Tuesday, June 29, 2010

ကျနော်နဲ့ Singapore 2010 YOG အပိုင်း (၁)

ဒီကြောင်းအရာကိုတော့ကျနော် Singapore 2010 YOG မှာအစအဆုံးပါဝင်လှုပ်ရှားခဲ့တာကိုကျနော့်ရဲ့ကိုယ်ပိုင်မှတ်တမ်းအဖြစ်နဲ့ရော YOG 2010 အတွက်ကျနော်ပါဝင်ပတ်သတ်တဲ့ ဌာနကြီးမှာဘယ်လိုစီစဉ်ဆောင်ရွက်ကြတယ်ဆိုသူငယ်ချင်းတွေသိရအောင်မျှဝေတဲ့အနေ
နဲ့ အပိုင်းလိုက်ရေးသွားမယ်စိတ်ကူးထားပါတယ်။

အခုလာမည့် သြဂုတ်လ ၁၄ ရက်နေ့ကနေ ၂၆ ရက်နေ့ထိကျင်းပမယ့်ကမ္ဘာ့ပထမဆုံး Youth Olympic မှာစေတနာ့ဝန်ထမ်းပါဝင်ကူညီ
ဖို့အခွင့်အရေးတစ်ခုရခဲ့ပါတယ်။ ပွဲတော်ကြီး အစအဆုံး အောင်မြင်စွာကျင်းပဖို့အတွက် အသိပညာရှင် အတက်ပညာရှင် တွေ အမြောက်အများ လိုအပ်ကြောင်းကိုပြိုင်ပွဲကျင်းပခွင့်ရတဲ့စလုံးအစိုးရရဲ့ YOG websites တွေသတင်းမီဒီယာတွေကနေဖိတ်ခေါ်နေတာ ကြောင့်ကျနော်အွန်လိုင်းပေါ်ကနေပါဝင်ကူညီနိုင်ကြောင်းလျှောက်ထားချက်ကို ၁ လလောက်အကြာမှာ YOG ကော်မတီ က လက်ခံ ခဲ့ပါတယ်။ ကျနော်ရဲ့လက်ရှိအလုပ်အကိုင်၊ ယခင်ကပါဝင်ကူညီခဲ့ဖူးတာတွေနဲ့ပညာရေးဆိုင်ရာအချက်အလက်တွေကိုကိုးကားပြီးတော့ ကျနော်ကို Workforce Division တနည်းအားဖြင့် Human Resource လို့ခေါ်တဲ့လူစွမ်းအားအရင်အမြစ်တွေ ကိုစီမံခန့်ခွဲတဲ့ ဌာနကြီးမှာ တာဝန်ထမ်းဆောင်ဖို့အတွက်တာဝန်ပေးပါတယ်။ ပြီးတာနဲ့ online learning portaပေါ်ကနေဒီအိုလံပစ်နဲ့ပတ်သတ်တဲ့အကြောင်းအရာ တွေ၊ အရေးပေါ်အခြေအနေမှာဆောင်ရွက်ဖို့အတွက်အစီအစဉ်တွေနဲ့စလုံးနိုင်ငံကြောင်းအနည်းငယ်ကိုသင်ယူပြီး online ပေါ်ကနေပဲ Test ပြန်ဖြေပေးရတယ်ဗျာ။

YOG 2010 နဲ့ပတ်သတ်တဲ့အချက်အလက်အနည်းငယ်ကိုပြောရရင်ကမ္ဘာအနှံကအားကစားသမားပေါင်း ၃၆၀၀ခန့်၊ က အားကစားအမျိုး
ပေါင်း ၂၆ မျိုးမှာပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ Youth Olympic လို့ခေါ်တဲ့အတွက်အားကစားသမားများဟာ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အတွင်းဖြစ်ကြပါတယ်။ နိုင်ငံကိုယ်စားပြုအဖွဲ့တွေကိုဦးဆောင်လာမယ့်အရာရှိများနဲ့ပံပိုးကူညီသူများစုစုပေါင်း ၅၀၀၀ ကျော်၊ ကမ္ဘာအနှံမှသတင်းထောက်ပေါင်း ၁၂၀၀ ကျော်၊ စလုံးပြည်တွင်းနဲ့နိုင်ငံခြားမှစေတနာ့ဝန်ထမ်း ၂၅၀၀၀ ပါဝင်ကူညီသွားမှာဖြစ်ပါတယ်။
YOG ရဲ့ဖွင့်ပွဲအခန်းအနားနဲ့ပိတ်ပွဲအခန်းအနားကို Marina Bay မှာရှိတဲ့ရေပေါ် platform မှာကျောင်းသားကျောင်းသူများနဲ့အထင်ကရ
အားကစားသမားများအပါအဝင်လူပေါင်း ၇၀၀၀ ကနေပရိတ်သတ် ၂၈၀၀၀ခန့်ကိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဖွင့်ပွဲနဲ့ပိတ်ပွဲအခန်းအနား
လက်မှတ်တွေကိုတော့ကံစမ်းမဲစနစ်နဲ့ရောင်းချပြီးစီးကြောင်းသိရပါတယ်။ စလုံးမှာရှိတဲ့သူများကတော့တိုင်ရိုက်ထုတ်လွှင့်မယ့် TV အစီ
အစဉ်ကိုပဲအားပေးကြရမှာပါ။

