Sunday, June 23, 2013

စင်္ကာပူတွင် (၇) နှစ်ကြာသောအခါ အပိုင်း (၂) နောက်ဆုံးပိုင်း

အပိုင်း (၂) ပိုင်းခွဲမယ်လို့ စိတ်မကူးထားပေမယ့် ရေးချင်တာတွေ များနေလို့အချိန်အခက်အခဲကြောင့် (၂)ပိုင်းခွဲရေးဖြစ်လိုက်ပါတယ်။ ပထမပိုင်းမှာပြောလက်စ ဝန်ထမ်းရွေးချယ်ရေးနဲ့ ခန့်ထားရေးတို့အတွက် ဆက်ပြောရရင် အင်တာဗျူးခေါ်ဖို့ဆုံးဖြတ်လိုက်တဲ့ လျှောက်ထားသူကို ဖုံးခေါ်၊ ခေါ်လို့မရရင် အီးမေလ်းနဲ့ဆက်သွယ်ပြီး ဘယ်နေ့ဘယ်အချိန်မှာတော့ အင်တာဗျူးလာလို့ရမလားဆိုပြီး လှမ်းဆက်သွယ်ပါ တယ်။ (၂) ဖက်အစဉ်ပြေမယ့် ရက်နဲ့ အချိန်ကိုဆုံးဖြတ်ပြီးတာနဲ့ လျှောက်ထားသူကို အီးမေလ်းနဲ့ အင်တာဗျူးအချိန် နေရာနဲ့ ဘယ်လိုလာရမယ်ဆိုတာ အသေးစိတ်ရေးထားတဲ့ အီးမေလ်းကို ရုံးရောက်ရင် ဖြည့်ရမယ့် လျှောက်လွှာဖောင်နဲ့အတူ ပေးပို့လိုက်ပါတယ်။ ကိုယ်တိုင်ဖြည့်စွတ်ရမယ့် လျှောက်လွှာကို ကြိုတင်ပေးပို့ထားခြင်းကြောင့် (၂) ဖက်လုံးအချိန်ကုန်သက်သာပြီး ရုံးရောက်မှ ကသောကမျော ဖြည့်ရ တက်ထက်စာရင် အများကြီးကောင်းတယ်လို့ ယူဆပါတယ်။ ဒီနည်းကိုတော့ ကျနော်ရင်က အင်တာဗျူးသွားခဲ့ဖူးတဲ့ American MNC ကြီးတစ်ခုရဲ့ HR ကသုံးတာကို ပုံတူယူထားတာဖြစ်ပါတယ်။အင်တာဗျုးခေါ် တဲ့နေရာမှာ အထူးသဖြင့် အလုပ်ခေါ်ရခက်တဲ့ ရာထူးတွေအတွက် အင်တာဗျူးအချိန်နဲ့ ရက်ကိုတခါတယံမှာ ရုံးချိန်ပြင်ပတွေမှာ စီစဉ်ပေးတာတွေ၊ ကျနော်တို့ရုံးရဲ့ နေရာအနေအထား အရ လာရခက်တဲ့အတွက်လိုအပ်ရင် အနီးဆုံး ရထားဘူတာကို အကြိုအပို့လုပ်ပေးတာတွေကို အထူးဝန်ဆောင်မှုနဲ့လုပ်ပေးတာတွေ ရှိပါတယ်။

အလုပ်လျှောက်လွှာမှာတော့ ပိုမိုအသေးစိတ်တဲ့အချက်အလက်တွေ ကို ကိုယ်တိုင်ဖြည့်ခိုင်းခြင်းကြောင့် ပုံမှန်ပေးပို့လိုက်တဲ့ Resume ထက်ကိုယ်သိလိုတဲ့အကြောင်းအရာတွေ ကို အင်တာဗျူးမေးသူတစ်ယောက် အနေနဲ့ ကြိုသိရတာရယ်၊ ကိုယ်တိုင်လက်ရေးနဲ့ ရေးသားရတဲ့အတွက် လက်ရေးပေါ်မူတည်ပြီး လျှောက် ထား သူရဲ့ တိကျမှု၊ အသေးစိတ်ဂရုစိုက်မှုနဲ့ စိတ်နေစိတ်ထား တွေကို ကြိုတင်ခန့်မှန်းပါတယ်။ အဲ့ဒီနောက်တော့ အလုပ်လျှောက်ထားသူအတွက်အမှတ်ပေးစနစ် စာရွက်ကိုအလုပ်လျှောက်လွှာ နဲ့ အခြားအထောက်အပံစာရွက်စာတမ်း များနဲ့အတူ အင်တာဗျူးမေးမြန်းမယ့် ဌာနအကြီးအကဲ ဆီကိုပေးပို့လိုက်ပါတယ်။ လျှောက်ထားသူအတွက်အမှတ်ပေးစနစ် က တော့ အလုပ်လျှောက်ထားသူ ရဲ့ ဝတ်စားဆင်ယင်ပုံ၊ ရုံးထဲဝင်လာရင် ဧည့်ကြိုနဲ့ ဆက်ဆံစကားပြောပုံ၊ လျှောက်ထားတဲ့ အလုပ်နဲ့ပညာအရည်အချင်းဆက်စပ် မှုရှိမရှိ၊ အလုပ်အတွေ့အကြုံ၊ မေးမြန်းတဲ့မေးခွန်းတွေ ကို ပြန်ဖြေပုံ ဖြေနည်း၊ ကိုယ့်ကုမ္ပဏီကို စိတ်ဝင်စားမှု စတဲ့ အသေးစိတ်အချက်အလက် အခု (၂၀) ကို အမှတ်ပေးပြီး ဘယ်လောက်အမှတ်ရရင်တော့ ဖြင့်အလုပ်ခန့်ထားဖို့ စဉ်းစားမယ် မစဉ်းစားဖူးဆိုတာကို ဆုံးဖြတ်ပါတယ်။ နောင်ကျနော်သူငယ်ချင်းများ အင်တာဗျူးသွားခဲ့ ရင် ဧည့်ကြိုကိုလဲ ဂရုစိုက်ပါလို့ အကြံပြုပါရစေ။ အထူးသဖြင့် MNC အဆင့်လုပ်ငန်းကြီးတွေရဲ့ HR ဟာ အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ ကျနော်လက်ရှိအလုပ်လုပ်နေတဲ့ လုပ်ငန်းအဆင့်ကတော့ MNC အဆင့်မဟုတ်ပေမယ့် ကျနော့် အရင် လုပ်ငန်းအတွေ့အကြုံတွေ၊ လေ့လာသင်ယူခဲ့တာတွေ နဲ့ ပေါင်းစပ်ပြီး ကျနော့်ဌာနတစ်ခုလုံးရဲ့ စနစ်အလုံးစုံကို MNC လုပ်ငန်းကြီးများရဲ့ စနစ်အတိုင်းဖန်တီးထားပါတယ်။

ကျနော်စင်္ကာပူမှာနေထိုင်အလုပ်လာခဲ့တာ (၇) နှစ်ကြာတဲ့အခါမှာတော့ လက်ရှိအလုပ်ရှင်ရဲ့ မြှောက်စားမှုကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ရာထူးတစ်ခုနဲ့အတူလက်အောက်ခံအမှုထမ်းတွေကိုအုပ်ချုပ်ကွပ်ကဲရတဲ့ အချိန်အနေမျိုးဖန်တီးလာတဲ့နောက်မှာတော့ ကျနော့်ကိုအဓိက ကူညီပေးရတဲ့လက်ထောက်တစ်ယောက်ရပါတယ်။ ကျနော့်ရဲ့ ပထမဆုံးလက်ထောက်ကတော့ ကျနော်တိုက်ရိုက်ခန့်အပ်တာမဟုတ်ပဲ ကျနော့်သူဌေးကို တခြားတစ်ယောက်ကအကူအညီတောင်းတာကြောင့် အလွန်တရာမှ အကူအညီ ပေးလိုတဲ့ ကျနော့်သူဌေးက ဟိုဖက်ကလူဘာလုပ်တက်လဲ ဘာပညာအရည်အချင်းလဲ မေးမနေတော့ပဲ ခန့်ပေး ပါတယ်။ ကျနော်အလုပ်ဝင်ပြီး (၁) လအကြာမှာတော့ ကိုယ်တော်ချော က တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ စင်္ကာပူကို ရောက်လာပါတော့တယ်။ အဲ့ဒီမှာ တရုတ်လိုမတက်တဲ့ ကျနော်နဲ့ အင်္ဂလိပ်လို လုံးစေ့ ပတ်စေ့မတက်တဲ့ တရုတ်နဲ့ စခန်းသွားရပါတော့တယ်။ သူ့ရဲ့ နောက်ကြောင်းကိုကြည့်တဲ့အခါမှာတော့ ကိုယ်တော်ချောက Microtronic နဲ့ဘွဲ့ရထားတာပါတဲ့ဗျာ။ HR နဲ့မှ ပြဒါးတစ်လမ်းသံတစ်လမ်း ဆို သလို လားလားမှမအပ်ဆက်ပဲ ဘာ တစ်ခုမှ သုံးစားလို့မရပါဘူး။ ကျနော်သိတဲ့ တက်တာတွေကိုသင်ပေးရမှာ မစိုးရိမ်တက်တဲ့ ကျနော် တက်နိုင်သမျှသင်ပေးပေမယ့် သင်သလိုလဲ မလုပ်၊ ခိုင်းသလိုလဲ မလုပ်ပဲ၊ ဘာမှ သာမတက်တယ် ကိုယ့်တောင်ဆရာပြန်လုပ်ချင်ပါတယ်။ (၂) လကျော် (၃) လအကြာမှာတော့ ကျနော့်အထက်က သူဌေးကိုပြော အဲ့ဒီကနေတဆင့် လုပ်ငန်းပိုင်ရှင်သူဌေးကိုပြောပြီး စက်တွေနဲ့ သက်ဆိုင်တဲ့ ဌာနကို ပြောင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။ ကိုယ်တော်ချောက HR မှာ သက်သာနေတော့ မပြောင်းချင်ပေမယ့် အထက်အမိန့်ကြောင့်ပြောင်းပြီးတဲ့ နောက် (၁) လအကြာမှာတော့ တရုတ်ပြည်ကို အလုပ်ထွက်ပြီး   ပြန်သွားပါတော့တယ်။ သူပြီးတော့ ကျနော့်အထက်ကသူဌေးကို ကျနော်အလုပ်စမလုပ်မီထဲက အင်တာဗျူးလုပ်ထားဖူးတဲ့ မလေးတရုတ်ကောင်မလေး တယောက်ကသူ့ကို အလုပ်ရှိလားလှန်းမေးတော့ အစဉ်သင့်ရှိတာနဲ့ ခန့်ထားလိုက်ပါတယ်။ အသက်က (၂၆) နှစ်နဲ့ HR လုပ်ငန်းအတွေ့အကြုံအတော်များများ ရှိပါတယ်။ သူကတော့ စာရွက်စာတမ်းကိစ္စတွေ၊ MOM နဲ့ပတ်သတ်တာတွေကို အကုန်လုံးနီးပါး ကျနော့်ကိုကူညီလုပ်ကိုင်ပေးနိုင်ပါတယ်။ သူနဲ့ကတော့ ဘာပြသနာမှမရှိပေမယ့် ကျနော်ချမှတ်နေတဲ့ ပေါ်လစီတွေ စတင်အသက်ဝင်အကောင်အထည်ပေါ်လာတဲ့အထိ စိတ်ရှည်ပုံမရပါတာကြောင့် ကုမ္ပဏီမှာ စနစ်မရှိဖူးဆိုပြီး (၂)လအကြာမှာ အလုပ်ကထွက်သွားပါတော့တယ်။ လုပ်ငန်းကြီးတစ်ခုလုံးအတွက်ချမှတ်ရတဲ့ပေါ်လစီတွေဟာ ဒီနေ့ချမှတ် မနက်ဖန်မှာ အသက်ဝင်အကောင်အထည်ပေါ်လာတာမဟုတ်ပါဘူး။ အထူးသဖြင့် လက် ရှိ အလုပ်လုပ်နေတဲ့လုပ်ငန်းလို အရင်ကဝန်ထမ်းအမှုထမ်း အယောက်(၃၀) လောက်ရှိတာကနေဗြုန်းဆိုင်းဆို (၂၀၀) လောက်ဖြစ်လာတဲ့အခက် အပြောင်းအလဲကိုချက်ချင်းလက်ခံလို့မရတာရယ်၊လုပ်နေကျလုပ်ရုံးလုပ်စဉ်သာ အကောင်းဆုံးလို့ ထင်နေတာရယ်၊ ဌာနကြီးမှူးများက ဒီကုမ္ပဏီတစ်ခုမှာပဲ အလုပ်လုပ်ဖူးတဲ့အတွက် တခြားလုပ်ငန်းတွေ ဘယ်လိုအလုပ်ကြတယ်ဆိုတာ အတွေ့အကြုံမရှိတာတွေရယ်ကြောင့် အခုလို အပြောင်းအလဲ အသစ်အဆန်းပေါ်လစီတွေ ချမှတ်တဲ့အခါမှာ သူတို့အတွက် လက်ခံဖို့အချိန်ယူရပါတယ်။ ခုနကပြောတဲ့ မရွှေချောထွက်သွားပြီးတဲ့နောက်မှာတော့ ကျနော့်အတွက်လက်ထောက်ကို ကျနော်ကိုယ်တိုင်ရှာဖို့အခွင့်အရေးရလာပါတယ်။ ဒီတခါတော့ အလောတကြီးတွေမခေါ်တော့ပဲ အချိန်လေးယူပြီး အလုပ်လျှောက်လွှာတွေကို အသေးစိတ်စိစစ်လေ့လာပြီးတဲ့ အခါ အခုလက်ရှိကျနော့်လက်ထောက် စလုံးကောင်လေး တစ်ယောက်ကို အလုပ်ခန့်ထားနိုင်ခဲ့ပါတယ်။ HR နဲ့ပတ်သတ်တဲ့ လုပ်ငန်းအတွေ့အကြုံဘာမှမရှိပဲ အခုမှ စလုံးတပ်မတော်ကနေ (၂) နှစ်စစ်မှုထမ်းပြီးလို့ထွက်လာတဲ့အသက် က (၂၃) နှစ်ကောင်လေးပါ။ သူ့ရဲ့ ပညာရေးနောက်ကြောင်း ဟာ အမြင့်ကြီးမဟုတ်ပေမယ့် စင်္ကာပူနိုင်ငံထဲက ကျောင်းမြင့်မြင့်တွေကို ဝင်ခွင့်ရခဲ့ပြီး ဆက်မတက်ပဲ လက်ရှိပညာ အရည်အချင်းတစ်ခုမှာ တန့်နေခဲ့တာကြောင့် ပညာရေးနောက်ခံမမြင့်ပေမယ့် သင်ယူနိုင်မှုစွမ်းအားအတော်မြင့်မားပါတယ်။ တစ်ခုသင်ပေးပြီးရင် နောက်တခါထပ်သင်စရာမလိုပဲ ကိစ္စအဆုံးတိုင်အထိ အမြဲကူညီပေးပါတယ်။ အလုပ်လုပ်ပြီး (၂) လအကြာမှာ ထုံးစံမဟုတ်ပဲ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ပေးထားပြီးတဲ့ နောက် ယနေ့တိုင်ကျနော်နဲ့အတူအမှုထမ်းနေဆဲပါ။ ကျနော့် NYP မှာ တက်နေတဲ့ Specialist Diploma ရဲ့ ပထမဆုံးModule ရဲ့ Lecturer က လက်ချာတစ်ခုမှာ ပြောတယ်၊ ကိုယ်အတွက်လက်ထောက်ခေါ်မယ်ဆိုရင် HR နဲ့ပတ်သတ်တဲ့ အတွေ့အကြုံတစ်ခုမှမရှိတဲ့ သူကို ရှာခေါ်ပါတဲ့ သင်ရတာပိုလွယ်ပါလိမ့်မယ်တဲ့။ အမှန်တကယ်ကိုယ်တွေ့ပါပဲ။

