Thursday, September 8, 2011

မေးချင်အုံး ဟဲ့ ဒီကိစ္စ


ဒီအကြောင်းအရာကတော့ စင်္ကာပူဝန်ကြီးချုပ်ဟောင်း နဲ့ ဝါရင့်ဝန်ကြီး ရာထူးကတရားဝင်အနားယူသွားပြီးဖြစ်တဲ့ နိုင်ငံရေးဂုရုကြီး
Mr Lee Kuan Yew နဲ့ NTU ကမဟာဘွဲ့၊ ဒေါက်တာဘွဲ့ရယူဖို့ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူများ ရဲ့ ဆွေးနွေးပွဲမှာ အလွန်နာမည်ကြီး သွားတဲ့အကြောင်းအရာတစ်ခုကို The New Paper သတင်းထောက် Koh Hui Theng ရဲ့ ရေးသားချက်ကို ဆီလျှော် အောင်ဘာသာပြန်ဆိုဆွေးနွေးခြင်းဖြစ်ပါတယ်။ တစ်စုံတစ်ခုများ အကြောင်းတိုက်ဆိုင်မကျေလည်မှုများနှင့် အမှားအယွင်းပါရှိပါက ခွင့်လွှတ်ပါရန်ကြိုတင်တောင်းပန်ပါတယ်။

၂၀၁၀ စင်္ကာပူရွေးကောက်ပွဲမတိုင်မီထဲက လှုပ်လှုပ်ရွရွ နဲ့ ဆူဆူပူပူဖြစ်လာနေတဲ့ စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားများအလွန်အကျွံလက်ခံ
နေတဲ့ကိစ္စဟာ အခုချိန်အထိ အေးအေးချမ်းချမ်း မရှိသေးပါဘူး။ ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးများ နဲ့ ပါလီမန်အမတ်များ
ဟာ နိုင်ငံခြားသားများအနေနဲ့ စင်္ကာပူစီးပွားရေးဖွံဖြိုးမှုကို ဘယ်လိုအထောက်အကူပြုနေကြောင်း အခွင့်အရေးရလျှင်ရသလို ရှင်းပြမြဲ
ဖြစ်သလို သူတို့နိုင်ငံသားများကလဲ အခွင့်အရေးရလျှင်ရသလို ဆူဆူပူပူ လုပ်မြဲပါပဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးအခုနောက်ဆုံးပေါ် ပေါ်ပြုလာ အတင်းတစ်ခုအနေနဲ့ ကတော့ Nanyang Technological University (NTU) မှ Biological Science ဘာသာရပ်ဖြင့် PhD ဒေါက်တာဘွဲ့
ကိုရယူဖို့ စာသင်ကြားနေတဲ့ အသက် ၂၇ နှစ်အရွယ် ကျောင်းသူ စင်္ကာပူနိုင်ငံသား Ms Joan Sim မှ Mr Lee Kuan Yew ကိုမေးမြန်းခဲ့
သည့် " အချိန်တိုတိုအတွင်း နိုင်ငံတစ်ပါးမှ ဝင်လာ၍ အခြေစိုက်နေထိုင်သူ အမြောက်အများစွာ ကိုနေထိုင်ခွင့်ပြုခဲ့ခြင်း ၏ အကျိုး
သက်ရောက်မှုအနေဖြင့် နိုင်ငံ၏ အရည်အသွေးကို ထိခိုက်စေနိုင်သည့်အတွက် What Can We Do to Create A Sense of Belonging and Foster Social Cohesiveness? ဟုမေးမြန်းခဲ့ခြင်းအပေါ် Mr Lee မှအဖြေကို တိုက်ရိုက်ရိုးစင်းစွာ ဖြေဆိုခဲ့ လိမ့်မယ်လို့ သူမ မျှော်လင့်ခဲ့ပါသည်။ ထို့အပြင် အမေးအဖြေ အခြေအနေဖြစ်သည့်အတိုင်း Mr Lee မှလဲ သူမမေးမြန်းခဲ့သည့် အခြေအနေကို အခြေခံ ၍ ပြန်လှန်မေးခွန်းထုတ်လိမ့်မည်ဟု သူမ ထင်မြင်ခဲ့သော်လည်း ထင်သလိုမဖြစ်လာခဲ့ချေ။

မေးခွန်းဆုံးသွားသည်နှင့်တပြိုင်နက် Mr Lee မှ စင်္ကာပူနိုင်ငံတွင်ကြုံတွေ့နေရသည့် ပြသနာတစ်ခုဖြစ်သည့် အသက်အရွယ်ကြီးသူများ
ပိုမိုများပြားလာသည့် အကြောင်း၊ ဒါ့အပြင် ကလေးမွေးဖွားနှုန်းကျဆင်းနေသည့် ပြသနာတစ်ရပ်သည် စင်္ကာပူ၏ နိုင်ငံခေါင်းဆောင်များ
အတွက် အလွန်စိတ်ပူပန်နေရသည့် အကြောင်းတစ်ခုဖြစ်ကြောင်း အကျယ်တဝင့် ပြောကြားသည်။ စင်္ကာပူတွင်ရှိသော ဇနီးမောင်နှံ
တစ်စုံတွင် ပျှမ်းမျှအားဖြင့် ကလေး ၁.၀၁ သာရှိကြောင်း၊ နိုင်ငံရေးသိပ္ပံမှလေ့လာသုံးသပ်သည့် ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များ
အရ စီးပွားရေးဖွံဖြိုးတိုးတက်မှု ရလဒ်ကောင်းများအတွက် စင်္ကာပူနိုင်ငံသည် နှစ်စဉ် နိုင်ငံခြားမှရွေ့ပြောင်းအခြေစိုက်နေထိုင်သူ ၆၀၀၀၀ (ခြောက်သောင်း) လိုအပ်လျှတ်ရှိသော်လည်းမဖြစ်နိုင်ကြောင်း၊ ၂သောင်း သို့မဟုတ် ၂သောင်း၅ထောင်ခန့်လောက်သာဖြစ်နိုင်ကြောင်း၊
ဆက်လက်၍ ဇနီးမောင်နှံတစ်စုံလျှင် ကလေး ၁.၈၊ ပိုမို၍ ၂.၁ ဆိုလျှင်လိုအပ်လာမည့် လူဦးရေကို သူ့လူနဲ့သူပြန်ဖြည့်သွားနိုင်လိမ့်မည်
ဖြစ်ကြောင်း ပြောကြားသည်။

စင်္ကာပူအစိုးရ၏ ပညာရေးဝန်ကြီးအပါအဝင် ၁၇၀၀ သောကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျှတ်ရှိသော ဝါရင့်နိုင်ငံရေးဂုရုကြီး
Mr Lee Kuan Yew နှင့် ကျောင်းသား၊ ကျောင်းသူများ၏ တွေ့ဆုံစကားပြောဆွေးနွေးပွဲကြီးတွင် Mr Lee မှ စင်္ကာပူနိုင်ငံကို မည်ကဲ့သို့
ရှေ့ဆက်ပဲ့ကိုင်သွားမည့်အကြောင်းပြောကြားနေရင်း သူ၏ပြောစကားများကို ရပ်တန့်၍ သူ့ကိုမေးမြန်းခဲ့သည့်မေးခွန်းရှင်ကို လှည့်ကြည့်
လိုက်ပါတယ်။ ထိုမှတစ်ဆက်တည်း -

Mr Lee မှ အသက်ဘယ်လောက်ရှိပြီလဲ ? ဟုမေးခွန်းထုတ်ခြင်းအပေါ် Ms Sim မှ အသက် (၂၇) နှစ်ရှိပြီဖြစ်ကြောင်း ပြန်လည်ဖြေကြား
ပါတယ်။ ထို့နောက်လျှင်မြန်စွာပဲ နောက်ထပ်မေးခွန်းများတစ်ခုပြီးတစ်ခုထပ်မေးပါတယ် -

အိမ်ထောင်ကျပြီလား ( အဖြေ - မကျသေးပါဘူး)
ဘယ်တော့ PhD ပြီးမှာလဲ ( အဖြေ - နောက် ၂ နှစ်ကြာရင်ပါ )

မှတ်ချက်တိုလေးတစ်ခုအနေဖြင့် Mr Lee မှ သြော် ဒါမဆို မင်း ဒေါက်တာဘွဲ့ရတဲ့အချိန်က အသက် ၂၉ နှစ်ဖြစ်နေပြီပဲ။
နောက်ဆုံးမေးခွန်းတစ်ခု အနေဖြင့် -
မင်းမှာ ယောင်္ကျားလေး မိတ်ဆွေ (boyfriend) ရောရှိပြီလား ( အဖြေ - မရှိသေးပါဘူး )

သူမေးခွန်းများမေးပြီးသည်နှင့်တပြိုင်နက် Mr Lee မှ ဆက်လက်၍ အမျိုးသမီးများ၏ အိမ်ထောင်ကျချိန်၊ ကလေးမွေးဖွားရန်သင့်တော်
ချိန်စတဲ့ အကြောင်းအနည်းငယ်ပြောပြီးသည်နှင့် -

“ မင်းကိုငါ့အနေနဲ့ အကြံပေးချင်တာကတော့ အချိန်ကုန်မနေပါနဲ့၊ မင်းရဲ့ ဒေါက်တာဘွဲ့ (PhD) နဲ့ တူတူ မင်းအတွက်ယောင်္ကျားလေး
မိတ်ဆွေတစ်ယောက်ပါရရှိပါစေလို့ ငါမျှော်လင့်တယ် ”

၁၇၀၀ သော ပရိသတ်စီမှ အလွန်ကျယ်လောင်သော ရယ်မောသံများထွက်လာသည် နှင့် အတူ Ms Sim ၏ မျက်နာမှာလဲ အရှက်ကြောင့်
နီရဲသွားစေခဲ့ပါတယ်။ The New Paper ဖြင့် အင်တာဗျူးတွင် သူမအနေဖြင့်အလွန်တရာ အရှက်တကွဲအကျိုးနည်းဖြစ်ရကြောင်း၊ မိမိ
ကိုယ်မိမိ ချက်ချင်းပျောက်ကွယ်သွားလိုကြောင်း၊ Mr Lee အဲ့ဒီမေးခွန်းတွေစမေးတဲ့အချိန်ကစပြီး သူ့စိတ်တွေဘာကိုဘာမှ မသိတော့ လောက်အောင်ဖြစ်သွားကြောင်း၊ နောက် (၁) နာရီလောက်ကြာအထိဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည်အထိဖြစ်သွားကြောင်း ဖြေကြား သွားခဲ့ပါတယ်။

သူမမျှော်လင့်ထားခဲ့ သည့် အပြန်အလှန်မေးခွန်းတစ်ခုမှ ပြန်မေးမလာခဲ့ပဲ မမျှော်လင့်ထားသည့် မေးခွန်းများအတွက် သူမစိတ်ကျေနပ်မှု
မရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမမေးမြန်းသွားသည့်မေးခွန်းအပေါ် Mr Lee မှတိုက်ရိုက်မဖြေဆိုသည့် အတွက်လဲ Mr Lee ကို
အပြစ်တင်ချင်တဲ့ လေသံလေးတွေပါတယ်ဆိုတာ ကျနော်သတိထားမိပါတယ်။ တကယ်ဆိုရင် ကျနော့်အမြင်ပြောရရင်ဖြင့် သူမမေးတဲ့
မေးခွန်းရဲ့တစ်စိတ်တစ်ဒေသအပေါ်မှာ Mr Lee ကတိုက်ရိုက်မဟုတ်သော နိုင်ငံရေးစကားဖြင့်ပြန်လည်ဖြေကြားသွားခဲ့တယ်လို့မြင်ပါ တယ်။ စင်္ကာပူနိုင်ငံသား တွေကတော့လတ်တလော ရထားကြပ်တာတွေ၊ အလုပ်အတွက်ယှဉ်ပြိုင်ရတာတွေ အိမ်ဈေးတက်တာတွေ စတဲ့
အများအပြားသော ဆင်ခြေတက်မှုတွေကိုသာသိကြာပေမယ့် နောင်နှစ်ပေါင်းများစွာမှာတကယ်တန်းဖြစ်ပေါ်လာမည့် ပြသနာတွေကို
တော်တော်များများ က မသိကြပါဘူး။ တွေးလဲမတွေးကြပါဘူး။ သာမန်ပြည်သူမဆိုထားနှင့် ဒေါက်တာဘွဲ့ယူရန်ပြင်ဆင်နေသည့် သူမ
အနေဖြင့်တောင် သတိထားမိပုံမပေါ်ပေ။

Monday, August 29, 2011

တရုတ်ပြည် သို့ ပထမဆုံးခရီးစဉ်

ကျနော့်ရဲ့ ခရီးသွားမှတ်တမ်းမှတ်ရာ သက်သက်ပါပဲ။ ခရီးတွေမကြာခဏသွားတက်ပေမယ့် အခုဟာကတော့ ပထမဆုံးရေးတဲ့ ခရီးသွား
မှတ်တမ်းပါ။ တရုတ်ပြည်ကိုသွားလည်မယ်လို့ ကြံရွယ်နေခဲ့တာကြာပြီဖြစ်လို့ ၂၀၁၁ ခုနှစ်ဆန်းပိုင်းလောက်မှာ Jet Star Asia က
တရုတ်ပြည် ဟန်ကျိုးမြို့ကို စင်္ကာပူကနေတိုက်ရိုက် စတင်ပျံသန်းမှု အထိမ်းအမှတ် လတ်မှတ်တွေကို ဈေးလျော့ရောင်းတော့ တစ်စောင်
ကို S$248 နဲ့ မိသားစု (၄) ယောက်စာဝယ်ထားလိုက်ပါတယ်။ Budget လေကြောင်းတို့ရဲ့ ထုံးစံအတိုင်း အဝေးကြီးခွာဝယ်မှ သက်သာ
တာဆိုတော့ ခရီးသွားမယ့်ရက်က August 9 ကနေ August 17th လို့သက်မှတ်ထားလိုက်တယ်။ ဒီလိုနဲ့ လက်မှတ်ဝယ်ထားပြီး တမျှော်
တခေါ်ကြီး စောင့်ပြီးတဲ့နောက် ကျနော်တို့ မိသားစုခရီးထွက်ကြမယ့် Aug 9th ကိုရောက်ရှိလာပါတော့တယ်။

လေယာဉ်အချိန်က ညနေ (၆) နာရီမှာဆိုပေမယ့် မနက်မိုးလင်းထဲက တစ်မိသားစုလုံး တလှုပ်လှုပ် တရွရွနဲ့ ပြင်ဆင်လို့ မပြီးနိုင်အောင်
ဖြစ်နေသလိုပဲ။ ပါပါးကတော့ မနက်ထဲက ရေမိုးချိုးပြီး သူ့ကုလားထိုင်ပေါ်ထိုင်ပြီး အချိန်ကိုစောင့်နေလေရဲ့။ ကျနော်ကတော့ မနက်ပိုင်း
ကိုနောက်ကျမှ အိပ်ယာထ၊ နေ့ခင်းထမင်းစား ပြီးတော့လဲ တရေးတော့ အိပ်လိုက်သေးတယ်။ နေ့လည် ၃ နာရီလောက်မှ အိမ်ကနေ
လေဆိပ်ကို MRT စီးသွားမယ်လို့မှန်းထားပေမယ့် ၂ နာရီလောက်မှာတော့ ပါပါးကဖင်တကြွကြွဖြစ်ပြီး အိမ်ရှေ့တံခါးဖွင့်နေပါပြီ။ ဒီတော့
၂နာရီခွဲလောက်မှာ အိမ်ကနေထွက်ဖြစ်ကြပါတယ်။

Jet Star ရဲ့ဝန်ဆောင်မှုအသစ်အရ Web Check In လုပ်လို့ရတော့ ကောင်တာမဖွင့်မီထဲက ကြိုတန်းစီနေနှင့်တဲ့ တရုတ်ပြည်သားတွေ
နဲ့ တူတူမစီလိုက်ရပဲ၊ Web Check In Prority Counter ကနေ Check In လုပ်၊ အရင်ကတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ သူတွေက အရာရှိတွေ
ဖြစ်နေကြပြီဆိုတော့ check in bag မှာ ပိုနေတဲ့ ၄ ကီလိုကို ကင်းလွတ်ခွင့်ပေး၊ လိုချင်တဲ့ထိုင်ခုံကိုရအောင်လဲစီစဉ်ပေးလိုက်ပါတယ်။
စောစောစီးစီး Deperture Terminal ထဲဝင်ပြီး၊ ပါပါး၊ မာမားနဲ့ ညီမလေးက Terminal တွေထဲမှာ သိပ်လျှောက်မလည်ဖူးကြ လို့ Changi Airport Terminal 3 ကို ရထားလေးစီးပြီးလိုက်ပို့၊ Butterfly Park နဲ့ Garden T3 ကိုလိုက်လည်ကြပြီးတဲ့နောက်၊ ကိုယ့်လေ
ယာဉ်ထွက်မယ့် T1 ဖက်မှာပဲ ညစာ fast food စားလိုက်တယ်။ Budget လေပျံဆိုတော့ ညစာမကျွေးတော့ ကြိုစားထားမှ တော်ကာကြ
မှာလေ။

Departure Gate ထဲရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ပါပါးက Wheel Chair နဲ့ဆိုတော့ ထုံးစံအတိုင်း လေယာဉ်ပေါ်ကိုအရင်ပေးတက်
ပါတယ်။ ထိုင်ခုံမှာထိုင်ပြီး ခဏနေတော့ အုံးအုံးကျွတ်ကျွတ် ဆူညံစွာနဲ့ ကျန်ခရီးသည်တွေတက်လာပါတော့တယ်။ လေယာဉ်တစ်စင်းလုံး
ဟာ တရုတ်ပြည်ကတရုတ်တွေပဲလို့ ထင်တာပဲ။ ပစ္စည်းတွေတစ်ခုံနဲ့တစ်ခုံပစ်ပေးကြ၊ အော်ကြဟစ်ကြ၊ ဓာတ်ပုံတွေရိုက်ကြနဲ့လေယာဉ်
တစ်စင်းလုံး ရှုပ်ယှက်တွေခက်နေတော့တာပါ။ ကျနော်နဲ့ ညီမလေးက ၂ ယောက်တစ်နေရာထိုင်တော့ Window Seat ဖက်ကတရုတ်မ
တစ်ယောက်ပါ။ သူ့ထိုင်ခုံပေါ်ထိုင်ပြီးတာနဲ့ ကျနော့်လက်ထဲက ဖုံးကိုလက်ညိုးထိုးပြပြီး တရုတ်လိုတစ်စုံတစ်ခုပြောပါတယ်။ ဖုံးဌားဆက်
မှန်းတော့ အလိုအလျှောက်နားလည်လိုက်ပေမယ့် ထုံးစံတိုင်း ငါတရုတ်လိုမတက်ဖူး လို့ English လိုပြန်ပြောတော့ သူက ဖုံးဌားဆက်ချင်
ကြောင်း English လိုတစ်လုံးချင်း ပြန်ပြောပါတယ်။ Local Call ဆိုရင်ရတယ်လို့ဆိုပြီး ဖုံးပေးဆက်လိုက်ရပါသေးတယ်။ ခဏနေတော့
လေယာဉ် Taxi Out ပြေးလမ်းမှာနေရာယူပြီး တော်တော်နဲ့မတက်တော့ permission မရသေးလို့ပဲထင်ထားတာ၊ လေယာဉ်ကပြေးလမ်း ပေါ်ကနေ ပြန်ကွေ့ပြီးမောင်းနေတာတွေ့တော့ နောက်ပြေးလမ်းတစ်ခုကို သွားနေတယ်လို့ပဲထင်ထားတာ၊ Departure Gate ကို ပြန်ရောက်တော့မှ Captain က National Day Parade အတွက် စင်္ကာပူ ဝေဟင်ပိုင်နက်ကို နာရီဝက် ပိတ်လိုက်တဲ့ကြောင်း၊ ပျံသန်းမှု
မပြုလုပ်နိုင်တဲ့အတွက် ဂိတ်ကိုပြန်လာရတာဖြစ်ကြောင်း ကြေငြာပါတယ်။ နာရီဝက်ကြာနေပြီးတဲ့နောက် လေယာဉ်ပြေးလမ်းပေါ်ကိုသွား
လေထဲပျံတက်တဲ့အထိ ထွက်ခွာချိန်ထက် (၁) နာရီနောက်ကျပြီးမှာ စင်္ကာပူကထွက်လာနိုင်ခဲ့ပါတယ်။

ကျနော့်ရဲ့ စည်းကမ်းနဲ့မူအတိုင်းလိုက်နာတက်တဲ့ အကျင့်ဟာ တစ်ခါတစ်လေမှာမကောင်းပါဖူး။ သိနားလည်ထားတဲ့ အတိုင်း Budget
လေကြောင်းလိုင်းဟာ ပြင်ပကအစားအစာတွေယူဆောင်စားသောက်လို့မရပဲ တင်းကြပ်စွာတားမြစ်တယ်ဆိုတာ အမြဲတမ်းမမှန်ကန် ကြောင်း လက်တွေ့သိသွားခဲ့ပါတယ်။ လေယာဉ်ပျံသန်းမှုတည်ငြိမ်လာတဲ့အချိန်မှာတော့ ခရီးသည်တွေဟာ ထုတ်ပိုးသယ်ဆောင်လာတဲ့
အစားအစာမျိုးစုံကို ထုတ်ပြီး ပေါ်ပေါ်ထင်ထင်ကို စားသောက်ပွဲကြီး ဆင်နွှဲကြပါတော့တယ်။ လေယာဉ်ကရောင်းတဲ့ အစားအစာတွေကိုလဲ
ဝယ်စားကြတဲ့ သူတွေလဲရှိပါတယ်။ ဒါမယ့် ကိုယ့်ဟာကိုယ်စားကြတဲ့သူတွေကများတယ်ဗျာ။ ဒီတော့စားစရာမျိုးစုံကထွက်လာတဲ့ အနံတွေ
ကြောင့်လေယာဉ်တစ်စင်းလုံး မွှန်နေပါတော့တယ်။ ကျနော့်မှာတော့ စာအုပ်ကြီးအတိုင်း ဘာစားစရာတစ်ခုမှမပါလာတော့ အနံလေးခံပြီး
ပဲလိုက်လာပြီးတဲ့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hangzhou Xiaoshan International Airport (HGH) ကိုခန့်မှန်းဆိုက်ရောက်ချိန်
ထက် (၁) နာရီနောက်ကျပြီး ဆိုက်ရောက်ခဲ့ပါတယ်။

China Immigration ကိုအခက်အခဲမရှိကျော်ဖြတ်ပြီး၊ အိတ်တွေယူအပြင်ထွက်တော့ တရုတ်ပြည်မှာနေထိုင်တဲ့ ကျနော့် အစ်မ တစ်ဝမ်းကွဲ ကျိကျိပြုံး နဲ့အတူ အပြင်အရင်ရောက်နေတဲ့ ပါပါးနဲ့မာမားကိုတွေ့ပါတယ်။ ပထမတော့ Hangzhou မြို့ထဲကို Shuttle Bus နဲ့သွားမယ်လို့ အစ်မက ပြောပေမယ့် Taxi (2) စင်းနဲ့ ဈေးညှီနှိုင်းလို့ရတာကြောင့် တက်စီ (၂) စင်းခွဲပြီး မြို့ထဲကိုချီတက်ကြပြီး အစ်မ စီစဉ်ပေးထားတဲ့ Hotel မှာ ညအိပ်အနားယူပါတယ်။

ီDay (1) in Hangzhou

မနက်စောစောထ ပါပါးနဲ့ Breakfast စားပြီးတာနဲ့ Hangzhou မြို့ထဲကလည်စရာပတ်စရာတွေကို Taxi တစ်စင်းတစ်နေကုန် ဌားပြီး
စထွက်ကြရာ၊ ပထမဆုံး ဟန်ကျိုးမြို့ရဲ့အထင်ကရဖြစ်တဲ့ West Lake ကိုရောက်ပါတယ်။ West Lake ကနွေရာသီဖြစ်တဲ့အတွက် တစ်နှစ်
လုံးမှာ နွေနှောင်းရာသီတစ်ခုထဲမှာပဲ ပွင့်တဲ့ကြာပန်းတွေနဲ့ ဝန်းရံထားတဲ့တောင်တန်းတွေကြားမှာ မနက်ခင်းနေရောင်ခြည်နဲ့တူတူ လှလှပပရှိနေပါတယ်။ West Lake ကိုတာလမ်းမ (၅) ခုနဲ့ ခွဲခြမ်းထားပြီး ကန်ရဲ့ ၃ ဖက်ကိုတောင်တွေနဲ့ဝန်းရံထားပါတယ်။ ရေအနက် ၀.၈ မီတာယေဘူရရှိပြီး၊ ကုဗမီတာ ၁၄ သန်း ၂ သိန်း ၉ သောင်း ကျယ်ဝန်းပါတယ်။ ရေလည်မှာ ကျွန်းလေးတွေ၊ တံတားငယ်လေးတွေ လဲရှိတာတွေ့ရပါတယ်။ ကျနော်ရယ်၊ ပါပါး၊ မာမား၊ ညီမလေးနဲ့ အစ်မ (၅) ယောက်သား၊ ရေကန်ကြီးရဲ့ တောင်နဲ့မြောက်တန်းထာတဲ့ 3KM ရှည်၊ တာရိုးလမ်းမကြီးတစ်ခုဖြစ်သော Yang Causeway ကို လမ်းလျှောက်ဖြတ်သန်းပါတယ်။ တာလမ်းမကြီးအဆုံးတစ်ဖက်ရောက် တော့ လမ်းဆက်လျှောက်ပြီး Leifeng Pagoda ဆိုတဲ့အလွန်ရှေးဟောင်းကျစေတီတစ်ဆူကို ပြန်ငုံတည်ဆောက်ထားတဲ့ စေတီတော် ကိုရောက်ပါတယ်။ စေတီတော်က တောင်ကုန်းတစ်ခု ပေါ်မှာရှိတဲ့အတွက်၊ တောင်ကုန်းပေါ်ကို စက်လှေခါးနဲ့ရယ်၊ ရိုးရိုးလှေခါး နဲ့ ရယ် တက်ဖို့စီစဉ်ထားတာတွေ့ရပေမယ့်၊ ပါပါးက Wheel Chair နဲ့ဆိုတဲ့အတွက်၊ Golf ကားလေးနဲ့တောင်ကုန်းပေါ် ကိုလိုက်ပို့ပေးပါ
တယ်။ မြတ်စွာဘုရားသခင်ရဲ့ ဓာတ်တော်မွေတော်တွေရှာဖွေတွေ့ရှိခဲ့တဲ့ အုတ်ပုံသာရှိတော့သော ရှေးဟောင်းဘုရားကျောင်း အပေါ်ကနေ
ဂျပန်နိုင်ငံရဲ့အလှူနဲ့ ခေတ်မှီဘုရားကျောင်း အဖြစ် ပြန်ငုံတစ်ဆောက်ထားတာပါ။




Leifeng Pagoda

မူရင်း စေတီတော်ကို 975 ADက ဘုရင် Qian Chu ၏ အမိန့်တော်ဖြင့်၊ သားတော်မွေးဖွားခြင်းအထိမ်းအမှတ်အဖြစ်တည်ဆောက်စေခဲ့
ခြင်းဖြစ်ပြီး၊ ထောင့် (၈) ခုပါရှိကာ၊ (၅)ထပ်မြင့်သည့်စေတီဖြစ်သည်။ အုတ်မြစ်ကို အုတ်ဖြင့်တည်ဆောက်ထားပြီး၊ အခြားအစိတ်အပိုင်း
များတွင် သစ်သားနှင့်အုတ် ရောစပ်တည်ဆောက်ထားကြောင်းသိရသည်။ ရှေးဟောင်းတရုတ်နိုင်ငံ Ming မင်းဆက်လက်ထက်တွင်၊
ဂျပန်ပင်လယ်ဓားပြများက ဟန်းကျိုးမြို့ကိုတိုက်ခိုက်စဉ်ကာလအတွင်း စေတီအတွင်း လက်နက်များရှိသည်ဟု ယူဆကာ စေတီတော်ကို
မီးတင်ရှို့ခြင်းကြောင့် သစ်သားများအကုန်လောင်ကြွမ်း၍ အုတ်ပုံစံအတိုင်းသာကျန်ရှိခဲ့တော့သည်။ နောင်များကြာသောအခါ၊ စေတီတော်
တည်ဆောက်ထားသည့် အုတ်များကဆေးကုသရာ တွင် ပျောက်ကင်းသည်ဟု ယုံကြည်သက်ဝင်ကြသဖြင့်လူအများက အုတ်များကိုယူ
ဆောင်ကာ ပေါင်ဒါမှုန့်များပြုလုပ်သဖြင့် ၁၉၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အပြီးပြိုပျက်ပြီး အုတ်ပုံဘဝသို့ရောက်ရှိခဲ့သည်။
စေတီ၏မြေအောက်တွင် ကြီးကျယ်မြင့်မြတ်သော ဗိမာန်တစ်ခုခုတည်ရှိကြောင်း အငြင်းပွားမှုများကြောင့် ခေတ်မှီစက်ကိရိယာများ၏
အကူအညီဖြင့် ရှာဖွေလေ့လာကြာရာ ၂၀၀၁ မတ်လ ၁၁ ရက်နေ့တွင် မြေအောက်ဂူဗိမာန်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ အတွင်း၌အဖိုး
တန်ရတနာများနှင့် ရွှေကြုတ်၊ ငွေကြုတ်တို့ဖြင့်သိမ်းဆည်းထားသော ဗုဒ္ဓ၏ ဆံတော်များကိုပါတူးဖော်ရရှိခဲ့ကြသည်။ ထို့နောက် စေတီတော် ငုံ၍အသစ်ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင်အပေါ်မှ ငုံ၍တည်
ဆောက်ခဲ့သော စေတီကိုဖွင့်လှစ်နိုင်ခဲ့သည်။ စေတီတော်အသစ်ကို သံမဏိတန်ချိန် ၁၄၀၀၊ ကောပါးတန်ချိန် ၂၀၀ တို့ဖြင့်အခိုင်အမာ
တည်ဆောက်ခဲ့ပြီး၊ အတွင်းတွင်အပေါ်ဆုံးထပ်သို့ တက်ရောက်ပြီး ရှုခင်းကြည့်ရှုနိုင်ရန် ဓာတ်လှေခါး (၂) စင်းရှိပြီး Fully Aircon တက်
ဆင်ထားသည်။ မူရင်း စေတီတော်နှင့် မြေအောက်ဗိမာန်တော်ကို မူရင်းအတိုင်းထိမ်းသိမ်းထားသည်ကို တွေ့ရသည်။