လွန်ခဲ့တဲ့ဇွန်လဆန်းညနေပိုင်းမှာ YOG Volunteer ပထမဦးဆုံး training ကို YOG HQ မှာရှိတဲ့ခန်းမမှာပြုလုပ်တော့ညနေပိုင်းရုံးကနေ
တက်သုတ်ရိုက်သွားလိုက်ရတယ်။ ဟိုရောက်တော့ညစာက buffet ကျွေးတော့ဗိုက်ဆာနေတာနဲ့အတော်ပါပဲ။ ပြီးတော့ training မှာ ဘယ်လိုမျိုး HR support တွေပေးရမယ်ဆိုတာကိုအကြမ်းဖျင်းလေးပြောသွားပြီးတော့ကိုယ်တာဝန်ကျတဲ့နေရာကိုလဲထုတ်ပြန်ကြော်ငြာ
ထားတယ်ဗျ။ ကျနော်ကိုတော့ Kallang မှာရှိတဲ့ Indoor Stadium ကိုပို့ထားတာတွေ့တယ်။ အဲ့ဒီမှာကကြက်တောင်နဲ့စားပွဲတင်တင်းနစ်
ပြိုင်ပွဲလုပ်မှာဆိုတော့သိပ်တော့မဆိုးဘူးစိတ်တော့ဝင်စားစရာကောင်းပါတယ်။ ဒါမယ့်နေတဲ့နေရာနဲ့တော့နည်းနည်းလေးဝေးနေတယ်။
ခဏနေတော့လူလိုအပ်နေတဲ့နေရာတွေကိုပြောတယ်။ Youth Olympic Village (YOV)လို့ခေါ်တဲ့အားကစားသမားတွေ တည်းခိုမယ့် နေရာမှာလူလိုနေတယ်ဆိုတော့အဲ့ဒီကိုပြောင်းပေးဖို့ request လုပ်လိုက်တယ်။ YOV ကတော့ Nanyang Technology University (NTU) နဲ့ National Institute of Education (NIE) တို့မှာတည်ရှိပါတယ်။

