Wednesday, September 15, 2010

ကျနော်နဲ့ Singapore 2010 YOG အပိုင်း (၅)


YOG 2010 ပြီးတဲ့နောက်ပိုင်း မှာတော့အလုပ်တွေကများ၊ ရေးဖို့လဲအာရုံက မရတာနဲ့ အပိုင်း ၅ ကိုဆက်မရေးဖြစ်ခဲ့ပါဘူး။ ဒီနေ့တော့
လုပ်အားပေးကူညီခဲ့တဲ့ Volunteer တွေအတွက် ပါတီပွဲကို Sentosa Resort World မှာရှိတဲ့ Universal Studio Singapore မှာညပိုင်း
Private Event အနေနဲ့ပြုလုပ်မှာကို သွားရမယ်ဆိုတော့ YOG စိတ်ကလေး နဲနဲပြန်ဝင်လာလို့နောက်ဆုံးပိုင်းဖြစ်တဲ့အပိုင်း ၅ ကိုချရေးဖြစ်
သွားတာပါ။ ဒီအပိုင်းမှာတော့ ကျနော့်ရဲ့ အဓိကလုပ်ငန်းတာဝန်ပိုင်း ဆိုင်ရာတွေသိပ်ပါဝင်တော့မှာမဟုတ်ပဲ YOG Village ရဲ့နောက်ဆုံးနေ့
အတွေ့အကြုံ YOG ပြီးမြောက်ပြီး ကာလမှာသတင်းထုတ်ပြန်တာတွေနဲ့တချို့ဗဟုသုတ ရစရာအကြောင်းလေးတွေထည့်ရေးသွားဖို့
စိတ်ကူးထားပါတယ်။

ကျနော် တာဝန်ကျတဲ့နောက်ဆုံးနေ့ဖြစ်တဲ့ ၁၈ ရက်နေ့ကတော့ဘာဆိုဘာမှ မယ်မယ်ရရလုပ်ပေးစရာတွေမရှိတော့ပါဘူး။ ပတ်စာခွာဖျာလိပ်ဖို့ အဆင်သင့်အနေအထား မှာရှိနေတဲ့ရုံးခန်းကြီး၊ ရှိသမျှ TV and Entertainment တွေလဲမရှိတော့တာကြောင့် အဲ့ဒီအချိန်မှာ ခေတ်ထနေတဲ့အင်္ကျီလဲတဲ့ ကိစ္စတွေပဲလုပ်ဖို့ပြင်ဆင်ပါတော့တယ်။ ပွဲတော်ကြီးစခါစကတော့ PIN လို့ခေါ်တဲ့ နိုင်ငံကိုယ်စားပြု အမှတ်တံဆိပ် အသေးစားလေးတွေကို တစ်ယောက်နဲ့တစ်ယောက်လဲကြ၊ ဖြတ်သွားသမျှ တွေ့သမျှ အားကစား သမားတွေ၊ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တွေ နဲ့နည်းပြစတဲ့လူတိုင်း ကိုဒီပင်တွေ တောင်းကြပါတယ်။ Village Square မှာရှိတဲ့ Retail Zone မှာ PIN Trade Centre ဆိုတာကိုဖွင့်ပေးထားတော့ တချို့ပင်လေးတွေတော်တော်များများရှိ နှင့်တဲ့လူတွေကအဲ့ဒီ trade centre က စားပွဲလေးတွေမှာ သူတို့စီမှာရှိနှင့်တဲ့ပင်လေးတွေ နဲ့အလဲအလည်လုပ်ကြပါတယ်။ ကျနော်ကတော့ ကိုယ်တိုင်လဲဝါသနာမပါ၊ တစ်နေ့တစ်နေ့လက်မှတ်ထုတ်ပေးတဲ့အခန်း ထဲမှာငုတ်တုတ်ထိုင်ပြီး အလုပ်လုပ်ဖိလုပ်နေတာတွေ ကြောင့်ဒီပင်ကိုလိုက်တောင်းဖို့၊ အလဲအလည်လုပ်ဖို့တွေစိတ်မကူးမိပါဘူး။