အဲ့ဒီစေတီတော်ကနေ နောက်တစ်နေရာအဖြစ် Liuhe Pagoda ကိုသွားပါတယ်။ ထုံးစံအတိုင်း တောင်ကုန်းပေါ်မှာပဲတည်ဆောက်ထား
ပြီး Wheel Chair တင်ပို့ပေးနိုင်မယ့်ကားမရှိပါဘူး။ ဒီတော့ ပါပါးနဲ့ အစ်မက တောင်ကုန်းအလည်မှာကျန်ခဲ့ပြီး ကျနော်ရယ်၊ မာမား
ရယ်၊ ဖြူထွေးရယ်၊ သွားကြည့်ကြတယ်။ အပြင်ပန်းကတော့ သစ်သားနဲ့တည်ဆောက်ထားတာဖြစ်ပြီး၊ အပြင်ကကြည့်ရင် အထပ်ပေါင်း
(၁၃)ထပ်ရှိတာကို တွေ့ရပါတယ်။ မက်စောက်လှတဲ့ လှေခါးကို တစ်ထပ်ပြီးတစ်ထပ် တက်သွားပြီးတဲ့နောက် (၃) ထပ်မြောက်မှာ မာမား
တို့နားကျန်ခဲ့တယ်။ ကျနော်လဲ တစ်ထပ်ပြီးတစ်ထပ် နားလိုက်တက်လိုက် နောက်ဆုံး (၇) ထပ်ကိုရောက်ပါတယ်။ (၇) ထပ်ကနေ
Qiantang မြစ်ကြီးကို အပေါ်စီးကနေမြင်နေရပြီး၊ ဟန်ကျိုးမြို့ကိုလဲ လှမ်းမြင်နေရတယ်။ အတွင်းမှာတော့ရှေးဟောင်း နံရံဆေးရေး ပန်းချီကားတွေကတော့ စိတ်ဝင်စားစရာပါ။


Liuhe Pagoda

တရုတ်ရိုးရာ အထပ်မြင့် စေတီပုံစံဖြစ်ပြီး ပထမဦးဆုံး 970 AD က မြောက်ပိုင်း Song မင်းဆက်လက်ထက်တွင် Wuyue ပြည်နယ်
နယ်စားမင်းကြီးက Qiantang မြစ်ဒီရေအတက်အကျ စောင့်ကြည့်ဖို့နဲ့၊ လမ်းကြောင်းပြမျှော်စင်တစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၁၂၁ ခုနှစ်ကဖြစ်ပွားခဲ့သော စစ်ကြောင့် စေတီမျှော်စင်တစ်ခုလုံး အလုံးစုံပျက်ဆီးခဲ့ရသည်။ စေတီအဟောင်းနေရာတွင်
ယခုလက်ရှိ မျက်မြင် အဖြစ်တည်ရှိသော စေတီမျှော်စင်ကို သစ်သား၊ အုတ်တို့ဖြင့် တောင်ပိုင်း Song မင်းဆက်လက်ထက်တွင် ပြန်လည်
တည်ဆောက်ခဲ့ပြီး၊ Ming မင်းဆက်နှင့် Qing မင်းဆက်လက်ထက်များတွင် ထပ်မံပြုပြင်မွန်းမံမှုများရှိခဲ့သည်။ ၈ ထောင့်ပုံစံဖြစ်ပြီး ၁၉၆ ပေမြင့်သည်။

ဘုံ (၇) ဆင့်ပေါ်ကဆင်းပြီးတော့ အတော်ကိုမောပန်း၊ ဗိုက်ကလဲဆာနေပါပြီ။ တောင်ကုန်းအောက်ကိုဆင်း၊ တောင်ကုန်းအောက်ခြေက
စားသောက်ဆိုင်မှာ အစ်မ က နေ့လည်စာကျွေးပါတယ်။ နေ့လည်စာစားပြီးတဲ့အချိန်မှာတော့ အတော်ကိုပူလာပါပြီ။ နောက်တစ်နေရာ
သွားဖို့ အချိန်မရတော့တဲ့အတွက် ပါပါးကို Taxi နဲ့အတူ ဟိုတယ်ပြန်ခိုင်းပြီး ကျနော်တို့ကတော့ Shopping Centre တစ်ခုမှာ ခဏ
တဖြုတ်လျှောက်ကြည့်ကြပါတယ်။ အဲ့ဒီကနေ ဟိုတယ်ကိုပြန်ပြီး ပါပါးကိုခေါ် ပစ္စည်းတွေသိမ်းပြီးတဲ့နောက် အစ်မဝမ်းကွဲ ရုံးစိုက်နေထိုင်
တဲ့ Suzho မြို့ကိုခရီးဆက်ဖို့အတွက် Hangzhou Railway Station ကိုခရီးဆက်ကြပါတယ်။ ဟန်ကျိုးဘူတာကြီးဟာ ရှုပ်ယှက်ခပ်နေလို့
ဘယ်လိုတွေ ရှိမှန်း အသေအခြာမလေ့လာခဲ့ရပါဘူး။ များပြားလှတဲ့လူတွေက သွားလာလှုပ်ရှားနေသလို၊ လမ်းဘေးတွေမှထိုင်နေတဲ့ သူ
တွေလဲ အများကြီးပါပဲ။ ကျနော်တို့စီးရမယ့် ရထားပေါ်တက်ရမယ့် Platform Waiting Area ရောက်ပြီးရထားလာမယ့် အချိန်ကိုထိုင်
စောင့်ကြပါတယ်။ ရထားစောင့်ရတဲ့ waiting area ရဲ့အကျယ်အဝန်းဟာ တင်းနစ်ကွင်း (၃) ကွင်းစာလောက်ရှိမယ် ခန့်မှန်းရတယ်ဗျာ။
ဝင်ပေါက်မှာတော့ ကျနော်တို့ MRT ဝင်ပေါက်လိုအပေါက် (၁၀)ခုလောက်ရှိမယ်၊ လက်မှတ်ကဒ်ပြားကို ထည့်လိုက်ပြီး အပေါ်ကပြန်ထွက်
လာတဲ့ အခါယူပြီး ဖွင့်တဲ့တံခါးထဲကို ဝင်သွားရတာပါ။ ကျနော့်စိတ်ထဲမှာ ရိုးရိုးရထားပဲစီးရလိမ့်မယ်ထင်ထားတာ၊ ကျနော့်အစ်မက
ဒီနိုင်ငံမှာ ဂျုံးဂျုံးဂျက်ဂျက် ရထားမရှိတော့ဖူးဆိုမှ ကျည်ဆံရထားမှန်းသိပါတယ်။ သူ့ရထားထွက်မယ့် အချိန်ရဲ့ (၁၀) မိနစ်အလိုကျမှ
ဂိတ်ကိုဖြတ်ပြီး Platform ပေါ်ကိုပေးဆင်းပါတယ်။ ကိုယ်စီးရမယ့် ရထားတွဲအတွက် Platform ပေါ်မှာ တွဲနံပါတ်တွေရှိပါတယ်။
ကျည်ဆံရထားပေါ်ရောက်တဲ့ အခါမှာတော့ ကျနော့်မှာ တောသားမြို့တက်ပါပဲ။ တခါမှမစီးဖူးတော့ အင်မတန်မှလဲ စိတ်ဝင်တစားရင်ခုန်
မိတယ်။ တခြားနေရာတွေမှာ အိမ်သာတွေမကောင်းသလောက် အဲ့ဒီရထားပေါ်ကအိမ်သာကတော့ 5 stars လေယာဉ်ပျံကြီးတွေပေါ်က
အိမ်သာအဆင့်ပါပဲ။ ရေပူရေအေး အတွက် ရေသန့်စက်တွေကို တွဲတိုင်းမှာထားတာတွေ့ရပြီး အခမဲ့ယူနိုင်ပါတယ်။ ရထားကြီးဟာ
တစ်နာရီ ကီလိုမီတာ ၃၅၀ အထိမောင်းနိုင်တယ်လို့ပြောပေမယ့် ခရီးတိုလေးတွေမောင်းရတာကြောင့် မောင်းနှင်မှုအမြန်နှုန်းပြ display ကိုကြည့်ရသလောက် ကီလိုမီတာ ၃၁၅ အထိမောင်းတဲ့အထိ စီးခဲ့ရပါရဲ့။

စီးလို့တောင်မဝသေးဘူး ဇိမ်လေးနဲ့ မှိန်းတုံးရှိသေးတယ် ဆင်းရမယ့်ဘူတာ ရောက်ခါနီးပြီဆိုတော့ ဆင်းဖို့ပြင်ဆင်ရတော့တာပေါ့။
Suzhou မြို့ကိုရောက်တော့ ညဖက် (၈) နာရီခွဲလောက်ရှိပါပြီ။ ညစာကို အစ်မအိမ်ကိုအသွား On the way က ဖက်ထုတ်နဲ့ ဝက်သား
ကြော်ရောင်းတဲ့ဆိုင်မှာ စားပါတယ်။ အဲ့ဒီ Suzhou မြို့ကိုရောက်တော့ လမ်းတွေ၊ မီးပွိုင့်တွေ၊ တိုက်တွေကအစ ကိုယ်နဲ့ရင်းနှီးနေသလို
သန့်ရှင်းသပ်ယပ်ပြီး၊ သူ့နေရာနဲ့သူ အစီအစဉ်တကျ ရှိနေတဲ့လို့ ထင်တော့ အစ်မက မြို့ရဲ့ ဒီအပိုင်းကို စင်္ကာပူရဲ့ နည်းပညာအကူအညီ
အကြံဥာဏ်တွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ကြောင်း၊ Singapore Industries Estate ဖြစ်တဲ့အကြောင်းပြောတော့ မှအကျိုးအကြောင်း
သိရပါတယ်။ တစ်နေကုန်သွားလာထားရတော့ အိမ်ရောက်လို့ ရေမိုးချိုးပြီးတာနဲ့ တန်းအိပ်တော့တာပါပဲ။

Day 2 ( In Suzhou)

မနက်စောစော နံနက်စာစားပြီးတာနဲ့ Suzhou မြို့ထဲအလည်ထွက်ဖို့ ထွက်ခဲ့ကြတဲ့အခါ နေပူမှန်းသိလို့ ဦးထုတ်၊ ထီးစတာတွေ အကုန်
ပါအောင် တခါထဲယူလာခဲ့ကြတယ်။ ပထမဆုံး မြို့ရဲ့ ထင်ရှားတဲ့ ရေကန်ကိုရောက်ပါတယ်။ ရွှေကြက်ဖကန် လို့ ခေါ်တယ်တဲ့။ နံနက်ပိုင်းဆိုတော့ လူတွေလဲ သိပ်မရှိ၊ သိပ်လဲမပူပါဖူး။ ဓာတ်ပုံရိုက်လို့လဲတော်တော် ကောင်းတဲ့နေရာတွေ အများကြီးရှိပါတယ်။ ရေကန်
ကြီးဘေးကနေ လျှောက်လမ်းကြီးတစ်ခုရှိပြီး၊ တစ်နေရာမှာတော့ အထိမ်းအမှတ် Structure တစ်ခုတွေ့တဲ့အခါ ကဗျည်းကိုဖတ်ကြည့်
တော့ Suzhou - Singapore Industries Estate အထိမ်းအမှတ်ဖြစ်ပြီး တရုတ်ဒုတိယ သမ္မတနဲ့ Mr. Lee Kuan Yew တို့ကဖွင့်လှစ်
ထားတဲ့ဆိုတဲ့အကြောင်း သိရပါတယ်။ အဲ့ဒီ ကနေတဆင့် Suzhou မြို့ရဲ့အထင်အရ နေရာတစ်ခုဖြစ်တဲ့ Tiger Hill ကိုရောက်ပါတယ်။
တောင်ကုန်းပေါ်တက်ရမှာဖြစ်တဲ့ အတွက်ပါပါးနဲ့ အစ်မကနေခဲ့ပြီး ထုံးစံအတိုင်း ကျနော်တို့ လမ်းလျှောက်တက်ကြရတာပေါ့။ တောင်
ကုန်းပေါ်တက်တဲ့လမ်းက ပြေပြေပြစ်ပြစ် ပါပဲ။ လမ်းမှာလဲ ဓားသွေးကျောက်တုံးတို့၊ ဘာတို့စတဲ့ စိတ်ဝင်စားစရာတွေတော့တွေ့ရပေ မယ့် ရေးထားတဲ့ ရာဇဝင်တွေကိုလဲ ကိုယ်ကနားမလည်တော့ အခက်ပေါ့။ တောင်ကုန်းထိပ်မှာတော့ ရှေးဟောင်းစေတီတစ်ဆူရှိပါတယ်။
Yunyan Pagoda လို့ခေါ်ပါတယ်။ လူတွေကိုပေးမတက်ပဲ ပိတ်ထားပြီး အပြင်ကနေပဲကြည့်လို့ရတယ်ဗျ။ ထူးဆန်းတာက စေတီဟာ
၃ ဒီဂရီတိမ်းစောင်းနေတာပါပဲ။ လျှောက်လည့်ပတ်ကြည့် ပြီးအောက်ပြန်ဆင်းတော့ ရေတွင်းသေးသေးတစ်ခုမှာ လူတွေက အလုအယှက်
ရေတွေကိုမျက်နာသစ်၊ ခြေထောက်လောင်းလုပ်နေကြတာတွေ့တော့ ကျနော်တို့လဲ ဝင်တိုးကြည့်တာပေါ့။ မာမားကကံကောင်းစွာနဲ့
တစ်ခုထဲသော ရေခပ်တဲ့ပုံးကရတဲ့အခါ ရေကိုရေတွင်းထဲက ငင်ဖို့လုပ်ကြတယ်။ ရေတွင်းကအဲ့ဒီပုံးတစ်ပုံးဝင်စာပဲဆိုတော့ ရေခပ်လို့ရ
အောင်ပုံးကိုမှောက်ချ ခတ်ရပါတယ်တဲ့။ ရေကိုကိုင်ကြည့်တော့ ရေဟာရေခဲရေ တမျှအေးပါတယ်။ ပုလင်းထဲထည့်လိုက်တဲ့အခါ ရေခဲရေ
လိုရေငွေ့တွေချက်ချင်းပျံလာတာပါ။ ရေတွင်းရေနဲ့ မျက်နာသစ်လိုက်တာတော်တော်လေး လန်းဆန်းသွားတယ်ဗျာ။ တောင်ကုန်းအောက်
အထွက်တော့ ဆိုင်တွေတန်းစီနေတာပါပဲ။



Tiger Hill and Yunyan Pagoda (or) Second Leaning Pagoda

သမိုင်းအထောက်အထားများအရ ထိုတောင်ကုန်းပေါ်တွင် ဘုရင် Helu ကိုမြေမြှုပ်သင်္ဂြိုဟ်ခဲ့ရာ (၃)ရက်အကြာတွင် တောင်ကုန်းအထက်
၌ ကျားဖြူတစ်ကောင်ထိုင်နေသည်ကိုတွေ့ရှိရာမှစ၍ Tiger Hill ဟုအမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တောင်ကုန်းအထက်
တွင် ထင်ရှားသည့်ဓားရေကန် နှင့် ကျောက်တုံးဥယျာဉ်စသည့် သဘာဝပန်ဝန်းကျင်အလှများဖြင့် ပြည့်နှက်နေသည်။ ဘုရင် Wu King Helu ၏ င်္သချိုင်းတော်သည် ဓားရေကန်၏ အောက်တွင်တည်ရှိသည်ဟူသော ယုံကြည်ယူဆမှုသည် နှစ်ပေါင်းထောင်ချီနေသော ဖြေရှင်းမရသည့် လျှို့ဝှက်နက်နဲမှုတစ်ခု ဖြစ်ကြောင်းသိရသည်။

တောင်ကုန်းအထက်တွင်Yunyan Pagoda ကို 907-960 CE ကာလခန့်က စတင်တည်ဆောက်ခဲ့ပြီး Song မင်းဆက်လက်ထက်တွင် အပြီးသတ်ခဲ့သည်။ (၈) ထောင့်ပုံစံ စေတီဖြစ်ပြီး၊ ၁၅၄ ပေမြင့်ကာ၊ အထပ် (၇) ထပ်ပါရှိ၍ အုတ်ဖြင့်တည်ဆောက်ခဲ့သည်။ စေတီတစ်ခု လုံး ၏ အလေးချိန်သည် ကီလိုဂရမ် ၇ သန်းခန့်ရှိပြီး၊ အတွင်းအုတ်တိုင်ကြီးများဖြင့် ထောက်ပံထားရာ၊ ထောက်ပံထားသောတိုင်ကြီး (၂) တိုင်ယိုယွင်းမှုကြောင့် ၃ ဒီဂရီတိမ်းစောင်းလာခဲ့ရ သည်။ အခြားအကြောင်းတစ်ရပ်အနေဖြင့် စေတီမျှော်စင်ကိုတည်ဆောက်ခဲ့စဉ်က မြေသားတစ်ဝက်၊ ကျောက်သားတစ်ဝက်အောက်ခြေမြေပြင်တွင်တည်ဆောက် ထားခြင်းကြောင့် မြေသားဖက်တွင်နိုမ့်ဆင်းလာခဲ့ခြင်းလဲ ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ထပ်မံ မတိမ်းစောင်းလာစေ ရန်အတွက် ကွန်ကရစ်များဖြင့်အားဖြည့်ပြီး အောက်ခြေကိုခိုင်ခံအောင်ပြုလုပ်ခဲ့ ကြသည်။ ထိုသို့ပြုလုပ်စဉ်အတွင်း ခေါင်းတလားတစ်ခု အတွင်းသိမ်းစည်းထားသည့် ဗုဒ္ဓကျမ်းစာများကိုတွေ့ ရှိခဲ့ကြသည်။ ထိုမျှော်စင် စေတီသည် အထပ် (၇) ထပ်မြင့်သော်လည်း အတွင်း၌ အပေါ်အထပ်ထပ်သို့တက်ရောက်ရန် လှေခါးမပါရှိသဖြင့် တက်ရန်အပြင်မှ လှေခါးထောင်တက်မှရကြောင်း သိရသည်။

အဲ့ဒီကနေလည်ပတ်ပြီးတဲ့နောက် Suzhou မြို့ထဲက Shopping Centre ကြီးတစ်ခုထဲမှာ ရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာနေ့လည်စာ
ကျွေးပါတယ်။ ဖားသားဟင်းက အဓိကဟင်းလျှာဖြစ်ပြီး Order မှာပြီး ခဏနေတော့ စားပွဲထိုးက သဲနာရီလေးတစ်ခုစားပွဲပေါ်လာတင်ရင်း
မှာ ထားတဲ့ အစားအစာတွေ မိနစ် (၂၀) အတွင်းမရခဲ့ရင် မှာထားသမျှငွေတပြားမှမယူပါဖူးတဲ့၊ ဆိုင်ရဲ့ကောင်းမွန်တဲ့ ဝန်ဆောင်မှုလေး
တစ်ခုပါ။ နေ့လည်စာစားပြီးတဲ့နောက် မနေ့ကနဲ့ ဒီနေ့တောင်ကုန်းတွေတက်၊ လမ်းတွေလျှောက်ထားလို့ အစ်မက Foot Massage နေ
ရာကိုခေါ်သွားပြီး အညောင်းပြေစေပါရဲ့။ ဒီနောက်တော့ အိမ်ပြန်အနားယူပါတယ်။

Day 3 ( In Shanghai)

Suzhou ကနေ Shanghai ကိုရထားစီးဖို့အတွက် Suzhou Industry Railways Station ကိုမနက်ပိုင်း ထွက်လာခဲ့ကြပါတယ်။ ကြား
ဘူတာ အသေးလေး ဆိုပေမယ့်အဆင့်မြင့် ဘူတာရုံတစ်ခုပါပဲ။ Common Waiting Area တစ်ခုပဲထားတာတွေ့ရပါတယ်။ ကိုယ်စီးရမယ့်
ရထား နံပါတ် Dispaly မှာပေါ်လာရင် ဂိတ်ကိုသွားဝင်ရုံပါပဲ။ Suzhou ကနေ Shanghai ဘူတာဟောင်းကို မိနစ် ၃၀ ကျော်ကျော်လေးပဲ
စီးရတယ်ဗျာ။ ရှန်ဟိုင်းမြို့ထဲကိုဝင်လာတော့ မိုးတွေကစရွာလာရော၊ မိုးကြည့်ရတာတော်တော်နဲ့စဲမယ့်ပုံကမပေါ်ပါဘူး။ ဘူတာရုံရောက်
တော့ ဘူတာက အဟောင်းဆိုတော့ Wheel Chair တက်ဖို့ဓာတ်လှေခါးဘာညာမတွေ့ရပါဘူး။ သဘောကောင်းတဲ့ ရထားဘူတာအရာရှိ
တစ်ယောက်က နေရာပြလို့ ဓာတ်လှေခါးတစ်စင်းကိုခေါ်သွားပေးပြီး သူ့ access card နဲ့ Lift ကိုမောင်းပေးပါတယ်။ Lift ထဲဝင်လိုက်
တော့ မိုးတွေယိုလို့ အရာရှိကပဲ သူ့ထီးဖွင့်ဆောင်းပေးပါသေးတယ်။ Lift ထဲထီးဆောင်းရတာပေါ့။ ဘူတာက နှစ်ပေါင်း ၃၀ ကျော်ပြီမို့
ပျက်စီးနေပြီဆိုတဲ့ အကြောင်းသူကပြောပြပါသေးတယ်။ ဘူတာအပေါ်ကိုရောက်တော့ မိုးကမစဲတော့တဲ့အပြင် ပိုတောင်ရွာလာသလိုပါပဲ။
အစ်မ စီစဉ်ထားတဲ့ ဟိုတယ်ကဒီဘူတာနဲ့နီးနီးလေးဆိုပေမယ့် မိုးကရွာနေတော့ အတော်ကိုအခက်အခဲတွေ့နေရတာပါ။ တက်စီဌားဖို့
လိုက်ရှာတော့လဲ မြေအောက် underpass တစ်ခုကနေသွားရမှာဆိုတော့ ခက်ခက်ခဲခဲနဲ့အောက်ကိုဆင်းပြီး တက်စီတစ်စင်းရတော့
ပါပါးရယ်၊ ညီမလေးရယ်၊ ကျနော်ရယ် ၃ ယောက်သား Taxi နဲ့သွားရမယ့်နေရာကိုသွားကြရော၊ Taxi က မီတာ Taxi ပါ။ တက်တက်ချင်း ၁၄ RMB ပေးရပါတယ်။ တကယ်ဆို ကျနော်တို့သွားရမယ့်နေရာက ၃ ကီလိုမီတာအောက်မှာဆိုတော့ ၁၄ ယွမ်ဆိုပြီးရ
မယ့်ဟာ Taxi သမားကမသိမှန်းသိတော့ ပတ်မောင်းပါတယ်။ မောင်းနေရင်း ကျနော်က သွားရမယ့်နေရာ holiday inn ဆိုတာမြင်လို့
ပြောတော့ မသိချင်ယောင်ဆောင်နေသေး၊ အတင်းကြီးပြောတော့ ဆောင့်ကြီးအောင့်ကြီး ပြောဆိုပြီးမောင်းပို့ပါတယ်။ ငွေကိုလက်ထဲ
မပေးမချင်း အနောက်က ပစ္စည်းထည့်ထားတဲ့ boot ကိုမဖွင့်ပေးပါဘူး။ hotel ကိုရောက်တော့ အစ်မနဲ့ မာမားကမရောက်ကြသေးဘူး။
ဒီဟိုတယ်ဆိုတာ သေခြာလားသိရအောက် Reception ကိုသွားမေးတော့ မနည်းကြီးကို English လိုပြောပြပြီးမှ Reservation ဟုတ်ထား
တာရှိကြောင်း သိရတော့မှစိတ်အေးရပါတယ်။

ခဏနေတော့အစ်မနဲ့မာမားလဲ စိတ်တပူပူနဲ့ရောက်လာကြတော့တယ်။ သူတို့မှာလဲ Taxi Queqe မှာကြားဖြတ်နေကြတဲ့လူတွေများနေလို့
Taxi ကိုတော်တော်နဲ့ မရတဲ့အကြောင်းသိရတယ်။ ဟိုတယ်မှာ Check in ဝင်ပြီး၊ ပထမဆုံး China Pavilionလို့ခေါ်တဲ့ Shanghai
Expo လုပ်တဲ့နေရာကိုသွားကြပါတယ်။ မိုးရွာလို့ဓာတ်ပုံရိုက်လို့ သိပ်မကောင်းပေမယ့် အတွင်းမှာတော့ ကြီးကျယ်ခန်းနားလှပါပေတယ်။
180 ဒီဂရီစက်ဝိုင်းတစ်ဝက်ပုံစံ Screen နဲ့ ၁၇ မိနစ်စာလောက်ပြောင်းလဲတိုးတက်လာတဲ့ တရုတ်ပြည်ကြီး ကိုပြတဲ့ရုပ်ရှင်ဇာတ်လမ်းတို
ကို တရုတ်ပညာရှင်ကြီး ကွန်းဖြူးရှပ်ရဲ့အဆိုအမိန့်တွေနဲ့တွဲပြီး ပြသသွားပါတယ်။ အဲ့ဒီကနေပန်းချီကားတွေ အသက်ဝင်လှုပ်ရှားနေတဲ့ ပြခန်းဖြစ်တဲ့ River of Wisdom ပြခန်းပါ။ Song မင်းဆက်လက်ထက်က ပန်းချီအကျော်အမော် Zhang Zeduan ရဲ့နာမည်ကျော်ပန်းချီ
ကားတွဲကြီး တစ်ခုဖြစ်သည့် Along the River During the Qingming Festival ကိုနောက်ဆုံးပေါ်နည်းပညာများ ၏ ဖန်တီးမှုဖြင့်
3D Animation အဖြစ်ပြုလုပ်ကာ ၁၂၈ မီတာအရှည် ၆.၅ မီတာအမြင့်ရှိသော ပိတ်ကားပေါ်တွင် အရာအားလုံးကို အသက်ဝင်အောင်
ဖန်တီးထားသော ၂ မိနစ်ကြာ ရုပ်ရှင်ပြခန်းတစ်ခုဖြစ်ပါတယ်။ စသည်ဖြင့် များပြားလှတဲ့ ဖန်တီးတည်ဆောက်မှုတွေနဲ့အပြည့်ရှိနေတဲ့ ပြတိုက်အကြီးစားကြီးတစ်ခုလိုပါပဲ။ နှစ်စဉ်ကျင်းပတဲ့ Shanghai Expo ကိုအဲ့ဒီနေရာမှာ ကျင်းပတာဖြစ်ပါတယ်။ လူတွေကလဲ ကျိတ်ကျိတ်တိုးအောင် စည်ကားနေတာပါ။