နောက်နေ့ကြတော့ YOV ကိုပြောင်းပေးဖို့ခွင့်တောင်းတာ အစဉ်ပြေကြောင်းအီးမေးလ်နဲ့အကြောင်းကြားတယ်ဗျ။ တဆက်တည်း မှာပဲ ဇွန်လ ၂၆ ရက်နေ့နဲ့ဇူလိုင်လ ၃ ရက်နေ့တွေမှာလုပ်မယ့်ကိုယ်တာဝန်ယူရမယ့်အပိုင်းတွေအတွက်သင်တန်းတွေကိုတက်ဖို့၊ ဒါ့အပြင် ကိုယ်တာဝန်ယူရမယ့်နေရာမှာ ၁၂ ယောက်စီပါဝင်မယ့်အုပ်စုတစ်ခုအတွက်ခေါင်းဆောင်အဖြစ်ရွေးချယ်လို့ခေါင်းဆောင်မှုဆိုင်ရာ အထူးပြုသင်တန်းကိုတက်ဖို့အီးမေလ်းနဲ့အကြောင်းကြားတယ်။ ဖြစ်ချင်တော့ သူတို့တက်ခိုင်းတဲ့နေ့ က အိမ်ပြောင်းရမယ့်နေ့ ဖြစ်နေတော့အစဉ်မပြေဘူး၊ ဒါနဲ့သင်တန်းနှစ်ခုလုံးကိုလွန်ခဲ့တဲ့ weekend မှာစနေရောတနင်္ဂနွေရောတစ်နေကုန်တက်လိုက်ရတယ်။ အတော်တော့ပင်ပန်းသွားတယ်။ နှစ်ခုစလုံးကကိုယ့်လက်ရှိအလုပ်အကိုင်နဲ့personal lifeကိုပါအကြိုးပြုစေလောက်အောင် ကောင်းတယ် လို့ပြောရမှာပါ။ case study တွေကိုအဖွဲ့လိုက်ဆွေးနွေးခိုင်းပြီး၃၄ယောက် ရှိတဲ့အခန်းထဲမှာအုပ်စုလိုက် presentationတွေလုပ်ခိုင်းတာ။ ကျနော့်တို့အုပ်စုမှာတစ်ယောက်တလှည့်စီဆွေးနွေးပြရတာဆိုတော့ ကိုယ့် အလှည့်ကြတော့ငြင်းလို့အစဉ်မပြေဘူး။ ကျနော်မှာလဲ စီမံခန့်ခွဲမှုအမှုထမ်းတစ်ယောက်ဖြစ်ပေမယ့်ဒီလိုလူတွေအများကြီးကိုထရှင်းပြရတာကတော့ကျနော်အတွက်တော်တော်ကိုခက်ခဲစေပါ
တယ်။ဆွေးနွေးရမယ့်အကြောင်းအရာကိုမိနစ်ပိုင်းလေးအတွင်းမှာစာစီပြီး၊စာဖတ်သလိုမဖြစ်ရအောင်ရှင်းရတဲ့အလုပ်ကအတော်ခက်ပါ့ဗျာ ကျနော့်အုပ်စုအပါအဝင် တခြားအုပ်စုတွေမှာထရှင်းပြကြတာတွေကစလုံး တက္ကသိုလ်ကြီးတွေနဲ့ပေါ်လီကျောင်းသားတွေ များတယ် ဆိုတော့သူတို့ အတွက်ဒီလိုထရှင်းပြရတာဘာမှ အခက်အခဲမရှိပဲ ထမင်းစား ရေသောက် သလိုပြောဆိုသွားကြတော့ သတိထားမိ လိုက်တာ လေးတစ်ခုကကျနော်ကိုယ်ကျနော်အတော်လေးလိုအပ်နေပါလားဆိုတာကိုပါပဲ။

နောက်နေ့သင်တန်းကတော့ကိုယ်အဓိကတာဝန်ယူရမယ့်အကြောင်းအရာတွေနဲ့အရေးပေါ်အခြေအနေတွေမှာဘယ်လိုကိုင်တွယ်ဖြေရှင်း
ကြမလဲဆိုတာကိုrole play လုပ်ပြီးသရုပ်ဆောင်ကြရတာပါ။ဒါကတော့အတော်ကိုဟာသပါပဲ။ ဘယ်သူကမှရုပ်ရှင်သရုပ်ဆောင်တယောက်
လိုတော့သရုပ်မဆောင်နိုင်တဲ့အပြင်ဝိုင်းကြည့်နေကြတော့ရီချင်တဲ့စိတ်ကိုထိမ်းမရပဲတခန်းလုံးပွက်လုံးညံအောင်ရီကြနေကြရတာအတော်
ကိုပျော်စရာကောင်းတယ်ဗျ။ ကျနော်အဖွဲ့သရုပ်ဆောင်ရမယ့်ဇာတ်လမ်းက volunteer တစ်ယောက်ကမူးမေ့လဲသွားတာကြောင့်အရေး
ပေါ်ဆေးရုံပို့ရမယ့်ဇာတ်လမ်းပါ။ ကျနော်ကတော့ပြိုင်ပွဲကျင်းပတဲ့နေရာမှာရှိနေတဲ့ဆေးခန်းကအရေးပေါ်ဆေးပညာရှင်သရုပ်ဆောင်ဖို့
တာဝန်ယူရတယ်ဗျာ၊ခက်တာကဒီဆေးခန်းကလူတွေဘာလုပ်မှန်းတစက်မှမသိတော့အတော်ကိုဇာတ်တိုက်ယူလိုက်ရတယ်။ တကယ်တန်း
မဖြစ်မနေလုပ်ရတော့လဲရှက်တဲ့စိတ်တွေ၊ဒီလူတွေကြည့်နေကြပါလားဆိုတာတွေမေ့သွားပြီးတကယ့်ဇာတ်လမ်းထဲမှာပဲသရုပ်ဆောင်အစဉ်
ပြေအောင်ကိုယ့်ဇာတ်ကိုကသွားနိုင်ခဲ့တယ်။ ရီတော့ရီရတာပေါ့ဗျာ။

ဖတ်ဖို့ဆန္ဒရှိသေးရင် ကျနော်နဲ့ Singapore 2010 YOG အပိုင်း (၂)သို့

No comments:

Post a Comment