တကယ်တော့သတိရသေးတယ်ဗျ၊ ကျနော့်အဖေ ကျနော်ငယ်ငယ်က နိုင်ငံခြားအားကစားပြိုင်ပွဲတွေသွားရင် အဲ့လိုပင်လေးတွေ အများကြီး ပါလာတက်တာကို၊ အဲ့ဒီတုံးကတည်းက သိပ်စိတ်မဝင်စားတော့ စုဆောင်းနေရင်၊ အိမ်ပြောင်းတဲ့အခါသယ်နေရမှာဆိုးတာလဲပါ
တယ်ဗျ။ အခုတော့ပင်လဲတဲ့ကိစ္စပြီးသွားတော့ဝ တ်ထားတဲ့အင်္ကျီတွေကိုလဲတဲ့ကိစ္စ ဖြစ်လာပါတယ်။ ကျနော် တအားကြီးစိတ်ဝင်တစားရှိလှ
တာမဟုတ်ပေမယ့် ဘာမှလဲလုပ်စရာမရှိမယ့် တူတူ၊ သူများတွေလုပ်သလို လုပ်ကြမယ်ဆိုပြီးကျနော်နဲ့နောက် Volunteer အမျိုးသမီးတစ်
ယောက်ရယ်ပေါင်းပြီး၊ ကျန်တော်တို့ရုံးခန်းထဲမှာကျန်ရှိနေတဲ့ YOG Logo ပါတဲ့ note pad တွေ၊ နာမည်တက်တဲ့တံဆိပ်ဝိုင်းတွေ၊ Poster
တွေ၊ ရသမျှပစ္စည်းတွေကိုယူ၊ ကျန်တဲ့ Volunteer တွေထဲကသူတို့လဲချင်တဲ့ပစ္စည်းတွေ၊ Uniform Shirt တွေယူပြီး အရမ်းစည်စည်ကား
ကားဆိုင်တွေဖွင့်ကြတဲ့ YOG Village ရဲ့လမ်းဘေးTrade Centre မှာ ကတ်ထူပုံး ၂ ပုံးချပြီးဆိုင်ဖွင့်လိုက်ကြပါတယ်။ လမ်းဘေး trade centre ဟာဗဟိုထမင်းစားဆောင် ကိုသွားတဲ့လမ်းမှာဆိုတော့ လာစားကြတဲ့နိုင်ငံစုံကလူတွေဖြတ်သွားဖြတ်လာလုပ်နေတဲ့အတွက်အလွန်
အချက်အချာကျပါတယ်။

ကျနော်တို့ဆိုင်မှာတော့ ဆိုင်းဘုတ်တစ်ခု ကပ်ထားလိုက်ပြီး iPhone Translator ရဲ့အကူအညီနဲ့ Russia ဘာသာ ပြင်သစ်ဘာသာ တွေနဲ့ပစ္စည်းအလဲအလည်လုပ်ကြောင်း ရေးထားပါတယ်။ တကယ်တော့ကျနော်တို့ကရေပန်းအစားဆုံး shirt ဖြစ်တဲ့ russia shirt ကိုလိုချင်လို့ပါပဲ။ Village ကြီးတစ်ခုလုံးကဘာကြောင့်မှန်းမသိ၊ ကျနော့်အထင်တော့ အရောင်နဲ့ဒီဇိုင်းလှလို့ဖြစ်မယ်ဗျ၊ ဒီ Russia Shirt ကိုပဲအသဲအမဲ လိုချင်နေကြပါတယ်။ Trade လုပ်တဲ့ဆိုင်တိုင်း ဟာငွေကြေးတစ်စုံတရာနဲ့ရောင်းချ၊ ဝယ်ယူလို့မရပါဘူး။ ကိုယ်ရဲ့ ပစ္စည်း နဲ့သူလဲချင်တဲ့ပစ္စည်း ကိုနှစ်ဦးသဘောတူလဲလည်ကြရပါတယ်။ ကျနော်တို့ ငွေကြေးမပေါ်ခင်ခေတ်ကိုပြန်ရောက် သွားကြတာပေါ့ဗျာ။ တချို့ယောင်္ကျားလေးအများစု ကြတော့ လဲတဲ့ နေရာထိတောင် မရောက်တော့ ပဲကြုံတဲ့နေရာမှာ အင်္ကျကိုယ်စီချွတ်ပြီး တခါထဲလဲ ဝတ်လိုက်တာလဲအများကြီးပါ။ မိန်းကလေးတွေကြတော့အိမ်သာထဲသွားလဲဝတ်ကြတဲ့အထိကိုရူးကြပါတယ်။