စင်္ကာပူမှာ (၇) နှစ်ကြာတဲ့အခါမှာတော့ မြန်မာတွေအများကြီး နဲ့ တရုံးထဲတူတူအလုပ်စုလုပ်ရတာ မြန်မာပြည်က လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအတွက် မြန်မာဝန်ထမ်းများရှာပေးရတော့ မြန်မာအတော်များများ နဲ့ ဆက်ဆံရတာတွေ ပထမဆုံးအနေနဲ့ ဖြစ်လာပါတယ်။ ပျော်စရာလဲကောင်းသလို တခါတလေ မှာလဲပြသနာလေးတွေ နည်းနည်းပါးပါး ရှိပါတယ်။ သိတဲ့အတိုင်း HR ဆိုတာဌာနကြီးမှူးများအားလုံးအပြင်အလုပ်ရှင်သူဌေး တို့နဲ့ တိုက်ရိုက်စကားပြော၊ သူတို့ဖြစ်စေချင်တာတွေကို လုပ်ပေးဆိုတော့ တချို့အကြောင်းအရာတွေဟာ လုပ်ငန်းပိုင်းဆိုင်ရာ လျို့ဝှက်ရတာတွေရှိပါတယ်။ ကိုယ်ကသိနေတာတွေ ရှိတော့ တခါတလေ ကိုယ့်မြန်မာအချင်းချင်း ဆိုတော့အလွန်အကြွံတွေ မဖြစ်ရလေအောင် ထိမ်းသိမ်းသတိပေးတာတွေကို လုပ်ပေးပေမယ့် ကိုယ့်စေတနာ အတွက်သူများဝေဒနာဖြစ်တာတွေ ဖြစ်တော့သူ့ထိုက်နဲ့သူကံ လို့ပဲသဘောထားလိုက်ရတော့တယ်။ လွန်ခဲ့တဲ့ (၃) လလောက်က ကျနော်တို့ လုပ်ငန်းရဲ့ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီတစ်ခုက မြန်မာပြည်ရုံး အတွက် ဝန်ထမ်းများခန့်အပ်ဖို့ကူညီပေးဖို့ အကူအညီတောင်းတာကြောင့် စင်္ကာပူမှာ ဝန်ထမ်းအတော်များများ ရှာဖွေခန့်ထားရေးအတွက်လုပ်ဖြစ်တယ်။ အဲ့ဒီမှာ ဘာတွေ့လဲဆိုတော့ မြန်မာလူမျိုးများရဲ့ English Communication အတော်ကြီးကို ညံ့ဖျင်းသွားတာကိုပါ။ မေးတာနဲ့ဖြေတာတွေ တခြား၊ မလိုအပ်ပဲမတောင်းဆိုပဲ ရှိသမျှစာရွာက်စာတမ်းတွေ ထုတ်ပြတာ၊ ကျနော့်ဆီကို ဖုံးဆက်ပြီး မြန်မာအချင်းချင်း ကူညီပါဆိုပြီး ကူညီပေးခိုင်းတာ စသည့်ဖြင့် တခြားနိုင်ငံသားးတွေကိုအလုပ်ရွေးချယ်ခန့် ထားတဲ့အရာမှာမတွေ့ရတဲ့ အခက်အခဲတွေကိုရင်ဆိုင်ရပါတယ်။ မြန်မာပြည်အတွက်လစာ ဘယ်လောက်လိုချင်လဲ မေးရင် ဖြင့် ငွေ ၁၈၀၀ အောက်ကိုမလျှော့နိုင်ပေမယ့်အရည်အချင်းတစုံတရာမှမရှိတော့ ကိုယ့် အမိမြန်မာနိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်ဟာ အတော်ညံ့ဖျင်းသွားပါလားဆိုပြီး စိတ်မကောင်းဖြစ်မိတယ်။ Certificate ထက်ကိုယ်တကယ်ဘာလုပ်တက်လဲ ဘာအရည်အချင်းရှိလဲ ဆိုတာပို အရေးကြီးပါတယ်။ တကယ့်ကိုအရည်အချင်းပြည့်ဝတဲ့ မြန်မာတွေလဲ တွေ့ဖူးပါတယ်။ ဥပမာပြောရင် မြန်မာပြည်လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအတွက်စင်္ကာပူကနေ ခန့်အပ်ပေးလိုက်တဲ့ HR Executive တစ်ယောက် ဆိုရင် Communication ဆိုတာပြောစရာမရှိ၊ အရည်အချင်းဆိုတာလဲ တကယ့်ကို လုပ်နိုင်ကိုင်နိုင်တဲ့ တစ်ယောက်ပါ။ သူ့ကိုစင်္ကာပူကျနော့်ရုံးမှာ အင်တာဗျူးခေါ်တော့ ကျနော်က ကျနော့်လက်ထောက် ကောင်လေးကို သင်ပေးတဲ့အနေနဲ့ အင်တာဗျူးခိုင်းပါတယ်။ ကျနော်ကတော့ ဘေးကထိုင်ပေါ့။ ကျနော့်ကောင်က မေးခွန်းစစအဖွင့်ကို Tell Me more about yourself နဲ့စပါတယ်။ တကယ်ဆို အင်တာဗျူးမေးခွန်း တွေထဲမှာ ကျနော်အမုန်းဆုံး မဖြေချင်ဆုံးမေးခွန်းပါ။ လွယ်မယောင်နဲ့ခက်တဲ့မေးခွန်းဆိုတော့ ဒီကောင်ဘာကြောင့်ဒီလိုမေးခွန်းနဲ့ စရပါလိမ့်လို့တွေးနေတုံး ဖြေတဲ့သူက သူ့မေးခွန်းကို အကောင်းဆုံး အင်္ဂလိပ်စာ၊ အပြည့်စုံဆုံးအဖြေကို ဖြေသွားတော့ ကျနော့်ကောင်ဘာဆက်မေးရမှန်းမသိတော့ပဲ ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေတဲ့အခြေအနေကို ကျနော်အမြန်ဝင်ရောက်ကယ်တင်လိုက်ရတဲ့ အထိကို တော်တာပါ။

စင်္ကာပူမှာ (၇) နှစ်ကြာတဲ့အခါမှာတော့ (၈) နှစ်ကြာလောက်ရပ်နားထားတဲ့ ကျနော့်ရဲ့ ပညာရေးကို ပြန်လည်စတင်ဖြစ်ပါတယ်။ ကျနော့်ရဲ့ နောက်ဆုံးဒီပလိုမာကို မြန်မာနိုင်ငံ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကနေ ရယူပြီးတဲ့နောက်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဘာကျောင်းမှဆက်မတက်ဖြစ်ခဲ့ပါဘူး။ ကျနော်ဒီ HR လိုင်းဖက်ကိုသွားမယ်လို့ စိတ်ကူးထဲက စင်္ကာပူကကျောင်းတချို့မှာ ဘွဲ့လွန်ဒီပလိုမာ၊ အထူးပြုဒီပလိုမာ စတာတွေကို ဆက်တက်နိုင်ဖို့လျှောက်ထားခဲ့ပြီး NUS က(၁)ကြိမ်၊ Singapore poly က (၂) ကြိမ်ကျောင်းဝင်ခွင့်ပေးခဲ့သော်လည်း သူတို့သတ်မှတ်ထားတဲ့ ကျောင်းသားဦးရည်မပြည့်မှီတာကြောင့် သင်တန်း များမဖွင့်လှစ်နိုင်ခဲ့ပဲ ဒီနှစ် ၂၀၁၃ မှာတော့ Nangyang Polytechnic ကနေပထမဆုံးဖွင့်အကြိမ်အဖြစ်ဖွင့်လှစ်တဲ့ Specialist Diploma in Human Resources Management အထူးပြုဒီပလိုမှာသင်တန်း ကိုစတင်တက်ရောက်ဖြစ်ပါတယ်။ ကျောင်းလက်ခံပြီး ကျောင်းမဖွင့်ဖြစ်တဲ့ ယခင်အတွေ့အကြုံတွေကြောင့် ကျောင်းစတက်ပြီး စာသင်ခန်းထဲရောက်မှပဲ သြော်ငါတကယ်ပဲ ကျောင်းတက်ရပြီလား လို့ စိတ်ဒုန်းဒုန်းချနိုင်တော့တယ်။ မော်ဂျူး (၆) ခု ကို Semester (၂) ခုခွဲတက်ရပြီး (၉) လပဲ ကြာတဲ့ သင်တန်းဟာ အခုဆိုရင်တော့ First Semester ရဲ့ Last module ကိုရောက်နေပါပြီ။ သင်ကြားလိုက်တဲ့ ပညာရပ်တွေဟာ တချို့ကို ချက်ချင်းလက်တွေ့အသုံးချနိုင်သလို တချို့ကတော့ ကိုယ့်လုပ်ငန်းလို သေးသေးမွှားမွှား ကုမ္ပဏီ နဲ့ မအပ်ဆက်သေးတာတွေပါ။ ဒီသင်တန်းပြီးသွားရင်တော့ ဖြင့် ကျနော့်ဘဝလှေကားထစ်တစ်ခု ကို တဆင့်ထပ်တက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ကျနော့်ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။ ဖတ်ပေးတဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။ ။

Sunday, June 16, 2013

စင်္ကာပူတွင် (၇) နှစ်ကြာသောအခါ အပိုင်း (၁)

ကျနော့်ရဲ့ ပိုစ့်စီးရီးတစ်ခုဖြစ်တဲ့ စင်္ကာပူကို အခြေချနေထိုင်တဲ့ နှစ်ပတ်လည်ရောက်တိုင်း ကိုယ့်သမိုင်းကိုယ် ရေးတဲ့အနေနဲ့ရယ် ကိုယ်ဘာတွေဖြစ်ခဲ့တယ် ဘဝကို ဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆို တချိန်မှာ ပြန်ဖတ်လို့ရအောင် နဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း မိတ်ဆွေ စာဖတ်ပရိတ်သတ်များဖတ်ရအောင် ရေးဖြစ်ပါတယ်။ တချို့သူငယ်ချင်းတွေကတော့ comment ရေးတယ် ပျင်းစရာကောင်းတယ်တဲ့၊ ကျနော်လက်ခံပါတယ်၊ ကျနော့်အကြောင်းကျနော်ရေးတာ ဆိုတော့ ပျင်းစရာကောင်းမှာပါပဲ။ လွန်ခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ကတော့ ကျနော်စင်္ကာပူနိုင်ငံ ကို အခြေချနေထိုင် လာခဲ့တာ (၇) နှစ်မြောက် ရှိခဲ့ပါပြီ။ မဖြှောင့်ဖြူးသော ပန်းခင်းလမ်းမဟုတ်သော ကျနော့်ရဲ့ ဘဝ လှေကားထစ်များကို အခက်အခဲ များကြိုးစားအားထုတ်မှုများစွာနဲ့ လှေကားထစ် တစ်ခုစာ တက်လှမ်းနိုင်ခဲ့ပြီးလို့ နောက်ထပ် လှေကားထစ် တွေ ဆင့်ကဲတက်နိုင်ဖို့ ဆက်လက်ရုံးကန်သွားရအုံးမှာပါ။

ကျနော့်နောက်ဆုံးပိုစ့်တစ်ခုဖြစ်တဲ့ ဖြတ်သန်းခဲ့သော ၂၀၁၂ ခုနှစ်မှာ ကျနော်အလုပ်ပြောင်းရတဲ့ အကြောင်းရေးထားပြီးသားဖြစ်လို့ အသေးစိတ်ထပ်မရေးတော့ပါဘူး။ အမြဲလိုလို ရင်းနှီးနေတဲ့ retrenchment တို့ Layoff တို့ကို ကိုယ်တိုင် နဖူးတွေ့ဒူးတွေ ကြုံဖူးလိုက်ရတော့ အတော်ခါးသီးပါလားလို့ ခံစားမိပါရဲ့။ အကောင်းဖက်ကပြန်လှည့်ကြည့်မယ် ဆိုရင်တော့ အဲ့ဒီ retrenchment သာမရှိခဲ့ရင် ကျနော်လိုချင်တဲ့ career path ပေါ်ကို ဘယ်အချိန်မှရောက်မလဲ၊ ကျနော်လိုချင်တဲ့ decision making level အဆင့်မျိုးကို ဘယ်လို တက်လှမ်းရမလဲ ဆိုတာတွေ အတွက် အဖြေတကယ်ကိုမရှိခဲ့ပါဘူး။ မထင်မှတ်ပဲ ကြိုးစားပမ်း စားအလုပ်ရှာရင်းနဲ့ ရလာခဲ့တဲ့ အခုလက်ရှိအလုပ်အကြောင်း ကို ဒီပိုစ့်ရဲ့ အဓိကအကြောင်းအရာ အနေနဲ့ ရေးမယ်စိတ်ကူးထားပါတယ်။