အဲ့ဒီကနေ မြို့ထဲတစ်နေရာက ဈေးဝယ်စင်တာတစ်ခုမှာ နေ့လည်စာစားပါတယ်။ ပြီးတော့ စင်တာဘေးက ဘုရားကျောင်းတစ်ခုဝင်၊
ဘုရားဝတ်ပြုပြီး၊ ရှန်ဟိုင်းမြို့ရဲ့ နာမည်ကျော် မြစ်ကမ်းဘေးက Shanghai Wall Street ကိုသွားဓာတ်ပုံရိုက်ကြတယ်။ ကမ်းနားက အဆောက်အအုံတွေအကုန်လုံး ကိုလိုနီပုံစံအဆောက်အအုံတွေ ဖြစ်ပြီးတော်တော်လေး သန့်ရှင်းသပ်ရပ်အောင်လုပ်ထားတာတွေ့ရတယ်။
ကမ်းနားကနေ Shanghai မြို့ကအထပ်မြင့် Tower ကြီးတွေကိုနောက်ခံထားဓာတ်ပုံရိုက်လမ်းခဏလျှောက်ပြီး ဟိုတယ်ပြန်နားကြတယ်။
ညစာကိုတော့ အနီးနားက တရုတ်စာကိုပဲ Fast Food ရောင်းတဲ့ဆိုင်လေးမှာ စားဖြစ်တယ်။ အီကြာကွေးဟာစားဖူးသမျှ အီကြာကွေးထဲ
အကောင်းဆုံးပါပဲ။ ညစာစားပြီး ညီမလေးနဲ့ နီးနီးနားနားက ဈေးဝယ်စင်တာသွားကြည့်မယ်ဆိုပြီး ဟိုတယ်ကရေးပေးတဲ့ စာရွက်ကိုကိုင်
ပြီး Taxi ဌားတော့ Taxi သမားက ၃ ဘီး ဆိုင်ကယ်ကိုလက်ညိုးထိုးပြပြီး အဲ့တာနဲ့သွားခိုင်းတယ်ဗျ။ ဒါနဲ့ ၃ ဘီးဆိုင်ကယ်ဆီသွား စာရွက်
ထိုးပြတော့ ၂၀ ပေးရမယ်တဲ့။ Taxi ကတောင် ၁၄ ယွမ် ကိုနီးလို့မလိုက်ပဲ ၃ ဘီးစီးခိုင်းတာဆိုတာ သိတော့ ၁၀ ပေးမယ်ဆိုတော့ အဖိုးကြီးက ၁၅ တဲ့ ဒါနဲ့ လှည့်ထွက်သွားတော့ လာခဲ့တဲ့ဆိုတော့ (၂)ယောက်သား ၃ ဘီးဆိုင်ကယ်နဲ့ လစ်ကြရော။ ဟိုရောက်တော့ ဘာ
မှလဲ ထွေထွေထူးထူးမရှိပါဘူး။ စားချင်တဲ့ အချိုမုန့်လေးဘာလေးစားပြီး ပြန်မယ်လုပ်တော့ အပြင်ကလှန်းကြည့်တာ တည်းတဲ့ဟိုတယ်
ကိုမြင်ရတယ်။ ဘယ်ရမလဲ စင်္ကာပူသားပဲ လမ်းလျှောက်မယ်ဟဲ့ဆိုပြီး လျှောက်ရော။ လျှောက်ပြီးတော်တော်ကြာတော့ Direction ကမှား
မှန်းသိတော့ နောက်တဖက်ကို ပြန်လျှောက်တယ်။ ခက်တာ အလည်ကောင်မှာ ရထားဘူတာကြီးခံနေလို့ မြင်ရပေမယ့် လမ်းလျှောက်လို့
မရမှန်းနောက်မှ သိပါတယ်။ ဒီတော့ Taxi ကိုဌားတော့ မရပ်ဘူး။ ဒါနဲ့ ၃ ဘီးဆိုင်ကယ်တစ်စင်းလာတော့ လက်လှမ်းတားပြီး ဟိုတယ်ကို
လက်ညိုးထိုးပြပြီး ၃ ဘီး စီးပြန်လာခဲ့ရတော့တယ်။

Day 4 ( In Shanghai)

ဒီနေ့ကတော့ Shopping နေ့ပါ။ ပါပါးကို ဟိုတယ်မှာပဲထားခဲ့ပြီး အစ်မလိုက်ပို့တဲ့ Whole Sales Centre ၂ ခုသွားပါတယ်။ မနက်စော
စောထဲကသွားတော့ သိပ်မစည်ကားသေးပေမယ့် ဆိုင်တချို့ကတော့ဖွင့်နေပါပြီ။ အဲ့ဒီဈေးကြီးကို အနီးစပ်ဆုံးပြောရရင် ယုဇနပလာဇာ
လိုဈေးကြီးပါ။ မြောက်များလှသောဆိုင်တွေနဲ့ အဝတ်အထည်၊ အိတ် စတဲ့လူသုံးကုန်ပစ္စည်းတွေ အကုန်ရောင်းပါတယ်။ ဈေးမေးရင်
တော့ ဈေးကြီးကြီးတွေပြောတက်ပေမယ့် ၃ ချိုးလောက်ဆင်းပြီး ဆစ်ဝယ်ရင်တော့ အလွန်တန်တယ်ပြောရမှာပါ။ အဲ့ဒီဈေးမှာတော့ ဈေး
ဝယ်ဖို့ဆိုရင် ပရိယယ်မာယာတွေ အတော်သုံးရတာပါ။ တစ်ခုခုကိုကြိုက်တယ်ဆိုရင် လိုချင်တဲ့ပုံမပြပဲ မသိမသာကြည့်ပြီး ဈေးမေးတာတို့
ကိုယ်ဆစ်တဲ့ဈေးကို ဈေးရောင်းတဲ့သူကမရဘူးဆိုရင် မယူတော့ဘူးဆိုပြီး လှည့်ထွက်သွားတာတို့အစုံပါပဲ။ တခါတလေဲ ကိုယ်လှည့်ထွက်
သွားတဲ့အခါ ဆိုင်ရှင်ကအရေးတောင်မစိုက်ပဲ ကိုယ့်မှာလိုချင်ရက်နဲ့ ပြန်လှည့်ဝယ်မရတာလဲကြုံရပါ့ဗျာ။ တစ်ဆိုင်များ ဆစ်တဲ့ဈေးကနည်း
လို့ဆိုပြီး မိုက်ရိုင်းစွာပြောတာလဲ တွေ့ရတယ်ဗျာ။ သူတို့ whole sales ရောင်းတာဆိုတော့ တစ်ထည် နှစ်ထည်ဆိုရင်လဲ သိပ်အရေး
မစိုက်တာများပါတယ်။ မာမားတို့ အင်္ကျဆိုင်တစ်ဆိုင်မှာ အလုပ်ရှုပ်နေတုံး ယောင်္ကျားအင်္ကျတွေရောင်းတဲ့ဆိုင်တစ်ဆိုင် ဝင်ကြည့်တော့
ရှားရှားပါးပါး ဆိုင်ရှင်က English လိုနည်းနည်းတက်တယ်ဗျာ။ ဒီတော့ဈေးဆစ်လို့လဲအဆင်ပြေသွားပါတယ်။ မဟုတ်ရင်တော့ Caculator ကိုလက်မှာကိုင်ထားပြီး သူ့ကိုနိုပ်ပြခိုင်း၊ ကိုယ်ကနိုပ်ပြနဲ့ စကားပြောလို့မရပါဘူး။ အဲ့ဒီမှာတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့သူတို့
တွေတော့ အတော်ဝယ်ခြမ်းကြတာ ဟိုတယ်ကို Check Out တိုင်းအမှီမနည်းပြန်လာခဲ့ကြရတယ်။ ဟိုတယ်ကနေ မြို့လည်ကောင်က
Shopping Centre တစ်ခုကိုသွား၊ နေ့လည်စာကို KFC ပဲသွက်သွက်လေးစား၊ ပါပါးကိုKFC မှာထားခဲ့ပြီး အဲ့ဒီမြေအောက်ဈေးဝယ်
စင်တာကို လှည့်ပတ်ဝယ်ကြပါသေးတယ်။ Suzhou ကိုပြန်ဖို့အတွက် Shanghai Central Railways Station ကိုသွားဖို့ အဲ့ဒီကနေ
Shanghai MRT စီးသွားကြတယ်။ ရထားဘူတာရောက်တော့ တော်တော်စောသေးတာနဲ့ ရှိတဲ့ဆိုင်တွေလိုက်လျှောက်ကြည့်ပြီး ညစာကို
တော့ အဲ့ဒီမှာပဲစားဖြစ်တယ်။ ရှန်ဟိုင်းဗဟိုဘူတာကြီးရဲ့ Waiting Area ကိုရောက်တော့ အလွန်အံအားသင့်စရာပါ။ ကြီးကျယ်ခန်းနား
လှတဲ့ Departure Waiting Hall ကြီးပါ။ terminal 3 ရဲ့ Departure Hall ထက်တောင်ကြီးမယ်ထင်ပါရဲ့။ အောက်ထပ်မှာရှိတဲ့ Platform ကို
ဆင်းဖို့ဂိတ်ဝင်ပေါက် (၂) ပေါက်စီရှိပါတယ်။ ၁ ပေါက်ကတော့ရထားရဲ့အရှေ့ပိုင်းအတွက်ဖြစ်ပြီး ၁ ပေါက်ကတော့ ရထားရဲ့ အနောက်ပိုင်းအတွက်ဖြစ်ပါတယ်။ Platform ၃၀ တိတိရှိပါတယ်။

Day 5 Shanghai သို့နောက်တစ်ခေါက်

အစီအစဉ်အရ ဒီနေ့မှာ Suzhou က Water Town ဆိုတဲ့နေရာကိုသွားဖို့ပါ။ မနေ့ကအိမ်ပြန်ရောက်တော့ မာမားတို့ ဝယ်လာတဲ့ အထုတ်တွေ ထုတ်ကြည့်ကြတော့ ဆိုင်တစ်ဆိုင်ကိုဝင်ကြည့်ရင်း အိတ်တစ်အိတ်ကိုမေ့ထားခဲ့တာ သိရတယ်။ ထားလိုက်ရမှာကို နှမြောတဲ့
အစ်မက သူ့ရုံးကကားတစ်စင်းခေါ်ပြီး ရှန်ဟိုင်းကိုပြန်သွားယူမယ်ဆိုတာနဲ့ ဒီမနက်စောစော ရှန်ဟိုင်းကို ကျနော်ရယ်၊ အစ်မရယ်၊
ညီမလေးရယ် (၃) ယောက်သားထွက်လာခဲ့တာပါ။ ကားနဲ့မောင်းသွားတော့ (၁) နာရီလောက်မောင်းရတယ်ဗျ။ မနေ့ကသွားခဲ့တဲ့ ဈေးကြီးကိုတိုက်ရိုက်သွား၊ ကျန်ခဲ့တဲ့ဆိုင်ကိုရောက်တော့ ဆိုင်ရှင်ကအစ်မဝယ်နေကျဆိုင်ဆိုတော့ ချက်ချင်းသိပြီး ကျန်ခဲ့တဲ့ အထုတ်ကို
ထုတ်ပေးပါတယ်။ ကျနော်တို့လဲရောက်တုံးရောက်ခိုက် ထပ်ဝယ်လိုက်သေးတယ်။ ကဲကဲပြန်ကြစို့လို့ ၁၀ ခေါက်ထပ်မနဲပြောပြီးတဲ့
၃ ယောက်သား မနည်းစိတ်ပိုင်းဖြတ်ပြီး Suzhou ကိုပြန်ခဲ့ကြရသည်။ Suzhou ရောက်ပြီး နေ့လည်စာစားပြီးလို့ နားတောင်မနားနိုင်ပဲ Suzhou မြို့ထဲက ဘုရားကျောင်းတစ်ခုကို သွားဖူး၊ အပြန်မှာတော့ Super Market တစ်ခုမှာ ဈေးဝင်ဝယ်ပြီးတဲ့နောက် အိမ်ပြန်နား လိုက်ကြ တော့တယ်။

Day 6 in Suzhou

အစ်မက ဒီနေ့ရုံးတက်ရတော့မှာမို့လို့ ပါပါးကိုအိမ်မှာပဲထားခဲ့ပြီး ကိုယ်ဟာကိုယ် Suzhou မြို့ထဲက ဈေးဝယ်စင်တာတစ်ခုကိုသွားဖို့
အတွက် အစ်မနဲ့တူတူအပြင်ကိုထွက်လိုက်ခဲ့ကြတယ်။ အစ်မရုံးမှာ Hp တစ်လုံးယူရမှာမို့ သူ့ရုံးကိုလိုက်သွားယူ၊ အစ်မစီစဉ်ပေးလိုက်တဲ့
ရုံးကားက ဈေးဝယ်စင်တာကိုလိုက်ပို့ထားခဲ့တယ်။ ဝင်ဝင်ခြင်းကတွေ့တဲ့ ကော်ဖီဆိုင်မှာ ကော်ဖီလေးသောက်မုန့်လေးစားပြီးမှာ အတော်
လေးကြီးတဲ့ စင်တာကြီးကို လိုက်ပတ်ဖြစ်တော့တာ။ မနေ့ကနဲ့တစ်နေ့က Shanghai က Whole Sales Centre မှာဈေးသက်သက်
သာသာနဲ့ ဝယ်ခဲ့ကြတော့ Shopping Centre ကဈေးတွေကြတော့ သိပ်သဘောမကျဖြစ်တော့ဘူးဗျ။ ဒါနဲ့စားစရာတချို့နဲ့ အင်္ကျလေး
ဝယ်ပြီး အိမ်ပဲပြန်လိုက်တော့တယ်။ အဲ့ဒီက Taxi ကတော့ ၁၀ ယွမ်တက်တက်ခြင်းပေးရတယ်ဗျ။ ပြသနာမများပဲ အိမ်ကိုရှောရှောရှုရှု
ရောက်ပါတယ်။ ဒီနေ့က ကျနော့် ၃၂ နှစ်မြောက်မွေးနေ့ဆိုတော့ အစ်မက ကိုရီးယားစားသောက်ဆိုင်မှာ မိသားစုညစာ လိုက်ကျွေးတဲ့
အပြင်၊ ဂျပန်ကုန်တိုက်ကြီးတစ်ခုထဲက ကိတ်မုန့်ဆိုင်ကနေ ကိတ်မုန့်တစ်ခုလဲဝယ်ပေးပါသေးတယ်။ စားသောက်ပြီးအပြန်ကျတော့
အိမ်နားနီးနဲ့ Suzhou Culture and Science Centre မှာကျနော်နဲ့ ညီမလေးဆင်းကျန်ခဲ့ပြီး ဓာတ်ပုံလေးဘာလေးရိုက်၊ အိမ်ကိုလမ်း
လျှောက်ပြန်တာ၊ ထုံးစံအတိုင်း Direction ကြည့်တာနည်းနည်းလေးလွဲတက်တဲ့ ကျနော်၊ Blk ရှိရာ၊ ဝန်းထဲရောက်ခါနီးလေးမှာ နည်းနည်း
ပျောက်သွားလို့ လမ်းဘေးကလူကိုမေး၊ လမ်းဘေးကလူခမျာလဲ I don't know ကိုအတင်းကြိုးစားပြောပြီးတဲ့နောက်၊ ကိုယ့်ဟာကိုယ်
နည်းနည်းလျှောက်ကြည့်လိုက်တော့ ပြန်ရမယ့်လမ်းကိုတွေ့တာနဲ့ အိမ်ကိုပြန်ရောက်ခဲ့တော့တယ်။

Day 7 ( in Suzhou and Departure)

ပြန်ရမယ့် Flight က Mid Night မှဆိုတော့ အားနေတာနဲ့ မနက်ပိုင်းမနေ့က ဓာတ်ပုံကောင်းကောင်းမရိုက်ခဲ့ရတဲ့ Culture Centre ကို
ပြန်သွား၊ Tri Pod ပါယူသွားပြီး ကိုယ့်ဟာကိုယ်ရိုက်၊ ရှုခင်းတွေလဲ ရိုက်ပေါ့။ Culture Centre ကရေကန်ကြီးဘေးမှာ ရှိတဲ့အတွက်
အတော်ကိုလှပါတယ်။ Singapore Espanade ရဲ့အတွင်းပိုင်းပြင်ဆင်မှုထက်တောင် သာတယ်ပြောရမှာပါ။ အဲ့ဒီမှာ No Professional Photo Taking လို့ဆိုင်းလေးတွေတွေ့တယ်ဗျ။ ကိုယ်ဟာကိုယ် ၃ ချောင်းထောက်လေးနဲ့ရိုက်နေတုံး လုံခြုံရေးကရောက်လာပြိး တရုတ်
လိုပြောတယ်၊ ပြီးတော့ ၃ ချောင်းထောက်ကိုလဲပြတယ်။ သူတို့အနေနဲ့ ၃ ချောင်းထောက်နဲ့ရိုက်ရင် Professional ပဲလို့ယူဆထားပုံလဲ
ရပါတယ်။ ခက်တာက ကျနော့်မှာသူတို့ကိုပြန်ရှင်းပြဖို့လဲ မတက်တော့ ကိုယ်ဟာကိုယ်ရပ်နေတဲ့ပုံလုပ်ပြ၊ ခလုတ်ကိုနိုပ်ပြ၊ ပြေးပြနဲ့
Automatic ရိုက်တာဆိုတာကို သိစေချင်တာနည်းနည်းတော့ နားလည်သဘောပေါက်သွားပုံရပါတယ်။ ဒါမယ့် သူများနိုင်ငံမှာကိုယ်မတက်
တဲ့ဘာသာစကားနဲ့ဆိုတော့တစုံတစ်ခုများ ဖြစ်ရင်ရှုပ်ကုန်မယ်ဆိုပြီး ၃ ချောင်းထောက်လေးအသာသိမ်းပြီး တခြားနေရာတွေပဲသွား
လိုက်တော့တယ်။ အဲ့ဒီကနေ Bus ကို ၂ ယွမ်ပေးတစ်မှတ်တိုင်စီးပြီးတော့ မနေ့ညနေက ခဏလေးရောက်ခဲ့တဲ့ ဂျပန်ကုန်တိုက်ရှိရာ
Time Square ကိုသွားတယ်ဗျ။ အတော်ကို ကြီးကျယ်ခန်းနားတဲ့ ကုန်တိုက်ကြီးတစ်ခုဖြစ်ပြီး Orchard Road ထက်တောင်ဈေးကြီး
တယ်ပြောရမှာပါ။ ဈေးဝယ်နေတဲ့လူလဲ တစ်ယောက်မှမရှိသလောက်ပါပဲ။ မြေအောက်ထပ်ထဲဆင်းပြီး ကိုယ်စားချင်တဲ့ လမုန့်တို့၊ တခြား
ဆန်းတာလေးတွေဝယ်ခြမ်းပြီး Taxi စီးအိမ်ပြန်ကာ ပြန်မယ့်အချိန်ကိုအနားယူရင်းပဲစောင့်နေလိုက်တော့တယ်။ ည (၇) နာရီရောက်တော့
အစ်မရုံးက စီစဉ်ထားတဲ့ကားနဲ့ Hangzhou Airport ကိုထွက်ခဲ့ရာ လေဆိပ်ကို ည (၉) နာရီမှာရောက်ပါတယ်။ နာရီဝက်လောက်ထိုင်ပြီး
တော့ Check In Counter မှာတန်းစီနေတာတွေ့တာနဲ့ကိုယ်လဲရောစီနေပြီး ထုံးစံအတိုင်း Web Check In Counter ဖွင့်တော့အမြန်လေး
တန်းပြောင်းစီလိုက်တာ ကိုယ်တို့ကထိပ်ဆုံး။ ခက်တာက Counter Staff ကအသစ်ထင်ပါရဲ့ အနောက်ကသူ့ကိုသင်ပေးတဲ့သူကတောက်
လျှောက်ပြောပေးနေရတာ။ Wheel Chair ကိုတော့ သူတို့စီကလူပဲတွန်းမယ်ဆိုတော့ ပေးတွန်းလိုက်ပြီး ကိုယ်ကနောက်ကလိုက်သွား
တော့တယ်။ တရုတ်လူဝင်မှုကြီးကြပ်ရေးကောင်တာတွေမှာ သီးသန့်ကောင်တာတွေမရှိတော့ Wheel Chair လာရင် ကြုံရာတန်းတစ်ခု
ကိုဝင်ပြီး ကြားဖြတ်လိုက်တော့ အမြဲတမ်းပုံစံတကျ တန်းစီနေတဲ့နေရာကလာတဲ့ ကျနော့်အတွက်မျက်နာအလွန်ပူပါတယ်။ လေဆိပ် gate တွေရဲ့ Waiting Area ကတော့ တစ်ဂိတ်စီခွဲမထားပဲ waiting area ကြီးတစ်ခုထဲမှာပဲထားပြီး သက်ဆိုင်ရာ ဂိတ်နံပါတ်တွေပဲသူ့နေရာနဲ့
သူထားတာတွေ့ရပါတယ်။ သူဟာနဲ့သူတော့ သပ်သပ်ရပ်ရပ် လေးရှိတဲ့ လေဆိပ်ပါပဲ။

အပြန်ခရီးစဉ်ကတော့ အချိန်မှန်ပါပဲ။ ညဖက်ပျံသန်းမှုဖြစ်တဲ့အတွက် ခရီးသည်တွေလဲ သိပ်မဆူနိုင်ပဲ အိပ်နေကြပေမယ့် ကျနော့်မှာတော့
ထိုင်ခုံမတ်မတ်ကြီးနဲ့ အိပ်လို့မရတော့ တညလုံးငိုက်ရင်း စင်္ကာပူကိုပြန်ရောက်ပါတော့တယ်။

ခရီးစဉ်တောက်လျှောက် စိတ်ရှည်ရှည်နဲ့ မေတ္တာစေတနာကြီးမားစွာလိုလေသေးမရှိရအောင် ပြုစုစောင့်ရှောက်ပေးတဲ့ ကျိကျိပြုံး ကို ကျနော့်တို့တစ်မိသားစုလုံးအလွန်တရာကျေးဇူးတင်ကြောင်း ပြောရင်း ဒီ Blog Post ကိုနိဂုံးချုပ်လိုက်ပါသည်။ ။

Tuesday, July 26, 2011

ရေကြည်ရာမျက်နုရာ အပိုင်း (၂)

ဒီပိုစ့်ကရေးထားတာ တော်တော်ကိုကြာပါပြီး တင်ပြီးပြီလို့စိတ်ထဲမှာ မှတ်ထားတာ။ ဟိုတစ်နေ့ကမှ မာမားကိုပေးဖတ်ချင်လို့ ပြန်ရှာ
တော့မှ မတင်ရသေးမှန်းသိတာနဲ့ အခုမှပဲ blog ပေါ်ကိုတင်လိုက်နိုင်ပါတယ်။ အပိုင်း (၁) ကိုမဖတ်ရသေးတဲ့ သူတွေများရှိရင် ပြန်ရှာဖတ်
နိုင်ပါတယ်။

ကျနော် ဟိုးစောစောပိုင်းမှာပြောခဲ့ ဖူးတဲ့အတိုင်း ကိုယ်ပိုင်အိမ်မဝယ်နိုင်သမျှ၊ သို့တည်းမဟုတ် ဝယ်နိုင်တောင် ဝယ်ခွင့်မရသေးသမျှ
တော့ အိမ်တွေဘယ်လောက် ပြောင်းနေရအုံးမလဲ မသိပါဘူး။ ကျနော်ရဲ့ ပထမပိုင်း မှာ နောက်ဆုံးပြောင်းခဲ့တဲ့ Bukit Gombak ကအိမ်
ကို နှစ်ယောက်သား mover ခေါ်ပြီး ပြောင်းကြပါတယ်။ ဒီတခါတော့ ပစ္စည်းတွေပါ တစ်ခါတည်းသယ်ဆောင် ဝန်ဆောင်မှုပေးတဲ့ မြန်မာ mover ကိုခေါ်ဖြစ်ပါတယ်။ တကယ့် mover စစ်စစ်ကြီးမဟုတ်ပဲ သူတို့အမြဲတမ်းအလုပ်လုပ်တဲ့ အလုပ်ချိန်အပြင်မှာ အပိုဝင်ငွေ ရှာတဲ့ mover ပေမယ့် တကယ့် professional mover တွေလိုပဲ ဝန်ဆောင်မှုနဲ့ လုပ်ငန်းကျွမ်းကျင်မှု ရှိပါတယ်။ အဲ့ဒီအိမ်ကို ပြောင်းပြီး တာ နဲ့ ပစ္စည်းတွေကို တက်နိုင်သမျှ ဖြည်ထုတ်နေရာချပြီး အခန်းထဲမှာ နေရာမဆန့်တော့ ပါလာတဲ့ မတ်တပ်ပန်ကာ တစ်လုံးကိုတဖက်က လွတ်နေတဲ့ အခန်းထဲမှာ ခဏထည့်ထားလိုက်မိပါတယ်။ နောက်တော့နှစ်ယောက်သား ညစာထွက်စားဘာညာနဲ့ ပြန်လာတဲ့အခါ အိမ်ရှင် အဖွားကြီး အသက်ကတော့ (၅၅-၆၀) စလုံးတရုတ်မကြီးပါ။ သူကပန်ကာကို ဘာဖြစ်လို့ တဖက်ခန်းထဲ ထားရတာလဲ ဆိုပြီးမေးတယ်။ သြော်နေရာမရှိလို့ နောက်တော့မှာ လွှတ်ပစ်ဖို့ခဏထားတာပါလို့ ပြောတော့ ပစ်စရာရှိလဲအမြန်ပစ်ဖို့ ပြောပါတယ်။ ကျနော့်စိတ်ထဲမှာ တော့ ဘာမှထွေထွေထူးထူးတော့ မဖြစ်သွားပေမယ့် ကျနော့်သူငယ်ချင်း ကတော့ စိတ်နည်းနည်း ခုသွားတယ်ပြော ရမှာပါ။ ထားပါတော့ စစခြင်းဆိုတော့ သူ့အကြောင်းကိုယ်မသိ၊ ကိုယ့်အကြောင်းသူမသိ ဖြစ်တက်တာပဲလေ ဆိုပြီးစိတ်ထဲမှာမေ့ထားလိုက်တယ်ပေါ့ဗျာ။

အဲ့ဒီအိမ်အကြောင်း အပြည့်အစုံပြောရရင်တော့ အိမ်က ၂ ထပ်ပါတဲ့ HDB အိမ်ပါ။ အပေါ်ထပ်မှာတော့ masterbed room တစ်ခန်းနဲ့
Common room (၂) ခန်းအပြင် အိမ်သာ၊ ရေချိုးခန်း တွဲရက်တစ်ခန်း ပါပါတယ်။ အောက်ထပ်မှာတော့ ဧည့်ခန်း၊ စတိုခန်းထက်လဲ ကြီး၊
အိပ်ခန်းထက်လဲ သေးတဲ့ အခန်းတစ်ခန်း၊ နောက်တော့မိသားစုခန်း လို့ ပြောလို့ရတဲ့ တီဗွီကြည့်တဲ့ အခန်းကျယ်ကြီးတစ်ခုလဲ ပါပါတယ်။
မီးဖိုးချောင်မှာ ရေချိုးခန်း၊ အိမ်သာတွဲရက်တစ်ခန်း ထပ်ရှိပါတယ်။ အိမ်ရှင်တစ်မိသားစုလုံးဖြစ်တဲ့ အဖိုးကြီး အဖွားကြီး လင်မယား ၂ယောက်၊ သမီး (၂) ယောက် နဲ့ သား (၁) ယောက် စုစုပေါင်း (၅) ယောက်က အဲ့ဒီ မိသားစု တီဗွီကြည့်တဲ့ အခန်းထဲမှာ (၂) ထပ်ခုတင်
တွေနဲ့ အိပ်ကြပါတယ်။ သူတို့ဘယ်လိုတွေ နေကြလဲတော့ မပြောတက်ပါဘူး။ ဟိုစတိုခန်းသာသာ အခန်းလေးကိုတော့ Malaysian
ကျောင်းဆရာတစ်ယောက် ကိုဌားထားပြီး၊ အပေါ်ထပ်က Common Room ၂ ခန်းထဲက တစ်ခန်းကို ကျနော်တို့နေပြီး နောက်တစ်ခန်း
ကတော့ ကျနော်တို့ ပြောင်းပြီး ၃ ရက်လောက်မှာ တရုတ်ပြည်က အမျိုးသမီးတစ်ယောက်နဲ့ ကလေးလေး တစ်ယောက် ပြောင်းလာ
ကြပါတယ်။ ဒီတော့ အဲ့ဒီတစ်အိမ်လုံးမှာ ၁၀ ယောက်လောက်ဖြစ်နေတော့တာပေါ့။ ကျနော်တို့ စာချုပ်ထဲမှာ အင်တာနက် အသုံးပြုခွင့်
အချိန်မရွေးခွင့်ပြုကြောင်းနဲ့ အနည်းဆုံး (၃) လနေရမယ်လို့လဲပါပါတယ်။ ဒီအိမ်ကတော့ အိမ်ဌားပြီး လုပ်စားနေတဲ့ အိမ်ပုံမျိုး ဖြစ်တာ တော့အသေအခြာပါပဲ။ အလွန်သန့်တဲ့ အိမ်တွေစီကနေပြောင်းလာတဲ့ ကျနော်တို့ ၂ ယောက် အတွက် ဒီအိမ်ဟာ ညစ်ပတ်စုတ်ပြတ်
နေတဲ့ အနေအထားမှာလဲ ရှိပါတယ်။