ကျနော်တို့ဆိုင်မှာတော့ shirt ထက် စာရင်တခြားအမှတ်တရ ပစ္စည်းတွေပိုအလုပ်ဖြစ်ပါတယ်။ ကျနော်တို့ HR Division ကနေပိုနေတဲ့ Uniform Shirt အသစ်တွေကိုတစ်ယောက်တစ်ထည်စီထုတ်ပေးထားတော့ဝတ်ထားတဲ့ shirt တွေကိုချွတ်လဲစရာမလိုတော့ပါဘူး။ ကျနော်
ကိုယ်ပိုင် Shirt ကိုတော့ Czech Republic T-shirt တစ်ထည်နဲ့လဲလိုက်ပါတယ်။ ကျန်တဲ့ပစ္စည်းပိစိလေးတွေလဲတော်တော်အလဲအလည်
လုပ်ကြရပါတယ်။ နေ့လည်စာစားချိန်ပြီးတော့လူလဲနည်းသွားပြီဆိုတော့ကျနော်တို့ဆိုင်ကို PIN Trade Centre ထဲကိုပြောင်းဖွင့်ကြတယ်
အဲ့ဒီမှာလဲတစ်နေကုန်နီးပါးကိုစည်စည်ကားကားပါပဲ။ ညနေပိုင်းပြန်ချိန်ရောက်တော့ရုံးခန်းကိုပြန်ပြီးရထားတဲ့ပစ္စည်းတွေကိုရှိတဲ့သူတွေ
မဲစနစ်နဲ့ ပြန်ခွဲပေးပြီးတဲ့နောက်မှာတော့ကျနော့်ရဲ့ VOG Volunteer တာဝန်ပြီးဆုံးခြင်းကိုရောက်ပါတော့တယ်။

အဲ့ဒီနေ့က ထူးထူးခြားခြားလေးတစ်ခုကတော့ ဆိုင်တွေမှာစည်ကားနေချိန်မှာ ရုတ်တရက်လုံခြုံရေးတိုးမြှင့်ပြီး Uniform ဝတ်မထားတဲ့
သူတွေပြန်လွှတ်တာတွေ၊ ရဲတွေ ၂ ယောက် ၃ ယောက်တစ်တွဲလှည့်တာတွေ၊ K9 တပ်ဖွဲ့အသုံးပြုပြီး ခွေးနဲ့ကင်းလှည့်တာတွေ၊ချောင်ကြို
ချောင်ကြားမကျန် လိုက်စစ်တာတွေချက်ချင်းကြီး ဖြစ်လာပါတယ်။ ဘာများဖြစ်တာလဲလို့ စုံစမ်းလိုက်တော့ အားကစားသမား တစ်ယောက် ရဲ့ ရထားတဲ့ဆုတံဆိပ်ကို တရုတ်တစ်ယောက်က လစ်ပြေးလို့လိုက်ရှာတာလို့ပြောပါတယ်။ ဘယ်လိုကောင်ကများ ကိုယ့်အရည်အချင်းနဲ့ကိုယ်ရထားတာမဟုတ်တဲ့ ဆုတံဆိပ်ကိုခိုးတယ် ဆိုတာစဉ်းစားလို့တောင်မရပါဘူး။ နောက်တော့ ဒီသူခိုးကို ပြန်တွေ့လား မတွေ့လားမသိရလိုက်ပါဘူး။ ဒီလောက်တင်းကြပ်နေတဲ့ လုံခြုံရေးနဲ့များပြားလှတဲ့ စီစီတီဗွီတွေကြား ကနေတော့ ဒီသူခိုး ရှောင်ပြေး ဖို့ဆိုတာသိပ်မဖြစ်နိုင်ပါဘူး။