လက်ရှိအလုပ်လုပ်နေတဲ့ အဆောက်အအုံ အတွင်းပိုင်းအလှဆင် ကန်ထရိုက်တာ တစ်ခုဖြစ်တဲ့ ကုမ္ပဏီဟာ လက်ရှိဝန်ထမ်းအလုပ်သမား အင်အား ၂၂၀ ရှိပါတယ်။ ၂၅%ကတော့ Management Staffs and Technical Staffs လို့ခေါ်တဲ့ ပရိုဂျက်တွေကို အုပ်ချူပ်ကွပ်ကဲရတဲ့ အုပ်ချူပ်မှုဆိုင်ရာဝန်ထမ်းတွေ၊ အလုပ်တင်ဒါတွေကို တွက်ချက်ရတဲ့ ကျွမ်းကျင်မှုဆိုင်ရာ ဝန်ထမ်းတွေ၊ ဝယ်ခြမ်းရေး နဲ့ စာရင်းပိုင်းဆိုင်ရာ တွေအတွက် ပံ့ပိုးအထောက်အကူပြုဝန်ထမ်းတွေ နဲ့ ကျန်တဲ့ ၇၅% ကတော့ တရုတ်ပြည်၊ မြန်မာပြည်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ(ခ်ျ) နိုင်ငံတွေက လက်သမား၊ ဆေးသုတ်သမား က စလို့ အလုပ်ကြမ်းအလုပ် သမားတွေပါ။ ဝန်ထမ်းအလုပ်သမား အင်အား ၂၂၀ အတွက် အုပ်ချုပ်မှုဆိုင်ရာ နဲ့ ပံပိုးမှုများအတွက် ကျနော်နဲ့ ကျနော့် လက်ထောက် အမှုထမ်း (၂) ယောက်ဟာ နေ့စဉ်နဲ့ အမျှ မရိုးနိုင်တဲ့ ပြသနာပေါင်းစုံ ကို ဖြေရှင်းကြရပါတယ်။ ဘယ်လိုပြသနာမျိုးတွေလဲ လို့ ဆိုရင် ၂၅% ရှိတဲ့ ဝန်ထမ်းများအတွက် အဓိက ပံပိုးပေးရတာကတော့ ဝန်ထမ်းရှာဖွေရေး နဲ့ ရွေးချယ်ရေးပါပဲ။ ဇူလိုင် (၂၆)ရက်နေ့ဆိုရင် ကျနော့်လက်ရှိကုမ္ပဏီမှာ အလုပ်လုပ် တာ (၁) နှစ်တိတိရှိခဲ့ပါပြီ။ ၁ နှစ်လုံးလုံး (၁) လမျှ မပြတ်လ တိုင်း ဝန်ထမ်းရှာဖွေခန့်ထားရေးကို လုပ်ကိုင်လာရတာပါ တကယ်တန်းပြောရရင် အတော်ကြီးငြီးငွေ့စရာကောင်းလှပါတယ်။ အဓိကဌာနကြီး တွေ ဖြစ်တဲ့ ပရိုဂျက်ဌာန၊ ကြူအက်(စ်)ဌာန၊ ဝယ်ချမ်းရေးဌာန တွေကတော့ ဝန်ထမ်းအဝင်အထွက် အများဆုံး ဖြစ်ပြီး တကယ်တော် တကယ်တက်လို့ အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းရှာရအခက်ဆုံး ဌာနတွေပါပဲ။ ဌာနတစ်ခုက ဝန်ထမ်းပြည့်သွားရင် နောက်ဌာနတစ်ခုက လိုပြန်ပြီ၊ အဲ့ဌာနပြီးလို့ အေးဆေးပြီကြံကာရှိသေး နောက်ဌာနတစ်ခုကထလာပြန်လို့ ကျနော်နဲ့ ကျနော့်လက်ထောက်က Tsunami wave တွေလို့ ခေါ်ပါတယ်။ လက်ရှိကမ္ဘာဟာ ကျွမ်းကျင်ဝန်ထမ်းများ အလုပ်ခန့်ထားနိုင်ဖို့ အလုအယက် ရှာရဖွေရ ခက်လွန်းတဲ့အတွက် Talent War လို့ခေါ်တဲ့အထိကို ပါပဲ။ ဒီ Talent War ထဲမှာ ကိုယ့်ကုမ္ပဏီ ဝန်ထမ်း ကောင်းတွေနဲ့ ရပ်တည်နိုင်ဖို့အတွက်ကတော့ retain talent strategy လို့ခေါ်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို ထွက်မသွားအောင် ထိမ်းထားနိုင်ဖို့အတွက် မဟာဗျုဟာကောင်းတွေ လိုအပ်ပါတယ်။ ကျနော့် ကိုယ်ပိုင်ပေါ်လစီကတော့ Retain Talent policy ပါ။ ပြသနာရှိနေတဲ့ ဝန်ထမ်းကို ထွက်သွားစေဖို့ သို့မဟုတ် ထုတ်ပြစ်ဖို့ ဆိုတဲ့ ပေါ်လစီဟာ ကျနော့်ရဲ့ နောက်ဆုံးမဖြစ်မနေ အခြေအနေမှာပဲ သုံးဖို့ ထားပါ တယ်။ ရှိနေတဲ့ ဝန်ထမ်းတွေကို ထိမ်းထားပြီး သူတို့ကိုပျော်အောင်ထားဖို့ နည်းလမ်းကောင်းတွေကို အသုံးချခွင့်ရအောင် ကျနော့် မန်းနေဂျင်းဒါရိုက်တာစီက အထောက်အပံ့ရဖို့ အစွမ်းကုန်ကြိုးစားရပါတယ်။ တခါတလေ မန်နေးဂျင်းကနေ အထောက်အပံ့ကောင်းလွန်းလို့ တခြားဒါရိုက်တာတွေက အမြင်ကတ်သည်အထိ ပါပဲ။ သို့သော် ဝန်ထမ်းတွေ မတည်မြဲ မထိမ်းနိုင်ဖြစ်နေရတဲ့ အကြောင်းအရင်း အဓိကအမှန်ကို သိပေမယ့်လဲ Change management Policy အပြောင်းအလဲတွေ ချက်ချင်းအသက်မဝင်နိုင်သေးတာကြောင့် ချမှတ်လိုက်တဲ့ ပေါ်လစီတွေ အသက်ဝင်လာအောင် အချိန်ကာလတစ်ခု တော့ စောင့်ရအုံးမှာပါ။

၇၅% ရှိတဲ့ အခြေခံအလုပ်သမား များစီက တက်လာတဲ့ ပြသနာအများစုကတော့ စည်းကမ်းနဲ့ပတ်သတ်တာတွေ၊ သူတို့နေထိုင်မကောင်းဖြစ်လို့ ဆေးရုံဆေးခန်းလိုက်ရတာတွေပါ။ ကျနော်က ဆောက်လုပ်ရေး လုပ်ငန်းမှာ ပထမဆုံးအလုပ်အတွေ့အကြုံဆိုတော့ အလုပ်သမား တွေ လစာဘယ်လောက်ရတယ် ဘယ်လိုနေထိုင်စားသောက်ကြတယ်ဆိုတာ အမှန်အတိုင်း ဝန်ခံရရင် အရင်ကမသိခဲ့ပါဖူး။ တကယ်တန်း ထဲထဲဝင်ဝင် သိလိုက်ရတဲ့ အခါမှာ သူတို့ရဲ့ ဘဝတွေက ဟိုးရှေးအခါက ငွေဝယ်ကျွန်လိုမျိုးအထိပါပဲ၊ ထားရာနေစေရာသွား၊ ပေးတာယူခိုင်းတာ လုပ် ပြန်မပြောနဲ့ ဆိုသလိုပါပဲ။ ကျနော် ပြောတဲ့အထဲမှာ တရုတ်ပြည် နဲ့ မြန်မာပြည်က အလုပ်သမားတွေမပါဖူး။ ဘင်္ဂလား နဲ့ အိန္ဒိယအလုပ်သမားများ ဟာ သူတို့တိုင်းပြည်ကနေ စင်္ကာပူမှာ အလုပ်လာလုပ်ရဖို့အတွက် အနည်းဆုံး ငွေ ၃၀၀၀ က နေ ၅၀၀၀ အထိပေးကြရပါတယ်။ ဒါတောင် ကျနော့်အလုပ်သမား အေးဂျင့်ကအနည်းဆုံးယူထားလို့ပါ။ အလုပ်စစဝင်ခြင်းမှာ အခြေခံလစာ စင်္ကာပူ ၁၈ ကျပ်ပဲရပါတယ်။ တလမှာ သူတို့ရဲ့ အိုဗာတိုင် ကြေးနဲ့ဘာနဲ့ဆိုရင် တလကို ငွေ ၇၀၀ ကနေ ၈၀၀ လောက်ပဲရပါတယ်။ အဲ့ဒီကနေ ၁၃၀ က နေ ၁၅၀ က ထမင်းစားရိတ်နှုတ်လိုက်ရင်ဖြင့် ငွေ ၅၀၀-၆၀၀ ပဲ သူတို့မှာကျန်ပါတယ်။ ဒီငွေကိုမှ သူတို့ဒီတိုင်းပြည်ကိုလာတဲ့ အခါ အေးဂျင့်ခပေးရတဲ့ ငွေအကြွေးပြန်ဆပ်၊ အတော်များများ ဟာ ပထမတစ်နှစ်မှာ အကြွေးဆပ်တာနဲ့တင်ကုန်ပါတယ်။ ကုမ္ပဏီကအလုပ်ကောင်းလို့ နောက်ထပ်စာချုပ်ထပ်ချုပ်ရင် သူတို့အတွက် မဟာအခွင့်အရေးကြီးတစ်ခုပါပဲ။ လစာငွေ ၁ ကျပ်တိုးဖို့အရေးကို အထက်က ဖိုမင်၊ ဆူပါဗိုက်စာကို မျက်နာလုပ်ရ၊ သူဌေးတွေမန်နေဂျာတွေဆူဆဲရင် ဘာတစ်ခွန်းမှ ပြန်မပြောပဲ အံကြိတ်နားထောင် ပြီး ဆောရီးကို အခါ ၁၀၀ လောက်ပြောကြရ တာပါ။ ဒီကုမ္ပဏီက အလုပ်မလိုတော့ လို့ တခြားကို ပြောင်းရမယ်ဆိုလဲ အလုပ်သမား သွားချင်လား မသွားချင်လားတွေ မေးမနေတော့ပဲ ပို့ဖြစ်တာ၊ သူတို့ခမျာလဲ ဘာကုမ္ပဏီလဲ ဘာအလုပ်လုပ်လဲ တောင် မမေးရှာပဲ အထုတ်လေးပိုက်လို့ နောက်ထပ်ပြောင်းရမယ့် ကုမ္ပဏီနောက်ကို လိုက်ကြရတာပါ။ ကျနော့်ကုမ္ပဏီသူဌေးဟာ တခြားအရာတွေမှာ မကောင်းတာရှိချင်ရှိမယ်ဒီအလုပ်သမား များ နဲ့ ပတ်သတ်လာရင်ဖြင့်အတော်ကြီးကောင်းပါတယ်။ ကျနော့်တို့ရဲ့ ကိုယ်ပိုင်အလုပ်သမားတန်းလျား ဟာဖြင့် စင်္ကာပူတစ်မြို့လုံးမှာ အကောင်းဆုံးလို့ ကျနော်အာမခံပြောနိုင်ပါရဲ့။ အိန္ဒိယ၊ ဘင်္ဂလားနဲ့ တရုတ်နိုင်ငံသားများ အတွက် TV အခန်း သက်သက်စီ (၃) ခန်းမှာ လက်မ ၄၀ LED TV တစ်လုံးကျစီ၊ ဗဟိုထမင်းစားခန်းမှာ ထမင်းစားရင်း အပန်းဖြေဖို့ LED TV တစ်လုံး၊ Computer (၅) လုံးနဲ့ အခမဲ့အင်တာနက်စင်တာ၊ ဒါတင်မကဖူး၊ ကိုယ်ပိုင်လက်တော့ရှိတဲ့ အလုပ်သမားတွေအတွက် Wi-Fi တောင်ဖွင့်ပေးထားသေးဗျာ။ ဒီလောက်ထိကောင်းအောင်လုပ်ပေးထားပေမယ့် တခါတလေ များ လူ့အလိုနတ်မလိုက်နိုင် ဆို သလို လိုအပ်ချက်တွေ ကိုတင်ပြပြီး တောင်းလာတာတွေ လဲ အများကြီးပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေများမှာတော့ သူဌေးက အလုပ်သမားတွေတောင်းဆိုတာ တော်တော်များမျာ ကို ဖြည့်ဆည်းပေးတယ်လို့ ကြားမိပေမယ့် ကျနော် ကိုယ်တွယ် ပြီးတဲ့နောက်မှာတော့ အလုပ်သမားများ အားလုံးကို တိုက်ရိုက်တောင်းဆိုခွင့်တွေ ပိတ်ပင်ပြီး လိုအပ်တာတွေ ကို စိစစ်ပြီးဖြည့်ဆည်းပေးပါတယ်။

အလုပ်သမားများ ကို သနားပေမယ့်လည်း တခါတလေမှာတော့ ဖြင့် ပြတ်ပြတ်သားသား ကိုင်တွယ်ရတာတွေ ကြုံရပါတယ်။ ကျနော့်ရဲ့ဌာန HR Dept ဟာ အလုပ်သမားများ အားလုံးရဲ့ အရေးကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းလေ့ရှိပါတယ်။ အလုပ်သမားများနဲ့ ပတ်သတ်ပြီး ပထမပိုင်းမှာ ကျနော်သဘောထားပျော့ပြောင်းစွာကိုင်တွယ်တော့ ကျနော့် မန်းနေဂျင်းက ပျော့လွန်းတယ်ဆိုပါတယ်။ ကျနော့်ရဲ့ Management Style က Soft Approach ကိုသုံးလေ့ရှိတော့ အလုပ်သမားများနဲ့ ပတ်သတ်လာရင်တော့ တိတိကျကျ နဲ့ Central Command Management စနစ်နဲ့အုပ်ချူပ်မှရနိုင်မယ်ဆိုတာ တဖြည်းဖြည်း နဲ့ သဘောပေါက်လာပါတယ်။ ဒီစနစ်နဲ့ ပထမဆုံးကိုယ်တွယ်တဲ့ ပြသနာက (၂) ခုပါ။ တစ်ခုကတော့ တရုတ်နှစ်ကူးအချိန်မို့လို့ သူဌေးရဲ့ ကိုယ်စားလှယ်ကနေတဆင့် အလုပ်သမား တွေကို အန်ပေါင်းပေးပါတယ်။ အလုပ်ကြိုးစားတဲ့ပေါ်မူတည်ပြီး စာအိတ်အနီထဲမှာပါတဲ့ ငွေ က ကွာပါတယ်။ အဲ့ဒီအလုပ်သမား တစ်ယောက်ကတော့ နေတာကြာတော့ လူပါးဝတဲ့အထဲပါတယ်ပေါ့ဗျာ။ အန်ပေါင်းရတော့ စာအိတ်ကို ဖွင့် ကြည့်ပြီး ပေးတဲ့လူရဲ့ရှေ့မှာတင် လွှင့်ပြစ်ပါတယ်တဲ့၊ သဘောကတော့ ပါတဲ့ငွေက မပြောပါ့လောက်ဖူးပေါ့ဗျာ၊ သူကသူ့ကိုယ်သူဒီထက်မက ပိုရထိုက်တယ်လို့ထင်ထားတာပါ။ တရုတ်ယဉ်ကျေးမှုအနေနဲ့ ပေးတဲ့ အန်ပေါင်းကို လွှင့်ပြစ်တယ်ဆိုတာ တနည်းအားဖြင့် ပုန်ကန်စော်ကားတာပါပဲ။ Report ရလျှင်ရချင်းပဲ ချက်ချင်းဆင့်ခေါ်ပြီး WP ကိုသိမ်း၊ အလုပ်ထုတ်ပြီး ဘင်္ဂလားပြည်ကို နောက်နေ့မှာပဲ ပြန်ပို့ပလိုက်ပါတယ်။ နောက်တစ်ယောက်ကတော့ ခုနက တစ်ယောက်နဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ အလုပ်သမား တန်းလျားက သူ့အိပ်ယာမှာ ရှုပ်ပွနေလို့ ဒဏ်ငွေချတာကို မကျေနပ်လို့ ဒဏ်ငွေချတဲ့ အမိန့်စာကို စုတ်ဖြဲပြစ်ပြီး ကျနော့် ရုံးအထိတက်လာပြီး စောဒကတက်ပါတယ်။ အလုပ်သမားများဟာ မဆင့်ခေါ်ပဲ ကျနော်တို့ရုံးပေါ်ကို တက်ဖို့အခွင့်မရှိပါဘူး။ ဒါလဲ ပုန်ကန်တယ်လို့စွဲချက်တင်ပြီး ချက်ချင်းအလုပ်က ထုတ်ပယ်ပြစ်လိုက် ပါတယ်။ အဲ့ဒီ (၂) ယောက်ကို ပြင်းပြင်းထန်ထန် အရေးယူပြီးတဲ့နောက်မှာတော့ဖြင့် ကျန်တဲ့အလုပ်သမား အားလုံး ငြိမ်ဝပ်ပိပြားသွားပါတော့တယ်။ စည်းရုံးရေးဆင်းပြီး ထိမ်းသိမ်းတဲ့နည်းလမ်းအနေနဲ့တော့ ဖြင့် လွန်ခဲ့တဲ့လ မှာ လုပ်လက်စ ပရိုဂျက်တစ်ခုကို ကြိုတင်အကြောင်းမကြားပဲ KFC တွေဝယ်ပြီးသွား၊ အလုပ်သမားများ နဲ့ အတူ သူတို့ဘင်္ဂလားထမင်းကို သူတို့နဲ့အတူကြမ်းပေါ်ထိုင်လို့သူတို့လို စက္ကူပေါ်မှာ ဟင်းရည်ဆမ်းပြီးစား စကားစမြည်ပြော တော့ သဘောတွေကျပြီး အလုပ်တွေအတော်ကြိုးစားလုပ်ကြရှာပါတယ်။