နောက်တစ်နေ့ကျနော် ရုံးသွားတက်တဲ့ နေ့၊ အိမ်ပြောင်းပြီး (၃) ရက်မြောက်တဲ့နေ့မှာ ပြသနာစပေါ်ပါတယ်။ ကျနော့်သူငယ်ချင်းက
အဲ့ဒီတုံးက ကျောင်းတက်နေတုံးဆိုတော့ သူ့ project ဘာညာအတွက် အင်တာနက်သုံးဖို့ လုပ်တဲ့အခါမှာ အင်တာနက် Wi-Fi ကရှိ
မနေပါဘူး။ အဲ့ဒီတော့ အဖွားကြီးဆီဖုံးဆက်ပြီး အင်တာနက် ရှိမနေကြောင်းပြောတော့ သူ Router ကိုမေ့ပြီးပိတ်လိုက်မိကြောင်း ပြော
ပြီး၊ Wi-Fi နဲ့ Router ကိုဖွင့်ခိုင်းပါတယ်။ Wi-Fi ကတော့ ဧည့်ခန်းထဲမှာရှိပြီး Router ကတော့ သူတို့ရဲ့မိသားစု အခန်းထဲမှာပါ။ ဒီတော့
သူပြောတဲ့ အတိုင်းသွားဖွင့် ပြီးတော့လဲ မရပါဘူး။ နောက်တော့ အဖွားကြီးပြန်လာတဲ့နောက်၊ သူတို့ (၂) ယောက်ကြိုးစားကြသော်လည်း
မရပြန်ပါဘူး။ ဒီတော့လဲ လက်လျော့ပြီး ကျနော့်သူငယ်ချင်း သူ့အခန်းကိုပြန်မယ်လုပ်တော့ အဖွားကြီးက သူတို့ မိသားစုအခန်း ကို
နောက်အခါမှာဝင်ခွင့်မပြုကြောင်းပြောပါတယ်။ ကျနော့်သူငယ်ချင်းမှာလဲသူဝင်ခိုင်းလို့လဲဝင်ရပြီးအခုလိုအပြောခံရတော့ခွန်းကြီးခွန်းငယ် စကားနည်းနည်း များလိုက်ရပါတယ်။ စကားများတဲ့ အထဲမှာ ကျနော်တို့ အဝတ်လျှော်ပြီး အဝတ်လှမ်းတာ အစဉ်မပြေတဲ့ အကြောင်း၊ ပန်ကာကို လွှတ်မပစ်ပဲ ထားတဲ့အကြောင်း စတဲ့ဘာမှမဆိုင်တဲ့ အကြောင်းတွေပါထည့်ပြောပါတော့တယ်။ ကျနော်ရုံးကပြန်ပြန်လာချင်း ပဲ အဖွားကြီးက ဒီဖြစ်စဉ်ကိုပဲ ဆက်ပြီးပြောတဲ့အခါမှာ ကျနော်သူ့ပြောတာတွေနားထောင်လိုက်တာနဲ့တင်ဘယ်လို လူစားတွေ ဖြစ်တယ်၊ ဆက်နေလို့တော့မဖြစ်ဘူးဆိုတာ သိတော့၊ ချက်ချင်းပဲ (၁) လ Notice ပေးကြောင်း လကုန်တာနဲ့ပြောင်းမယ်လို့ ပြောလိုက်တော့ မမျှော်လင့်ထားတဲ့ စကားကိုကြားလိုက်ရတဲ့ အဖွားကြီးချက်ချင်း ကိုငြိမ်ကျသွားပါတော့တယ်။ ကျနော်က စိတ်မြန်ပြီး ရှေ့လျှောက်ကို ရှုပ်ရှုပ်ထွေးထွေးတွေ စိတ်ညစ်စရာတွေ မကြားချင်တာတွေ နဲ့တင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါပဲ။ အဖွားကြီး ကိုလဲ စိတ်တို၊ သူငယ်ချင်းကိုလဲ စိတ်တိုနဲ့ အဲ့ဒီညက တစ်ညလုံး နီးပါးအိပ်မပျော်လိုက်ပါဘူး။ နောက်နေ့ကြတော့ ကျနော်စိတ်ညစ်တာ သိတဲ့ ကျနော့် သူငယ်ချင်းပဲပြေလည်မှု ယူပြီးတော့ အဖွားကြီးနဲ့ ညှီနှိုင်းလိုက်တဲ့အခါမှာတော့ အိမ်ပြောင်းဖို့ကိစ္စ မလုပ်ဖြစ်တော့ပါဘူး။ သိတဲ့ အတိုင်း အိမ်တစ်ခါ ပြောင်းဖို့ပစ္စည်းတွေပြန်ထည့်ရဘာရ နဲ့ဆိုတော့ ဒီအတိုင်းခဏ သည်းခံနေလိုက်ပါမယ်လို့ ဆုံးဖြတ်မိတာကတော့ ကျနော့် ဘဝ ရဲ့ အမှားဆုံး ဆုံးဖြတ်ချက်တွေ ထဲကတစ်ခုအပါအဝင်ပါပဲ။

နောင်အခါများမှာလဲ ဒီအင်တာနက် ဟာတစ်ခါတလေလဲရ၊ တခါတလေလဲမရနဲ့ ဘာမှမပြောတော့ပဲ (၂)ယောက်သား ဆက်နေလိုက် ကြပါတယ်။ အိမ်သားတွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောကြရင်လဲရန်ဖြစ်သလို အော်ကြီးဟစ်ကျယ်တွေပြောကြတာ အဖွားကြီး ရဲ့ အသံဟာ အကျယ်ဆုံးပါပဲ။ ကျနော်တို့ပြောင်းပြီး ပြောင်းလာတဲ့ တရုတ်သား အမိနှစ်ယောက်လဲနေလို့မှာ (၁) လမပြည့်ခင်အဖွားကြီး နဲ့ ရန်ဖြစ်ပြီး ပြောင်းသွားကြတာတွေ့ရတော့ ငါတို့မလွန်ပါလား လို့တွေးမိပါသေးတယ်။

အဲ့ဒီအိမ်မှာ ကျနော့်အတွက်အဓိက ပြသနာကတော့ ရေအလွန်ကြိုက်တဲ့ ကျနော့်မှာ ရေချိုးခန်း ရေပန်းကရေထွက်တာ နည်းတော့ရေချိုး
ရတာ မဝသလို ခံစားရတာပါပဲ။ တကယ်တန်းတော့ ရေကုန်မှာစိုးလို့ ရေထိန်းဘားတစ်ခုကနေ ထိမ်းထားတာပါ။ အဲ့တာကြောင့် နောင်
အခါများ အိမ်ဌားဖို့အိမ်သွားကြည့်မယ်ဆိုရင် ရေပန်းနဲ့ရေဘုံဘိုင်တွေကို ဖွင့်ပြီးစစ်ဖို့လိုကြောင်း ကိုယ့်စိတ်ထဲမှာတေးထားလိုက်ရ တယ်။ အဲ့လိုနဲ့ (၄) လ လောက်နေပြီးတော့ကျနော့်မိဘတွေ လာနေမယ်ဆိုတော့ အိမ်ရှာဖို့လုပ်ရပြန်ပါတယ်။ ဒီတကြိမ်တော့ ပထမဆုံး
အကြိမ် whote unit ဌားဖို့ဖြစ်လာတော့ internet website တွေမှာရှာ၊ သတင်းစာထဲမှာလဲ ကြော်ငြာထည့်ရှာ၊ ကိုယ်တိုင်လဲ သတင်းစာ
ဖတ်ပြီးရှာဖြစ်ရတယ်။ အိမ်ဈေးတွေလဲ ခန့်မှန်းထားတဲ့ဈေးထက် ၂၀၀ - ၃၀၀ ကိုကွာနေတော့တာပါ။ အစကတော့ အနောက်ပိုင်းဒေသ
တွေဖြစ်တဲ့ Bukit Batok, Jurong West/East ပေါ့။ Boon Lay ဖက်မှာလဲ အခန်းတွေသွားကြည့်ဖြစ်တယ်။ မှန်းထားတဲ့ဈေးနဲ့ မကိုက်တာ
နဲ့၊ အိမ်အနေအထားမကောင်းတာနဲ့စသည်ဖြင့်ပေါ့။ တစ်ရက်ကြတော့ သတင်းစာထဲက ကြော်ငြာတစ်ခုထဲကပဲ Commonwealth ဆို
တော့ မှန်းထားတဲ့နေရာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမယ့်လဲ ဈေးသင့်တော်တာကြောင့် သူငယ်ချင်းနဲ့ ၂ ယောက်သား သွားကြည့်
ဖြစ်ကြတယ်။ ကံကောင်းချင်တော့ အိမ်လာကြည့်တဲ့ လူကနောက်ထပ် Indian တစ်ယောက်ပဲကျနော်တို့အပြင်ရှိတယ်လေ။ တချို့တွေ
လဲသိကြမှာပါ။ အိမ်သွားကြည့်လို့ ၄-၅ အုပ်စုဆိုရင် ပွဲစားက လေလံပစ်သလို ဈေးအမြင့်နဲ့အခုချက်ချင်း စပေါ်တင်နိုင်တဲ့သူကိုဌားတာ
ဆိုတော့လေ။

အဲ့ဒီနေ့ကတော့ (၂) ယောက်ထဲဆိုတော့ ပြသနာမရှိဘူး။ လက်ရှိနေနေတဲ့ အိမ်ဌားက Indian မိသားစုတစ်ခုပါ။ အိမ်အနေအထားကလဲ
အရှေ့နေထွက်၊ အနောက်နေဝင် အပူဒဏ်ခံရဖို့မရှိဘူး။ MRT နဲ့လဲ မနီးမဝေး၊ ဈေး နဲ့ Food Court ကလဲအနားမှာရှိတယ်။ Bus Stand
တစ်ခုကလဲ တိုက်ရှေ့မှာတင်ဆိုတော့ မဆိုးဘူးပေါ့။ အိမ်နီးနားချင်းကလဲ အေးဆေးငြိမ်သက်လောက်တဲ့ လက္ခဏာမှာရှိတယ်ဆိုတော့
ပွဲစားကိုခဏစောင့်ခိုင်း သူငယ်ချင်းနဲ့ မြန်မြန်တိုင်ပင်ပြီး ပွဲစားကိုချက်ချင်းပဲ စရံပေးပြီး ပြောင်းမယ့်ရက်ကို သက်မှတ်လိုက်ပါတယ်။
ကျနော်တို့အဲ့ဒီတုံးကနေနေတဲ့ Bukit Gombak အိမ်ကနေပြောင်းဖို့ (၃) ရက်အလိုမှာ Commonwealth အိမ်ကိုလွှဲပြောင်းယူထားလိုက်
ပြီး ၃ ရက်အတွင်းမှာ သန့်ရှင်းရေးကိုအတော်ကြီးလုပ်လိုက်ရတယ်ဗျာ။ အရင်နေသွားခဲ့တဲ့ အိမ်ဌားက Indian ဆိုတော့ သူတို့အသုံးပြု
လေ့ရှိတဲ့ အမွှေးအကြိုင်တွေကြောင့်စွဲနေတဲ့အနံတွေကို Air Fresher တွေ၊ အိမ်ကြမ်းတိုက်တာတဲ့ဆေးတွေနဲ့ (၂) ယောက်သား တစ်နေ
ကုန်နီးပါး သန့်ရှင်းလိုက်ရတယ်။ အဲ့ဒီအိမ်မှာ အိမ်သွားကြည့်တုံးကမသိလိုက်ရတဲ့ အားနည်းချက်လေးတစ်ခုကို ပြောင်းပြီးတော့မှပဲ
သိရတောတာ။ ရထားအသံကို အလွန်ကြောက်တက်လို့ MRT နဲ့ အလွန်မနီးနဲ့နေရာမှာနေပါတယ်ဆိုမှာ တိုက်အနောက်ဖက်ကနေ
မလေးရှားကို သွားတဲ့ ရထားလမ်းရှိနေပါရောလား။ ဒီရထားက MRT ထက်ဆိုးတဲ့အပြင် ဥသြတောင်ဆွဲလိုက်သေးဗျာ။ ဒါမယ့် MRT လို
တော့ မိနစ်ပိုင်းတစင်းဖြတ်နေတာ မဟုတ်လို့တော်ပါရောလားဗျာ။ သို့သော်လည်း မကြာခင်ကာလ ဇူလိုင်လက စပြီးတော့ Malaysia
Railway Station ကို Woodlands ကိုပြောင်းသွားတဲ့အတွက် ပိုမိုတိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကို ပြန်ရောက်သွားလို့ စလုံး
အစိုးရနဲ့ မလေးရှားအစိုးရတို့ကိုပဲ ကျိတ်ပြီးကျေးဇူးတင်နေရတော့တာပါပဲဗျာ။

အိမ်ပြောင်းတော့လဲ အရင်တစ်ခေါက်က ဌားတဲ့ Mover ကိုပဲခေါ်ဖြစ်ပါတယ်။ အခန်းကိုသန့်ရှင်း ရေးလုပ်၊ သော့အပ်ပြီးတော့ အခန်းကို တက်ကြည့်ပါအုံး ဆိုတော့အဖွားကြီးတက်ကြည့်၊ အိုကေတယ်ဆိုပြီး စဘော်တင်ထားတာ ပြန်ပေးလိုက်ပါတယ်။ကျနော့်စိတ်ထဲမှာတော့ ဒီအဖွားကြီးနဲ့ ကိစ္စပြီးပြီလို့ထင်ထားတာ မပြီးပဲ၊ နောက်နေ့မှာကျနော့်စီဖုံးဆက်ပြီး ရေချိုးခန်းဘေစင် အောက်က Filterမှာညစ်ပတ်တာ တွေ ထည့်ခဲ့ကြောင်း၊ ကျနော့်သူငယ်ချင်းကသူ့ကိုမကျေနပ်လို့ တမင်လုပ်တာဖြစ်ကြောင်း၊ ဖုံးထဲမှာ ရန်တွေ့ပါတော့တယ်။ ကျနော်က ပထမတော့ ကောင်းကောင်းမွန်မွန် ပဲအိမ်ခန်းမအပ်မီမှာ စစ်ဆေးပြီးလို့ deposit လဲပြန်ပေးပြီးပြီ ဖြစ်လို့ဘာမှမဆိုင်တော့ကြောင်း၊ ရေချိုးခန်းဆိုတာ ကျနော်တို့ ၂ ယောက်ပဲသုံးတာမဟုတ်ပဲ ဘေးခန်းက နောက်မှပြောင်းလာတဲ့ ယောင်္ကျားလေး (၂) ယောက်အပြင် အောက်က ကျောင်းဆရာလဲ သုံးတဲ့ ဘုံသုံးဖြစ်လို့ ဘာဆိုဘာမှ တာဝန်မယူနိုင်ကြောင်းပြောတော့ မကျေမနပ်နဲ့ဖုံးကိုပိတ်ပစ်လိုက်ပါ တယ်။ ကျနော့်သူငယ်ချင်း ဆိုတာပေါင်းလာတာ ၄ နှစ်ကျော်ပြီမို့ သူဒီလိုစိတ်မျိုးမရှိပဲ၊ အားအားယားယား အဲ့လို လုပ်စရာလဲ မရှိတာကို ကျနော်ကောင်းကောင်းသိပါတယ်။ အဖွားကြီးသတ်သတ်စိတ်ပုပ် ပြီး ပြသနာရှာတာ အင်မတန်မှ အောက်တန်းကျတာ သိသာ လွန်းပါ တယ်။

ဒီတခါ စလုံးအိမ်မှာ နေပြီးတဲ့နောက်မှာတော့ နောင်တခါများ စလုံးအိမ်ဌားနေဖို့ ဆိုတာစဉ်းတောင်မစဉ်းစားရဲတော့ပါဘူး။ တချို့အိမ်ရှင် များဆိုလဲ အင်မတန်ကောင်းပါတယ်။ ကျနော့်သူငယ်ချင်း အချို့ဆိုအဝတ်ကအစလျှော်ပေး၊ မီးပူထိုးပေးတဲ့ အိမ်ရှင်တွေနဲ့တွေ့ဖူးကြတာ ကြားဖူးသိဖူးတဲ့ အပြင် ကျနော် Lakeside မှာနေတုံးကအိမ်ရှင်ဆို၊ တရုတ်နှစ်ကူးဆို မုန့်ဖိုးပေး၊ အိမ်မှာရှိတဲ့ မုန့်တွေဝေပေး၊ ကိုယ်က အပြင်သွားနေ အဝတ်တွေ ကို အပြင်ထုတ်လှန်းခဲ့လို့ မိုးရွာရင်ရုပ်ပြီး ခေါက်သိမ်းပေးစတဲ့ ကိုယ်ချင်းစာတရား၊ စိတ်ကောင်းထားတဲ့ အိမ်ရှင်တွေလဲ အများကြီးရှိပါတယ်။ ဒီတခါသာ ကံဆိုးစွာနဲ့ မကြုံစဖူးထူးခြား ဆိုးသွမ်းတဲ့ အိမ်ရှင်နဲ့တွေ့မိလိုက်ရတာပါပဲ။ နောင်အခါ အဲ့လို လူမျိုးတွေနဲ့ မတွေ့ပါရစေနဲ့လို့ဆုတောင်းမိပါရဲ့။ ။


13/05/2011
1549 hrs, Jurong Island Singapore.

Modify on 26/07/2011
1034hrs.

Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.

Tuesday, July 12, 2011

ရန်ကုန်သို့ အခွန်ဆောင်ခရီး

Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.
ကျေးဇူးပြုပြီး Forward mail များနှင့် အခြားမည်သည့် blog/website များတွင်မှ ဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံပါသည်။

ဒီအကြောင်းအရာကတော့ ကျနော့်မှတ်တမ်းမှတ်ရာလေး သက်သက်ပါပဲ။ ၂၀၁၀ ခုနှစ် ဖေဖဝါရီလက ရန်ကုန်ကိုရောက်ခဲ့ပြီးနောက် ဒီနှစ် ၂၀၁၁ မှာတော့ အိမ်ကမိဘတွေကလဲ စင်္ကာပူမှာရောက်နေတော့ ပြန်စရာလမ်းမရှိတော့ဘူးလို့ တွေးထားပေမယ့် တကယ့်ကို အစီအစဉ်
မရှိပဲ ကောက်ကာငင်ကာနဲ့ အမိမြန်မာပြည်ရဲ့ ရန်ကုန်မြို့ကို ၂၀၁၁ ခုနှစ်ဇွန်လ ၁၉ ရက်နေ့ကပြန်လည်ရောက်ရှိခဲ့ပါတယ်။

အခုနှစ်ဆန်းပိုင်းလောက်ကနေ ပြောသံတွေကြားလာရတဲ့ ရန်ကုန်မှာပြန်ပြီး အခွန်ဆောင်၊ ပါတ်စ်ပို့သက်တမ်းတိုးတယ်ဆိုတဲ့အကြောင်း
ကိုသေသေခြာခြာ လိုက်မေးလိုက်တော့ ဘယ်သူမှလဲ ရေရေရာရာ ပြောမပြနိုင်ပါဘူး။ ကျနော့်စာအုပ်က ၂၀၁၂ ဖေဖဝါရီလမှာ ကုန်မှာဆို
တော့ အခု သြဂုတ်လကစပြီး စာအုပ်သက်တမ်း (၆) လမရှိတော့တဲ့အတွက် နိုင်ငံပြင်ပကိုထွက်ပြီး ခရီးထွက်ဖို့သိပ်မဖြစ်နိုင်တော့ပါဘူး။
ပထမတော့ အောက်တိုဘာလောက်ကြမှပဲ ငွေကုန်ရင်လဲကုန်ပါစေ စင်္ကာပူက မြန်မာသံရုံးမှာပဲအေးအေးဆေးဆေး ဆောင်ပြီး သက်တမ်း
တိုးတော့မယ် စိတ်ကူးထားတာပါ။ ကျနော်ဆောင်စရာရှိတာကလဲ စုစုပေါင်း (၄၂) လစာမှာ၊ S Pass နဲ့တချို့၊ PR နဲ့တချို့ဆောင်ရမှာ
ကိုအတိအကျ တွက်ချက်လိုက်တဲ့အခါမှာတော့ ဒေါ်လာ ၃၈၇၀ လောက်ပေးရဖို့ရှိနေပါတယ်။ ရန်ကုန်မှာဆောင်မယ်ဆိုရင်တော့
သက်သာမယ်ဆိုတာ သိပေမယ့် ဘယ်လောက်ရက်ကြာအောင်စောင့်ရမှာလဲ၊ ဘယ်လိုလုပ်ရမှာလဲ ဆိုတဲ့ အဆက်အသွယ်ကို အသေခြာ
ကြီးမသိတဲ့အခါမှာတော့ ဘယ်လိုမှ မလုပ်ရဲသလောက်ပါ။

ဒီလိုနဲ့ အကယ်ဒမီများရှင် မမို့နဲ့ မထင်မှတ်ပဲ ခင်မင်ရင်နှီးရာကနေ ကိုဇော်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ကို သံရုံးမှာဆောင်တဲ့ အခွန်ကိစ္စ
တစ်ခုကို မေးမြန်းစုံစမ်းတော့ သူက ရန်ကုန်မှာသွားဆောင်ဖို့အကြံပေးပါတယ်။ သူကိုယ်တိုင်ကလဲ ရန်ကုန်မှာ လွန်ခဲ့သောမကြာသေးခင်
ကာလကဆောင်ခဲ့တာဆိုတော့သူ့ကိုအသေးစိတ်စုံစမ်းတဲ့အခါမှာလဲ သူက ဆက်ဆံရေးအလွန်ကောင်းမွန်ပြီး လိုချင်တဲ့ အချက်အလက်
တွေကို အတိအကျပေးနိုင်တဲ့ Customer Service အရာရှိ တစ်ယောက်ပီသစွာပဲ သိချင်တဲ့ အသေးစိတ်အချက်အလက်တွေ နဲ့ ကျနော် မေးသမျှကို အလုပ်များနေတဲ့ကြားက စိတ်ရှည်ရှည်ဖြေကြားပေးခဲ့ပါတယ်။ နောက်ဆုံးအဆင့် အနေနဲ့ ဒီအခွန်ကိစ္စ၊ စာအုပ်သက်တမ်း တိုးကိစ္စတွေကို One Stop ဆောင်ရွက်ပေးနိုင်တဲ့ အကျိုးဆောင်ပုဂ္ဂိုလ် ရဲ့ အဆက်အသွယ်ကိုပါ ပေးခဲ့ပါသေးတယ်။

ကျနော်လဲ စဉ်းစားစဉ်းစားနဲ့ အိမ်ပြန်ရောက်တော့ မာမားကို အောက်တိုဘာလောက်မှာတော့ ရန်ကုန်ပြန်ပြီး ဒီကိစ္စ ကိုလုပ်မယ် ဆိုတော့ မာမားက ကိစ္စအမြန်ပြီးလေ ကောင်းလေဆိုပြီး ဇူလိုင်လထဲမှာ ပြန်သွားလုပ်ဖို့ပြောပါတယ်။ ဇူလိုင်လထဲမှာကြည့် လိုက်တော့ ကျနော် သွားလို့ရနိုင်တဲ့ ရက်ပိုင်းတွေမှာ ဓမ္ဓစတြာနေ့ နဲ့ အာဇာနည်နေ့ ပိတ်ရက်တွေကခံနေပါတယ်။ ပိတ်ရက်တွေခံနေ ရင် processing လုပ်တဲ့ကာလကိုထိခိုက်မှာ စိုးတဲ့အတွက် ဇွန်လကုန်လောက်မှာ သွားဖို့စီစဉ်ပြီး မန်နေဂျာကို ခွင့်တင်တော့ မန်နေဂျာက လကုန်ရက် အလုပ်များတက်တဲ့အတွက် ခွင့်စာမှာ လက်မှတ်ထိုးပေးပေမယ့် မျက်နာသိပ်မကောင်းလှပါဘူး။ ဒါကြောင့် လကုန်ရက်မတိုင် မီများသွား လို့ရမလားဆိုပြီး ပြန်မယ့်ရက်ကို ဇွန်လ (၁၉) ရက်နေ့လို့သတ်မှတ်ထားလိုက်ပါတယ်။

အဲ့ဒီတချိန်ထဲမှာပဲ ဒီကဆောင်ထားတဲ့အခွန်စာရွက်၊ ကျနော့်စာအုပ်နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကျနော့်ရဲ့အလွန်အားကိုးရတဲ့
ညီအရင်းကဲ့သို့ ခင်တဲ့ ကိုဖြိုးစီကို Scan နဲ့ပို့၊ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်ဆီကိုသွားတွေ့ခိုင်းပြီး ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်မှာလဲ
ကြာမယ့်ရက် စတာတွေကို မေးမြန်းစုံစမ်းစေပါတယ်။ ဆောင်ရွက်ပေးမယ့်သူနဲ့ နောက်ဆုံးသဘောတူညီချက်ရပြီး တဲ့နောက်မှာတော့
ကျနော်ပြန်လာမယ့် ရက်ကတိုလွန်းတာကြောင့် တချို့ကြိုတင် ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကို သူကကြိုတင်ဆောင်ရွက်နှင့်နေပါပြီ။
ရန်ကုန်က ကျနော့်စီကို မီးစိမ်းရတဲ့ ရက်ကတော့ သောကြာနေ့ ဇွန်လ ၁၇ ရက်နေ့ပါ။ ဒီနောက်မှာတော့ Travel Agent ဆီဖုံးဆက်ပြီး
လေယာဉ်ပျံလက်မှတ်ရ မရ မေးတော့ MIA က ၃၅၀ နဲ့ စင်္ကာပူကနေရန်ကုန်ကိုရပေမယ့် ရန်ကုန်ကနေ စင်္ကာပူကို ကျနော်မျှော်လင့်ထား
တဲ့ရက် မရပါဘူး။ Jetstar ကလဲ Fix Date ဖြစ်မှရမယ်ဆိုတော့ အစဉ်မပြေပြန်ပါဘူး။ နောက်ဆုံးရွေးချယ်ရာ အဖြစ် Silk Air လက်မှတ်
ကိုမေးတော့ ၄၂၀ ပါတဲ့။ ဒါနဲ့ ခပ်မြန်မြန်လေး online ပေါ်တက်ကြည့်တော့ Silk Air Online Direct Sales က ၃၉၀ ဆိုတာနဲ့ သိပ် မတွေးတော့ပဲ ချက်ချင်းလက်မှတ်ဝယ်လိုက်ပါတယ်။ ရန်ကုန်ကိုလဲ ၁၉ ရက်နေပြန်လာပြီးတဲ့နောက် ၂၀ ရက်နေ့ကစပြီး အဲ့ဒီ ကိစ္စ တွေ
ကိုစတင်လုပ်မယ်ဆိုပြီး ကြိုတင်ချိန်းဆိုထားပါတယ်။

ပြန်သမျှခရီးတွေထဲမှာ ဒီတခါပြန်တာတက်သုတ်ရိုက် အလျှင်အမြန်ဆုံးပါပဲ။ စနေနေ့မှာ ရန်ကုန်ကိုယူသွားစရာလေးတွေ အမြန်ပြေးဝယ်
လိုက်ရသေးတယ်။ ၁၉ ရက်နေ့ နေ့လည်လေကြောင်းနဲ့ ရန်ကုန်ကို ညနေ ၄နာရီခွဲလောက်မှာပြန်ရောက်ပါတယ်။ ညီမလေးနဲ့ သူ့
သူငယ်ချင်းတစ်ယောက် လာကြိုကြပါတယ်။ မြန်မာ လဝက မှာတော့ ထုံးစံအတိုင်း ဖြေရှင်းလိုက်တာ အေးအေးချမ်းချမ်း ပြည်ဝင်ခွင့်ရ
ပါတယ်။