သြဂုတ်လ ၁၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၁၃ ရက်တိုင်ကျင်းပခဲ့တဲ့ YOG Singapore 2010အတွက်အချိန် ၂ နှစ်တာမျှပြင်ဆင်ဖို့
အချိန်ယူခဲ့ပြီးစင်္ကာပူအစိုးရ၊ လူမှုဖွံ့ဖြိုးရေး၊ လူငယ်နဲ့အားကစားဝန်ကြီးဌာနကတာဝန်ယူကာ၊ လက်အောက်ခံကော်မတီကိုအစိုးရဌာနကြီး
တစ်ခုအဆင့် အနေနဲ့ဖွင့်လှစ်ပြီးအနီးကပ်ဦးဆောင်စေခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒီပွဲကြီးကျင်းပဖို့အတွက်အစိုးရရဲ့ ဘတ်ဂျက် စင်္ကာပူဒေါ်လာ သန်း ၁၀၀ သုံးဖို့ရည်မှန်းထားခဲ့ပြီး၊ အချိန်နီးကပ်လာတာနဲ့အမျှ ကုန်ကျငွေတွေတိုးတိုးကုန်လာပြီးနောက် ပွဲစတင်ကျင်းပ
အချိန်မှာတော့ဒေါ်လာ သန်း ၃၀၀ ကျော်လာခဲ့ပါတယ်။ ရှိသမျှလက်အောက်ခံ Division တွေဟာအတက်နိုင်ဆုံးလျှော့ချသုံးစွဲခဲ့တာတောင်
အသုံးပြုငွေဒေါ်လာ ၃၈၇ သန်းကျော်ကုန်ကျခဲ့ရပါတယ်။ ဝန်ကြီးဌာနရဲ့မှားယွင်း တဲ့တွက်ချက်မှုဟာ ဝန်ကြီးအတွက်ရင်ဆိုင်နိုင်ရဖွယ်ရှိတဲ့
ပြသနာတစ်ရပ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် YOG ဟာကုန်ကျငွေနဲ့တန်အောင် စင်္ကာပူအတွက် အလွန်ကောင်းမွန်တဲ့နိုင်ငံတကာအာရုံစိုက်မှုကိုခံ
ရတဲ့အပြင် ခရီးသွားအမြောက်အများ တိုးတက်ဝင်ရောက်လာခဲ့ပါတယ်။ YOG စတင်ခဲ့တဲ့ AUG 14မှာဆိုရင် စင်္ကာပူပြည်တွင်းမှ လူများ သုံးစွဲတဲ့ VISA အကြွေးဝယ်ကဒ်မပါပဲ နိုင်ငံတကာမှလာရောက်တဲ့ခရီးသွားများနိုင်ငံတကာသုံး VISA ကဒ်ဖြင့်သုံးစွဲခဲ့တဲ့ငွေပမာဏဟာ ဒေါ်လာ ၈ သန်းကျော်ဖြစ်ပြီး၊ ၁၂ရက်တာကာလအတွင်းမှာတော့ ဒေါ်လာ ၁၅၄ သန်းဖိုး VISA ကဒ်နဲ့သုံးစွဲခဲ့ကြပါတယ်။ YOG ကာလ အတွင်းမှာပြည်ပခရီးသွား ၄သောင်းကျော်ဝင်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။ ဒါဟာ YOG ကိုအခြေပြုပြီးစင်္ကာပူအစိုးရဖက်က ပြန်ရလာ တဲ့စီးပွားရေး တိုးတက်မှုရဲ့တစ်စိတ်တစ်ဒေသ ပဲရှိပါသေးတယ်။ ဝန်ကြီးတွေးထင်ထားခဲ့တဲအတိုင်း ပဲစက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါလီမန်ပုံမှန်အစည်းအဝေးမှာ ပါလီမန်အမတ်တစ်ဦးက " Beyond YOG- a Biennial Singapore Games " ဆိုတဲ့ခေါင်းစဉ် အောက်မှာဝန်ကြီး ကိုဘက်ဂျက်ကျော်လွန်သွားမှုအကြောင်း မေးမြန်းသွားခဲ့ပါတယ်။