Management Staff လို့ခေါ်တဲ့ အုပ်ချူပ်မှုဆိုင်ရာ ဝန်ထမ်းများအတွက် ဝန်ထမ်းရှာဖွေခန့်အပ်ရေးဟာဖြင့် အင်မတန်မှ သိမ်မွေ့နက်နဲ ခက်ခဲလွန်းလှပါတယ်။ လစ်လပ်နေရာပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ် စေမပေါ်သည်ဖြစ်စေ အမြဲလိုလို သတင်းတွေကို ထောက်လှမ်းလေ့လာနေရပြီး၊ အလုပ်လိုအပ်ကြောင်းကြော်ငြာတွေကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပြီး အမြဲလိုလို ကြိုတင်ကြော်ငြာထုတ်ပြီး အလုပ်လျှောက်လွှာတွေကို လက်ခံထားလေ့ရှိရပါတယ်။ တခါတလေမှာတော့ ဝန်ထမ်းဖက်ကသူ့သဘောနဲ့ သူထွက်ကြသလို၊ အုပ်ချုပ်ရေးဖက်က မလိုလားတော့လို့ဖိအားပေးထွက်စေတာတွေ အတွက်သင့်တော်တဲ့ ဗျူဟာ အသေးလေးတွေအသုံးပြုရပါတယ်။ ဝန်ထမ်းခန့်အပ်ရေးအတွက် ကျနော့်ရဲ့ ကိုယ်ပိုင်ပေါ်လစီအနေနဲ့ ဘယ်နိုင်ငံသား၊ ဘယ်သူ့ကိုမှ မျက်နာမလိုက်ပဲ ကိုယ့်ကုမ္ပဏီအတွက် သင့်တော်တဲ့ ဝန်ထမ်းတစ် ယောက်ရရှိရေး ကိုပဲ ရှေးရှုပါတယ်။ သို့သော် စင်္ကာပူအစိုးရရဲ့ မူဝါဒအရ မဖြစ်မနေ ဦးစားပေးအနေနဲ့ စင်္ကာပူနိုင်ငံသားများကို အဓိကဦးစားပေးရွေးချယ်ခေါ်ယူရပါတယ်။ ဗဟုသုတ အနေနဲ့ပြောရရင်ဖြင့် ကျနော့်ရဲ့ စနေသတင်းစာ ကြော်ငြာတစ်ခုအတွက် ပုံမှန်အားဖြင့် အလုပ်လျှောက်လွှာ ၁၀၀ ကနေ ၂၀၀ အထိရလေ့ရထရှိပါတယ်၊ အထူးသဖြင့် ပရိုဂျက်ပိုင်းဆိုင်ရာ အလုပ်တွေခေါ်ယူတဲ့နေရာ၊ ကြူအက်စ်နေရာတွေ မှာပါ။ ဒီလျှောက်လွှာ အီးမေလ်း ပေါင်းများစွာအတွက် တခါတလေ နေ့တစ်ဝက်လောက်ထိအောင် ရှင်းရပါတယ်။ တခြား HR တွေတော့ မပြောတက်ဖူး ကျနော်ကတော့ အပေါ်စာလို့ခေါ်တာ့ Cover letter ကို အတိအကျ ဖတ်လေ့မရှိပါဖူး။ ဖတ်ဖို့လဲ အချိန်မရှိပါဖူး။ MS Outlook 2010 ရဲ့ MS Word Preview ကနေ လျှောက်ထားသူရဲ့ ကိုယ်ရေးအကျဉ်းကိုပဲ အမြန်ဖတ်လေ့ရှိပါတယ်။ ကိုယ်ပစ်မှတ်ထားတဲ့ လျှောက်ထားသူဆိုရင် နောက်ပိုင်းအလုပ်ရာဇဝင်ကို ဆက်ဖတ်ပါတယ်။ အဲ့ဒီမှာမှ ကိုယ့်အလုပ်လိုအပ်ချက်နဲ့ ကိုက်ညီတယ်လို့ယူဆရင် အင်တာဗျုးခေါ်ယူဖို့လျှာထားစာရင်းထဲထည့်လိုက်ပါတယ်။ ကျနော်ရဲ့ ပစ်မှတ်က ဖြင့် စင်္ကာပူနိုင်ငံသားကိုပဲ ခန့်ရမယ်ဆိုရင်တော့ ဖြင့် အချိန်ကုန်ခံပြီး လျှောက်ကြည့်မနေတော့ပါဘူး။ ကျနော့်ဖက်ကမြင်ရတဲ့ e-mail display name က အမည်ကိုကြည့်ပြီး ပမာဏရွေးချယ်မှုကို လုပ်ပါတယ်။ တခြားအလုပ်ရှာဖွေရေး website တွေကကြော်ငြာများအတွက်တော့ Auto Screen Function တွေပါတဲ့အတွက် ကိုယ်မလိုအပ်တဲ့ နိုင်ငံသားဆိုရင် သူ့အလိုလို ဖယ်ထုတ်ပြီးသားဖြစ်သွားတော့ ကိုယ် ဖတ်ရတာ သက်သာပါတယ်။ ခုနကပြောတဲ့ ပမာဏရွေးချယ်လိုက်တဲ့အထဲကမှ ထပ်ပြီး ၂ ယောက် သို့မဟုတ် ၃ ယောက်လောက်ကို သက်ဆိုင်ရာဌာနအကြီးအကဲဆီကို ပို့ပြီး အင်တာဗျူးဖို့ စိတ်ဝင်စား လား စိတ်မဝင်စားဖူးလားဆိုတာ ကို မှတ်ချက်တောင်းပါတယ်။ တချို့ ဝန်ထမ်းနေရာတွေကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပြီး အင်တာဗျူးခေါ်ပါတယ်။ စင်္ကာပူနိုင်ငံသား ခေါ်လို့မရလို့ နိုင်ငံခြားသားထဲမှာမှ တခြားနိုင်ငံ သားမရှိလို့ မြန်မာကိုမှ ပမာဏရွေးချယ်ထားတယ်ဆိုရင်တော့ တယ်လီဖုံးဆက်ပြီး ဖုံးအင်တာဗျူးအရင်လုပ်ကြည့်ပါတယ်။ ဖုံးထဲမှာ စကားပြန်ပြောနိုင်မှုပေါ်မူတည်ပြီး အင်တာဗျုးခေါ်ဖို့မခေါ်ဖို့ဆုံးဖြတ်ပါတယ်။

ဒီနေ့စာစရေးတာနောက်ကျသွားလို့ အပြီးသတ်ရေးမယ်စိတ်ကူးထားပေမယ့် မရေးနိုင်တော့လို့ စင်္ကာပူတွင် (၇) နှစ်ကြာသောအခါ အပိုင်း (၂) နောက်ဆုံးပိုင်းကို ကျနော်ရှေ့တပါတ်မှာကြိုးစားဆက်ရေး ပါ့မယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Tuesday, January 1, 2013

ဖြတ်သန်းခဲ့ သော ၂၀၁၂ ခုနှစ်


ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၂၀၁၂ ခုနှစ်ကို ကျနော်ဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆိုတာ မှတ်တမ်းတင်တဲ့ ကျနော့်
ဘဝမှတ်တမ်းသက်သက်ပါ။ ကျနော့် blog ကို ကြုံရင်ကြုံသလိုအားပေးကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမ တွေအားလုံး ၂၀၁၃ခုနှစ်မှာ သာယာဖြှောင့်ဖြူးတဲ့ ဘဝခရီးလမ်းကို လျှောက်လှန်းနိုင်ကြပါစေကြောင်း
နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သပါတယ်။

၂၀၁၂ ခုနှစ်ဟာ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနေတဲ့ ကျနော့်ဘဝ ကို နည်းနည်းလှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုတွေမဖြစ်ခဲ့ပေမယ့် ကျနော့်လိုချင်တဲ့ career path ပေါ်ကို အောင်အောင်မြင်မြင် မထင်မှတ်ပဲရောက်ရှိခဲ့တယ်လို့ မှတ်ယူရမှာပဲ။

၂၀၁၂ ခုနှစ်အတွင်းကိုတော့ ဘယ်နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲမှ မသွားပဲ အိမ်ကနေပြီးတော့ ၂၀၁၂ ခုနှစ်
အတွင်းကို ချင်းနင်းဝင်ရောက်ခဲ့ပြန်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာတော့ရန်ကုန်ကို အစီအစဉ်
တစ်စုံတရာမရှိပဲ ပြန်ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူတွေကို ကားပါမစ်ပေးမယ်ဆိုလို့ပါ။ အသေးစိတ် ကိုတော့ မဖတ်ရသေးတဲ့ သူများအတွက် ကျနော်နှင့်ကားပါမစ် ကိုသွားဖတ်ကြည့်နိုင်ပါတယ်။

၂၀၁၂ ခုနှစ် ဖေဖဝါရီမှာတော့ မိသားစုနဲ့အတူ ဟောင်ကောင်ကိုခရီးထွက်ဖြစ်ပါတယ်။ အဲ့တာလဲ တကယ် တန်းတော့ စီစဉ်ထားတဲ့ ခရီးစဉ်မဟုတ်ပဲ စင်္ကာပူမှာနေကြတဲ့ ကျနော့် ဝမ်းကွဲအမ နဲ့ ညီဝမ်းကွဲ တို့
ဟောင်ကောင်ကို အလည်သွားမယ်ဆိုတော့ ကျနော့်အမေကို ထည့်ပေးလိုက်မယ်ဆိုပြီး Cathay Pacific Promotion လက်မှတ်ကို ဝယ်လိုက်ပြီးကမှ မာမား ပါတ်စ်ပို့ ၆ လ သက်တမ်းမရှိတော့တာကို သတိထားမိ
ကြပါတယ်။ အဲ့ဒါနဲ့ လက်မှတ်ကို ပိုက်ဆံထပ်ပေးပြောင်းပြီးတော့ ကျနော်ပဲ လိုက်ပို့လိုက်တော့မယ်ဆို
တော့ ရန်ကုန်မှာရှိနေကြတဲ့ အဖေနဲ့ ညီမနဲ့ကလဲ သူတို့ပါလိုက်မယ်ဆိုပြီး ဂျီကျတာနဲ့ သူတို့ကို
ဘန်ကောက်ကတဆင့် ဟောင်ကောင်ကို လာ ကျနော်တို့ သားအမိ နှစ်ယောက်က စင်္ကာပူကနေသွားပြီး
ဟိုမှာဆုံကြပါတယ်။ ဟောင်ကောင်ရာသီဥတုက အေးနေတော့ ပါပါး သိပ်ပင်ပင်ပန်းပန်း မရှိပဲ သွားလာနိုင်
ပါတယ်။

၂၀၁၂ ခုနှစ် မတ်လထဲမှာတော့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ အမတစ်ဝမ်းကွဲ အလုပ်လုပ်တဲ့ US MNC ကြီးရဲ့
Singapore Office ကနေ အလုပ်ခေါ်တာကို သတင်းစာမှာတွေ့တော့ အမကိုလှန်းပြောပြီး လျှောက်မိပါ
တယ်။ အမေရိကန် MNC ကြီးတစ်ခုဖြစ်တာနဲ့ အမျှ ဖြတ်သန်းရတဲ့ အလုပ်လျှောက်ထားမှု အဆင့်ဆင့်ဟာ
ကျနော်ကြုံဖူးသမျှ အခက်အခဲဆုံးနဲ့ နောက်ဆုံး Shortlisted Interview Process ဟာလည်း ကျနော့်ဘဝ ရဲ့ အခက်အခဲ ဆုံး အင်တာဗျူး တွေပါပဲ။ အဲ့ဒီမှာ ကိုယ်ကိုကိုယ် ဘာကို သတိပြုမိသွားလဲ ဆိုတော့ ကျနော်
အတော်လေး တုံးသွားပါလား ဆိုတာပါပဲ။ Jurong Island ဆိုတဲ့ ကျွန်းပေါ်မှာ ထိုင်ပြီး နေ့စဉ် မပြောင်းလဲ
တဲ့ အလုပ်တွေလုပ်ပြီး တိုးတက်မှုတစ်စုံတရာ မရှိလာပါလား ဆိုပြီး သုံးသတ်မိပါတယ်။ ဒီ အင်တာဗျူး
မအောင်မမြင်ဖြစ်ခဲ့တာကိုလဲ အတော်ကြီးကို ဝမ်းနည်းမိပါတယ်။ အဲ့ဒီအလုပ်ကိုလျှောက်ထား ခဲ့တဲ့
အကြောင်း ကိုတော့ ကျနော့်တခြား အရင်က အင်တာဗျူးဖြေခဲ့တာတွေနဲ့ ပေါင်းပြီး
ကျနော့်နှင့်အင်တာဗျူးများ အပိုင်း ၁ ဆိုပြီး ရေးဖြစ်ပါတယ်။ အဲ့ဒီကစလို့ ကျနော်တော့ နေ့စဉ်ဒီလိုပဲသွား
နေရင် development ဖြစ်မလာနိုင်ဖူးလို့ ကောက်ချက်ချပြီး အလုပ်ကို ပြင်းပြန်းထန်ထန် ရှာပါတော့တယ်။
ဒါပေမယ့် အဲ့ဒီအခြေအနေကာလရဲ့ job market မကောင်းတာကြောင့်လား၊ ကိုယ်ပို့တဲ့ resume ကိုပဲ
စိတ်မဝင်စားတာကြောင့်လားတော့ မသိဖူး အင်တာဗျူး တစ်စုံတရာမှ မရခဲ့ပါဘူး။

မတ်လကုန်ပိုင်းမှာတော့ ဆွီဒင်အခြေစိုက် MNC တစ်ခုရဲ့ Singapore Office ကနေအင်တာဗျူးလာဖို့
ခေါ်ပါတယ်။ အင်တာဗျူးသွားတဲ့ တခါတလေများ ကျနော့်မိတ်ဆွေတွေ စိတ်ထဲမှာ ခံစားမိလားတော့ မသိဘူးဗျ၊ ရုံးထဲဝင်သွားလိုက်တာနဲ့ ကိုယ်အလုပ်လုပ်ရမယ့် ရုံး၊ ဒီအလုပ်ရလိမ့်မယ်လို့ လေ။ ကျနော့် အတွေ့အကြုံအရတော့ ကျနော်ခံစားမိတယ်။ အဲ့ဒီရုံးကိုရောက်ပြီးတော့ အင်တာဗျုးဖြေဖို့စောင့်နေရတဲ့အချိန်လေး
မှာပဲ ကျနော်တော့ ဒီအလုပ်ကိုရလိမ့်မယ်လို့ ခံစားမိတယ်။ အင်တာဗျုးကို Regional Director နဲ့  Finance & HR Manager ၂ ယောက်မေးပါတယ်။ ဘာမှထွေထွေထူးထူး ခက်ခက်ခဲခဲ တွေ မမေးကြပါဘူး။ သာမန် မေးရိုးမေးစဉ်မေးခွန်းတွေလောက်ပဲ မေးပါတယ်။ အသေးစိတ်ကိုတော့ ကျနော့် post series တစ်ခုဖြစ်တဲ့ စင်္ကာပူမှာ ၆ နှစ်ကြာသောအခါ မှာရေးထားပြီးသးဖြစ်လို့ ထပ်မရေးတော့ပါဘူး။