ဇွန်လ (၂၀) ရက်နေ့ - Day 1 Monday

မနက်စောစောထဲက တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ လက်ကိုင်ဖုံးတစ်လုံးယူဖို့ရှိတာနဲ့ အိမ်ကမနက်စာတောင်မစားနိုင်ပဲ လိုအပ်တာတွေ
ယူပြီး လမ်းကြုံလိုက်တဲ့ ညီဝမ်းကွဲနဲ့အတူ တက်စီတစ်စင်းဌားပြီးထွက်လာပြီးတဲ့နောက် လမ်းတစ်ဝက်အရောက်မှာ အိတ်ထဲမှာ မြန်မာငွေ
တပြားမှမပါတာ သတိရလိုက်ပါတယ်။ ကံကောင်းလို့ လမ်းကြုံလိုက်လာတဲ့ ညီစီကနေ ငွေတစ်သောင်းချေးပြီး လိုရာကိုရောက်အောင်
သွား၊ အဲ့ဒီကနေ ဖုံးတင်မက နောက်ထပ်ငွေ လေးသောင်းပါထပ်ချေးပြီး မြို့ထဲကအကျိုးဆောင်ရုံးရှေ့ရောက်တော့ ၉ နာရီခွဲခါနီးပါ။
ရုံးပေါ်ကိုတက်ကြည့်တော့ ရုံးကမဖွင့်သေးပါဘူး။ ကျနော်ကလဲ မြန်မာစံတော်ချိန်ကိုမေ့ပြီး ကိုယ့်စံချိန်နဲ့ကိုယ်ဆိုတော့ ရုံးရှေ့မှာ နာရီဝက်လောက်စောင့်ပြီး တဲ့နောက်မှာတော့ အကျိုးဆောင်ရုံးတက်လာပါတယ်။ သူ့ရုံးမှာထိုင်စောင့်ပြီး တော်တော်ကြာတော့ တခြား
စာအုပ်အသစ်လုပ်ဖို့ လာတဲ့ကောင်လေးတစ်ယောက်နဲ့ တူတူ ပါတ်စ်ပို့ရုံးသွားဓာတ်ပုံရိုက်ရပါတယ်။ ပါတ်စ်ပို့ရုံးထဲကိုဝင်ဖို့ အဆင့် ၂ ခု
စစ်ဆေးပါတယ်။ ပါလာတဲ့ခါးပတ်အိတ်ကိုဖွင့်ပြပြီး ခန္ဓာကိုယ်ကိုလဲ ရှာပါတယ်။ အိတ်ကြီးကြီးမှန်သမျှယူလို့မရပါဘူး။ ဓာတ်ပုံရိုက်တာ
တော့ အတော်မြန်ပါတယ်။ တရုံးလုံးလူတွေကတော့ အုံးအုံးကျွတ်ကျွတ်ပါပဲ။ အဲ့ဒီကိစ္စပြီးတော့ ငွေလဲဖို့အတွက် ပုဇွန်တောင်ဈေးက အမ
ဝမ်းကွဲရဲ့ ပဲပွဲရုံကိုသွားဖို့ ပန်းဆိုးတန်းထိပ်ကိုထွက်တဲ့အခါ များပြားလှတဲ့ ဘတ်စ်ကားတွေတန်းစီပြီး မှတ်တိုင်တွေအော်နေတာနဲ့ Taxi ခ
သက်သာရအောင် အော်နေတဲ့စပယ်ရာ ကို ပုဇွန်တောင်ဈေးရောက်လားလို့မေးတော့ ရောက်တယ်ဆိုတာနဲ့ တက်စီးလိုက်ပါတယ်။
ပုဇွန်တောင်ဈေးမှာ အမ နဲ့ထိုင်စကားပြော ငွေလဲပြီး ဆူးလေဖက်ကိုပြန်သွားဖို့တော့ ဘတ်စ်အစဉ်မပြေလောက်တော့တာနဲ့ တက်စီပဲစီး
ပြီး ပြန်သွားလိုက်တယ်။ အဲ့ဒီနေ့ကငွေဈေး 1 US$ ကို 793 ကျပ်ပါ။

နေ့လည်စာစားဖို့အချိန်ကလဲ ရောက်နေပြီဆိုတော့ ကျနော်စားနေကြ ချစ်တီးထမင်းဆိုင် ရွှေမြို့တော်ကိုသွားရှာတဲ့ အခါဆိုင်ကပြောင်း
သွားပြီတဲ့ဆိုတော့ ဘာစားရမှန်းမသိတော့ပါဘူး။ ဒီလိုနဲ့ ရှေ့ဆောင်ရုပ်ရှင်ရုံအောက်က ရှမ်းခေါက်ဆွဲဆိုင်သတိရတာနဲ့ အဲ့ဒီသွားပြီး
ရှမ်းခေါက်ဆွဲနဲ့ နေ့လည်စာပြီးသွားပါတယ်။ အချိန်လေးနည်းနည်းရသေးတာနဲ့ အင်တာနက်ဆိုင်လေးဝင်ပြီး အီးမေးလ်းလေးဘာလေး
စစ်ပြီး အကျိုးဆောင်ရုံးကို သွားထိုင်စောင့်ရပါတော့တယ်။ ကျနော့်ကိစ္စအတွက် အခွန်ဆောင်ဖို့ကိုကြိုလုပ်ထားပြီး အဲ့ဒီအချိန်မှာတော့
အခွန်ဦးစီးမှူးစီကို လက်မှတ်ထိုးခိုင်းထားပါတယ်။ တကယ့်အတိုင်းဆိုရင်တော့ အဲ့ဒါကတစ်ရက်ကြာပါတယ်တဲ့။ လက်မှတ်ကလေးထိုး
တုံးလေးထုတာ တစ်ရက်တောင်စောင့်ရတယ်ဆိုတော့ အေးပေါ့ မြန်မာနိုင်ငံကိုးလို့တွေးမိပါရဲ့။ တကယ်တော့ အဲ့ဒီနေ့မှာပဲ၊ အခွန်ဦးစီးမှူး
လက်မှတ်ထိုး နိုင်ငံခြားကုန်သွယ်မှူဘဏ်မှာငွေသွင်းအကုန်ပြီးရမှာဖြစ်ပေမယ့် အခွန်ဦးစီးရုံးမှာကြာနေတဲ့အတွက် အဲ့ဒီငွေသွင်းတဲ့စီကို
မရောက်တော့ပဲ အဲ့ဒီနေ့ကတော့ ညနေ ၄ နာရီလောက်အထိ ထိုင်စောင့်ပြီးဘာမှမပြီးစီးလိုက်ပါဘူး။ နောက်နေ့အင်္ဂါနေ့ကို ၂ နာရီလာခဲ့
ပါလို့ပြောတာနဲ့ ကျနော်လဲပြန်လာခဲ့လိုက်ပါတယ်။

အဲ့ဒီကနေ ဆရာစံလမ်းမှာရှိတဲ့ ကျနော့်အလွန်ခင်မင်ရတဲ့ ကိုဖိုးသားတို့စီကိုသွား အေးအေးဆေးဆေးစကားပြောနဲ့ ညနေကြတော့ ကိုဖြိုး
နဲ့ သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဥဥ (ငုံးဥ) တို့ရွှေလီမှာ အသားကင်နဲ့ ဘီယာလိုက်ကျွေးပါတယ်။ ငါးကင်မစားရတာကြာတော့
အတော်လေး အရသာတွေ့မိပါရဲ့။

ဇွန်လ ၂၁ ရက်နေ့ - Day 2 (Tuesday)

မနက်ပိုင်းတစ်ခုလုံးအားနေတာနဲ့ လိုအပ်တာတွေပြန်ယူဖို့အတွက် အိမ်ပြန်ပါတယ်။ ထုံးစံအတိုင်း ငွေကုန်သက်သာချင်လို့ လှိုင်သာယာ
ကိုတိုက်ရိုက်ရောက်တဲ့ ဘတ်စ်ကားကိုစီးကာမှ လမ်းတစ်ဝက်မှာ ကောင်းမောင်းတဲ့ Driver ကဗိုက်အောင့်လို့ကားဆက်မမောင်းနိုင်တော့
ဘူးဆိုပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်ပါတော့တယ်။ ကားစပါယ်ယာကတော့ သူတို့ရဲ့ HQ ကိုဖုံးဆက်ပြောတော့ ကားတစ်စင်းအစား
လွှတ်ပေးမယ်ဆိုပြီး ခရီးသည်တွေကိုစောင့်ခိုင်းပါတယ်။ ကျနော်ကတော့ မစောင့်နိုင်တာသေခြာလို့ ကားပေါ်ကဆင်းပြီး ရှေ့မှာလာရပ်တဲ့
နောက်ထပ် ဘတ်စ်ကားတစ်စင်းပေါ်ခုန်တက်လိုက်သွားတာ ကားကလှိုင်သာယာကိုမရောက်ပဲ ဘုရင့်နောင်လမ်းဆုံအထိပဲရောက်မယ်တဲ့
ရောက်ရာပေါ့။ ဘုရင့်နောင်ကြတော့ ကားပေါ်ကဆင်းတော့ မိုးတွေကလဲရွာနေပါပြီ။ ကိုင်းတစ်ဖက်ပြုတ်နေတဲ့ Singtel က အလကားရတဲ့
ထီးကိုပဲ အားကိုးအားထားပြုပြီးတော့ ကားလမ်းတစ်ဖက်ခြမ်းကိုကူးပြီး ကျနော့်တို့အိမ်နားကိုရောက်တဲ့ ကားကိုမေးမြန်းပြီးစီးလိုက်ပါ
တယ်။ ဒီတစ်ခါတော့ ရမ်းသမ်းမတက်ရဲတော့ဘူးဗျာ။ လမ်းထိပ်ရောက်တော့လဲ လမ်းထိပ်မှာမိုးရွာလို့ ရေနည်းနည်းလေးကြီးနေပါတယ်။
ဘယ်တက်နိုင်မလဲ ရေထဲပဲဖြတ်လျှောက်ပေါ့။ ဒီလိုနဲ့ အိမ်ရောက်ပြီး လိုတာတွေထည့်ပြုပြီး ပြန်သွားမယ်လုပ်တော့ ညီမလေးက လူကြုံ
ထည့်ပေးလိုက်တဲ့ မျက်မှန်ကိုအလုံမှာ ရှိတဲ့အဒေါ်အိမ်ကို ဝင်ပို့လိုက်ပါဆိုတာနဲ့ ဒီတခါတော့ ငါတက်စီပဲစီးသွားတော့မယ်ဆိုပြီး လက်ကိုင်
baggage တစ်လုံးပါလိုတာတွေ အကုန်ထည့်ယူသွားပြီး လမ်းထိပ်ကိုထွက် Taxi ဌားပါတယ်။ ကံ က ကိုယ့်ဖက်မလိုက်ပဲဖြစ်နေတယ်ထင်
ပါရဲ့ တက်စီကတစ်စင်းမှမလာပါဘူး။ လာတဲ့တက်စီကလဲဈေးကိုအဆမတန်တောင်းနေတာနဲ့မလိုက်ဘူးဟဲလို့တင်းခံနေတာ။ နောက်ဆုံး
ဘာကားမှမလာတာနဲ့ အလုံရောက်တယ်ဆိုတဲ့ အထူးဘက်စ်ကားတစ်စင်းနဲ့လိုက်ခဲ့ပြန်ရော။ ကြည့်မြင်တိုင်ငါးဈေးရှေ့လောက်ရောက်
တော့ ဖုံးဆက်ပြီး မျက်မှန်ကို ကားဂိတ်မှာလာယူခိုင်းမယ်ဆိုပြီး ဖုံးဆက်တော့ ဖုံးကတချိန်လုံးကောင်းနေရာကနေ လုံးဝဆက်သွယ်လို့
မရတော့ပါဘူး။ တရုတ်လုပ် Touch Screen ဖုံးဆိုတော့ ကျနော်လဲဘယ်ခုလုတ်ကိုနိုပ်ပြီး restart လုပ်ရမယ်တောင်မသိပဲ နောက်ဆုံး
အလုံကိုရောက်သွားတဲ့ အခါမှာတော့ မလွှဲမရှောင်သာပဲ အဒေါ်ရဲ့အိမ်ကို အထုတ်တွေတဖက် ထီးတစ်ဖက်နဲ့ရေတွေ ချွေးတွေရွှဲပြီးရောက်
သွားပါတော့တယ်။

နေ့လည် ၂ နာရီရောက်တော့ အကျိုးဆောင်ရဲ့ ရုံးကိုသွားထိုင်စောင့်ပါတယ်။ ကံကောင်းချင်တော့ ကျနော်နဲ့တူတူပဲ process လုပ်တဲ့ထဲ
မှာ စင်္ကာပူက ပီအာအကိုကြီးတစ်ယောက်လဲ ပါပါတယ်။ အဲ့ဒီနေ့ကသူ့ကိုလဲ ၂ နာရီလာပါဆိုပြီး ချိန်းထားတော့ ကျနော်ရောက်ပြီး ခဏ
မှာသူလဲရောက်ပြီး ကျနော်တို့ဘာမှန်းမသိတာကို ထိုင်စောင့်နေကြပါတယ်။ ခဏနေရုံးပေါ်တက်မယ် (ပါတ်စ်ပို့ရုံး) လို့ပြောတာလဲ
အခေါက်ပေါင်း ၂၀ လောက်တော့ရှိနေပါပြီ။ လိုနေတဲ့စာရွက်တစ်ခုကိုစောင့်နေတယ်လို့ပဲ နားလည်ထားမိပါတယ်။ ဒါအပြင် ရုံးထဲမှာရှိနေ
တဲ့သူ့အဆက်အသွယ်တွေစီကနေ သတင်းပို့ချက်အရ ရဲမှူးဆိုတဲ့ အရာရှိကြီးကလဲ ရုံးပေါ်မှာမရှိပဲ အပြင်သွားတာ ၃နာရီခွဲလောက်မှပြန်
ရောက်ပါမယ်ဆိုတော့ ပိုမလောတော့ဘူးပေါ့။ နောက်ဆုံးမှာတော့ ကျနော်နဲ့ ဟိုအကိုနဲ့ (၂) ယောက်သား ၃နာရီခွဲခါနီးလောက်မှာရုံးပေါ်
တက်ပြီး သက်သာဆိုင်လေးမှာ အကျိုးဆောင်ရဲ့ဝန်ထမ်း ကောင်လေးနဲ့တူတူထိုင်စောင့်နေရပါတယ်။ ရဲမှူးကလဲပြန်မလာသေးတဲ့ အပြင်
ကျနော်တို့စာရွက်စာတမ်း အဓိကအားဖြင့်အခွန်ကင်းရှင်းမှုကို စစ်ဆေးတာလဲ စတောင်မစရသေးပါဘူး။ ဒီလိုနဲ့ ညနေ (၄) နာရီထိုး
တော့ ရဲမှူးတော့ပြန်ရောက်လာပါတယ်၊ ကျန်တဲ့လက်အောက်ခံ ရဲဝန်ထမ်းတွေ တော်တော်များများက မြန်မာရုံးများရဲ့ ထုံးစံအတိုင်းရုံး
ဆင်းကုန်ပြီဆိုတော့ ကျနော်တို့ (၂) ယောက်သားစိတ်ပျက်ပျက်နဲ့ အကျိုးဆောင်ရုံးကို တပ်ခေါက်ကြရပြန်ပါရော။ တင်္နလာနေ့မှာတင်
မှာ သောကြာနေ့မှာစာအုပ်ထွက်ရမယ်ဆိုတော့ အခုအင်္ဂါနေ့မှာလဲ မတင်လိုက်နိုင်တော့ သောကြာနေ့ထွက်မထွက်ဆိုတာသိပ်မပြောနိုင်
ဘူးဖြစ်နေတော့တာပေါ့။ ဒါမယ့် အကျိုးဆောင်ကတော့ သေခြာပေါက် Double Confirm ရအောင်လုပ်ပေးမယ်ပြောတယ်ဆိုတော့ နည်း
နည်းလေးတော့ စိတ်အေးနိုင်ပါသေးတယ်။ ကျနော်တို့လဲ နောက်နေ့အတွက်အချိန်းအချက်တွေလုပ်ပြီး ပြန်လာခဲ့ကြရတာပေါ့။

ဇွန်လ ၂၂ ရက်နေ့ - Day 3 (Wednesday)

မနက် (၉) နာရီကို စာအုပ်ရုံးရှေ့မှာ ဟိုအကိုနဲ့ရော၊ အကျိုးဆောင်ရဲ့ ဝန်ထမ်းကောင်လေးနဲ့ရောချိန်းထားတော့ ကျနော်ကတော့ ၈း၄၀
လောက်ထဲကရုံးရှေ့မှာထိုင်စောင့်နေလိုက်တယ်။ ရုံးကြီးမဖွင့်မီထဲက ရုံးရှေ့မှာရုံးထဲဝင်ဖို့စောင့်နေတဲ့လူတွေ ရာဂဏန်းရှိတယ်ဗျာ။
အမျိုးသားဝင်ပေါက် နဲ့ အမျိုးသမီးဝင်ပေါက်ခွဲထားပြီးတော့ လူတွေကိုတန်းစီဝင်အောင်ရဲတွေက ပြောနေတာတွေ့ရတယ်။ မြန်မာတွေမှာ
ဒီလိုတန်းစီတဲ့ စနစ်ကမရှိပဲ ပြုံဝင်ချင်တဲ့စိတ်ကတော့ ဘယ်တော့များမှပျောက်မလဲ စဉ်းစားလို့မရနိုင်ပါဘူး။ ခဏနေတော့ ဟိုအကိုလာ
တဲ့အချိန်ကြတော့ ရုံးထဲကိုလဲပေးဝင်ပြီးပြီဆိုတော့ ကျနော်တို့လဲတန်းသိပ်စီစရာမလိုတော့ပဲ မြန်မြန်ဝင်နိုင်ပါတယ်။ ဒါတောင်မှပေါ်တင်
ကြားဖြတ်ဝင်တဲ့ ၂ ယောက်လောက်ကိုပေးဝင်လိုက်ရပါသေးတယ်။

ရုံးထဲရောက်လို့ ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်ကို ဆက်သွယ်ပြီးခဏစောင့်နေတော့ ကျနော်တို့ရဲ့ သူတို့အခေါ်အမှုတွဲဆိုတဲ့ စာရွက်စာတမ်း
တစ်ထပ်ကြီးကိုပေးပါတယ်။ စာရွက်တစ်ရွက်လက်ရေးနဲ့ ရေးထားတာတွေတော့ အရာရှိတစ်ယောက်လက်မှတ်ထိုးထားတဲ့ အခွန်စစ်ဆေး
ပြီးကြောင်းစာရွက်ပါ။ မနေ့ကကျနော်တို့ ပြန်သွားပြီးတဲ့အချိန်မှာ စစ်ဆေးပေးထားတာကိုပဲ ကျေးဇူးတင်လှပါပြီ။ မဟုတ်ရင် ဒီအခွန်စစ်
ဖို့အတွက်ကို ဒီမနက်မှာ တန်းစီနေရအုံးမှာပါ။ အခွန်စစ်တဲ့ အရာရှိ (၄)ယောက်ပဲရှိပါတယ်။ အဓိက ကတော့ ပါတ်စ်ပို့စာအုပ်ကအဝင်
အတွက်တုံးတွေကို ကြည့်ရှူပြီးနိုင်ငံခြားမှာ ဘယ်လောက်ကြာအောင်နေခဲ့လို့ ဘယ်လောက်အခွန်ဆောင်ထားတာ မှန်မမှန်ကိုစစ်ဆေး
တာပါ။ ခုနကစာရွက်တွေကိုယူပြီးတော့ စားပွဲတစ်လုံးမှာ ခုနကအခွန်စစ်ဆေးပြီးကြောင်း စာရွက်ကို copy ဆွဲ၊ နောက်ထပ်စာရွက် စာတမ်း တချို့ဖြည့်စွတ်ပြီးတော့ ရဲမှူးအခန်းရှေ့မှာသွားစောင့်ကြပါတယ်။ ရဲမှူးစီကိုတွေ့ဖို့စောင့်နေတဲ့ လူတွေကလဲ ထုံးစံအတိုင်း
တန်းစီတာဘာညာမလုပ်ပဲ စုပြုံတိုးနေ၊ ဒီကြားထဲ ရဲမှူးရုံးခန်းရှေ့ကနေ ပါတ်စ်ပို့စာအုပ်အသစ်တွေကို ထုတ်ပေးနေတော့ ရှုပ်ယှက်ကို
ခပ်နေတာပါပဲ။ ရဲမှူးကလဲ ဧည့်သည်လူကြီးတွေနဲ့ အစည်းအဝေးလုပ်နေလို့တော်တော်နဲ့လူတွေကိုလက်မှတ်မထိုးပေးနိုင်ပါဘူး။
ခဏနေတော့ လူကြီးတွေလဲပြန် ကျနော်တို့အမှူတွဲတွေကိုလဲ ရဲမှူးရုံးခန်းထဲပို့ပြီးလို့ ၁၀ မိနစ်လောက်ကြာတော့ မည်သို့မည်ပုံလုပ်
လိုက်သည်မသိပဲ ကျနော်တို့အမှုတွဲတွေက ရဲမှူးမှတ်ချက်စာရွက်အဝါလေးတစ်ရွက် နဲ့အတူအပြင်ကိုပြန်ထွက်လာပါတယ်။ လူတွေကို
ပြုံတိုးပြီး ရဲမှူးအခန်းထဲလဲဝင်မတွေ့လိုက်ရပါဘူး။

အမှုတွဲယူပြီး ဆက်ပြီးသွားရမယ်ဆိုတဲ့ အခန်းတစ်ခန်းကိုသွားတော့ ရဲအရာရှိတစ်ယောက်က စာရွက်တွေကို စစ်ဆေးပေးပါတယ်။ အဲ့ဒီ
မှာ ကျနော်တို့ပထမဆုံးစာအုပ်လုပ်တဲ့အချိန်တုံးက အခြေခံပညာအထက်တန်းအဆင့်အထိရောက်ခဲ့တယ်လို့ရေးလို့ရခဲ့ပေမယ့်၊ ဒီတခါ
သက်တမ်းတိုးတဲ့အခါမှာတော့ ၁၀ တန်းအောင်မြင်ပြီး ပြည်ပနိုင်ငံတစ်ခုမှာ ဆက်လက်ပညာသင်ကြား၍ ဘွဲ့ရရှိခဲ့တယ်လို့ ရေးမှအစဉ်
ပြေတော့တယ်ဗျာ။ မြန်မာပြည်တွင်းမှာ ဘွဲ့ရရှိခဲ့တယ်ဆိုရင်တော့ ပညာရေးလျှော်ကြေးဘာညာတွေ ရှုပ်မှာဖြစ်တဲ့အတွက် ပြည်ပမှာရခဲ့
တယ်လို့ရေးရတာပါ။ တကယ်အမှန်အတိုင်းဆိုရင်တော့ ပြည်ပကရခဲ့တဲ့ ဘွဲ့လက်မှတ်ကိုလဲတောင်းစစ်ရမှာပေါ့။ အရာရှိကလဲမေးတယ်
ပြည်ပမှာ ကျောင်းပြီးတာလား ဆိုတော့ ဟုတ်ကဲ့ပေါ့။ ဒါဆိုအထောက်အထားရောပါလားဆိုတော့ မပါဘူးခဗျ။ ကျနော် အကိုကြီးအတွက်
ကြည့်စီစဉ်ပေးပါ့မယ် ဆိုတဲ့ စာရွက်စာတမ်းအထောက်အထားနဲ့တင် အကုန်အေးဆေးဖြစ်ပြီး စာရွက်တွေမှာတုံးတွေထု၊ လက်မှတ်တွေ
ထိုးပြီး၊ လက်ဗွေရာနိုပ်တဲ့စီသွားခိုင်း လက်ဗွေနိုပ်ပြီးတဲ့နောက် စလစ်တစ်ခုထွက်လာချိန်မှာတော့ ဒီပါတ်စ်ပို့ရုံးကိစ္စမှန်သမျှပြီးစီး သွားခဲ့
ပါတော့တယ်။ ဒီတော့ အကျိုးဆောင်ရုံးကိုသွား စလစ်ပေးပြီး စနေမနက်မှာစာအုပ်ထွက်လာနိုင်ဖို့ ထပ်ပြီးအပူကပ်ရတာပေါ့။ ဟိုအကို
နဲ့မိသားစုက Sunday မနက်လေပျံနဲ့ စင်္ကာပူကိုပြန်မှာဖြစ်ပြီး ကျနော်ကတော့ နေ့လည်လေပျံနဲ့ ပြန်မှာဆိုတော့ စနေမနက်ကိုရမှဖြစ်
မှာပါ။ အကျိးဆောင်ကလဲ သူ့အဆက်အသွယ်စီဖုံးထပ်ဆက်ပြီး ပြောတော့ ဟိုဖက်ကလဲ ကူညီပေးမယ်လို့ပြောတာကြားတော့စိတ်ဒုံးဒုံး
ချနိုင်ပါတော့တယ်။ (သူတို့အပိုင်းမှာတော့ ဒီလိုအလျှင်အမြန်ကူညီရတဲ့အတွက် မေတ္တာနဲ့တုန့်ပြန်တာတွေတော့ရှိမှာပေါ့ဗျာ)

အဲ့ဒီနောက်မှာတော့ ဗိုလ်ချုပ်ဈေးကိုပြေးပြီး ရုံးကအထက်အရာရှိများအတွက် လက်ဆောင်လေးတွေပြေးဝယ်၊ မျက်မှန်အတွက်မျက်စိ
စစ်ဆေးပြီး မှန်အသစ်လုပ်တဲ့ကိစ္စတွေကို အလျှင်အမြန်ဆက်တိုက်လုပ်ရတော့တာပေါ့။ ရွှေတိဂုံဘုရားကိုလဲ ဒီတစ်ခေါက်တော့ ရအောင်
သွားဖူးမယ်ဆိုပြီး နေ့လည်ပိုင်းပဲ မြန်မြန်လေးသွားဖူးပြီး ဓာတ်ပုံလေးနည်းနည်းရိုက်ဖြစ်တယ်။ ညနေတော့ ချိန်းဆိုထားတဲ့ ညစာအစီ
အစဉ်အရ ဒီညတော့ ကိုဖိုးသားတို့မိသားစုနဲ့ ကုန်သည်ကြီးများမှာ ဘူဖေးစားဖြစ်ပါတယ်။

ဇွန်လ ၂၃ ရက်နေ့ - Day 4 (Thursday)

မနက်ပိုင်းတော့ ဟိုးအရင်ငယ်ငယ်ကနေခဲ့တဲ့ကုက္ကိုင်းက အမျိုးတွေစီသွားကန်တော့၊ အဲ့ဒီကနေရန်ကင်းစင်တာ စီတီးမတ်မှာ မြန်မာအစားအစာ ဝယ်ချင်တာလေးတွေဝယ်ဖြစ်တယ်။ နေ့လည်ပိုင်းတော့ ဘယ်မှမသွားဖြစ်တော့ပဲ တည်းတဲ့နေရာမှာပဲနားနေပြီး ညနေ ၄ နာရီမှာ (၈)မိုင် သမားတော်ဆေးခန်းမှာအထူးကုဆရာဝန်ကြီးတစ်ယောက်နဲ့ ခြေထောက်ထုံကျင်တဲ့ပြသနာ ပြဖို့အတွက်သွား
တယ်ဗျာ။ တုံကင်နံပါတ်က (၁၈) ဆိုပေမယ့် ကြားထဲမှာ ဆေးကြော်ငြာ promoter တွေကဖြတ်ဖြတ်ဝင်နေတော့ (၁) နာရီမကထိုင်စောင့်
လိုက်ရတယ်။ တကယ်ဆိုရင် ဆေးခန်းတွေအနေနဲ့ ဆရာဝန်ကြီးတွေလူနာကြည့်ချိန်မှာ ဒီလိုမျိုးလုံးဝကိုခွင့်မပြုသင့်ပါဘူး။ သူတို့ဘယ်
လိုဘယ်ပုံ အပေးအယူတွေလုပ်ထားကြလဲတော့မသိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်မဖြစ်သင့်ဘူးဗျာ။ တချို့လူနာတွေဆိုရင် အာရုံကြောထိထား
တာတို့ဘာတို့ဆို သူတို့မှာ ထိုင်ခုံမှာထိုင်ရတာကို အစဉ်မပြေဖြစ်နေတာလေ။ ထင်ထားတာထက်ကြာသွားတော့အပြေးအလွှားတည်းတဲ့ စီပြန်ပြေး ပြင်ဆင်ပြီး ညစာအစီအစဉ်အရ အင်းယားလမ်း ခေမရဂ်က စိုင်းတို့မိသားစု၊ သူငယ်ချင်း ဂွတ်ရွတ်တို့နဲ့ ဆီဒိုးနားမှာစားဖြစ်
ပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောလို့တကယ့်ကို ပျော်စရာကောင်းတဲ့ ညစာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ကား လမ်းပြောင်းပြန်မောင်းခဲ့တာတွေ၊ Pionner မှာ ဝိုင်းရိုက်ခံရတော့မှာမို့လို့ ကားမောင်းထွက်အပြေးမှာ ကျနော် ကျန်ခဲ့လို့ ပြေးလိုက်ပြီး Holywood ရုပ်ရှင်ထဲအတိုင်း ကားပေါ်ဒိုင်ဗင်ပစ်ဝင်ခဲ့ရတာတွေ၊ စတဲ့ပြန်ပြောကြတဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။

ဇွန်လ ၂၄ ရက်နေ့ - Day 5 (Friday)