YOG ကာလအတွင်း အထင်ကရ နံပါတ်များ ကိုလေ့လာမယ်ဆိုရင်တော့ -

၁ - ပထမဦးဆုံး လူငယ် အိုလံပစ်ပြိုင်ပွဲဖြစ်ပါတယ်။
၆ - အသက် ၁၇ နှစ်အရွယ် တရုတ်နိုင်ငံ မှရေကူးမယ် Tang Yi က ရွှေတံဆိပ် ၆ ခုတစ်ဦးတည်း ဆွတ်ခူးရရှိခဲ့ပါတယ်။
၇၀ - South Korea နိုင်ငံနဲ့Cook Island နိုင်ငံတို့ယှဉ်ပြိုင်ခဲ့တဲ့ Hand Ball ပြိုင်ပွဲမှာ S.Korea ကဂိုး ၇၀
သွင်းပြီးအနိုင်ရရှိခဲ့ပါတယ်။
၂၀၄ - နိုင်ငံပေါင်း ၂၀၄ နိုင်ငံမှ အိုလံပစ်ကော်မတီများ YOG မှာပါဝင်ခဲ့ပါတယ်။
၁၁၅၁ - ဆုတံဆိပ်ပေါင်း ၁၁၅၁ ခုချီးမြှင့်ခဲ့ပါတယ်။
၁၂၀၀ - သတင်းထောက်ပေါင်း ၁၂၀၀ သတင်းရယူခဲ့ကြပါတယ်။
၂၈၈၀ - စာပွဲတင် တင်းနစ် ပင်ပေါင်ဘောလုံးပေါင်း ၂၈၈၀ သုံးစွဲခဲ့ပါတယ်။
၄၂၀၀ - တင်းနစ် ဘောလုံးပေါင်း ၄၂၀၀ သုံးစွဲခဲ့ပါတယ်။
၅၆၀၀ - တစ်ရက်လျှင် ၅၆၀၀ သော အဝတ်လျှော်အိတ်များကို Village အဝတ်လျှော်စက်မှဝန်ဆောင်မှုပေးခဲ့ပါတယ်။
၆၀၀၀ - Singapore နဲ့ Haiti ဘောလုံးပွဲကိုလူပေါင်း ၆၀၀၀ အားပေးခဲ့ရာ၊ ပြိုင်ပွဲများအားလုံးအနက် အများဆုံး
ပရိတ်သတ် ရရှိခဲ့တဲ့ပမာဏ ဖြစ်ပါတယ်။
၂၀၀၀၀ - နိုင်ငံတကာနဲ့၊ ပြည်တွင်းမှာလုပ်အားပေး ၂၀၀၀၀ ပါဝင်ကူညီခဲ့ကြပါတယ်။
၃၇၀ ၀၀၀ - ပရိတ်သတ်ပေါင်း ၃၇၀ ၀၀၀ ပြိုင်ပွဲများကိုအားပေးခဲ့ကြပါတယ်။
၂၈၃ ၇၈၈ - ဝင်ခွင့် လတ်မှတ်ပေါင်း ၂၈၇ ၇၈၈ စောင်ရောင်းချနိုင်ခဲ့ပါတယ်။
၄၉၁ ၇၀၄ - Voulnteer များအတွက် အစားအစာ set ပေါင်း ၄၉၁ ၇၀၄ ဖြည့်စည်းပေးခဲ့ပါတယ်။
၁ ၂၈၈ ၀၀၀ - YOG ကာလအတွင်း Voluneer များနှင့် အားကစားသမားများ အများသုံးပို့ဆောင်ရေး အသုံးပြုခဲ့တဲ့ပမာဏ ဖြစ်ပါတယ်။
၂ ၁၄၄ ၈၃၂ - ပြိုင်ပွဲကာလအတွင်းအချိုရည် ၂ သန်းကျော် သုံးစွဲခဲ့ပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ပိတ်ပွဲအခမ်းအနား ကတော့ဘာမှမယ်မယ်ရရမလုပ်ပဲပြီးဆုံးသွားခဲ့တာတွေ့ရပါတယ်။ ငွေကုန်ခံပြီးလက်မှတ်ဝယ်
ထားတဲ့သူတွေတော့ ထိုင်ငိုမယ့်ကိန်းပါ။ မီးပန်းတွေကိုတော့ ဒေါ်လာငွေအမြောက်အများ အကုန်ခံပြီးဖောက်သွားတာတွေ့ရပါတယ်။
ဒုတိယအကြိမ်မြောက် YOG ကိုတော့ ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံ နန်ကျင်းမြို့မှာကျင်းပသွားမှာဖြစ်ကြောင်းသတင်းကောင်းပါးရင်း ကျနော့်ရဲ့ YOG မှတ်တမ်းကိုနိဂုံးချူပ်လိုက်ပါရစေခင်ဗျာ။

No comments:

Post a Comment