၂၀၁၂ ခုနှစ် ဧပြီလ (၃) ရက်နေ့မှာတော့ ကျနော် အလုပ်အသစ်ဖြစ်တဲ့ OSM Singapore မှာ အလုပ်စဝင်
ဖြစ်ပါတယ်။ အဲ့ဒီအလုပ်မှာလဲ Sankyu Singapore မှာနေခဲ့တုံးက ထက်ပိုပြီး အားလာတယ် အချိန်အပိုနဲ့
လေ့ကျင့်ခန်းလုပ်တဲ့အချိန်ပိုရလာပါတယ်။ မနက်ပိုင်းရုံးမသွားမီနာရီဝက်လမ်းလျှောက်၊ ရုံးကပြန်ရင်ရေကူး
နဲ့ အတော်လေးအစဉ်ပြေပါတယ်။ အဲ့ဒီအလုပ်မှာတော့ ကျနော့် Professional Experience အပြင် ကိုယ်
ပိုင်အတွေ့အကြုံတွေနဲ့ လုပ်ငန်းတွင်းမှာ အတော်အစဉ်ပြေပြေ လုပ်နိုင်ပေမယ့်၊ တချို့အပိုင်းတွေမှာတော့
အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတာ သတိထားမိပါတယ်။ အရင်ကအလုပ်သမားများနဲ့ သာဆက်ဆံ
ရတဲ့ ကျနော့်မှာ Management Staff တွေနဲ့သာဆက်ဆံရတဲ့အခါမှာ အတော်လေးသတိထားရပါတယ်။
ဆိုလိုတာက ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးလေးလုပ်ပြနေပေမယ့် နောက်ကွယ်ကနေဓားနဲ့ ထိုးနိုင်တဲ့ အနေ အထားပါ။ OSM Singapore မှာ အလုပ်ဝင်ပြီးလို့ မကြာသေးဘူး မြန်မာ Company ကြီးဖြစ်တဲ့ Yoma Strategic (FMI) မှာ လက်ဆော့ပြီးအလုပ်လျှောက်လွှာတင်ခဲ့တဲ့ ကျနော့်ကို အင်တာဗျူးလာဖို့ခေါ်ပါတယ်
မြန်မာပြည်ပြန်ပြီးအလုပ်လုပ်မယ်လို့ ရည်ရွယ်ချက်မရှိပေမယ့် အင်တာဗျူးခေါ်ရင် မငြင်းတက်တဲ့ ကျနော်
FMI နဲ့ Interview & Career discussion တွေကို FMI ရဲ့ HR Consultant နဲ့(၃)ကြိမ်၊ Yoma Strategic ရဲ့ CEO နဲ့ (၁) ကြိမ်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ ကျနော့် blog ကနေပြီး
ပြည်တော်ပြန်အလုပ်လုပ်ကြမှာလား ဆိုတဲ့ ပိုစ့်ကိုရေးဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လထဲမှာတော့ OSM Group ရဲ့ CEO ဟာ group ကြီးတစ်ခုလုံး အကြီးအကျယ်အရှုံးနဲ့
ရင်ဆိုင်နေရတာနဲ့ ပတ်သတ်ပြီး နှုတ်ထွက်လိုက်ရပါတယ်။ Europe Crisis ရဲ့ effect ဟာ နောက်ဆုံး
Singapore အထိရောက်လာပါတော့တယ်။ CEO နှုတ်ထွက်ပြီးထဲက အခြေအနေသိပ်မဟန်ဖူးဆိုတာ
သတိထားမိတော့ online ပေါ်ကနေအလုပ်လေးတွေ နည်းနည်းစီ စပြီးလျှောက်ထားနှင့်ပါတယ်။ ထင်ထား
တဲ့အတိုင်းပါပဲ ၂၀၁၂ ဇူလိုင်လဆန်းမှာ Group President တစ်ယောက် Singapore ကိုလာပြီး သူတို့ရဲ့
restructure ကိုစတင်အကောင်အထည်ဖော်ပါတယ်။ ထုံးစံအတိုင်း cost saving စလုပ်မယ်ဆိုရင် အကုန်
အကျအများဆုံးဖြစ်တဲ့ လစာတွေကို လျှော့ချရမှာဆိုတော့ Singapore Office တစ်ခုလုံးရဲ့ Supporting Staffs တွေအကုန်လုံးကို laid off လုပ်ရတော့တာပါပဲ။ Last in First Out policy အရ ကျနော်က နောက်
ဆုံးမှရောက်လာတဲ့ ဝန်ထမ်းဆိုတော့ ကျနော်ကို ထိပ်ဆုံးကပဲ နှုတ်ထွက်ဖို့ notice ပေးပါတယ်။ ၃ လ
မပြည့်သေးတဲ့အတွက် notice period ကို ၁ ပါတ်သာပေးလို့ရပေမယ့် MD ကသဘောကောင်းစွာနဲ့ ၁ လ အထိခွင့်ပြုကြောင်း၊ ဒီတစ်လအတွင်းမှာလဲ အလုပ်အင်တာဗျူးများကို ခွင့်ယူစရာမလိုပဲ သွားဖို့၊ ရုံးက
တခြားအလုပ်တွေကိုလည်း အရေးကြီးတာလောက်ပဲလုပ်ဖို့ ပြောပြီးခွင့်ပေးပါတယ်။

ဇူလိုင်လဟာ ထုံးစံအားဖြင့် Job Market ထဲမှာ အလွန်ပဲ demand များတယ်ပြောရမှာပါ။ ကျနော်လျှောက်
ထားသမျှရဲ့ ၁၀% လောက် response ပြန်လာပါတယ်။ အလုပ်ကို ပြင်းပြင်းထန်ထန် စရှာတဲ့နေ့ကစလို့
နေ့စဉ်အင်တာဗျူးရပါတယ်။ ကျနော့်အခြေအနေဟာ ဟိုး အရင် ၆ နှစ်ကျော်က စင်္ကာပူကို ပထမဆုံး
စရောက်ခါစကမျိုးပါပဲ။ အလုပ်နဲ့ နေရာကိုသိပ်ရွေးလို့မရပဲ ပေးတဲ့လစာ အခြေအနေကောင်းရင် လုပ်ရ
မယ်ဆိုသလိုပါပဲ။ အင်တာဗျူးတွေရပေမယ့် အလုပ်ရဖို့ရာ မျှော်လင့်ချက်ကသိပ်မရှိသေးပါဘူး။ ဒီတခေါက်
အလုပ်ရှာတဲ့ အခါမှာ သတိထားမိတာလေး တစ်ခုက Employment Agency တွေဟာ အတော်လေး ကြိုး
စားပမ်းစား အလုပ်ရှာပေးတာကို သတိထားမိပါတယ်။ ဒီတစ်ခေါက်အလုပ်ရှာရတာအင်မတန်မှစိတ်ပင်ပန်း
လူပင်ပန်းဖြစ်ရပါတယ်။ မှတ်မှတ်ရရ အင်တာဗျုးတစ်ခု အနေနဲ့ Watami Japanese restaurant က HR Officer ရာထူးအတွက် အင်တာဗျူးပါ။ First Interview Process မှာ English Test ဆိုပြီး letter writing ရေးခိုင်းပါတယ်။ ကျနော့်ဘဝရဲ့ အင်တာဗျူးပေါင်းများစွာထဲမှာ ဒါပထမဆုံးပါပဲ။ နောက်ထပ်ပထမဆုံးတစ်ခု
ကတော့ သူတို့နဲ့ပါပဲ။ Second interview လာခိုင်းတော့ သူတို့ရဲ့ so call HQ ကိုသွားတယ်ပေါ့ဗျာ။ သူတို့ရုံးခန်းလေး က bugis က National Library ရှေ့မှာပါ။ ရုံးခန်းတစ်ခုလုံးက HDB တိုက်ခန်းက living room လောက်ပဲရှိပါတယ်။ သိထားတာကတော့ 2nd Interview ကို GM ကမေးပါမယ်။ neck tie ဝတ်ခဲ့ပါ
တဲ့။ အဲ .. အင်တာဗျူးကို neck tie ဝတ်သွားတာလဲပထမဆုံးပဲဗျ။ နောက်တော့ GM က Korea မှာရောက်
နေလို့ Video Conference နဲ့ မေးပါမယ်တဲ့။ အဲ့တာကို ကြိုတင်ပြောထားတာလဲ မဟုတ်ပါဖူး။ ကျနော့်
ဘဝရဲ့ ပထမဆုံး Video Conference Interview ပါ။ Skype နဲ့ ဖြစ်ပြီးတော့ သူ့ဖက်က ရုပ်ကိုမပြပါဖူး။
တကယ်တန်း video conference တွေဟာအဲ့လိုမဟုတ်ပါဖူး။ 2 ways face to face ဖြစ်ရမှာပါ။ သူ့ဖက်
ကိုမမြင် ရတဲ့ အခါမှာ ကိုယ့်ဖက်ကပြောရတာက ကွန်ပြူတာကိုစကားပြောနေရသလိုဖြစ်နေတော့ အတော်
ကြီးအဆင်မပြေလှပါဖူး။ မေးတာတွေနဲ့ ဖြေတာတွေလဲ လွဲပြီး အလွဲလွဲအချော်ချော်နဲ့ 2nd interview ပြီး
သွားပါတော့တယ်။

၂၀၁၂ အတွက်ဇူလိုင်လကတော့ ကျနော့်အတွက် အခက်ခဲဆုံးအခြေအနေပါပဲ။ ရုံးပြေးတက်၊ အလုပ်
လျှောက်၊ အင်တာဗျူးရရင်သွား။ ဒီကြားထဲ ဧပြီလထဲက စတင်လေ့ကျင့်ခဲ့ရတဲ့ စင်္ကာပူနိုင်ငံအမျိုးသားနေ့ အတွက်ကြိုတင်ပြင်ဆင်လေ့ကျင့်မှုကလဲ တစ်ပါတ်မှာ ၂ ရက်ဆိုတော့ တခါတလေ တစ်နေ့ထဲ အင်တာဗျူး ၂ ခုသွားရတဲ့ နေ့တွေမျိုးဆို အတော်ကြီးကို အားယူပြီးသွားရတာမျိုးတွေ ကြုံရပါတယ်။ ဇူလိုင်လရဲ့
တတိယပါတ်လောက်မှာ မြို့ထဲမှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့ HR Officer Post အတွက် အင်တာဗျူးရပါတယ်။
အဲ့တာလဲ မှတ်မှတ်ရရ ဗျာ၊ အမျိုးသားနေ့အတွက် Soka Association ရဲ့ဆုတောင်းတဲ့ ပွဲအလည်မှာ ထုံးစံ
မဟုတ်ပဲ ည ၈ နာရီလောက်မှာ အင်တာဗျူး invite ရတာဗျ။ နောက်နေ့အဲ့ဒီဟိုတယ်ရောက်တော့လဲခုန
ကပြောခဲ့သလိုမျိုး ဖီလင်တမျိုး ရတယ်ပေါ့ ဒီမှာ အလုပ်ရလောက်တယ်ပေါ့။ စိတ်ထင်တာကြောင့်၊
ဆုတောင်းပွဲအလည်မှာ အင်တာဗျူးခေါ်တာကြောင့် အယုံအကြည် လွန်တာကြောင့်လဲဖြစ်မှာပေါ့။
အင်တာဗျူးတဲ့သူကလဲ မန်နေဂျာအသစ်ဖြစ်တဲ့အကြောင်းပြောပြပြီး အလုပ်ခန့်ဖို့သေခြာလောက်သည် အထိပြောလိုက်တော့ အတော်လေးစိတ်အေးခဲ့ရပါတယ်။ အဲ့ဒီကနေအင်တာဗျူးပြန်ပြီး ရုံးပြန်ရောက်တော့
နောက်နေ့မနက်မှာ အခုလက်ရှိအလုပ်လုပ်နေတဲ့ local company ကနေအင်တာဗျူးလာဖို့ပြောတော့
သိပ်မသွားချင်တော့ပေမယ့် ဟိုတယ်ကအလုပ်က Employment Letter ပေးသေးတာမဟုတ်တဲ့အတွက်
back up အနေနဲ့ဆိုပြီးသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သိပ်မကြာဖူး ဟိုတယ်ဖက်ကလဲ ဖုံးဆက်ပြီး
မနက်ဖန်မှာ GM နဲ့တွေ့ဖို့ ထပ်လာပါအုံးဆိုတော့ အလုပ်ရဖို့ကသေခြာသလောက်ရှိပါပြီ။

နောက်နေ့မနက်ကြတော့ ခေါ်ထားတဲ့ အင်တာဗျူးကိုရောက်သွားတော့ ရုံးကြီးကိုကြည့်လိုက်တာ
ရောက်ဖူး သမျှရုံးတွေထဲမှာ အပျံစားလို့ပြောရမှာပါ။ Shenton Way က ရုံးခန်းတွေထက်တောင်သာသေး ဗျာ။ interviewer ဖြစ်တဲ့ အခုလက်ရှိ ကျနော့် မန်နေဂျာကမေးပါတယ်။ ဘာမှလဲ ထွေထွေထူးထူး တွေလဲ
မမေးပါဘူး။ တောင်းတဲ့လစာအတိုင်းလဲ ဈေးမဆစ်ပါဘူး။ အလျှင်အမြန် အလုပ်ဝင်နိုင်ရင် ရပါပြီပဲ ပြောပါ
တယ်။ အဲ့ဒီကနေပြန်လို့ နေ့လည်ကြတော့ သူတို့စီကနေဖုံးဆက်ပြီး offer ပေးတဲ့အကြောင်း လာမယ့်
တင်္နလာနေ့မှာ အလုပ်ဝင်နိုင်ကြောင်းပြောပါတယ်။ အဲ့အချိန်အခါက ကိုယ်ကလဲ urgent ဖြစ်နေတော့
အသေးစိတ်အချက်အလက်တွေ ကိုထည့်မစဉ်းစားနိုင်တော့ပဲ ပေးလာတဲ့အလုပ် ရလာတဲ့အလုပ်လုပ်မယ်
လို့ပဲတွေးထားလိုက်မိတယ်။

နောက်နေ့ကြတော့ ဟိုတယ်က GM နဲ့တွေ့ဖို့အင်တာဗျူးကို မဖျက်ချင်တာနဲ့ပဲ သွားပါတယ်။ HR Mngr
ကိုတော့ တဖက်မှာ Offer ရထားတဲ့အကြောင်း compare လုပ်ပြီးဆုံးဖြတ်မယ့်အကြောင်းပြောဖြစ်ပါတယ်။
အဲ့ဒီကနေ တန်းပြီး အခုလက်ရှိအလုပ်လုပ်နေတဲ့ DHdeco ကိုသွားတဲ့လမ်းမှာ ၂ ခုပေးတဲ့ လစာနဲ့ ခံစား
ခွင့်တွေကို နှိုင်းယှဉ်တွက်ချက်ပါတယ်။ DHdeco ကတော့ Starting pay က ငွေ ၂၀၀ ပိုများပြီး၊ ၅ ရက်
ပဲအလုပ်လုပ်ရမှာပါ။ ဟိုတယ်ဖက်ကတော့ ၅ ရက်ခွဲကို တပါတ်ခြားစီနဲ့ နေ့လည်စာကျွေးပါတယ်တဲ့။
သွားရမယ့် ခရီးအကွာအဝေးက ဟိုတယ်က နည်းနည်းပိုဝေးပါတယ်။ ကျနော်လဲ နောက်ဆုံးတော့ ငွေ နဲ့
၅ ရက်အလုပ်ကိုမက်ပြီးတော့ DHdeco က offer ကိုလက်ခံလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၂၀၁၂ ခုနှစ်
အတွင်းအရေးအကြီးဆုံး အဆုံးအဖြတ် တစ်ခုပါပဲ။ ဒီဆုံးဖြတ်ဟာ ကျနော့်လက်ရှိ အခြေအနေအတွက်
အကောင်းရော အဆိုးပါရောလှက်နေပါတယ်။

