တို့ Macdonal Wrap တို့အပြင် တချို့ရက်တွေမှာ နေ့ခင်းစာ ကို အရွက်သုတ်၊ ကိုယ်တိုင်လုပ် အသားညှပ် ပေါင်မုန် နဲ့ ကြက်သားရင်ဖုံသားကို ပျားရည် ချက် တို့ကို ကိုယ်တိုင်လုပ်ပြီးစားသောက် Diet စစ်ကူခေါ်တဲ့ အခါမှာတော့ ခေါင်းမာနေတဲ့ ဘောဒီဝိတ်ဟာ ၇၅ ကီလိုဇုန်ထဲကိုကျဆင်းလာပါတယ်။ ကျနော့် မစ်ရှင်အဖြစ် ၇၅ ကီလိုအတိကို ရောက်ဖို့သိပ်မလိုတော့ပါဖူး။ ဒီမစ်ရှင်ပြီးရင်တော့ ၇၀ ကီလိုကို ခရီးဆက်နိုင်မနိုင် စဉ်းစားရအုံးမှာပါ။

လွန်ခဲ့နှစ် သြဂုတ်လ ကနေ စတင်မှတ်တမ်းတင်လာတဲ့ runkeeper app အရ မေလ ၁၀ ရက်နေ့မှာတော့ ပြေးတာမကြိုက်တဲ့ ကျနော် ကီလိုမီတာ ၁၀၀၀ ကျော်ပြေးခဲ့ပြီးပါပြီ။ အခုတလော တော့ တပါတ်ကို အနည်းဆုံး စာအတွက် ၁၅ ကီလိုမီတာက နေ အများဆုံး ၂၀ ကီလိုမီတာအထိပြေးဖြစ်ပါတယ်။ ကျနော်ရဲ့ weight lose mission ကြောင့်ပြန်လည်စတင်ဖြစ်ခဲ့တဲ့ ကျနော့်အားကစား ကဏ္ဍကြောင့် အနည်း ငယ်ချို့ယွင်းစပြုလာတဲ့ ကျနော့်ကျန်းမာရေးအခြေအနေ ပြန်ပြီးကောင်းလာတာတွေ့ရပါတယ်။ နှားစေးရောဂါ သိသိသာသာ ကြီးပျောက်သွားတဲ့အပြင် အိပ်ရေးပျက်တာတွေလဲ အများကြီးလျှော့ကျသွားပါတယ်။ အရင်လိုပင်ပန်းတွေတာတွေ လုံးဝမရှိတော့ပဲ အတော်လေးလန်းလန်းဆန်းဆန်း ဖြစ်လာတာ လက်တွေ့ဆို တော့ ကျနော့်အလုပ်က HR Policy ထဲမှာ Active and Healthy Life Style activities တွေကို အကောင် အထည်ဖော်ခြင်းဖြင့် ဝန်ထမ်းများရဲ့ MC rate ကိုလျှော့ချပြီး၊ ကျန်းမာရေးအသုံးစားရိတ်တွေလဲ လျော့ကျစေနိုင်မှာဖြစ်တဲ့အကြောင်း ကျနော့် သူဌေးကိုပြောတော့ သူဌေးကိုယ်တိုင်ကလဲ တပါတ်ကို ၄ ရက် gym မှာလေ့ကျင့်ခန်းလုပ်လေ့ရှိတာကြောင့် ကျနော့်ပေါ်လစီကို ချက်ချင်းပဲ အကောင်အထည် ဖော်ဖို့ လမ်းညွှန်ပါတယ်။

Travelling

အမိမြန်မာပြည်ကိုတော့ ၂၀၁၄ ဒီဇင်ဘာ holiday ကာလအတွင်းရောက်ခဲ့ပြီး ထုံးစံအတိုင်းဘာမှာထွေထွေ ထူးထူးတွေ ပြောင်းလဲလာတာမရှိပါဘူး။

ခရီးရှည်အဖြစ် လွန်ခဲ့တဲ့ မတ်လ တိုင်ဝမ်ကို ၁၀ ရက်ကြာအလည်အပတ်သွားဖြစ်ခဲ့ပါတယ်။ လေကြောင်း လိုင်းကိုတော့ ဈေးအသင့်အတင့် ဖြစ်တဲ့ EVA Air ကိုရွေးဖြစ်ပြီး ခရီးစဉ်ပျံသန်းမှုအတွင်း Entertainment နဲ့ အစားအသောက်ပိုင်း၊ ဝန်ဆောင်မှုပိုင်းတွေ ကို စိတ်တိုင်းအကျကြီး မရှိခဲ့ပါဖူး။ တိုင်ဝမ်ခရီးစဉ်တစ်ခုလုံး ကို ကျနော့်သူငယ်ချင်း ဘရမ်ဒမ်ကစီစဉ်တာဖြစ်ပြီး ခရီးစဉ်တခုလုံးနီးပါးဟာ private tour ဖြစ်တာကြောင့် ကိုယ်ရပ်ချင်တဲ့နေရာ မှာ ရပ်၊ ကိုယ်စားချင်တာ အေးအေးဆေးဆေး စား၊ ဖြည်းဖြည်းချင်းသွားတာကြောင့် တခါတလေ အလွန်နှေးလှပါလား ဟဲ့ ဆိုပြီးတောင် စိတ်ညစ်ရတဲ့အထိပါ။ မှတ်မှတ်ရရ တွေအဖြစ် တိုင်ဝမ် သမ္မတကိုယ်တိုင်နဲ့ နာမည်ကျော်ပုဂိုလ်များ ကိုယ်တိုင်ရောက်ဖူး စားသောက်ဖူးတယ်ဆိုတဲ့ မီးကင်ကျောက် တုံး ကို ဟင်းရည်အိုးထဲနှစ်ထည့်ပြီး ချက်ပြုတ်ရောင်းချတဲ့ဆိုင်ကို ရောက်ရှိစားသောက်ခဲ့ရပါတယ်။ Home Stay လို့ခေါ်တဲ့ မြို့ခံတစ်ယောက်ယောက်ရဲ့ အိမ်တွေမှာ ညအိပ်ရပ်နားတာကြောင့်လဲ ဟိုတယ်တွေ မှာပဲ တည်းခိုနေထိုင်ခဲ့တာနဲ့မတူပဲ ထူးထူးခြားခြား အတွေ့အကြုံတစ်မျိုးပါ။

စင်္ကာပူတွင် (၉) နှစ်ကြာသောအခါ အပိုင်း (၂) မှာတော့ ဇွန်လတွင်းကျင်းပမည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရဲ့ ရွက်လှေအားကစားယှဉ်ပြိုင်ရာ နေရာမှာ Asst Venue WorkForce Manager အနေနဲ့ လုပ်အားပေးခဲ့တဲ့ အမှတ်တရ အတွေ့အကြုံလေးတွေ ရေးမယ်လို့စိတ်ကူးထားတာကြောင့် ဇွန်လ ကုန်ပိုင်းလောက်မှာ စောင့်ဖတ်ပါလို့ ကြိုတင်အသိပေးရင်း အပိုင်း (၁) ကို နိဂုံးချူပ်ပါတယ်။ ဖတ်ပေးတဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။ ။

No comments:

Post a Comment