ဒီနေ့တော့ဘာမှ မယ်မယ်ရရမလုပ်ဖြစ်ပါဘူး။ မနေ့ကဆရာဝန်ညွန်ကြားလိုက်တဲ့ ဆေးတွေကိုသွားဝယ်ပါတယ်။ အဲ့ဒီနောက်တော့ လဲထားတဲ့ငွေက မလောက်တော့လဲ မြို့ထဲသွားပြီးငွေနည်းနည်းသွားလဲ၊ မျက်မှန်ပြန်သွားရွေးနဲ့၊ နေ့လည်စာတော့ သိပ်ကြိုက်တဲ့ ဒံပေါက်
ကို ဆိုင်မှာထိုင်စားဖြစ်တယ်။ စာအုပ်ဆိုင်သွားလိုချင်တဲ့ စာအုပ်တွေအပြတ်ဝယ်မယ်ဟေ့လို့အားခဲထားပေမယ့် စာအုပ်ဈေးတွေကကြီး
တော့ တစ်အုပ်ပဲဝယ်ဖြစ်ပါတယ်။ အလွန်တရာစောင့်ရတဲ့ အင်တာနက်ကိုလဲ e-mail ဖွင့်စစ်ရုံအတွက် အင်တာနက်ဆိုင်လဲရောက်ဖြစ်
တယ်။ ညနေကြတော့ ညစာအစီအစဉ်အရ ရေကြောင်းတက္ကသိုလ်ကျောင်းသားဟောင်းတွေအခုတော့ သင်္ဘောသားတွေဖြစ်နေပြီဖြစ်တဲ့
ဖိုးညီတို့ အောင်ကိုကိုတို့နဲ့ ဆရာစံလမ်းက ရွှေလီအသားကင်ဆိုင်မှာ ဘီယာနဲ့ အသားကင်နဲ့ပေါ့။ ပျော်စရာကောင်းပါတယ်။

ဇွန်လ ၂၅ ရက် - Day 6 (Saturday)

မနက်စောစောထဲက နိုးနေပြီး အကျိုးဆောင်ရုံးရှိရာကို ဆူးလေအထိ ဘတ်စ်ကားစီးသွားပြီး ထုံစံအတိုင်း သူအလာကိုထိုင်စောင့်ပါတယ်။
၁၅ မိနစ်လောက်ကြာတော့ သူရောက်လာပြီး ကျနော့်စာအုပ်အဟောင်းနဲ့ အသစ်နဲ့ကိုထုတ်ပေးပါတယ်။ တကယ့်ကို ပြောထားတဲ့ ကတိ
အတိုင်းအဖြစ်မနေ လုပ်ပေးနိုင်တာကို ချီးလဲချီးကျူးတဲ့အပြင် ကျေးဇူလဲတင်ပါတယ်။ အစပိုင်းမှာကြန့်ကြာမှုတွေရှိနေပေမယ့် ပြောထား
တဲ့အတိုင်းဖြစ်အောင်လုပ်ပေးနိုင်တဲ့ အတွက်ပေးရတဲ့ ပေးလိုက်ရတဲ့ ငွေနဲ့တန်တယ်ပြောလို့ရပါတယ်။

ကျနော့်ဘဝမှာ အမြန်ဆုံးနဲ့ရခဲ့ တဲ့ စာအုပ်အသစ်ပါပဲ။ ကြုံတုံးလေး ပြောရရင်တော့ ပထမဆုံးစာအုပ်ကို အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် မိမိအစီအစဉ်နဲ့မိမိ လိုက်မယ်လို့ဆုံးဖြတ်ပြီးတော့ စာအုပ်ကိစ္စတွေကို ကိုယ့်သဘောနဲ့ကိုယ်တစ်ယောက်ထဲ ပုံမှန်လုပ်ငန်း စဉ်အတိုင်းလုပ်တာပါ။ လူတွေ ကြားထဲတန်းစီ၊ ဘဏ်မှာငွေသွင်းစတာတွေ၊ ပုံစံ၁၇ တွေ ပုံစံ ၁၉ တွေလဲ၊ ကိုယ်တိုင်ပဲကျဲခဲ့ရတာ။ ပုံမှန်လုပ်ငန်းစဉ်က အဲ့တုံးက (၃)လကြာပါတယ်။ (၃)လပြည့်ခါနီးကလဲဖြစ် ပြိုင်ပွဲကိုလဲသွားရခါနီးမှာ စာအုပ်ကမထွက်လာနိုင်သေးပါဘူး။
အဲ့ဒါကြောင့်အားကစားဝန်ကြီးဌာနကို ကျနော့်ဆရာကြီး ဦးမိုးမြင့်ကနေတဆင့်အကူအညီတောင်းတော့ အားကစားဝန်ကြီးဌာနကနေ
စာတစ်စောင်ထုတ်ပေးပြီး အမြန်ဆုံးကူညီပေးဖို့ ပြည်ထဲရေးကိုအကူအညီတောင်းခံပါတယ်။ စာကိုလဲကိုယ်တိုင်လက်နဲ့ကိုင်ပြီးအဲ့ဒီတုံး
က ပါတ်စ်ပို့ မင်းကြီးဖြစ်တဲ့ ဗိုလ်မှူးကြီးသက်ထုဋ်ရုံးခန်းအထိ ဝင်တွေ့ပြီးအကူအညီတောင်းရပါတယ်။ အမှန်အကန်လာခဲ့ ကူညီမယ်ဆို
တဲ့ တပိုးလက်ဆောင်လုံးဝမှလက်မခံဘူးလို့ နာမည်ကြီးတဲ့ မင်းကြီးက ပေးလိုက်တဲ့ စာရွက်ပေါ်မှာ မင်နီနဲ့ “ ယနေ့ချက်ချင်းဆောင်ရွက်
ပေးရန် ” ဆိုတဲ့မှတ်ချက်ရေးပေးလိုက်ခြင်းဖြင့်၊ မင်းကြီးကိုယ်ရေးအရာရှိက မနက်ဖန်ပြန်လာခဲ့လို့ကျနော့်ကိုပြောပါတယ်။ နောက်နေ့
သွားတော့ မင်းကြီးစားပွဲပေါ်မှာ ကျနော့်စာအုပ်ရောက်နေပြီး၊ မင်းကြီးရုံးတက်လာပြီးပြီးချင်း ချက်ချင်းစာအုပ်ပေါ်မှာလက်မှတ်ထိုးပေးပြီး
တဲ့နောက် ထုံးစံမဟုတ်ပဲ စာအုပ်ကို မင်းကြီးရုံးခန်းကနေတိုက်ရိုက်ထုတ်လာနိုင်ပါတယ်။

ဒုတိယအကြိမ်သက်တမ်းတိုးတဲ့အခါမှာလဲ (၃) လလောက်ကြာပါတယ်။ အဲ့ဒီတုံးကတော့ အဲပုဂံမှာအလုပ်လုပ်နေပြီဆိုတော့ ဝန်ကြီးဌာန
ပေါင်းစုံက ထိပ်တန်းအရာရှိကြီးများရဲ့ ပတ်သတ်ရာပတ်သတ်ကြောင်းမိသားစုများ အလုပ်လုပ်ရာမှာ ပြည်ထဲရေးနဲ့ပတ်သတ်တဲ့တစ်
ယောက်ကိုရှာဖို့ မခက်ခဲခဲ့ပါဘူး။ အဲ့ဒီလိုနဲ့ စာအုပ်သက်တမ်းတိုးထွက်တာလဲ လျောလျောလှူလှူနဲ့ အမြန်ဆုံးထွက်လာခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်လောက်တော့ ဘယ်လိုမှမမြန်နိုင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ စံချိန်စံနှုန်းအတိုင်းဆိုရင် တကယ့်ကိုမပင်
မပန်းနဲ့ ပြီးဆုံးအောင်မြင်ခဲ့တာပါ။ ကျနော်တို့လိုရန်ကုန်ပြန်အခွန်ဆောင် စာအုပ်သက်တမ်းတိုးဖို့ တရားဝင်အမြန်နှုန်းကတော့ (၂)ပါတ်
ကြာပါတယ်တဲ့။ ဒါလဲမဆိုးပါဘူးဗျာ။ ကျနော်ကတော့ အချိန်ကမရလို့ အဲ့လိုဖုတ်ပူမီးတိုက်လုပ်လိုက်ရတာပါ။

စနေနေ့အကြောင်းပြန်ဆက်ရရင်တော့ အကျိုးဆောင်က ကိစ္စတစ်ခုအကူအညီတောင်းပါတယ်။ ကျနော်ပြန်ယ့် Flight နဲ့တူတူ စလုံးကို
သွားမယ့် အမျိုးသမီးတစ်ယောက်ထည့်ပေးလိုက်ချင်လို့တဲ့၊ သူ့မှာလဲ Elglish လိုမတက်တခါမှလဲ ပြည်ပမထွက်ဖူးလို့ဆိုတော့ ကိုယ်လဲ
ကိုယ်ချင်းစာစွာနဲ့ ကိုယ့်ကိုကူညီထားတဲ့ ကိစ္စတွေကလဲရှိနေတော့ ကူညီပါမယ်လို့အာမခံလိုက်ပါတယ်။ ရှမ်းအရှေ့မြောက်လောက်ကိုင်
အထူးဒေသရဲ့ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး ရဲ့ပတ်သတ်ရာပတ်သတ်ကြောင်းပါ။ ကိုယ့်စာအုပ်ကိုယ်ရပြီးပြီဆိုတော့ စိတ်ထဲရှင်းလင်း
ပေါ့ပါးစွာနဲ့ပဲ၊ တည်းခိုရာကိုပြန်ပြီး လူကြုံပစ္စည်းများလက်ခံခြင်းကိုလုပ်ပါတယ်။ နေ့လည်ကျတော့ကိုဖြိုးရောက်လာပြီး ၂ ယောက်သား
နေ့လည်စာစား ကျနော်လဲဆက်တိုက်ပင်ပန်းထားတော့ တစ်ရေးတစ်မောအိပ်လိုက်သေးတယ်။ ညနေကိုတော့ ကျနော်ကတော့ ကိုဖြိုး
တို့နဲ့အစီအစဉ်ရှိတော့ ညီမလေးနဲ့ သူ့သူငယ်ချင်းကို ဆီဒိုးနားကတရုတ်ဆိုင်မှာပဲ သူတို့ကသူတို့စားခိုင်းလိုက်ပြီး၊ ကျနော်နဲ့ ကိုဖြိုး
ရန်ကင်းစင်တာမှာ Red label တစ်လုံးဝယ်၊ အမြည်းနဲ့စားစရာတွေ ဝယ်လာမယ့် ဥဥ ကိုထိုင်စောင့်တာ ကျေးဇူးရှင်က ည ၈ နာရီခွဲ
လောက်မှပေါက်ချလာပါတယ်။ သောက်ကြစားကြ၊ စကားတွေပြောကြနဲ့ တော်တော်လေးကြာတော့မှ သူတို့သူငယ်ချင်း မင်းရုံ ကို ဖုံးဆက်ခေါ် ကျနော်နဲ့မိတ်ဆက်ပေးပြီး ထပ်ဝိုင်းဖွဲ့စားသောက်လိုက်ကြတာ တစ်ပုလင်းလုံး တက်တက်စင်အောင်ပြောင် ပါတော့တယ်။ အလုပ်နဲ့အိမ်ပဲနေ့စဉ်နဲ့အမျှ ကျင်လည်နေရတဲ့ ကျနော့်မှာ အခုလိုလေးပြန်ခါနီး တစ်ညနေသူငယ်ချင်းတွေနဲ့ နေလိုက်ရတာ အတော် ကိုပျော်ပါတယ်။

ဇွန်လ ၂၆ ရက် - Day 7 (Sunday)

ဒီနေ့တော့ ပြန်ရတော့မယ်ဆိုတော့ မနက်စာစားပြီးတော့ လာခေါ်တဲ့ကားကလဲ အစဉ်သင့်စောင့်နေပြီဆိုတော့ ကိုဖြိုး၊ ဥဥ နဲ့ မင်းရုံတို့
ကိုနှုတ်ဆက်၊ လှိုင်သာယာအိမ်ကို အမြန်ပြန်ပါတယ်။ ကျနော့်မှာလဲ ဒီကျနော်တို့လမ်းထိပ်နဲ့ ကံအကျိုးမပေးထင်ပါရဲ့ လမ်းထိပ်ရောက်
တော့ မြေကြီးသယ်တဲ့ကားတစ်စီး ပျက်ပြီးလမ်းပိတ်နေလို့ ကားကဝင်မရပါဘူး။ ပတ်မောင်းဖို့ကလဲဝေး၊ လမ်းကလဲဆိုးတော့ အိမ်ကို
ဖုံးဆက်ပြီး အိမ်ကကောင်မလေးတွေကို ပါလာတဲ့ပစ္စည်းတွေလာသယ်ခိုင်းကာ လမ်းလျှောက်ဝင်လိုက်ရရောဗျာ။ အိမ်ရောက်တော့ ပစ္စည်း
တွေပြန်နေရာချ ရေမိုးချိုးပြီး အိပ်ယာထဲ ၁၀ မိနစ်လောက်လှဲပြီး ရန်ကုန်ရောက်တုံးမှမတွေ့လိုက်ရင် စိတ်မကောင်းဖြစ်နေရမယ်ဆိုပြီး
မမို့ဆီကိုညီမလေးနဲ့တူတူသွားပါတယ်။ မမို့နဲ့သူ့အမျိုးသားတို့လက်ခံစကားပြောကြပြီး မမို့ကသူစလုံးအိမ်ကို အရမ်းပေးချင်တဲ့ ငရုတ်ဆုံတောင်းတစ်ခု နဲ့ ပါပါး အတွက် ရှောက်သီးအလုံး ၁၅ လုံးလောက်ပေး လို့ ကီလိုတောင်ဝင်ပါ့မလားဆိုပြီး စိတ်ပူရသေး တယ်။ မမို့စီကနေ ပြီးတော့ လူကြုံကိစ္စ အတွက် လောက်ကိုင်ခေါင်းဆောင်အိမ်ကိုသွား ခေါ် သူတို့ကားနဲ့ပဲလေဆိပ်ကိုလိုက်ပို့ခိုင်းလိုက်တယ်။
လေဆိပ်ရောက်တာနဲ့ ဖြည့်စရာရှိတဲ့စာရွက်တွေကိုဖြည့် လေကြောင်းလိုင်း ကောင်တာမှာ Check In ဝင်တော့ အရင်ကလောက်မဆိုးပဲ
ကျနော်လိုချင်တဲ့ ခုံကိုလျှောလျှောရှုရှု ပဲပေးပါတယ်။ ရှောက်သီးက ကီလိုပိုမယ်ထင်ပေမယ့် ဟိုတရုတ်မရဲ့ အထုတ်နဲ့ ပေါင်းချိန်လိုက် တော့မပိုပဲ အစဉ်ပြေသွားပါတယ်။

ကိစ္စတွေပြီးတော့ ထိုင်ခုံတစ်ခုမှာထိုင်ပြီး သူ့အတွက်စာရွက်စာတမ်းတွေစီစဉ်ပေး၊ ထုံးစံအတိုင်းတွေစာအုပ်ထဲ ညှပ်ပြီးသွားတော့မယ်
လုပ်တော့ အဲပုဂံကသူငယ်ချင်းဟောင်းတွေနဲ့တွေ့လို့ စကားပြောရသေးတာ။ နောက်တော့ လေဆိပ် လဝကကိုအဖြတ်မှာ ထုံးစံအတိုင်း
ကြောင့်ဘာမှ ထွေထွေထူးထူးတွေမမေးပဲနဲ့ ဘယ်နေ့ကပြန်ရောက်တာလဲလို့ မေးတော့ ကျနော်ကလဲမေ့ပြီး (စာအုပ်အဟောင်းတောင်း
ကြည့်မှာလဲဆိုးတာပါတယ်) လွန်ခဲ့တဲ့အပါတ်ကရောက်ပါတယ်ဆိုတော့ စာအုပ်အသစ်မှာ ရေးထားတဲ့ ဒီစာအုပ်ကယခင်အဟောင်းနံပါတ်
ကို replacement လုပ်ထားတာဖြစ်ကြောင်း ကိုပြပြီးတော့ “ တယ်မြန်ပါလား ဘယ်နှယ်လုပ်လိုက်တာလဲ ” ဆိုပြီး၊ ကျနော်ကို တစ်စုံတစ်
ယောက်လို့ထင်သွားပြီး စာအုပ်ကိုပြန်ပေးလိုက်ပြီးတဲ့ နောက်အမိမြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာလာပါတော့တယ်။

“အထူးကျေးဇူးတင်ရှိခြင်း”

ရန်ကုန်မှာ အခွန်ဆောင်ခြင်း ကိစ္စတွေကိုအသေးစိတ်အတိအကျ information တွေပေး၊ မေးသမျှစိတ်ရှည်ရှည်နဲ့ ဖြေပေးပြီး လိုအပ်တဲ့
အဆက်အသွယ်ရှာပေးတဲ့ ကိုဇော်ဇော်ထွန်း၊ ရန်ကုန်ကိုမပြန်မီ အကျိုးဆောင်နဲ့ဆက်သွယ်ပြီး လိုအပ်တာတွေအကုန်စီစဉ်ပေးထားတဲ့
အမြဲတမ်းအားကိုးနေရသော ကိုဖြိုး၊ လေဆိပ်မှာလာကြိုပြီး သမားတော်ကြီးနဲ့ပြဖို့ စီစဉ်ပေးတဲ့ ညီမလေးဖြူထွေးဟိန်းနဲ့ သူ့သူငယ်ချင်း
ဗိုလ်ကြီး Dr. ကျော်သူရဇော်၊ အသားကင်နဲ့ ဘီယာတိုက်တာအားမရသေးပဲ ဒုတိယအကြိမ် အစားအစာတွေအများကြီး ဝယ်လာပေးတဲ့
ညီလေး အောင်ကိုကို @ ငုံးဥ၊ တယ်လီဖုံးဌားပေးတဲ့ ညီလေး အောင်ဖြိုး၊ ဗိုက်တင်း၍ မနည်းထပြန်ခဲ့ရသော ညစာစားပွဲများအတွက်
ကိုဖိုးသားနဲ့ဇနီး မမီးမီး၊ စိုင်းနဲ့ ဇနီးနှင့် ညီမများ၊ ချစ်သူငယ်ချင်း ဂွတ်ရွှတ်၊ လက်ခံတွေ့ဆုံပေးတဲ့အပြင် လက်ဆောင်များပါထည့်ပေး
လိုက်တဲ့ ဦးမောင်မောင်ကျော်နဲ့ ဇနီး အကယ်ဒမီများရှင် ဒေါ်မို့မို့မြင့်အောင်၊ အခွန်နဲ့ပါတ်စ်ပို့ကိစ္စ သတ်မှတ်ရက်အတွင်း အောင်မြင်
အောင်စီစဉ်ပေးတဲ့ အကျိုးဆောင် တို့ကို အထူးကျေးဇူးတင်မိကြောင်းနဲ့ ကျနော့်ရင်ထဲမှာ အမြဲမှတ်တမ်းတင်ထားပါကြောင်း ....


၁၄ ဇူလိုင်လ ၂၀၁၁ ခုနှစ်
1258 hrs, Jurong Island Office
Singapore.

Wednesday, June 8, 2011

စင်္ကာပူတွင် (၅) နှစ်ကြာသောအခါ အပိုင်း (၂)

တကယ်တော့ ဒီပိုစ့်ကိုတစ်ပိုင်းထဲနဲ့ ပြီးအောင်ရေးဖို့စိတ်ကူးရှိတာပါ။ (၅) နှစ်တိတိပြည့်တဲ့ ဇွန်လ (၆) ရက်နေ့မှာတင်မယ်ဆိုပြီး ကြိုရေး
ထားခဲ့ပေမယ့် အလုပ်တွေတော်တော်များနေတာကြောင့် ဆက်မရေးဖြစ်ပဲ (၆) ရက်နေ့မှာတစ်ပိုင်းပဲ တင်လိုက်နိုင်ပါတယ်။ ရေးသမျှ
ဖတ်ပေး အားပေးကြတဲ့ ညီအကို မောင်နှမတွေနဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

ကျန်ခဲ့တဲ့ အပိုင်း (၁) ကိုဆက်ရေးရရင်တော့ နေထိုင်ခွင့်ကလဲ (၂)ပါတ်ပဲ ကျန်တော့တယ်ဆိုတော့ အလုပ်ကိုအသည်းအသန် ရှာရပါ တယ်။ အဲ့ဒီအချိန်ကစပြီး အလုပ်ကဟိုးကျနော်စရောက်ရောက်ခြင်းလောက်ကလောက် သိပ်တော့မလွယ်တော့ပါဘူး။ ဒါမယ့်တစ်ခုရှိတာ
က ကျနော့်မှာ Sales Administrator/ Sales Coordinator အတွေ့အကြုံကလဲရှိလာတော့ ကျနော်ကျွမ်းကျင်တဲ့ အဲ့ဒီအပိုင်းကိုပဲတစိုက်
မှတ်မှတ်ရှာတော့တယ်ဗျာ။ နောက်ဆုံးနေထိုင်ခွင့်က (၁)ပါတ်လောက်ပဲလိုတော့တဲ့ အချိန်မှာတော့ ရန်ကုန်ပြန်ပြီး Social Visit နဲ့ပြန်ဝင်
လာဖို့ လေယာဉ်လက်မှတ် ဘာညာတောင်စီစဉ်ထားပြီးပါပြီ။ အဲ့ဒီတုံးက ညီမလေးကလဲ စင်္ကာပူကိုအလည်ရောက်နေပြီး မှတ်မှတ်ရရ
သူပြန်ဖို့ လေဆိပ်လိုက်ပို့တဲ့အချိန်မှာ အင်တာဗျူးတစ်ခုရလိုက်တယ်။ Jurong Industries Park ထဲမှာပါ။ သူ့ကိုလေဆိပ်ပို့ပြီးအပြန်
လျှောက်ထားတာတွေ မှတ်ထားတဲ့စာအုပ်ပြန်လှန်ပြီး ဘယ်အလုပ်လဲဆိုတာ ပြန်ရှာကြည့်ရသေးတယ်။ သိတဲ့အတိုင်း လျှောက်ရတာတွေ
များတော့ ခေါ်တဲ့ အင်တာဗျုးကဘာမှန်းမသိရင် နည်းနည်းတော့ အခက်အခဲရှိတာကြောင့်ပါ။

နောက်ရက်ကျတော့ အင်တာဗျုးသွားပါတယ်။ မန်နေဂျာဆိုတဲ့ လူဝဝကြီးတစ်ယောက် ကမေးမြန်းပါတယ်။ ရုံးခန်းလေးကလဲ သေးသေး
မှ စားပွဲ (၂)လုံးပဲရှိတာပါ။ သူမေးတာတွေကတော့ အတော်ကိုစုံပါတယ်။ ကျနော်လုပ်ခဲ့ဖူးတာတွေ၊ MYOB Software ကိုကျွမ်းကျင်တဲ့
အတွက် အဲ့ဒီ software အကြောင်းတွေ စသည်ဖြင့်မေးလိုက်တာ နာရီဝက်လောက်ကိုကြာပါတယ်။ ဒါမယ့်ကျနော့်စိတ်ထဲမှာ အဲ့ဒီအလုပ်
ကိုရမယ်လို့ သိပ်တော့မမျှော်လင့်ထားဖူးဗျာ။ Company ကလဲသေးသေးလေးနဲ့ မန်နေဂျာကစကားတွေ သိပ်ပြောတာပဲလို့ ထင်လို့ပါ။
ကျနော်ကတော့ ဘယ်နေ့အထိ စင်္ကာပူပြည်တွင်းမှာ ရှိလိမ့်မယ်ဆိုတာကိုတော့ ပြောပြလိုက်ပါတယ်။ သိတဲ့အတိုင်း သူဌေးနဲ့ မတွေ့ရတဲ့
အင်တာဗျုးတွေမှာ ဆုံးဖြတ်ချက်ကို ချက်ချင်းမချနိုင်ပါဘူး။ သူဌေးနဲ့တိုက်ရိုက်တွေ့ရသည့်တိုင် ဆုံးဖြတ်ချက်က အရမ်းကိုကျခဲပါတယ်။
နောက် (၅) ရက်လောက်မှာတော့ ဘယ်လိုမှမထင်ထားပဲနဲ့ အဲ့ဒီ Company ကသူဌေးနဲ့တွေ့ဖို့ Second Interview ခေါ်ပါတယ်။
ဒုတိယအကြိမ် အင်တာဗျုးခေါ်ခြင်းဟာများသောအားဖြင့် ခန့်ဖို့ရာခိုင်းနှုန်း ၈၀% လောက်ရှိတက်တာဆိုတော့ ကျနော့်မှာမျှော်လင့်ချက်
တစ်ခုရှိသွားတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရန်ကုန်ကိုတော့ ပြန်ကိုပြန်ပြီးမှ ပြန်လာလို့ရတော့မှာပါ။

ဒုတိယအကြိမ် အင်တာဗျုးကိုတော့ အဲ့ဒီ Company ကပိုင်တဲ့ အနောက်တိုင်းအစားအစာရောင်းတဲ့ စားသောက်ဆိုင်မှာတွေ့ဖို့ချိန်းပါ
တယ်။ ချိန်းထားတဲ့ အချိန်အတိုင်းအဲ့ဒီကိုရောက်တော့ သူဌေးကသူ့ရဲ့ အတိုင်ပင်ခံရဲ့ ရုံးမှာရောက်နေလို့ အဲ့ဒီကိုလိုက်သွားတွေ့စေချင်
ပါတယ်တဲ့။ ကျနော့်မှာ ဟင့်အင်းသွားမတွေ့နိုင်ပါဘူး လို့ငြင်းဖို့အခွင့်အရေး မရှိပါဘူး။ အဲ့ဒီကိုရောက်တော့ သူဌေးအမျိုးသမီးနဲ့ အသက်
ကြီးကြီးယောင်္ကျားကြီးတစ်ယောက်ကို တွေ့ရပါတယ်။ ထုံးစံအတိုင်းမေးမြန်းတာတွေ လုပ်ပြီးတောါ သူတို့ Company ကလုပ်တဲ့လုပ်ငန်း
အကြောင်းနဲ့ သူတို့မှာ MYOB ကျွမ်းကျင်သူလိုနေတဲ့အတွက် ခန့်ချင်တာပါလို့ပြောပါတယ်။ ကျနော်စင်္ကာပူရောက်ပြီးမှ တက်တဲ့ပညာနဲ့
အလုပ်တစ်ခုရခဲ့တာပါပဲ။ လစာကိစ္စ၊ Pass ကိစ္စ တွေပြော၊ ကျနော်ရန်ကုန်ကို နေထိုင်ခွင့်မရှိတော့လို့ ပြန်ရတော့မယ့် ကိစ္စလဲအစဉ်ပြေပြီး
တာနဲ့ ကျနော်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို (၂) ယောက်သားကျနော့်ကိုပြောကြတာ ၂ နာရီနီးပါးကြာပါတယ်။ စာဖတ်တဲ့သူတွေ
တော့ ယုံချင်မှတောင်ယုံမှာပါ။ အခုအချိန်ထိ ကျနော့်တစ်သက်မှာ အကြာဆုံး ဒုတိယအကြိမ်အင်တာဗျုးလို့ပြောရမှာပါ။ ပြောပြီးသာတွေ
ထပ်ပြော၊ သူတို့ရဲ့ရှေ့လုပ်ငန်းစဉ်တွေပြော၊ ကျနော်လုပ်ရမှာတွေပြောလိုက်တာ Company တစ်ခုလုံးကိစ္စက ကိုယ့်ကိစ္စလို့တောင်ဖြစ်
နေတော့တာပါပဲ။ ကျနော်လဲ သူတို့ပြောသမျှနားထောင်ပေါ့ သူတို့ပြောသလောက်တော့ လုပ်ရမှာမဟုတ်ဖူးဆိုတာတော့ အတွေ့အကြုံ
အရသိနေပါတယ်။ သူတို့နဲ့ကိစ္စ တွေပြီးတာနဲ့ S Pass တင်ဖို့ကိစ္စအတွက် ဖတ်တီးမန်နေဂျာဆီသွား စာရွက်စာတမ်းတွေပေးနဲ့ အလုပ်
လဲတော်တော်ကို များသွားပေမယ့်လဲ စင်္ကာပူမှာဆက်ပြီးနေထိုင်ခွင့်ရတယ်၊ အလုပ်လဲရတယ်ဆိုတော့ မောဖို့တောင်မေ့နေတာပါပဲ။