အကောင်းဖက်ကကြည့်မယ်ဆိုရင်တော့ ကျနော်လိုချင်တဲ့ career path ပေါ်ပို တိတိကျကျ ရောက်လာ တယ်။ ကျနော့် Professional Experience တွေ အတွက်အရေးအကြီးဆုံး အခြေခံအုတ်မြစ်အတွေ့အကြုံ
တွေကို ရယူနိုင်တဲ့နေရာ၊ ကျနော်ဘဝ တောက်လျှောက်ဖြည့်ဆည်းခဲ့တဲ့ ဘဝအတွေ့အကြုံ၊ လုပ်ငန်း
အတွေ့အကြုံတွေကို လက်တွေ့အသုံးချနိုင်တဲ့နေရာ၊ ကိုယ်လမ်းကိုယ်ဖောက်ရင် ကိုယ်လိုချင်တဲ့နေရာ
တစ်ခုကို ရနိုင်တဲ့နေရာ နဲ့ အတိုင်းအတာ တစ်ခုအထိ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ decision maker level ကို
ရောက်နိုင်ခဲ့တာတွေပါပဲ။ အဆိုးဖက်ကကြည့်မယ်ဆိုရင်တော့ ဘာဆိုဘာမှ တိတိပပ ပေါ်လစီတွေ မရှိတဲ့
လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အလုံးစုံဟာ သူဌေးတစ်ယောက်ထဲရဲ့ ပါးစပ်ပေါ်ရောက်ပြီး အရေးကြီးတဲ့ ကိစ္စ
တွေ အတွက်အခက်အခဲဖြစ်စေတာ၊ အထက်အရာရှိက ရှေးဆန်ပြီးခေတ်ဟောင်းကစနစ်တွေကိုတွယ်ကပ်
ပြီး မပြောင်းလဲနိုင်တဲ့အတွက် အောက်ခြေဝန်ထမ်း အလုပ်သမားတွေ နဲ့ သူဌေးတွေကြားညှပ်တာ၊ အဆိုး
ဆုံးအခြေအနေကတော့ ဘာမှမတက်တဲ့ အလုပ်သမား ခေါင်းဆောင်တွေကို လူယုံလိုသဘောထားပြီး
ပြောသမျှယုံတာ၊ သူဌေး (၅) ယောက်အတွက် (၅) မျိုးသော စနစ်တွေဖန်တီးပေးရတာတွေပါပဲ။ ဘယ်လို
ပဲဖြစ်ဖြစ် ဒီဟာတွေဟာ ကျနော့်အတွက် ဖြတ်ကျော်အောင်ကြိုးစားရမယ့် စိန်ခေါ်မှုတွေပါပဲ။

၂၀၁၂ ခုနှစ် သြဂုတ်လ ထဲမှာတော့ ဧပြီလထဲကနေ ကြိုတင်ပြင်ဆင်လာခဲ့တဲ့ စင်္ကာပူနိုင်ငံအမျိုးသားနေ့ ကို Singapore SOKA Association နဲ့အတူပါဝင်ဆင်နွှဲပါတယ်။ ဒီနှစ်ထဲမှာတော့ Volunteerအလုပ်အဖြစ်
ဒီတစ်ခုပဲ လုပ်ဖြစ်ပါတယ်။ DHdeco မှာအလုပ်ဝင်ပြီးတဲ့နောက် အင်မတန်များပြားလှတဲ့အလုပ်တွေကြောင့်
Blog Post အနေနဲ့ တစ်ခုပဲရေးနိုင်လိုက်ပါတယ်။ စက်တင်ဘာလအတွင်းမှာတော့ ကျနော့်လုပ်ငန်း
အတွေ့အကြုံတွေ ထဲ က ပထမဆုံးအတွေ့အကြုံအဖြစ် General Workers Gathering ကို သူတို့လုပ်ခဲ့
တာတွေနဲ့ ခြားနားစွာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပါတယ်။ အောက်တိုဘာလ မှာတော့ ကျနော့်ဘဝရဲ့
ပထမဆုံး အဖြစ်နဲ့ အလုပ်ဝင်ပြီး ၂ လအကြာမှာ တိုးမြှင့်လစာနဲ့အတူ Confirmation ရပါတယ်။ ပေါ်လစီ
အသစ်တွေ၊ လုပ်ငန်းစဉ်အသစ်တွေ၊ data base system အသစ်တွေကို နေ့စဉ်နဲ့အမျှ ပြင်းပြန်းထန်ထန်
လုပ်ဆောင်ပြီးတဲ့ သကာလမှာတော့ အခု နေ့စဉ်လုပ်ငန်း တွေမှာ ချောမွေ့စွာနဲ့ လည်ပတ်နေနိုင်တာ ကို
တွေ့ရပါတယ်။ သို့သော်လည်းပဲ တိကျခိုင်မာတဲ့ HR policy တွေကို မချမှတ်နိုင်သေးတဲ့အတွက် ဝန်ထမ်း
အဝင်အထွက်များပြား မြန်ဆန်လွန်းတဲ့အတွက် ဖြစ်ချင်တဲ့ orgizational goal တစ်ခုစီကိုရောက်ဖို့တော့
ဆက်ကြိုးစားရအုံးမှာပါပဲ။

၂၀၁၂ ခုနှစ် စက်တင်ဘာလကနေ နိုဝင်ဘာလအထ အစိုးရ WDA grant နဲ့ တရုတ်စာသင်တန်း တစ်ခု
တက်ဖြစ်ပါတယ်။ သင်တန်းပြီးတဲ့အခါမှာတော့ ဘာမှထူးထူးခြားခြား မတက်လာခဲ့ပေမယ့် အခြေခံတရုတ်
စာကို ဘယ်လို လေ့လာသင်ကြားရမယ် ဆိုတာတော့ သိရှိနားလည်လိုက်ပါတယ်။ ဝါကျရှည်ကြီးမဟုတ်
ပေမယ့် တော်တော်များများ သော စာလုံးလေးတွေ လဲ သိလာခဲ့ပါတယ်။ အောက်တိုဘာလ ထဲမှာတော့
ကျနော့် ညီ နေထွန်းနိုင် စင်္ကာပူကို ၂ ပါတ်ကြာ အလည်လာလို့၊ စင်္ကာပူမှာ ရှိနေတဲ့ ပါပါး မာမားတို့နဲ့
အတူ လျှောက်သွားလည်ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလထဲမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ပတ္တရား ကို သူငယ်ချင်း ဘရမ်ဒမ်နဲ့ သွား
လည်ဖြစ်ပါတယ်။ ဒီတစ်ခေါက် ဘန်ကောက်ခရီးကတော့ အတော်လေးပျင်းစရာကောင်းတယ် ပြောရမှာပါ။
ဒီဇင်ဘာလထဲမှာတော့ နှစ်ကုန်ဆုကြေးအတွက် စနစ်သစ်တစ်ခုထဲမှာ အလုပ်ရှုပ်နေခဲ့ပြီး ထွေထွေထူးထူး ဆိုလို့ Nanyang Polytechnic မှာ Diploma သင်တန်းတစ်ခုလျှောက်ထားတာကို လက်ခံတဲ့အကြောင်း
offer ရပါတယ်။ ဒါပေမယ့် ငွေသွင်းပြီးသိတိုင် ကျောင်းမတက်ရမချင်း မယုံကြည်ရဘူးဆိုတာ အရင်
အတွေ့အကြုံတွေအရ အမှတ်ရနေပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာ Singapore Polytechnic ကတစ်ကြိမ်
NUS ကတစ်ကြိမ် Offer ပေးပြီးကာမှ သတ်မှတ်ကျောင်းသားဦးရည် မပြည့်တဲ့အတွက် မဖွင့်ဖြစ်ကြောင်း
ဆိုပြီး ကြုံခဲ့ဖူးလို့ပါပဲ။

၂၀၁၂ ခုနှစ်အတွင်း မှတ်မှတ်ရရ တစ်ခုပြောပါဆိုရင်တော့ အခုလက်ရှိအလုပ်ဖြစ်တဲ့ DHdeco က
လုပ်ဖော်ကိုင်ဖက် မြန်မာညီအကို မောင်နှမတွေနဲ့ တစ်နေ့တစ်နေ့ ရယ်စရာတွေ ပြောကြ၊ သူဌေးတွေ
အတင်းပြောကြနဲ့ ကျနော့်စင်္ကာပူ ဘဝမှာ ဒုတိယမြောက်အဖြစ် မြန်မာဝန်ထမ်းများနဲ့ အလုပ်တူတူ လုပ်ဖူး
တာပါ။ ပျော်စရာတွေ ရှိ သလို၊ တခါတလေ မှာ မြန်မာလိုပြောရင်း နားလည်မှုလွဲတာလေးတွေ ရှိတော့
အလုပ်နဲ့ပတ်သတ်တာတွေကို အတော်လေး သတိထားပြောဆို လုပ်ရတာလေးတွေ ရှိတာတွေ့ရပါတယ်။
နောက်တစ်ခုအနေနဲ့ ၃၃ နှစ်လုံးဟင်းမချက်တက်ခဲ့တာကနေ နိုဝင်ဘာလမှာမာမား ရန်ကုန်ပြန်သွားတော့
ချက်ကျွေးမယ့် သူမရှိတော့တာကြောင့် ကိုယ်ဟာကိုယ် ချက်ရင်းကနေ အခုအတော်လေး ဟင်းချက်
တက်လာပါတယ်။

၂၀၁၃ ခုနှစ် ကိုတော့ ကျနော့် အတွက် စိန်ခေါ်မှုတွေ ကြိုးစားရုံးကန်မှုတွေ ဆက်ရှိနေအုံးမယ့် နှစ်တစ်ခု
အဖြစ်သတ်မှတ်ရမှာပါ။ တကယ်လို့ များ NYP ကသင်တန်း Confirm ဖွင့်ဖြစ်ခဲ့ရင် ဖေဖဝါရီလက စလို့
ဒီဇင်ဘာအထိတိုင်အောင် ၉ လကြာ ညနေပိုင်း သင်တန်း၊ စာမေးပွဲတွေ၊ project တွေနဲ့ အလုပ်ရှုပ်ပြီး
ကြိုးစားရမှာပါ။ ၂၀၁၃ ခုနှစ် ဖေဖဝါရီလ တရုတ်နှစ်သစ်ကူးကိုတော့ ရန်ကုန်မှာ မိသားစုနဲ့အတူ ရှိမှာဖြစ်
ပြီး ကျိုက်ထီးရိုးဘုရားသွားဖူး မယ်လို့စီစဉ်ထားပါတယ်။ သြဂုတ်လလောက်မှာတော့ ရက်ရှည် ခရီးတစ်ခု
ထွက်မယ်လို့ မျှော်လင့်ထားပါကြောင်း နဲ့ ကျနော့် ဒီပိုစ့် ကို နိဂုံးချူပ်ပါတယ်။ ဖတ်မိတဲ့လူတိုင်းကို ကျေးဇူး
အထူးတင်ပါတယ် ခင်ဗျာ။        ။

Thursday, November 1, 2012

ကျနော် နှင့် စင်္ကာပူနိုင်ငံ ၄၇ နှစ်မြောက် အမျိုးသားနေ့

ဒီပိုစ့်ကတော့ဖြင့် ကျနော့် ဘဝမှတ်တမ်းတစ်ခု အနေနဲ့ရယ် ကျနော့်စင်္ကာပူဘဝ ရဲ့ Mile stone တစ်ခု အနေနဲ့ ရေးထားတဲ့ ပိုစ့်တစ်ခုပါ။ စင်္ကာပူရောက်ပြီး ၂ နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ ကျရောက်တဲ့ ၄၃ နှစ် မြောက် စင်္ကာပူနိုင်ငံ အမျိုးသားနေ့ ကို Singapore Soka Association (SSA) နဲ့ပါဝင်ဆင်နွှဲခဲ့ပြီးတဲ့ နောက်ပိုင်းမှာ တော့ အကြောင်းအမျိုးမျိုးကြောင့် ထပ်ပြီးမပါဝင်ဖြစ်တော့ပဲ ယခုနှစ် ၂၀၁၂ သြဂုတ်လ ၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၄၇ နှစ်မြောက် အမျိုးသားနေ့ကိုတော့ SSA နဲ့ပဲ ထပ်မံပါဝင်ခွင့်ရလိုက်ပြန် ပါတယ်။ တကယ်တော့ ဒီပိုစ့်ကို အမျိုးသားနေ့ မတိုင်မီတင်မယ်လို့ စိတ်ကူးပြီး ရေးထားခဲ့ပေမယ့် ဇူလိုင်လ ကုန်ပိုင်းလောက်မှာ အရေးပေါ်အလုပ်ရှာဖို့ဖြစ်လာပြီး၊ အလုပ်ရပြီးတဲ့နောက်မှာ အလွန်အလုပ် များလှတာကြောင့် အခုမှပဲ ကျနော့် blog ဖက်ကိုလှည့်ကြည့်နိုင်တော့ တာပါပဲ။



Volunteer လို့ခေါ်တဲ့ ငွေကြေး နှင့် တခြားတစုံတရာ ခံစားခွင့်မရပဲ မိမိသဘောဆန္ဒ ဖြင့်သာပါဝင်ကူညီ ပတ်သတ်ခဲ့သမျှထဲမှာ အချိန်အပေးရဆုံး၊ တာဝန်အကြီးဆုံး၊ အပင်ပန်းဆုံး နဲ့ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံတော် အဆင့်အခန်းအနားထဲမှာ မှ အမြင့်မားဆုံးပွဲတော်တစ်ခု ပါပဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်အတော်များများ ကို
ပေးထားရတဲ့အတွက်ကြောင့် သူ တို့စီကနေ သင်ကြားလို့ရသမျှတွေ ကိုလေ့လာသင်ယူဖြစ်ပါတယ်။
အထူးသဖြင့် SSA အနေနဲ့ Volunteer တွေကို ဘယ်လိုခေါ်ယူရွေးချယ်တယ်။ ရွေးချယ်တဲ့ Procedure
အဆင့်ဆင့်၊ သူတို့ရဲ့ Organizational Management Style တွေထဲက ကိုယ်မသိတာတွေကို သိရသလို၊
သူတို့မှားနေတဲ့ အရာတွေထဲက ကိုယ်သာဆို ဘယ်လိုစီမံခန့်ခွဲမယ် ဆိုတာ စီမံခန့်ခွဲရေး Professional Field ထဲက တစ်ယောက်ပီပီ စိတ်ကူးထဲမှာ စီမံကြည့်မိပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလထဲမှာတော့ SSA ကနေ National Day Parade 2012 (NDP 2012) အတွက် ပါဝင်နိုင်မယ့် Volunteer တွေကို စပြီးခေါ်ယူပါတယ်။ Telok Blangah မှာရှိတဲ့ SSA Youth Centre မှာ recruitment drive ကို စနေ နဲ့ တင်္နဂနွေနေ့ (၂) ပါတ်ကြာ ခေါ်ယူပါတယ်။ Youth Centre ကိုရောက် တဲ့အခါမှာ စီးကြိုနှုတ်ဆက်သူတွေနဲ့စီကားနေပြီး ဘယ်နေရာကိုသွားပြီး Form ဖြည့်ရမှာကအစ အသေ အခြာပဲလမ်းညွှန်ပေးပါတယ်။ ဖြည့်စရာရှိတာတွေဖြည့်ပေးပြီးတော့ ဒုတိယအဆင့်အနေနဲ့ Basic Medical Check Up အနေဲ့ သွေးပေါင်ချိန်တာ၊ Medical History ယူတာတွေလုပ်ပါတယ်။ အဲ့ဒီကနေပြီးတော့ Hall တစ်ခုထဲမှာ Pre-Briefing အနေနဲ့ အကြိုလေ့ကျင့်မှုအတွက် အချိန်ဇယားနဲ့ ရက်စွဲပေးပြီး၊ ဘယ်နေ ရာမှာ ဘယ်လိုတွေ လေ့ကျင့်ရမယ်၊ လူပေါင်းဘယ်နှစ်ယောက်ပါမယ် စသည်ဖြင့် ရှင်းပြပေးပါတယ်။ ဒီအဆင့်ပြီးတဲ့ နောက်မှာတော့ နောက်ထပ် Hall တစ်ခုကိုသွားပြီး NDP 2012 မှာ ကိုယ်တကယ်ပါဝင်
ဖျော်ဖြေရမယ့် dance step အခြေခံကို သင်ပေးပြီး တစ်ဦးချင်းစီမှာ ပါဝင်ဖျော်ဖြေနိုင်စွမ်း ရှိမရှိ အကဲဖြတ်
ပါတယ်။