Spass ကိုတော့တင်ထားခဲ့ပြီး ကျနော်ရန်ကုန်ကို နောက်ရက်မှာပဲ ပြန်သွားခဲ့ပါတယ်။ ရန်ကုန်ရောက်ပြီးပြီးချင်း အိမ်တောင်တန်းမပြန်ပဲ
စင်္ကာပူသံရုံးကိုသွားပြီး ပြန်ဝင်ဖို့ဗီဇာသွားဝင်ထားလိုက်တယ်။ အဲ့ဒီတုံးက ဘယ်လောက်မှတောင်တန်းစီစရာမလိုပါဘူး။ ရန်ကုန်မှာတစ်
ပါတ်ပဲကြာပြီး ပြန်မယ်လုပ်တော့ အပြန်လက်မှတ်အတွက် Confirm ပြန်လုပ်တာ မရဘူးဖြစ်နေပါတယ်တဲ့။ ကျနော်ခရီးသွားသမျှမှာပထမ
ဆုံးကြုံဖူးတာပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့ Go Show ဆင်းကြည့်ပါတဲ့။ ဘယ်တက်နိုင်မလဲ ပြန်ရမှာဆိုတော့ ဆင်းကြည့်ရတာပေါ့။
အဲ့ဒီမှာဖြတ်ပြောရရင် ကျနော်နိုင်ငံခြားခရီးတွေသွားရင် အိမ်ကမိသားစုက လိုက်ပို့လေ့မရှိပါဘူး။ တစ်ယောက်ထဲပဲ လေဆိပ်ဆင်းလေ့ရှိ
တာမှာ ဒီတခါမှ ဘာစိတ်ကူးပေါက်တယ်မသိ တစ်မိသားစုလုံးလိုက်ပို့ကြမယ်တဲ့။ သူတို့လိုက်ပို့ကာမှပဲ Go Show ဆင်းတာနဲ့တိုးပြီး
Business Class ကို Upgrade လုပ်ပါမယ်ဆိုတာတောင် ထိုင်ခုံကအပြည့်ပါတဲ့ဗျာ။ ဘယ်တက်နိုင်တော့မလဲ တစ်မိသားစုလုံး အိမ်ပြန်ကြ
ပေါ့။ နောက်နေ့မနက်အစောလေယာဉ်ကို Go Show ထက်ဆင်းကြည့်ပါတယ်။ လေယာဉ်ထွက်ဖို့ မိနစ် ၃၀ အလိုမှာမှ Booking ရှိထား
တဲ့ (၁) ယောက်မလာလို့ ကျနော်ထိုင်ခုံတစ်ခုံရလိုက်ပါတယ်။ ရန်ကုန်လေဆိပ်ကအသေးလေးဆိုပေမယ့် လဝက မှာကြာနေတာနဲ့
Boarding gate ကိုရောက်တဲ့အချိန်မှာ လူတွေအကုန်နီးပါး လေယာဉ်ပေးတက်နေပြီးနေပါပြီ။ ကျနော်လေယာဉ်ထိုင်ခုံပေါ်ထိုင်လိုက်တော့
မှာ နှဖူးကချွေးတွေ သုတ်ရတဲ့စီကိုရောက်ပါတော့တယ်ဗျာ။

စင်္ကာပူကိုပြန်ရောက်ပြီးနောက်တစ်ရက်မှာပဲ အလုပ်အသစ်ကိုစပြီးဝင်ပါတယ်။ အရင်လုပ်နေတဲ့သူရဲ့ နောက်ဆုံးနေ့မှာပါ။ Handover လုပ်
တာ တစ်ရက်ထဲနဲ့ပါ။ သင်စရာတွေရှိတာတွေ၊ သိမှတ်ရမှာတွေကို တစ်ရက်အတွင်းမှာ အမြန်ပြတ်အောင်လုပ်ရတာပါပဲ။ Computer
System တွေနဲ့ Account Software ကတော့ သိနှင့်နေပြီးသားဆိုတော့ ဘာမှအခက်အခဲမရှိပါဘူး။ ရုံးခန်းထဲမှာ ကျနော်တစ်ယောက်ပဲ
ရှိပါတယ်။ စားပွဲကလဲ (၂)လုံးပဲရှိတော့ တစ်လုံးက ကျနော်နဲ့ နောက်တစ်လုံးကတော့ စာဖိုမှူးချုပ်ရဲ့စားပွဲပါ။ အဲ့ဒီ Company ကတော့
အနောက်တိုင်းအစားအစာနဲ့ ကိတ်တွေကို နာမည်ကြီးကော်ဖီဆိုင်ကြီးတစ်ခုကို တင်သွင်းတာပါ။ အဓိက ကတော့ Pie လို့ခေါ်တဲ့အစာ
သွတ်မုန့်မျိုးစုံ၊ ကိတ်မုန့်အမျိုးအစားပေါင်းများစွာနဲ့ ကွတ်ကီးဘာညာတွေထုတ်လုပ်ပါတယ်။ ကျနော့်ရုံးကတော့ Production Office လို့လဲခေါ်လို့ရတဲ့ Office ပါ။ ရုံးခန်းအတွက်အခန်းလေးတစ်ခု ကန့်ထားပြီးအနောက်ပိုင်းမှာတော့ ဂျုံမှုံတွေနယ်တဲ့အခန်း၊ Hot Kitcken
လို့ခေါ်တဲ့ ဟင်းချက်တဲ့မီးဖိုတွေ၊ မုန့်ဖုတ်တဲ့ မုန်ဖိုကြီးတွေရှိတဲ့အခန်း၊ preparation room လို့ခေါ်တဲ့ထွက်လာတဲ့မုန့်တွေကို အပြီး
သတ်တဲ့၊ ကိတ်လှီးတာတို့၊ ဒီဇိုင်းဖော်တာတို့၊ သိမ်းစည်းဖို့ပြင်ဆင်တာတို့လုပ်တဲ့အခန်းရှိပါတယ်။ အဲ့ဒီအခန်းမှာပဲ စင်္ကာပူက Common
Room တစ်ခန်းစာလောက်ရှိတဲ့ Freezer အခန်းကြီးတစ်ခန်းနဲ့ Chiller အခန်းတစ်ခန်း (၂) ခန်းထပ်ရှိပါသေးတယ်။

ကျနော့်အလုပ်တာဝန်တွေကတော့ ထုံးစံအတိုင်း အော်ဒါတွေကို ပို့ဆောင်နိုင်ဖို့အတွက်စီမံရတာပါပဲ။ တစ်ခုပိုလာတာကတော့ ရှိနေတဲ့
ဝန်ထမ်းတွေရဲ့ လစာပေးမှုတွေ၊ Pass လျှောက်ထားမှုတွေကိုပါ ကိုင်တွယ်ရပါတယ်။ ငွေဝင်ငွေထွက် စာရင်းတွေနဲ့ ပေးရန်ရှိတာတွေ၊
ရရန်ရှိတာတွေကိုလဲ လုပ်ရပါတယ်။ ပို့ဆောင်ရမယ့် နေရာတွေအတွက်လဲ ကားမောင်းတဲ့သူကို အစီအစဉ်စွဲပေးရပါတယ်။ ဝယ်စရာရှိတဲ့
ကုန်ကြမ်းတွေကိုလဲ ဝယ်တဲ့တာဝန်ယူရပါတယ်။ နောက်ပိုင်းမှာ ယာဉ်မောင်းလိုင်စင်ရတော့ Driver ပြန်သွားပြီးအရေးပေါ်လိုအပ်တဲ့ အခါ
တွေမှာ Delivery Driver လဲလုပ်ရပါသေးတယ်။ လုပ်ငန်းကသေးတဲ့အတွက်လဲ လုပ်နိုင်တာပါပါတယ်။ မဟုတ်ရင်တစ်ယောက်ထဲ နဲ့ဒီ
လောက်အများကြီး ဘယ်လိုလုပ်မလဲဗျာ။

အဲ့ဒီမှာအလုပ်လုပ်ရတာ တစ်ခုကောင်းတာကတော့ ကျနော့်အလွန်ကြိုက်တဲ့ ကိတ်မုန့်အမျိုးပေါင်းများစွာကို စိတ်ကြိုက်စားလို့ရတာပါပဲ။
ဒါ့အပြင် စားသောက်ကုန်လုပ်ငန်း ဖြစ်တဲ့အတွက် နေ့လည်စာကိုပါကျွေးပါတယ်။ မနက်စာကို ကိတ်မုန့်လေးစား၊ Pie လေးစားလိုက်၊
နေ့လည်စာကို အနောက်တိုင်းစားဖိုမှူး၊ တရုတ်စာဖိုမှူးအလှဲ့ကျချက်ကျွေးနေတော့ စားသောက်ကောင်းပြီးလူလဲ အတော်လေးဝလာ
တော့တာပါပဲ။ အလုပ်လုပ်ပြီး (၃-၄) လလောက်အကြာမှာတော့ ဖတ်တီးမန်နေဂျာဟာ အလွဲသုံးစားတွေလုပ်နေတာ။ ထုတ်လိုက်တဲ့
Invoice တွေအတွက်ငွေတွေ ပြန်ဝင်မလာတာတွေစပြီးသိလာပါတယ်။ သို့သော်ကျနော့်ကိုတိုက်ရိုက်ထိခိုက်တာလဲမရှိ၊ သူဌေးရဲ့လူယုံလဲ
ဖြစ်တာကြောင့်ဘာမှဝင်မပြောဖြစ်ပါဘူး။ သူဌေးကလဲ အဲ့ဒီ Kitchen ကိုတစ်ပါတ်တစ်ခါပဲလာ၊ အတိုင်ပင်ခံဆိုတဲ့လူကြီးကလဲတူတူပါပါလာ
ပြီး လေတွေပန်းပန်းပြီးသာပြန်သွားပြီး လှည့်မကြည့်သလောက်ပါပဲ။ Internation Business park မှာဖွင့်ထားတဲ့ Western Style စား
သောက်ဆိုင်က ဝင်ငွေကောင်းတော့ အဲ့ဒီမှာပဲ အုပ်ချုပ်နေထိုင်နေတာပါ။

အဲ့ဒီလိုနေရင်းနဲ့ကနေ အလုပ်လုပ်တာ ၁ နှစ်ကျော်လာပါရော။ ကျနော်တို့ရဲ့ ဆိုင်ခွဲအသစ်ကိုလဲ Kallang Leisure Park လို့ခေါ်တဲ့
ဘယ်သူမှမသွာတဲ့၊ သွားရလာရအင်မတန်ခက်တဲ့ Shopping Centre မှာသွားဖွင့်ပါတယ်။ ဆိုင်အသစ်အတွက်ဝန်ထမ်းအသစ် အချိန်ပိုင်း
အလုပ်တွေခေါ်တော့ Air Bagan မှာအလုပ်တူတူလုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းမိန်းကလေးတစ်ယောက် တောင်ပါပါတယ်။ နောက်တော့ သူက
သူဌေးမနဲ့ လေပေးတွေဖြှောင့်ပြီး ဆိုင်မှာအမြဲတမ်းအလုပ်ရသွားတော့ ကျနော်လဲကိုယ့်အချင်းချင်းတွေ အလုပ်လုပ်ရတော့ အတော်လေး
ဝမ်းသာမိပါတယ်။ အဲ့ဒီလိုကနေ ကျနော့်စာရင်းတွေကို နှစ်ချုပ်စာရင်းလုပ်ဖို့အတွက် Audit လာပါမယ်တဲ့။ အဲ့ဒီတော့ တစ်နှစ်ပါတ်လုံး
ဖတ်တီးမန်နေဂျာ အလွဲသုံးစားလုပ်ထားတာတွေ၊ ကျနော့်မတိုင်မီကလုပ်ထားတာတွေအတွက် ပြသနာရှိလာပါပြီ။ အဲ့ဒီတွေ ကျနော့်မှာ
MYOB Account System တွေထဲမှာ ရှိနေတဲ့ Soft Copy Invoices တွေနဲ့ အပြင်မှာရှိတဲ့ Hard Copy Invoices တွေကိုကိုယ့်ဟာကို
စပြီး စစ်ဆေးကြည့်တော့၊ ပျောက်ဆုံးနေတဲ့ Invoices တွေအများကြီးတွေ့လာရပါတယ်။ တကယ်လို့ စာရင်းကိုဖျောက်ချင်တယ်ဆိုရင်
အပြင်က hard copy ကိုဖျောက်သလို၊ system ထဲက soft copy တွေကိုလဲ ဖျောက်ပစ်ရမှာပါ။ မလုပ်တက်လို့ထားထားတာလား။ မသိ
ချင်ရောင်ပဲဆောင်ထားတာလားဆိုတာတော့ သူကိုယ်တိုင်ပဲသိမှာပါ။ အဲ့ဒီ Invoice တွေရဲ့ တန်ဖိုးက ငွေ ၃ သောင်းကျော်ရှိပါတယ်။
အဲ့ဒီဟာကို သိပြီဆိုတာနဲ့ MYOB ထဲက Invoices တွေကိုအပြင်ကိုထုတ်သိမ်းထားလိုက်ပြီး၊ သူဌေးမနဲ့ သူ့အတိုင်ပင်ခံကို လျှို့ဝှက်ပြီ
အကြောင်းကြားထားလိုက်ပါတယ်။ ကျနော့်မှာ တစုံတစ်ယောက်ကို ထိခိုက်စေလို့တဲ့ ဆန္ဒမရှိပေမယ့် Audit လာစစ်လို့ ပြသာနာက
ကျနော့်စီရောက်လာမှာကိုတော့ မလိုလားပါဘူး။

ပထမပိုင်းမှာတော့ သူဌေးကသူ့လူယုံမို့ သူကကျနော်ပြောတဲ့ဟာကို အယုံအကြည်မရှိပါဘူး။ အတိုင်ပင်ခံလူကြီးကတော့ ကျနော်တင်ပြ
ထားတဲ့ စာရွက်စာတမ်းတွေ MYOB ထဲက Copy တွေကိုကြည့်ပြီး အပြည့်အဝကိုယုံကြည့်ပါတယ်။ အဲ့ဒီကနေ သူဌေးမက သူ့စားသောက်
ဆိုင်ဖက်ကို စစ်ဆေးကြည့်တဲ့ အခါမှာလဲ ငွေ ၂ သောင်းလောက်စာရင်း ပျောက်နေတာကိုတွေ့တော့မှ ပြသနာရှိနေပြီဆိုတာ သဘော ပေါက်တာပါ။ တစ်ရက်မှာတော့ ဖတ်တီးမန်နေဂျာကို သူဌေးက System ထဲက Invoice တွေစာရင်းပိတ်ပါလို့ ကျနော့်ရှေ့မှာပဲပြောလိုက်
ပါတယ်။ အဲ့တော့ သူကကျနော့်ကွန်ပြူတာကို သုံးမယ်ဆိုပြီးဖယ်ခိုင်းတော့ ကျနော်ဖယ်ပေးလိုက်ပြီး တခြားစားပွဲမှာ သွားထိုင်နေလိုက်ပြီး
သူဘာလုပ်သလဲ မသိမသာစောင့်ကြည့်နေလိုက်တော့ သူက MYOB ထဲက Invoice တွေကိုစပြီး ဖျက်ဖို့ကြိုးစားနေတာတွေ့ရတယ်။
၃ ယောက်ထဲရှိတဲ့ အခန်းလဲဖြစ်ပြီး စကားပြောရင်လဲ ကြားရမှာဆိုတော့ ကျနော့်မှာ note pad တစ်ခုပေါ်ကို သူဖျက်နေတယ်လို့ရေးပြီး
သူဌေးရှေ့မှာချပေးလိုက်တယ်။ သူဌေးက မျက်လုံးတွေပြူးသွားပြီး သူတစ်ခုခုရေးပြီး ပြန်ပေးတယ်။ ကျနော်ဖတ်လိုက်တော့ “ ဘယ်လို
လုပ်ကြမလဲ ” တဲ့။ ကျနော်က သူ့ကိုအကြောင်းတစ်ခုခုရှာပြီး အပြင်သွားခိုင်းလိုက် လို့ပြန်ရေးလိုက်တော့ သူဌေးက ဖတ်တီးကို အပြင်
သွားပြီး ဝယ်ဖို့လုပ်ထားတဲ့ freezer တစ်ခုသွားကြည့်ဖို့၊ အခုသွားဖို့ပြောပါတယ်။ သူထွက်သွားပြီးတာနဲ့ system ထဲက list တွေနဲ့
ကျနော်စစချင်း သိမ်းထားတဲ့ list ကိုယှဉ်ကြည့်တော့ Invoice ၂ ခုပျောက်သွားပါတယ်။ ကျနော်က system ကို lock လုပ်လိုက်ပြီး ဘယ်
နည်းနဲ့မှ ဖျက်မရအောင်လုပ်ထားလိုက်ရပါတော့တယ်။ တကယ်တော့ အဲ့ဒီလိုလုပ်လိုက်တာအပိုဖြစ်သွားရတာပါ။ ဘာဖြစ်လို့လဲဆို
တော့ ကျနော်ရုံးဆင်းသွားပြီးနောက် သူရုံးခန်းကိုပြန်လာ၊ သူဌေးနဲ့စကားများပြီးနောက် ရဲ ကိုသူကိုယ်တိုင်ပဲ ဖုံးဆက်ခေါ်ကာ ကိုယ်တိုင်
အဖမ်းခံလိုက်လို့ပါပဲ။ သူဌေးကတော့ ငွေတွေလဲဆုံးချင်ဆုံးပါစေတော့ အမှုကိစ္စ တွေမဖြစ်ချင်လို့ ရဲ ကို အမှုမဖွင့်ဖူးပြောပေမယ့် ရဲ က
ကိုယ်တိုင်အဖမ်းခံတဲ့ ကိစ္စ ဖြစ်တဲ့အတွက် ရဲ ကပဲတရားလိုလုပ်ပြီး အမှုဖွင့်တရားစွဲမှာ ဖြစ်ကြောင်းပြောလို့သူဌေးမှာလဲ စိတ်မကောင်း
စွာနဲ့ ပဲလက်လျှော့လိုက်ရပါတော့တယ်။

အဲ့ဒီ မန်နေဂျာပြသာနာပြီးသွားတဲ့ နောက်မှာတော့ သူဌေးက ကုလားတစ်ယောက်ကို အထွေထွေမန်နေဂျာ ဆိုတဲ့ ရာထူးကြီးကြီးပေးပြီး
ထပ်ဌားပါတယ်။ သူကတော့ ကျနော့်ရုံးမှာ ရုံးထိုင်ပါတယ်။ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး တဲ့ကိန်းကိုရောက်သွား
တော့တာပါပဲ။ ကျနော့်မှာလဲ သူသွားလိုတဲ့နေရာကို ကားမောင်းလိုက်ပို့လို့ Personal Driver ရာထူးပါထပ်ရသွားပါသေးတယ်။ သူက
တော့ သူလူတွေအလုပ်သွင်း၊ ရှိနေတဲ့လူတွေကို သိမ်းသွင်းနဲ့ (၃) လအတွင်းမှာပဲ ဘီလူးခေါင်းဇာတိပြလာပါတော့တယ်။ သူကတော့
ဟိုလို အလွဲသုံးစားမျိုးတော့ မဟုတ်ဖူး Company တစ်ခုလုံးသူ့လက်သူ့ခြေ ဖြစ်အောင်မတရားနည်း နဲ့လုပ်တယ်လို့ပဲ တိုတိုပြောရတာ
ပေါ့ဗျာ။ သူ့ကိုအရောင်းတွေပါ မြှင့်တက်လာအောင်၊ Contract အသစ်တွေရအောင် ခန့်ထားပေမယ့် တစ်နေ့တစ်နေ့ သူ့ကိစ္စ တွေပဲ
သူလုပ်လို့ (၃) လအထိဘာမှဖြစ်မလာပါဘူး။ ဒီတစ်ခါတော့တခါသေဖူးပြီးဖြစ်တဲ့ သူဌေးကလဲ လက်နှေးမနေတော့ပဲ သူ့ကိုအလုပ်က ထွက်ခိုင်း၊ သူ့လူတွေကိုလဲ ကျူပင်ခုတ်ကျူငုတ် မကျန်စေရဆိုသလို အကုန်ရှင်းပစ်ရတော့တာပဲ။ သူကတော့ အေးအေးလေးနဲ့ထွက်
မသွားပဲ (၃) လအတွင်းမှာ Company ကတရားဝင်အတိအကျမလုပ်ထားတဲ့ကိစ္စ တော်တော်များများကို သိသွားတော့၊ S Pass သမား
တွေမှာ လစာ ၁၈၀၀ အပြည့်မပေးတဲ့ကိစ္စ၊ သူ့လူတွေကို မတရားအလုပ်ထုတ်ပစ်တယ်ဆိုတဲ့ကိစ္စ တွေနဲ့ MOM ကိုသူကခေါင်းဆောင်
ပြီးတိုင်ပါတယ်။ ကျနော်တို့ဆိုင်ခွဲလေးတွေမှာ အချိန်ပိုင်းခန့်ထားတဲ့ private ကျောင်းသားတွေအတွက် တရားမဝင်အလုပ်သမားများ
ခန့်ထားပါတယ်ဆိုပြီး ICA ကိုတိုင်ပါတယ်။ Local အလုပ်သမားတွေအတွက်လဲ CPF ကိုအပြည့်အဝမပေးပဲ မလှိမ့်တပါတ်လုပ်ထားတယ်
ဆိုပြီး CPF ကိုတိုင်ပါတယ်။ အဲ့ဒါတွေမပြီးသေးဘူး ကျနော်တို့ freezer ကြီးတွေဟာ ကုန်ချောတွေသာသိုလှောင်ဖို့အတွက်ထားတာဖြစ်
တဲ့အတွက် အသားစိမ်းထားခွင့်မရှိပါဘူး၊ အဲ့ဒီအတွက် အသားစိမ်းထားတယ်ဆိုပြီး AVA ကိုတိုင်ပါတယ်။ ကျနော်တို့နဲ့ပတ်သတ်သမျှ
အစိုးရ Agency တွေအကုန်နီးပါးကိုတိုင် လိုက်တာပါ။ ကျနော့်ကိုလဲ သူ့နောက်ဆုံးလစာချက်လက်မှတ်လာပေးခိုင်းရင်းနဲ့ ကျနော်တင်
ထားတဲ့ PR Application ကိုထိခိုက်နိုင်တယ်ဘာညာ ခြိမ်းချောက်ပြောလိုက်ပါသေးတယ်။

သို့သော် MOM ကတော့ သူတို့ရဲ့ တိုင်တန်းချက်ဟာ ယုတ်တိမရှိပဲ အလုပ်သမားတွေ အလုပ်ထုတ်ခံရတိုင်း တိုင်လေ့ရှိတဲ့ တိုင်ချက်လို့ သဘောထားပြီး တိုင်ချက်ကိုပယ်ချလိုက်ပါတယ်။ CPF ကတော့ Company ရဲ့ CPF Account တွေကိုစစ်ဆေးကြည့်တဲ့ အခါအလုပ်သမား
တစ်ယောက်ကိုပေးဖို့ ၂၉ ကျပ်ကျန်နေတယ်ဆိုတာတွေ့လို့ ပေးဖို့အကြောင်းသာစာပို့ပါတယ်။ AVA ကတော့ သူတို့တိုင်တန်းချက်ရှိ
တဲ့အတွက်လာရောက်စစ်ဆေးမယ်ဆိုတဲ့ အကြောင်းကိုကြိုတင်အကြောင်းကြားတဲ့ အတွက်အစဉ်ပြေသွားပါတယ်။ ကျနော့်မှာတော့
တစ်ယောက်ထဲနဲ့ ချာလပတ်ရမ်းပြီး စိတ်ဓာတ်လဲတော်တော်ကိုကျသွားပါတယ်။ စင်္ကာပူမှာနေတဲ့ ကာလတစ်ခုလုံးမှာ ဒီတခုဟာ ကျနော့်
အတွက်စိတ်ဓာတ်အကျဆုံးလို့ ပြောရမှာပါ။ ဒါပေမယ့် ကျနော်တစ်ယောက်ထဲ အစွမ်းကုန်ကြိုးစားပြီးတစ်ဖက်ကတိုက်ခိုက်ခဲ့ သမျှကို
အောင်မြင်အောင်တွန်းလှန်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။ အဲ့ဒီအချိန်တုံးက ကျနော့်မှာ S Pass နဲ့ PR လျှောက်ထားတဲ့ အချိန်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာအမှားအယွင်းမှမရှိချင်ပါဘူး။ ပြီးတော့ တကယ်လို့တဖက်ကတိုက်ခိုက်တာတွေအောင်မြင်သွားလို့ Company မှာပျက်ဆီး
ရင်လဲ ကျနော့်မှာ pass လဲမရှိတော့ အလုပ်လဲပြုတ်ရမှာဆိုတော့ အလွန်စိုးရိမ်ရတဲ့ အခြေအနေတစ်ခုမှာပါ။

အဲ့ဒီလိုစိတ်ဓာတ်ကျ အလွန်စိတ်ပျက်နေတဲ့ အချိန်တစ်ခုမှာပဲ တစ်ရက်အိမ်ပြန်ရောက်လို့ စာအိတ်ပေါ်မှာ On Government Service
လို့တံဆိပ်ပါတဲ့ စာအိတ်ထူထူ တစ်ခုကိုရတဲ့အခါ ကျနော့် နှလုံးတွေအပြင်ကိုခုန်ထွက်မတက်ရင်ခုန်စွာနဲ့ စာအိတ်ကိုဖောက်ကြည့်ပါတယ်။
ဟိုးအရင်ကကြားဖူးတဲ့ စာအိတ်က ထူရင် Approve နဲ့ စာအိတ်ကပါးရင် Rejected ဆိုတော့ အခုစာအိတ်ကထူထူလေးဖြစ်တဲ့အတွက်
မျှော်လင့်ချက်ကတော့ အတော်ကောင်းမိတာပါ။ ကျနော်မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ Congratulation! ဆိုတဲ့စာသားနဲ့စတဲ့ ကျနော့်
PR Application ကိုလက်ခံတဲ့အကြောင်း ICA ကအကြောင်းကြားစာပါ။ ကျနော့် အိမ်မက်တစ်ခု အရမ်းကိုမျှော်လင့်ထားတဲ့အရာကို ကျနော် စိတ်ဓာတ်အကျဆုံးအချိန်တစ်ခုမှာရတဲ့အတွက် ဝမ်းသာမိတာ ကျနော်မျက်ရည်တွေ ပေါက်ပေါက်ကျတဲ့အထိပါပဲ။

ကျနော်အဲ့ဒီ Company ကနေ PR ရတဲ့အတွက်လဲ သူဌေးကိုအလွန်ကျေးဇူးတင်ပါတယ်။ သို့သော်လဲကျနော်တက်စွမ်းသမျှစွမ်းစွမ်းတမံ
ဆောင်ရွက်ခဲ့ပြီးပြီ၊ ကျနော့်ဘဝရဲ့ ရှေ့ရေးအတွက်ရှေ့ကိုဆက်လျှောက်ဖို့ ကျနော့် PR Process ပြီးလို့ Blue IC ကို လက်ခံရပြီးတာ
နဲ့ အလုပ်ထွက်စာကို ချက်ချင်းတင်ပြီး အလုပ်ကထွက်ခဲ့ပါတော့တယ်။ အဲ့ဒီကနေနောက်ပိုင်းကိုတော့ ကျနော်နဲ့ Airline Industry အပိုင်း
တွေကိုဆက်သွားတဲ့အတွက် ဆက်မရေးတော့ပါဘူး။ ယခု စင်္ကာပူမှာ (၅) နှစ်ပြည့်တဲ့အချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ ရုံးချုပ်ပေါင်းများစွာ ဖွင့်လှစ်ထားသော Japan Multi National Corporation ကြီးတစ်ခုမှာ လက်ရှိအလုပ်အကိုင်ကောင်းတစ်ခုကိုလုပ်ကိုင်နေပေမယ့် ကျနော့် ဘဝကို အောင်မြင်တယ်လို့တော့ မသတ်မှတ်ပါဘူး။ ဒီထက်မကအောင်မြင်အောင် ရှေ့ဆက်ပြီးကြိုးစား ရုံးကန်နေရအုံးမှာပါပဲခင်ဗျာ။ ။

ဖတ်ပေးကြတဲ့ သူများကို ကျေးဇူးအများကြီးတင်ပါတယ်။

Monday, May 30, 2011

စင်္ကာပူတွင် (၅) နှစ်ကြာသောအခါ အပိုင်း (၁)

မနှစ်ကတော့ စင်္ကာပူတွင် (၄) နှစ်ကြာသောအခါ ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်ထွက်ခွာလာခဲ့တာကစလို့ ပထမအစပိုင်းမှာ ဘယ်လိုနေထိုင် ခဲ့ရတဲ့အကြောင်းလေးတွေကို ချရေးထားတာပါ။ အခု (၅) နှစ်ပြည့်သွားပြန်တော့ ဘာရေးရမလဲလို့ စဉ်းစားမိတော့ ကျနော့်ရဲ့ စင်္ကာပူက
အလုပ်ရာဇဝင် ကိုရေးမယ်လို့စိတ်ကူးမိတယ်။

စင်္ကာပူကိုရောက်လျှင်ရောက်ပြီးချင်း ကျနော်နည်းလမ်းပေါင်းစုံနဲ့ အလုပ်ရှာပါတယ်။ အဓိက ကတော့နေ့စဉ်ထုတ်တဲ့ The Straits Times
သတင်းစာပါ။ Sunday ကလွဲပြီး၊ နေ့တိုင်းသတင်းစာဝယ်၊ Clementi ကပထမဆုံးနေခဲ့တဲ့ တိုက်အောက်မှာစာအုပ်တစ်အုပ်၊ ဘောပင်
တစ်ချောင်း၊ ဖုံးတစ်လုံးနဲ့ ကိုယ်ပစ်မှတ်ထားတဲ့ အလုပ်ကြော်ငြာတွေကိုဖတ်ပါတယ်။ ကိုယ်နဲ့သက်ဆိုင်ရာအလုပ်ကိုတွေ့လို့ e-mail နဲ့
လျှောက်ပါဆိုရင် သတင်းစာပေါ်ကကြော်ငြာကို ဝိုင်းထားလိုက်တဲ့အပြင် စာအုပ်ထဲမှာလဲ Job Title နဲ့ဆက်သွယ်ရမယ့် e-mail လိပ်စာ
နဲ့အခြား လိုအပ်မယ်ထင်တဲ့ ဖုံးလိပ်စာပါရင်တခါတည်းချရေးထားလိုက်ပါတယ်။ walk-in interview တို့၊ ဖုံးဆက်မေးမြန်းပါ စတဲ့
ကြော်ငြာတွေကိုလဲ တခါတည်းဖုံးဆက်ပြီး Interview လာလို့ရမရ၊ စတဲ့ကြိုတင်ချိန်းဆိုမှုတွေ ရအောင်လုပ်ပါတယ်။ အဲ့ဒီလိုမေးမြန်းရတဲ့
အခါမှာလဲ သူတို့ပေးတဲ့လိပ်စာအတိုင်းသွားဖို့ သူတို့ရုံးရဲ့အနီးဆုံး MRT Station၊ Bus စီးရမယ်ဆိုလဲ Bus No. စတာတွေကို မေးမြန်းရ
တာ နည်းနည်းတော့ အခက်အခဲတွေတွေ့ ရလေ့ရှိပါတယ်။ အဲ့ဒီတုံးကတော့ ကိုယ်က ဒီကနေရာတွေ၊ လမ်းတွေလဲမသိ အခုခေတ်လို
PDA တို့၊ အိုင်ဖုံး စတာတွေကနေ မြေပုံကိုလှမ်းကြည့်လို့လဲမရတော့၊ Street Directory စာအုပ်ကိုကိုင်ပြီး မြေပုံနေရာကိုရှာရတာပါ။

အဲ့ဒီလို လိပ်စာတောင်းရတဲ့အခါ စိတ်ရှည်ရှည်နဲ့ ပြန်ပြောပေးတဲ့ သူတွေရှိသလို၊ လိုရင်းတိုရှင်းပြောပြီး မြန်မြန်ဖုံးချပစ်လိုက်တဲ့သူတွေလဲ
တွေ့ဖူးပါတယ်။ ကိုယ်ကတော့ အလုပ်ရချင်တဲ့ဆန္ဒရှိတော့ သည်းခံစိတ်မွေးပြီး တက်နိုင်သမျှကြိုးစားနားထောင်ရတာပေါ့။ ကိုယ်သွားရ
မယ့်နေရာကိုများသောအားဖြင့်တော့ ကိုယ်အားကိုယ်ကိုး ပြီးရှာတာများပါတယ်။ အကယ်၍ ကိုယ်မသိရင်တောင် SBS Transit တို့၊ SMRT Hotline တွေကို ကိုယ်ရောက်နေတဲ့နေရာ ပြောပြီးသွားချင်တဲ့နေရာပြော သူတို့စီကနေ ဘယ် bus ကိုစီးလို့၊ ဘယ်မှတ်တိုင်
မှာဆင်းဆိုတဲ့ လမ်းညွှန်ချက်တွေနဲ့ ရောက်အောင်ကိုသွားတာပါ။ အခုနောက်ပိုင်းမှာတော့ အဲ့ဒီလိုတွေသိပ်မလိုတော့ပဲ Smart ဖုံးတွေနဲ့
တင်တော်တော် အလုပ်ဖြစ်ပါနေပါပြီ။

မနက်ပိုင်းမှာ ဖုံးတွေဆက်လို့ walk-in interview တို့၊ ရှိနှင့်နေတဲ့ appointment တို့ရှိမနေရင်တော့ရေချိုးအဝတ်အစားလဲပြီးClementi
Bus Interchange ကနေ NUS ကို Bus စီးပြီး အင်တာနက်သွားသုံးရတာ။ ညီမဝမ်းကွဲက Master Degree တက်တာပြီးသွားပေမယ့်လဲ
သူ့ Account က သုံးလို့ရနေသေးတော့ NUS က Compuer Lab ကိုသွား၊ ခုနကရေးမှတ်လာခဲ့တဲ့ အလုပ်လျှောက်ရမယ့် e-mail တွေကို
ပို့ပြီးအလုပ်လျှောက်၊ Lunch စားချိန်ရောက်တော့ ကျောင်းက canteen ကသက်သာတော့ အဲ့ဒီမှာပဲစားနဲ့ ကျနော့်ရဲ့စင်္ကာပူ ပထမလကို
အဲ့လိုဖြတ်သန်းလာခဲ့ပါတယ်။

ကျနော့်ပထမဆုံးရခဲ့တဲ့ Interview ကတော့ ပွဲစားတစ်ယောက်စီစဉ်ပေးတဲ့ Singapore Polytechnic Graduated Gult မှာ ပါ။ ဗျူးတဲ့
သူက ဘာဆိုဘာမှလဲ ထွေထွေထူးထူး တွေမမေးပဲ၊ မြန်မာနိုင်ငံရေးအကြောင်းတွေ ကျနော်နဲ့ ၁ နာရီလောက်ထိုင်ပြောပြီး ပြန်လွှတ်လိုက်
ပါတယ်။ ကျနော်လဲနောက်ပိုင်း အဲ့ဒီပွဲစားနဲ့သိပ်မပတ်သတ်တောပဲ ကိုယ်တိုင်အလုပ်ရှာ၊ ကိုယ်တိုင်အင်တာဗျူးသွားတော့တယ်ဗျာ။
မှတ်မှတ်ရရ တစ်ခုအနေနဲ့ အဲ့ဒီတုံးက လေကြောင်းနဲ့ပတ်သတ်တဲ့နေရာတွေမှာ အလုပ်လုပ်ဖို့ပိုစိတ်ဝင်စားနေတာဆိုတော့ စင်္ကာပူ
ရဲ့လေယာဉ်ပျံအသေးလေးတွေနဲ့ Private Plane တွေရပ်တဲ့ Selater Airport ဆိုတဲ့နေရာမှာ walk-in interview တစ်ခုရှိတာနဲ့ ကျနော်
အဲ့ဒီကိုလမ်းစရှာပြီးသွားရော၊ တကယ်တော့ စီးသွားတဲ့ bus ကလဲအမှန်တကယ်ကို အဲ့ဒီနေရာကိုသွားမှာပါ၊ လေဆိပ်အဝင်ဆိုင်းဘုတ်ကြီး
တွေ့တော့ ရောက်ပြီဆိုပြီး ကားပေါ်ကဆင်းလိုက်တယ်။ ဆင်းပြီးဝင်းထဲကို ဆက်လျှောက်ဝင်သွားတော့ လေဆိပ်မဟုတ်သေးမှန်းသိရော၊
ကျနော့်အထင်တော့ သိပ်မဝေးလှဖူးပေါ့ ဆိုပြီးဆက်လျှောက်နေလိုက်တယ်။ တကယ့်ကိုနေ့ခင်းနေ့လည်အချိန်ကြီးမှာပါ။ ကားတချို့
တလေမောင်းသွားတော့ ကျနော့်ကိုအထူးအဆန်း အနေနဲ့ကြည့်ကြည့်သွားကြတယ်။ လမ်းမှာလဲ ဘာအိမ်ခြေမှလဲမရှိ၊ လူလဲမတွေ့ပါဘူး။
ကျနော့်မှာလဲ လျှောက်လက်စကြီးဖြစ်နေတော့ နောက်ပြန်လှည့်ရင်လဲတော်တော်ဝေးနေပြီဆိုတော့ ဆက်လျှောက်တာပေါ့။ ကျနော့်စိတ်
ထင် မိနစ် ၃၀ ကျော်လောက်တော့ လေဆိပ်ဖက်ကို ဦးတည်မောင်းတဲ့ ကားတစ်စင်းက ရပ်ပြီးမေးတယ်၊ မင်းဘယ်သွားမလို့လဲတဲ့၊
ကျနော်က လေဆိပ်ကိုပေါ့၊ သူက ဟာ အဝေးကြီးလိုသေးတယ်၊ ငါလဲအဲ့ဒီကိုသွားမှာ လိုက်ခဲ့ဆိုပြီးခေါ်သွားတာ၊ ကားမောင်းတာတောင်
၁၀ မိနစ်လောက်နေမှ ရောက်သွားပါတယ်။ ကျေးဇူးတင်တဲ့အကြောင်း တကယ့်ကို လှိုက်လှိုက်လှဲလှဲ ပြောမိတာပါပဲ။ သူသာခေါ်မတင်
သွားရင် ကျနော်ဘယ်လောက်ထိလျှောက်ရအုံးမယ်မသိဘူး။ အဲ့ဒီအလုပ်လဲနောက်ဆုံးတော့ အင်တာဗျူးတောင်မရပါဘူး။

အဲ့ဒီလိုနေရင်းနဲ့ ကျနော့် စင်္ကာပူဘဝရဲ့ ပထမဆုံးအလုပ်ကို Boon Keng က Shower Gel, Shampoo,နဲ့ ခေါင်းကစလို့ ခြေဖျားအဆုံး Skin Care တွေထုတ်လုပ်တဲ့ Local Company တစ်ခုမှာ အလုပ်ရပါတယ်။ Sales Administrator ပါ။ တကယ်တော့ Sales Admin ဆိုတာဘာလုပ်မှန်း ကျနော်လုံးဝမသိပါဘူး။ ရုံးတစ်ခုလုံးရဲ့ Office ဝန်ထမ်းကိုကြည့်ရင်၊ Account Staff ဖြစ်တဲ့ Malaysian တရုတ်မ တစ်ယောက်၊ သူဌေးမရဲ့ညီမဖြစ်တဲ့ Sales Manager တစ်ယောက်၊ နေရာတကာအကုန်တက်ပြီး၊ အကုန်ပါတဲ့ ဘယ်လိုရာထူးမှန်းဖော်ပြ လို့မရတဲ့ နောက်တရုတ်မတစ်ယောက်၊ Production အတွက် Chemical တွေကိုဆက်ဟတ်ရတဲ့ Chemist လို့ခေါ်တဲ့ဓာတုကျွမ်းကျင်သူ Local တရုတ်မတစ်ယောက်နဲ့၊ ကျနော်နဲ့တူတူအလုပ်ဝင်တဲ့ Salesman Local တရုတ်တစ်ယောက်ပဲစုစုပေါင်း ကျနော် အပါအဝင် (၅) ယောက်ပဲရှိပါတယ်။ အဲ့ဒီတုံးကဆိုဘာဆိုဘာမှ နားမလည်တော့ Appointment Letter ရရကောင်းမှန်းမသိ၊ ဘယ်လိုရပိုင်ခွင့်တွေ ရရမှန်း
မသိပဲ အလုပ်ကိုလက်ခံခဲ့တာပါ။ ထုံးစံအတိုင်း S Pass လျှောက်ဖို့လုပ်ရာမှာလဲ အဲ့ဒီ Company က တခါမှမလျှောက်ဖူးတော့ ကိုယ်တိုင်
ကိုယ်ကျ S Pass လျှောက်ဖို့ကို manual နဲ့လျှောက်ပါတယ်။ အဲ့ဒီအချိန်တုံးက Company မှာလဲ Quota က ရှိနေတယ် ဆိုတော့ဘာ
ပြသနာမှ မများလိုက်ပဲ S Pass ကို လွယ်လွယ်လေးရလိုက်တယ်ဗျာ။ ကိုယ်တိုင်တွေပဲ လုပ်ရတဲ့အတွက် S Pass Application ကိစ္စတွေ
ကိုတော်တော်လဲ နားလည်သွားပါတယ်။

အလုပ်ချိန်က မနက်ကို (၈) နာရီကနေ ညနေ (၆) နာရီအထိနဲ့ Saturday and Sunday ပိတ်ပါတယ်။ နေ့ခင်းထမင်းစားချိန်ကို (၁) နာရီ
အတိအကျပဲ နားရတယ်။ အလုပ်ကတော့ စင်္ကာပူတစ်မြို့လုံးမှာရှိတဲ့ သူတို့ပစ္စည်းတွေတင်တဲ့ဆိုင်တွေ၊ Spa, Skin Care Centre စတာ
တွေကလာတဲ့ Order တွေကို process လုပ်ရတာပါ။ ဝင်လာတဲ့ order တွေကို ကုန်ချောပစ္စည်းထုတ်ပိုးတဲ့ ဌာနကိုပို့ရပါတယ်။ အဲ့ဒီဌာန
မှာတော့ တရုတ်ပြည်ကတရုတ်တစ်ကောင် ကိုခန့်ထားတယ်ဗျ၊ English လိုတစ်လုံးမှနားမလည်ပေမယ့် Code နံပါတ်တွေနဲ့ သူအလုပ်
လုပ်ရတာပါ။ အဲ့ဒီတရုတ်က သူဌေးရှိရင်တစ်မျိုး၊ မရှိရင်တမျိုးဆိုတဲ့ အစားထဲကပါ။ သူ့စီမှာ ပစ္စည်းကရှိရင်တော့ သူထုတ်ပိုးပြီးတာနဲ့
order စာရွက်ကကျနော့်စီမပြန်ရောက်လာလို့ရှိရင် ကျနော်က Invoice ကို MYOB Account System ကိုသုံးပြီး ထုတ်ပါတယ်။ သူ့စီမှာ
ပစ္စည်းကမလှောက်ဌဘူး ဆိုရင်တော့ Production Dept ကိုဆက်ပြီးလိုအပ်တဲ့ ပစ္စည်းကိုထုတ်လုပ်ပေးဖို့ ဆက်လုပ်ရပါတယ်။ သူတို့
လုပ်ထားတဲ့ System တွေအကုန်နီးပါးကို MS EXCEL သုံးပြီးအလုပ်လုပ်သွားတာပါ။ အဲ့ဒီမှာ အခက်အခဲတွေ့ရတာကတော့ ကျနော့်ကို
production plan လုပ်ခိုင်းတာပါ။ တကယ့်ကိုနားမလည်တဲ့ ကိစ္စပါပဲ။ မလုပ်တက်ဖူး မလုပ်ဖူးဆိုလဲမရပါဘူး။ အဲ့ဒီတော့ ကျနော့်မှာလဲ
သိသမျှတက်သမျှဖြစ်ညှစ်ပြီး planning ကိုလုပ်ရပါတော့တယ်။ အဲ့ဒီအလုပ်မှာ စိတ်ညစ်စရာအကောင်းဆုံးတစ်ခုကတော့ သူဌေးမက
မနက်ပိုင်းဆို တွေ့သမျှလူကို ဆူဆူပူပူလုပ်တာပါပဲ၊ ကျနော့်အလုပ်စားပွဲက ထိပ်ဆုံးမှာဆိုတော့ သူရုံးတက်လာတာနဲ့ ထိပ်ဆုံးစားပွဲဖြစ်တဲ့
ကျနော့်စားပွဲကနေ စပြီးကွိုင်တော့တာ နောက်ဆုံးစားပွဲဖြစ်တဲ့ Account ကိုဆူပြီးမှာ သူ့အခန်းထဲဝင်သွားတာပါ။ အဲ့ဒီလိုဖြစ်တာ တပါတ်
ကို (၃) ရက်လောက်တော့ဖြစ်ပါတယ်။ နေ့လည် (၁၂) နာရီကျော်ရင်ဖြင့် ဘယ်လိုကြီးလှတဲ့ ပြသနာဖြစ်ဖြစ် သွားပြောရင် ဘာမှမဖြစ်
တော့ပဲ အကုန်လျောလျောလျူလျူပါ။

နေ့စဉ်နဲ့အမျှအလုပ်သွားရင် တကယ့်ကိုမပျော်ပဲ ဒီနေ့တော့ဘယ်လို ပြသနာမျိုးနဲ့တွေ့မလဲဆိုပြီး ကျီးလန့်စာစားရတဲ့ ဘဝပါပဲ။
သို့သော်ကျနော့် post တစ်ခုမှာရေးခဲ့ဖူးသလို နေချင်တဲ့နေရာမှာနေရဖို့အတွက်၊ ကျနော်သည်းခံပြီး အလုပ်လုပ်ခဲ့တာ အဲ့ဒီမှာ (၁၁)လ
ကြာပါတယ်။ အဲ့ဒီအလုပ်မှာတော့ ကျနော်အရင်ကဘာဆို ဘာမှနားမလည်တဲ့ MYOB Account Software ကို Diploma တစ်ခုရတာထက်
အလွန်ကျွမ်းကျင်စွာ သုံးစွဲတက်သွားပြီး၊ အရင်က Excel ကို ဇယားစွဲရုံလောက်သာသုံးတက်တဲ့ ကျနော့်မှာ Excel Formula တွေနဲ့ အစီ
အစဉ်တကျ လုပ်ကိုင်နိုင်လာခဲ့ပါတယ်။ ဒါ့အပြင် ဗဟုသုတအနေနဲ့ သုံးစွဲနေတဲ့ Shower gel တွေဘာတွေဆိုတာလဲ ဘယ်ကနေဘယ်လို
ဖြစ်လာတယ်ဆိုတဲ့ ဇစ်မြစ်တွေကိုလဲ သိရှိလာခဲ့ပါတယ်။ အဲ့ဒီအလုပ်ကနေ ကျနော် နောက်အလုပ်တစ်ခုမရခင်ပဲ ဘယ်လိုမှနေထိုင်လို့မရ
တော့တာနဲ့ ထွက်စာတင်ပြီးထွက်ခဲ့ပါတော့တယ်။

နောက်အလုပ်တစ်ခုကလဲ Boon Keng မှာရေစက်မကုန်တော့ အရင်လုပ်ခဲ့တဲ့ ရုံးရဲ့တစ်လမ်းပဲခြားတဲ့ စာပုံနိုပ်စက်တစ်ခုမှာအလုပ်ပြန်ရပါ
တယ်။ အဲ့ဒီမှာလဲ Sales Co-Ordinator ပါ။ သူကတော့ ပုံနိုပ်စက်အလုပ်မှာ အဆင့်ဆင့်ထုတ်လုပ်ပြီး ကိုယ့် Client ကို နမူနာထုတ်ပြတာ၊
နောက်ဆုံးအတည်ပြုချက်တောင်းခံတာ စတဲ့ coordination အလုပ်တွေကိုအဓိကလုပ်ရတာပါ။ Sales Manager အမျိုးသမီးတစ်ယောက်
ကိုတိုက်ရိုက်အစီအရင်ခံ ရပြီး၊ များသောအားဖြင့်သူ့ client နဲ့ပတ်သတ်တာတွေပဲလုပ်ပေးရတဲ့သဘောပါ။ ခပ်တိုတိုပြောရရင်တော့ အဲ့ဒီ
အလုပ်မှာ (၄)လပဲကြာပြီး ကျနော်အလုပ်ထွက်ခဲ့ပြန်ပါတယ်။

အဲ့ဒီကနေပြီးတော့ ကျနော်သိပ်မကြာဖူး နောက်ထပ်အလုပ်တစ်ခုထပ်ရတယ်ဗျ။ Woodland က Pet Food တွေတင်သွင်းတဲ့ Company
ပါ။ အဲ့ဒီ Company က Secretary ကမြန်မာအမျိုးသမီးပါ။ ကျနော်အလုပ်စလုပ်ပြီး (၂) ရက်လောက်ကြာတော့ သူကကျနော့်ကို ဒီကနေ
S Pass လျှောက်ထားတာ ရဖို့မလွယ်ကြောင်း၊ တင်ထားတဲ့ Company က သေးသေးလေးဖြစ်ပြီးတော့ Quota လဲမရှိကြောင်း၊ မြန်မာ
အချင်းချင်းကိုယ်ချင်းစာလို့ ပြောပြတာဖြစ်ကြောင်း၊ ဒီကတင်ထားတဲ့ S Pass ကြောင့်ပေးထားတဲ့ stay ကိုယူပြီးတော့ နောက်ထပ်အလုပ်
ကိုရှာဖို့ အကြံပေးတာနဲ့ သူပြောသလိုပဲ ကျနော်ကအလုပ်ရှင်ကို pass မရှိပဲမလုပ်ရဲလို့ pass ကျမှလာလုပ်မယ်ဆိုပြီး ပြောပြီးတခြား
အလုပ်ကိုရှာရတာပေါ့။ အဲ့ဒီအမ ကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ နောက်တော့ တကယ်ပဲကျနော်တင်ထားတဲ့ Spass က Rejected
ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာကျနော့် stay pass ကကုန်ဖို့ ၂ ပါတ်လောက်ပဲကျန်ပါတော့တယ်။ နောက်အလုပ်တစ်ခုရဖို့ အပူတပြင်း
ကြိုးစားနေဆဲပါပဲ။




ဆက်ဖက်ဖို့ဆန္ဒရှိသေးရင် အပိုင်း (၂) သို့

Wednesday, April 20, 2011

၁၄ ကြိမ်မြောက် စင်္ကာပူ အထွေထွေရွေးကောက်ပွဲ


ပထမဆုံးပြောချင်တာတော့ ကျနော်ဟာနိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။ နိုင်ငံရေးကိုလဲ စိတ်ဝင်စားတဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ သူများနိုင်ငံရဲ့ နိုင်ငံရေးမပြောနှင့် အမိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုတောင် စိတ်ဝင်စားမှုမရှိပါဘူး။ သို့သော်ကျနော်တို့ လက်ရှိနေထိုင်နေတဲ့ နိုင်ငံရဲ့ ရွေးကောက်ပွဲ အခြေအနေ ကိုတော့ နည်းနည်းစိတ်ဝင်စားတာက တကြောင်း၊ ကျနော့်လို နည်းနည်း စိတ်ဝင်စားတဲ့သူများ ရှိရင် ဝိုင်းဆွေးနွေးကြရအောင် ကိုယ်တိုင်ရေး အာဘော်နဲ့ ချရေးထားတာလေးပါ။ အမှားအယွင်းများပါရင်တော့ ခွင့်လွှတ်ပါလို့ ကြိုတင်မေတ္တာရပ်ခံပါရစေ။

ဒီပိုစ့်ကတော့ ကျနော်တို့မြန်မာအများစုနဲ့တော့ တိုက်ရိုက်သက်ဆိုင်မှုမရှိလှပါဘူး။ သို့သော်လဲ ရွေးကောက်ပွဲ လေသံ တွေထွက် လာခါနီး အချိန်မှာတော့ ကျနော်တို့မြန်မာတွေကြားမှာ ပီအာ ချထားပေးမှုတွေ၊ အလုပ်အကိုင် ပါမစ်တွေချပေးမှုတွေနဲ့ ပတ်သတ်ပြီး ရွေးကောက်ပွဲ အပြီးမှာ ပြန်လည်ချောင်လည်လာလိမ့်မယ်ဆိုတဲ့ သို့လောသို့လော တွေးတော့ထင်မြင်ချက်တွေ ပေါ်ပေါက်လာ ခဲ့ပါတယ်။ ကျနော် ကိုယ်တိုင်လဲ အဲ့ဒီလို အချိန်အနည်းအများသာကွာမယ် အပြောင်းအလဲလေး တွေနည်းနည်း ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲ အတွက်ပြင်ဆင်မှုတွေ မစခင်ကစပြီး လက်ရှိအာဏာာရ ပြည်သူ့လှုပ်ရှားမှုပါတီ People's Action Party (PAP) အစိုးရကနေ နိုင်ငံခြားသား များအပေါ်ထားရှိတဲ့ ပေါ်လစီတွေ ပြောင်းလာတာတွေ့ရပါတယ်။ အကြီးအကျယ်တရားဝင် ပြောင်းလဲမှုကြီး တွေအနေနဲ့ SPass နဲ့EP တွေရဲ့ အခြေခံလစာလိုအပ်ချက်တွေတိုးမြင့်တာ၊ နိုင်ငံခြားသားအလုပ်သမားများဌားရမ်းခြင်း အတွက် အစိုးရ ကို ပေးရတဲ့ Levy ကြေးတွေ တိုးမြင့်တာ စတဲ့ပြောင်းလဲမှုတွေဖြစ်ပါတယ်။ တခြားတရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိပဲ ပြောင်းလဲတာ တွေကတော့ ပီအာချထားပေးမှုတွေ သိသိသာသာ ကြီးတင်းကြပ်လိုက်တာ၊ အရင်အစိုးရ ကျောင်းတွေက ကျောင်းပြီးပြီး ချင်း ပေးတဲ့ ပီအာကိုမပေးတော့တာတွေ၊ SPass ချထားပေးမှုတွေကို အရင်ကလိုအလွယ်တကူမပေးတော့တာတွေလို့ ကျနော်တော့ ထင်ပါတယ်။အစိုးရတစ်ခုရဲ့ ပေါ်လစီတစ်ခုဟာ ရွေးကောက်ပွဲပေါ်အခြေခံပြီး ပြောင်းလဲမှုမရှိနိုင်ဖူးဆိုတာကိုတော့ ဒုတိယဝန်ကြီးချုပ် ကိုယ်တိုင်အော်နေပေမယ့် အထက်ကပြောခဲ့တဲ့ အပြောင်းအလဲတွေဟာ ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်လာတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။

ဧပြီလ ၁၉ ရက်နေ့ကထုတ်ပြန်တဲ့ တရားဝင် ကြေငြာချက်အရ စင်္ကာပူပါလီမန်ကို စင်္ကာပူ သမ္မတကြီး က ဖျက်သိမ်းပေးခဲ့ပြီး ၁၄ ကြိမ် မြောက် အထွေထွေရွေးကောက်ပွဲ မဲပေးရက် ကိုတော့ မေလ (၇) ရက်နေ့ စနေနေ့မှာ ကျင်းပဖို့သတ်မှတ်လိုက်ပါတယ်။ အဲ့ဒီနေ့ကတော့ စင်္ကာပူအစိုးရရဲ့ တရားဝင်ရုံးပိတ်ရက်အဖြစ်လဲ သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီဟာကတော့ ကျနော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ရုံးပိတ်ရက်ကို ကြိုဆိုရမှာပါ။ နောင် (၅) နှစ်သက်တမ်းပါလီမန်အတွက် အမတ်နေရာ (၈၇)နေရာလျှာထားပြီး ယခင်၂၀၀၆ ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အမတ်နေရာထက် (၃) နေရာပိုများလာပါတယ်။ စင်္ကာပူနိုင်ငံသား မဲပေးခွင့်ရှိသူ 2.35 သန်း မဲပေးနိုင်မှာဖြစ်ပါတယ်။

အင်အားအကြီးဆုံးနဲ့ လက်ရှိအာဏာာရပါတီဖြစ်တဲ့ PAP ကတော့ လူငယ်မျိုးဆက်သစ်အမတ်လောင်းတွေ၊ အသိပညာရှင် အတက်ပညာရှင် အတွေ့အကြုံရှိ အမတ်လောင်းတွေ အပြင်၊ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပါတီရဲ့ ဖခင်ကြီး လက်ရှိ ဝါရင့်ဝန်ကြီး Mr. Lee Kuan Yew ကိုယ်တိုင်ပါဝင် ယှဉ်ပြိုင်အရွေးခံမှာဖြစ်ပါတယ်။ အတိုင်အခံပါတီများကလဲ မျက်နာသစ်ပါတီဝင်များပွဲထုတ်သလို နိုင်ငံရေး ကြေငြာစာတမ်းများထုတ်ပြန် ကတိကဝတ်များပြုပြီး သူတို့ယှဉ်ပြိုင်ရာမဲဆန္ဒနယ်မှာ အနိုင်ရရှိအောင် စည်းရုံးနေကြတာကိုလဲ တွေ့ရပါ တယ်။ သတိထားမိသလောက်ကတော့ အတိုက်အခံပါတီတွေဖက်က လက်ရှိအစိုးရအပေါ် နိုင်ငံခြားသားအလုပ်သမားအများအပြား ခေါ်ဆောင်ထားခြင်းကိစ္စ၊ အိမ်ခန်းဈေးတွေမြင့်တက်လာနေတဲ့ကိစ္စ၊ စတာတွေကို အခြေခံပြီးတိုက်ခိုက်တာကိုတွေ့ရပါတယ်။ အထင်ရှားဆုံး နိုင်ငံရေးပါတီကြေငြာစာတမ်းများအဖြစ် လက်ရှိအာဏာရပါတီ PAP ရဲ့ “ Securing Our Future Together ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့သလို ထင်ရှားတဲ့ အတိုက်အခံပါတီတစ်ခုဖြစ်သော Workers' Party ကလဲ “ Towards a First World Parliament ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေငြာစာတမ်းများ အပြိုင်ထုတ်ပြန်ခဲ့ကြပါတယ်။

မေလ (၇) ရက်နေ့ ရွေးကောက်ပွဲပြီးနောက် ကာလတစ်ခုမှာတော့ တက်လာမယ့်အစိုးရအသစ် ကနိုင်ငံခြားသား အလုပ်သမားများ၊ ပီအာကိစ္စများ၊ နိုင်ငံသားအသစ်ခံယူခြင်းကိစ္စများ အပေါ်ဘယ်လိုပြောင်းလဲသက်ရောက်မှု ရှိမလဲ၊ မရှိဘူးလဲဆိုတာကိုတော့ စောင့်ကြည့် လေ့လာကြရမှာပါ။