မေလဆန်း အချိန်မှာတော့ SSA အနေနဲ့ ကျနော့်ကို NDP 2012 မှာပါဝင်ဖို့ ရွေးချယ်ကြောင်း၊ ပထမပိုင်း လေ့ကျင့်မှုတွေ ပြုလုပ်မယ့် Yee Tee မှာရှိတဲ့ Kranji Camp ကို လေ့ကျင့်မှု စတင်မယ့်ရက်မှာ သတင်းပို့ ဖို့ အကြောင်းကြားပါတယ်။ ထုံးစံအတိုင်း ကျနော့် အခန်းဖော် SSA Member ဖြစ်တဲ့ Brandon နဲ့အတူ သတင်းပို့ခိုင်းတဲ့ CAMP ကိုသွား၊ သက်ဆိုင်ရာ ကောင်တာမှာ register လုပ်ရပါတယ်။ Registration အတွက် SSA Member တွေထဲကပဲ Volunteer အန်ကယ်လ်ကြီးများ အဖွဲ့ဖြစ်တဲ့ SSA Men Division ကနေပါဝင်ကူညီပါတယ်။ သူတို့ကတော့ NDP 2012 ရဲ့ SSA အတွက် Administration and Logistics တာဝန်တွေကို ထမ်းဆောင်ရပါတယ်။ Participant တွေရဲ့ ပါလာတဲ့ အိတ်စတာတွေကိုBag Deposit Area သတ်မှတ်ပြီး အိတ်တွေကို မပျောက်မရှရအောင် အိတ်လက်ခံ/ထုတ်ပေးတဲ့ နေရာ ထားရှိဝန်ဆောင်မှု ပေးခြင်း၊ Participant တွေအတွက် သောက်ရေနဲ့ စားစရာတွေ ဖြန့်ဝေပေးခြင်း နဲ့ သယ်ယူပို့ဆောင်ရေး အတွက် သက်ဆိုင်ရာ နေရာတွေကို လိုက်ပို့ပေးမယ့် Bus တွေပေါ်ကို အစဉ်ပြေပြေ တက်ရောက်နိုင်ဖို့ ကူညီတဲ့ ဝန်ဆောင်မှုတွေကိုဆောင်ရွက်ပေးပါတယ်။

အဲ့ဒီကနေတော့ Camp ရဲ့ Mulity purpose Hall ထဲကိုသွားပြီး Volunteer အဖြစ်ပါဝင်လာကြတဲ့ SSA
Men Division (MD), SSA Women Division (WD), SSA Young Men Division (YMD) နဲ့ SSA Young Women Division (YWD) တွေကို dancing block ကြီးများ တည်ဆောက်ရာ မှာ လူမျှအောင် စီစဉ်ဆောင်ရွက်ကြပါတယ်။ Block A, B, C, D ဆိုပြီး Block ကြီး (၄) ခုခွဲပြီးတဲ့နောက်မှာတော့ Block ကြီးတစ်ခုမှာ 1 2 3 4 ဆိုပြီး အုပ်စု (၄) ခုထပ်ဖွဲ့တဲ့အခါ ကျနော်နဲ့ Brandon တို့ ၂ ယောက်ကတော့
Block B ရဲ့ Group 2 (B2) မှာ ပါဝင်ခဲ့ကြပါတယ်။ Group တစ်ခုမှာ ပါဝင်သူ ၃၀ ကနေ ၄၀ အထိရှိပါ တယ်။ Block တစ်ခုမှာအယောက် ၁၆၀ ရှိပြီး Block ကြီး ၄ ခုပေါင်းပါဝင်ကူညီသူစုစုပေါင်း ၆၄၀ ရှိပါ တယ်။သက်ဆိုင်ရာ Block များနဲ့ Group များအားလုံးခွဲပြီးတဲ့နောက်မှာတော့ Camp ရဲ့ Parade Square ကိုသွားသက်ဆိုင်ရာ Block များ Group များ နေရာချပြီးတဲ့နောက်မှာတော့ Chief Trainer သို့မဟုတ် Central Command ကနေပြီးတော့ Block ၄ ခုလုံးကို ညွှန်ကြားလေ့ကျင့်ပါတော့တယ်။ ဒီလိုလေ့ကျင့် မှုများကိုဧပြီလကနေစပြီး အမျိုးသားနေ့ကျင်းပမယ့် သြဂုတ်လအထိ (၃)လကြာ တပါတ်ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်း၊နဲ့ စနေနေ့ညနေပိုင်း (၂) ကြိမ်လေ့ကျင့်ကြရတယ်။

ကျနော်ပါဝင်တဲ့ Block B , Group 2 မှာတော့ စင်္ကာပူနိုင်ငံသားများအပြင် Malaysian, Indonesian,
Japanese, Vietnamese နဲ့ ကျနော်မြန်မာနိုင်ငံသား ၊ ပေါ်လီနဲ့ University များကကျောင်းသားများ၊ Company အမှုထမ်း အရာထမ်းများ နဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်သူများ စသည်ဖြင့် အလွှာအသီး သီးမှ ပါဝင်ကြတာတွေ့ရပါတယ်။ အသက်အငယ်ဆုံး ၁၉ နှစ်ကနေ အသက်အကြီးဆုံး ၅၀ နှစ်အထိပါ။

၄၇ ကြိမ်မြောက် စင်္ကာပူအမျိုးသားနေ့အတွက် SSA အတွက် ဖျော်ဖြေရေးကဏ္ဍအပိုင်း ၂ ကနေပါဝင်ကြ
ရမှာဖြစ်ပြီး သရုပ်ဖော် (Formation) ၆ ခုအဖြစ်၊ Triangle တြိဂံပုံစံ၊ Inverted Triangle တြိဂံပြောင်းပြန် ပုံစံ၊ Diamond စိန်ပုံစံ၊ Lion Head စင်္ကာပူခြင်္သေ့ခေါင်းပုံစံ၊ Heart Shape Small အသည်းပုံအသေး၊ Heart Shape Extended အသည်းပုံအကြီးစတဲ့ ပုံစံများအတွက် သက်ဆိုင်ရာ ပုံစံတစ်ခုစီ အတွက် ကကွက် (၆) မျိုးနဲ့ ရေလှိုင်းပုံစံလှုပ်ရှားမှု (၃) ကြိမ်ပြုလုပ်ရမှာဖြစ်ပြီး၊ ဒီလိုပုံစံများဖော်ကပြတဲ့နေရာမှာ
ပိုမိုထင်သာဖို့အတွက် လက်မှာ မီးပန်း (၃) ကြိမ်ထုတ်လွှတ်နိုင်တဲ့ အပြင် အနီရောင် LED အလင်းတက်
ဆင်ထားတဲ့(pyro)ပိုင်ရိုလို့ခေါ်တဲ့မီးရှူးတိုင်တစ်ခုစီကိုင်တွယ်ကပြကြရမှာဖြစ်ပါတယ်။အဲ့ဒီမီးရှူးတိုင်ကနေ
၃ ကြိမ်မီးပန်း ထုတ်လွှတ်မှာ ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် တြိဂံပုံစံနဲ့ ပရိတ်သတ်မြင်ကွင်းထဲကို
စင်နောက်ပိုင်းကနေချီတက်ဝင်ရောက်နေရာယူတဲ့ အခါမှာ စက္ကန့် (၆၀) ကြာမီးပန်းလွှတ်နေရာယူ ပုံစံ ဖော်ခြင်း၊ တြိဂံပြောင်းပြန် ပုံစံအတွက် (၁၅) စက္ကန့်ကြာမီးပန်းလွှတ်ပြီး ကကွက်ဖော်ကပြခြင်း နဲ့ နောက်ဆုံး အကြိမ်အဖြစ် ခြင်္သေ့ခေါင်းပုံစံမှာ (၁) စက္ကန့်ပစ်လွှတ်ခြင်း တို့ဖြစ်ပါတယ်။ အနီရောင် LED Light ကတော့ အသည်းပုံစံဖော်ရမှာလှလှပပ မြင်ရအောင်တက်ဆင်ထားခြင်းဖြစ်ပါတယ်။ အဲ့ဒီ LED မီးကိုလဲ သူ့နေရာနဲ့သူအဖွင့်အပိတ်လုပ်ရပါသေးတယ်။




Formation အသီးသီးအတွက် ကိုယ်ဘယ်နေရာမှာ နေရမယ်ဆိုတာကို တော့ မြေပြင်မှာကပ်ထားပေးတဲ့
နံပါတ်အသီးသီး စီကိုသွားပြီး နေရာယူရတာဖြစ်တဲ့အတွက် ကိုယ်ရပ်ရမယ့် နေရာကို အသေအခြာသိဖို့
လိုအပ်ပါတယ်။ အစပိုင်းတော့ စာရွက်နဲ့ရေးမှတ်ပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်းမှတ်မိလာပြီး ကိုယ်
နေရာအနီးတဝိုက်က အခြားသူတွေကိုကြည့်ပြီး မှတ်သားရပါတယ်။ တကယ်တန်း တော့ ဖျော်ဖြေရမယ့်
နေရာ platform ပေါ်ရောက်တဲ့အခါ ကိုယ့်သက်ဆိုင်ရာ မြေပြင်အမှတ်အသား များကို lighting effect ကြောင့် ဘာတစ်ခုမှမမြင်ရတော့ ပဲ ကိုယ့်ပါတနာ နဲ့ သွားရမယ့် နေရာအကြမ်းကိုမှန်းသွားပြီး ပုံစံဖော်ရ
တာ တကယ်တန်းမလွယ်ကူလှပါဘူး။ ဒီကြားထဲ ဘယ် formation မှာ ဘယ်လိုကကွက်နဲ့ ဘယ်မီးပန်း
ကိုပစ်လွှတ်ရမယ်၊ LED မီးကိုအဖွင့်အပိတ်လုပ်ရမယ် ဆိုတာတွေကိုလဲ မှတ်ရပါသေးတယ်။ လူငယ်တွေ
အတွက်တော့ မှတ်သားရတာ လွယ်ပေမယ့် အသက်ကြီးကြီး ပါဝင်သူတွေအတွက်တော့ အတော်လေး အခက်အခဲတွေ့ကြတာတွေ့ရပြီ၊ အမျိုးသားနေ့မတိုင်မီ ဖျော်ဖြေရတဲ့ National Education (NE) Show
ဖြစ်တဲ့ စင်္ကာပူနိုင်ငံတွင်းရှိ ကျောင်းအသီးသီးက ကျောင်းသူ ကျောင်းသားတွေကိုပြသတဲ့ ပွဲ နဲ့ ဝတ်စုံပြည့်
ကြိုတင်လေ့ကျင့်မှုပွဲတွေ မှာ မီးရှူးအပစ်မှားတာတွေ ကြုံတွေ့ကြရပါတယ်။

ကိုယ့်ခေါင်းပေါ်မှာတင် ပစ်လွှတ်ရတဲ့ မီးပန်းဖြစ်တဲ့အတွက် အန္တရယ်မရှိရအောင်ကျလာတဲ့ မီးပွားတွေကို
မပူတဲ့ မီးပွားဖြစ်အောင် အထူးစီမံပြုလုပ်ထားတဲ့အပြင် ကပြဖျော်ဖြေတဲ့နေရာမှာ ဝတ်ရတဲ့ ဝတ်စုံကလဲ
မီးမကူးစက်နိုင်သော မီးကာအမျိုးအစား ဝတ်စုံဖြစ်ပါတယ်။ ဒီထက်မက မီး မကူးစက်နိုင်သော အရည် တစ်မျိုး ကိုလဲ ဖြန်းထားပေးပြီး၊ ဒီလောက်ကာကွယ်ထားတဲ့ ကြားက တကယ်လို့များ အကြောင်းမသင့်လို့ ခန္ဒာကိုယ်ကို မီးကူးစက်လို့ရှိရင် ချက်ခြင်း ကူညီ မီးငြိမ်းသက်နိုင်အောင် ကပြဖျော်ဖြေတဲ့ Marina Bay Platform ကြီးရဲ့နေရာအသီးသီးမှာSingapore Arms Forces (SAF) ကနေ မီးသတ်ဆေးဗူး၊ မီးသတ်စောင် အသီးသီးကိုင်ဆောင်ပြီး စောင့်ရှောက်ပေးပါတယ်။ Safety Glasses အသီးသီး ကိုလဲ ဝတ်ဆင်စေပါသေး တယ်။

ဒီနှစ် ၄၇ နှစ်မြောက် စင်္ကာပူအမျိုးသားနေ့ အတွက် Theme ကတော့ Loving Singapore Our Home ပါ။ အဓိကဆိုလိုချင်တဲ့ သဘောတရားအနေနဲ့ ကမ္ဘာနိုင်ငံအနှံအပြားမှာရောက်ရှိနေတဲ့ သူတို့နိုင်ငံသား ပညာရှင်များကို နိုင်ငံတွင်းပြန်လာပြီး နေထိုင်စေလို့တဲ့ ရည်ရွယ်ချက် ဖော်ဆောင်မှု ဖြစ်ပါတယ်။


July လက ပထမပတ်ကနေစပြီး အပါတ်စဉ် စနေနေ့တိုင်းမှာတော့ National Education Show (NE Show) လို့ခေါ်တဲ့ စင်္ကာပူနိုင်ငံထဲက မူလတန်းကျောင်းသူ ကျောင်းသားများ ကိုဖိတ်ခေါ်ပြသတဲ့ ပွဲများ ကိုဖျော်ဖြေတင်ဆက်ရပါတယ်။ NE Show 2 မှာတော့ National Day Parade 2012 မှာပါဝင်တဲ့ Volunteer များအားလုံးရဲ့ မိသားစုဝင်များ၊ ထောက်ပံကူညီရတဲ့ စစ်တပ်များရဲ့ မိသားစုဝင်များအတွက် တစ်ဦး ကိုလက်မှတ် (၂) စောင်ပေးတဲ့အတွက် ကျနော်တို့ volunteer များရဲ့ မိသားစုဝင်တွေ ပါဝင် ဆင်နွှဲ ခွင့်ရရှိလိုက်ပါတယ်။ ဇူလိုင်လအတွင်း စနေ (၄) ပါတ်မှာ ကျင်းပတဲ့NE Show (၄) ပွဲအထိ ကျနော်တို့ရဲ့ performance ဟာ 100% မဖြစ်သေးပါဘူး။ အထူးသဖြင့် မီးရှူးပစ်မှားတဲ့ ပြသနာကို အထူးရင်ဆိုင် နေရ တာ ပါပဲ။ ပထမပိုင်းမှာ ပစ်လိုက်တဲ့ မီးရှူးများရဲ့ မီးခိုးနဲ့ အသံတွေကြောင့် စိတ်အာရှံစိုက်မှုကို လွင့်ပျံစေပြီး နားထောင်ရတဲ့ တီးလုံးအသံ နဲ့ မြင်ကွင်း၊ မြေပြင်အမှတ်အသားတွေကို ကြည့်ပြီး ကကွက်ဖော်ဆောင် တဲ့ အခါမှာ အခက်အခဲဖြစ်စေပါတယ်။ အသက်ရှူကြပ်တဲ့ပြသနာ၊ မြင်ကွင်းမရှင်းတဲ့ပြသနာ များကို အထူး ရင်ဆိုင်ကြရပါတယ်။ NE Show 3 ရဲ့ ပွဲအပြီးမှာတော့ ရုတ်တရက် မိုးရွာချတာကြောင့် Grand Finale လို့ခေါ်တဲ့ ပိတ်သိမ်းတဲ့ ပွဲအတွက် platform ကြီးတစ်ခုလုံးမှာ အပြည့်ရှိနေတဲ့ performer များအားလုံး မိုးရေချိုးလိုက်ကြရပါတယ်။ အရာရာမှာ အဆင်သင့်ဖြစ်နေတဲ့ ထောက်ပံရေးတပ်ကတော့ ဒီတခါမှာ အတော်လေးညံ့ဖျင်းသွားပါတယ်။ မိုးကာအင်္ကျတွေကို platform အောက်မှာ အဆင်သင့်မထားပဲ ၁ ကီလိုမီတာလောက်ဝေးတဲ့ F1 Building မှာ ထားတာကြောင့် အဲ့ဒီကနေ platform ကိုပို့ရတာကြောင့် မိုးတိတ်ခါနီးမှအားလုံးအတွက်ဝေငှနိုင်ခဲ့တာတွေ့ခဲ့ရပါတယ်။ NE Show 1 ကိုတော့ စင်္ကာပူ ပညာရေး ဝန်ကြီး၊ NE Show 2 ကိုတော့ စင်္ကာပူကာကွယ်ရေးဝန်ကြီး၊ NE Show 3 ကိုတော့ စင်္ကာပူပါလီမန် ဥကဌ
အသီးသီးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။


NE Show များအပြီးမှာတော့ August လပထမ စနေနေ့မှာတော့ NDP Preview လို့ခေါ်တဲ့ ကံစမ်းမဲနဲ့ လက်မှတ်ရရှိထားတဲ့ ပြည်သူတွေကို ဖျော်ဖြေတဲ့ ပွဲဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံ ဒုတိယဝန်ကြီးချူပ် တက်ရောက်ချီးမြှင့်ခဲ့ပြီး ပွဲမစတင်မီအချိန်မှာ Base ဖြစ်တဲ့ F1 Pit Building မှာအခြေပြုနေတဲ့ Volunteer များနဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဓာတ်ပုံများ လာရိုက်သွားပါသေးတယ်။ သွားနှုတ်ဆက် စကားပြောတဲ့ လူတိုင်းကို ပြန်နှုတ်ဆက်စကားပြောပြီး အနီးမှာရှိတဲ့ လုံခြုံရေးကိုယ်ရံတော်ကတချက်မှ အနှောက်အယှက် ပေးတာ မရှိပါဘူး။ Preview ပြီးလို့ ၅ ရက်အကြာမှာတော့ (၄)လ ကြာအပင်ပန်းခံ အချိန်တွေ အများကြီး ပေးပြီး ကြိုတင်ပြင်ဆင်ခဲ့ကြရတဲ့ National Day 2012 ကိုရောက်ရှိလာပါတော့တယ်။ ပထမစုရပ်ဖြစ်တဲ့ Tampines က SSA Headquarters မှာနေလည် (၁) နာရီကစလို့ စုစည်းကြရပါတယ်။ Preview မှာ ဖျော်ဖြေခဲ့တဲ့ Video ကိုပြန်ပြပြီး လိုအပ်တာတွေ ကို နောက်ဆုံးလေ့ကျင့်ညွှန်ကြားချက်များ ပေး၊ ဆုတောင်းဘုရားရှိခိုးပြီး Bus ကားအသီးသီးနဲ့ F1 Pit Building ကိုချီတက်ကြပါတယ်။ Actual Day ဖြစ်တာနဲ့ အမျှ President , Prime Ministers နှင့် ဝန်ကြီးအဖွဲတစ်ခုလုံး၊ ပါလီမန်အမတ်များအားလုံး တက်ရောက်ကြမှာဖြစ်တဲ့အတွက် အထူးတင်းကြပ်လှတဲ့ လုံခြုံရေးရှာဖွေမှုကြောင့် နေပူထဲမှာ တန်းစီကြရ တဲ့အတွက် အနည်းငယ်တော့ စိတ်အနှောက်အယှက်ဖြစ်ကြရပါတယ်။

Singapore Police Force (SPF) ကနေ ရွေ့လျားနိုင်သောရှေ့တန်းစစ်ဆင်ရေးညွှန်ကြားမှုယာဉ် (Police Forward Command Vehicle) တစ်စင်းအခြေချပြီးတော့ များပြားလှစွာသော ရဲတပ်ဖွဲ့ဝင်တွေအသုံးပြုပြီး လုံခြုံရေးရယူခဲ့တာတွေ့ရပါတယ်။ စင်္ကာပူတပ်မတော် ဆေးတပ်ကနေ ရွေ့လျားနိုင်သောစစ်မြေပြင် ဆေးရုံ (၂)စင်း၊ တပ်မတော်သူနာတင်ယာဉ် (၁၀) စင်း၊ အရေးပေါ်ဆေးခန်း (၃) တို့နဲ့ ရုတ်တရက် နာမကျန်းဖြစ်မှု နဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် ဝန်ဆောင်မှုပေးနိုင်အောင် ကြိုတင်စီစဉ်ပြင်ဆင် ထားတာတွေ့ရပါတယ်။ ဒါ့အပြင် Singapore Civil Defence Force ကနေ Mobile Commanding Vehicle (၂) စင်း၊ မီးသတ်ယာဉ် (၅) စင်းတို့နဲ့ မီးလောက်ပေါက်ကွဲမှုဖြစ်ပွားပါက လက်ဦးမှုရယူဖို့ ပြင် ဆင် ထားရှိပါတယ်။



NDP 2012 အတွက် အပိုင်း (၅) ပိုင်းနဲ့ ဖျော်ဖြေခဲ့တာဖြစ်ပြီး ပထမပိုင်းအတွက် Pre-Parade Show၊ ဒုတိယပိုင်းအတွက် Reflection of Our Identity လို့ခေါ်တဲ့ လူမျိုးဘာသာပေါင်းစုံ တစ်နိုင်ငံထဲမှာ ညီတူ ညီမျှစွာယှဉ်တွဲနေထိုင်ခြင်း အတွက် သရုပ်ဖော်ကပြဖျော်ဖြေတဲ့ အပိုင်းဖြစ်ပါတယ်။ တတိယပိုင်းအတွက် ကတော့ ကျနော်တို့ ဖျော်ဖြေကြရတဲ့ Reflection of our Spirit လို့ ခေါ်တဲ့ ယနေ့စင်္ကာပူ အတွက် အတိတ်က ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ဖြတ်သန်း အောင်နိုင်ခဲ့ကြရပြီး အနာဂါတ်မှာ ဘယ်လိုရင်ဆိုင် ကျော်ဖြတ်သွားမယ် ဆိုတာကို သရုပ်ဖော်တင်ဆက်သွားတဲ့အပိုင်းဖြစ်ပါတယ်။ အပိုင်း (၄) ကတော့ Reflection of Our Love လို့ခေါ်တဲ့နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ပြီး၊ တစ်နိုင်ငံလုံးရဲ့ အိပ်မက် တစ်ခုဖြစ်တဲ့ Singapore Garden City ကို စင်္ကာပူတစ်နိုင်ငံလုံး ကြိုးစားမှုရဲ့ ရလဒ်နဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကို သရုပ်ဖော်တင်ဆက်သွားတာဖြစ်ပါတယ်။ နောက်ဆုံးအပိုင်း ကတော့ စင်္ကာပူအမျိုးသားနေ့ အောင်ပွဲအဖြစ် NDP 2012 Theme ဖြစ်တဲ့  Loving Singapore Our Home ဖြစ်ပြီး ဖျော်ဖြေတင်ဆက်သူ Volunteer များ၊ ဝန်ကြီးချူပ် အပါအဝင်အစိုးရထိပ်တန်း ခေါင်းဆောင် များ နဲ့ ပရိတ်သတ်များအားလုံး Floating Platform ပေါ်ဆင်းပြီး အမျိုးသားအောင်ပွဲကို အတူတကွဆင်နွှဲကြပါတယ်။



August လ တတိယအပါတ်မှာတော့ Singapore Soka Association ရဲ့ NDP 2012 အောင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး NDP 2012 Organization Committee Chairman တက်ရောက်ချီးမြှင့်ခဲ့ပြီး၊
ပါဝင်ကူညီသူအားလုံးကို ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးခဲ့ပါတယ်။ (၄)လကြာ ဖြတ်သန်းခဲ့တဲ့ NDP Journey ရဲ့ ခရီးလမ်းဆုံးတစ်ခုဖြစ်ပြီး ကျနော့်ဘဝရဲ့ အမှတ်တရ များစွာထဲက အမှတ်တရ အဖြစ်ဆုံး အဖြစ် မှတ်တမ်းတင်ရင်း နိဂုံးချုပ်ပါတယ်။ ဖတ်ပေးတဲ့ သူအားလုံးကိုလဲ ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။      ။

Saturday, May 19, 2012

ပြည်တော်ပြန် အလုပ်လုပ်ကြမှာလား ...


Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.


၂၀၁၂ ခုနှစ် မေ လ ၁၇ ရက်နေ့မှာတော့ ဆယ်စုနှစ် အတန်ကြာပိတ်ဆို့ထားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုများထဲကအရေးကြီးပြီး အရာရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုများဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှု အသစ်များ နဲ့ Finance ဆိုင်ရာပိတ်ဆို့မှုများကို ယာယီဆိုင်းငံလိုက်ကြောင်းသတင်းကောင်း ကြားလိုက် ရပါတယ်။ ပိတ်ဆို့မှုတွေကို ယာယီဆိုင်းငံပြီး ရင်းနှီးမြုပ်နှံမှုအသစ်တွေကို ခွင့်ပြုဖို့အတွက် အမေရိကန် ပြည်ထောင်စု အစိုးရကနေ ခွင့်ပြုမိန့်ပါမစ်တွေကို ထုတ်ပေးမယ်လို့လဲ ဆိုပါတယ်။ ဘယ်အချိန်မှာမှန်း မသိပေမယ့် အမြန်ဆုံး ၂၀၁၂ နှစ်ကုန် သို့မဟုတ် ၂၀၁၃ နှစ်လည်ပိုင်းလောက်မှာ ဖြင့်နိုင်ငံတကာ ကော်ပရေးရှင်းကြီးတွေ ဝင်ရောက်လာလိမ့်မယ်လို့ ကျနော်တော့ထင်မြင်မိပါတယ်လောလောဆယ်တော့  နိုင်ငံတကာ ကော်ပရေးရှင်းကြီးတွေ ဝင်ရောက် လာနိုင်ဖို့ အခြေခံလိုအပ်ချက်တွေ အမြောက်အမြား လိုအပ်နေပါသေးတယ်။ လျှပ်စစ်မီးအလုံအလောက်ရရှိနိုင်ဖို့နဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ၊ ဆက်သွယ်ရေး နဲ့ အလွန်အရေးကြီးတဲ့ လူစွမ်းအားအရင်းအမြစ်တွေ အမြောက်အမြားလိုအပ်လျှတ်ရှိနေ ပါတယ်။ 


အခြားလိုအပ်ချက်တွေကို အစိုးရအနေနဲ့ ဖြည့်စီးပေးနိုင်ဖို့ မဟာဗျူဟာများချမှတ်လုပ်ဆောင်မယ်၊ အစိုးရအဖွဲ့အစည်းများနဲ့ သက်ဆိုင်ရာဌာနများကနေပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ဖြစ်နိုင်လိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။ သို့သော် အလွန်အမင်းလိုအပ်နေတဲ့ လူစွမ်းအားအရင်းအမြစ်တွေရရှိဖို့ အတွက်ကတော့ ကျနော်တို့ နိုင်ငံနဲ့ နိုင်ငံတကာ ကော်ပရေးရှင်းကြီး များအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ အင်ဂျင်နီယာဘွဲ့နှင့် လုပ်ငန်းအတွေ့အကြုံရှိပြီးသော၊ ဘွဲ့ရရှိပြီး လုပ်ငန်းအတွေ့အကြုံ မရှိသေးသောအင်ဂျင်နီယာပေါင်းစုံ၊ ကွန်ပြူတာပညာရှင်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ပညာရှင်များ အမြောက်အများဟာ အမိမြန်မာနိုင်ငံကနေထွက်ခွာလာလိုက်ကြတာ အခုဆို နိုင်ငံတွင်း ပညာရှင်ရှားပါးမှုကို အကြီးအကျယ်ရင်ဆိုင်နေရတွေ့ရပါတယ်။ 

နိုင်ငံတကာ ကော်ပရေးရှင်းကြီးများ မဝင်ရောက်ခင်မှာ လိုအပ်နေတဲ့ လူစွမ်းအားအရင်းအမြစ်တွေကို ပြည်တွင်းရှိ အင်အားကြီး Company ကြီး များကလက်ဦးမှုရယူပြီး အမိမြန်မာပြည်အတွင်းကို ပညာရှင်တွေ ပြန်လည်ခေါ်ယူခန့်ထားနိုင်ဖို့ကြိုးစားလာကြတာကိုယခုနှစ်ဆန်းပိုင်းလောက်ကစပြီးတွေ့ရှိလာရပါတယ်။ 

ပထမဦးဆုံး သတိထားမိတာကတော့ FMI Co.,Ltd လို့ လူသိများတဲ့ Serge Pun & Associates (Myanmar) SPA. ရဲ့ အလုပ်ကြော်ငြာ ကို Singapore Strait Time စနေသတင်းစာရဲ့ Executive Recruit ကော်လံမှာပါ။ Position တစ်ခုချင်းစီကို ခေါ်ယူတာမဟုတ်ပဲ သူရဲ့ မြောက်များလှစွာသော လုပ်ငန်းကြီးများအတွက် ခြုံငုံပြီး Project Management ၊  Engineering ၊ Sales & Marketing ၊ Investment နဲ့ Administration ဆိုင်ကျွမ်းကျင်သူများကို အမိမြန်မာပြည်မှာ ပြန်လည်အလုပ်လုပ်ဖို့အတွက် ခေါ်တဲ့ကြော်ငြာဖြစ်ပါတယ်။ Singaporean and PR preferred ဆိုတာတွေ နဲ့သာ ရင်းနှီးနေတဲ့ကျနော်တို့အတွက်၊ ကြုံတောင့်ကြုံခဲ စင်္ကာပူ Executive Recruitment ရဲ့အောက်ကကြော်ငြာမှာ SPA ရဲ့  Myanmar Nationality Preferred ဆိုတာကို ဖတ်ရတော့ ခံစား ရတဲ့ ခံစားမှုက နည်းနည်းတော့ တမျိုးပါပဲ။ ဒီနောက်ပိုင်းမှာတော့ SPA ဟာ စင်္ကာပူမြန်မာများ အမြဲဝင်လေ့ရှိတဲ့ website တွေမှာပါ ကြော်ငြာတွေ ထည့်ပြီး သူရဲ့ အိမ်ယာအရောင်းပြပွဲမှာ အလုပ်လျှောက်လွှာ တွေလာတင်နိုင်ကြောင်းဖိတ်ခေါ်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် စင်္ကာပူRecruitment Agency တစ်ခုကိုလဲ အသုံးပြုပြီးတော့ လူစွမ်းအားအရင်းအမြစ်တွေ စုဆောင်းခဲ့တာ ကို ဝမ်းမြောက်ဖွယ် ရာတွေ့ရပါတယ်။

သူ့နောက်ကနေတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Company ကြီးများထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Myint & Associates Co.,Ltd ဟာလဲ သူ့ Company ရုံးချူပ်ကို ထပ်မံတည်ဆောက်တဲ့နေရာမှာ အလုပ်လုပ်ဖို့အတွက် Mechanical Engineer နဲ့ Electrical Engineer တွေကို စင်္ကာပူသတင်းစာကနေပြီးတော့ ခေါ်ယူပြီး မြန်မာနိုင်ငံမှာ ပြန်လည်အလုပ်လုပ်ဖို့အတွက် ဖိတ်ခေါ်ခဲ့
တာတွေ့ရပါတယ်။ အခုနောက်ဆုံးအနေနဲ့ ကတော့ Forever Group ရဲ့ MRTV 4 ကလဲပဲ Event Coordinator နဲ့ Designer တွေကို စင်္ကာပူ shweroom website ကနေကြော်ငြာခေါ်ယူခဲ့ပြန်ပါတယ်။ 

မြန်မာပြည်တွင်း လုပ်ငန်းကြီးများကနေ ခေါ်ယူတဲ့ အလုပ်ကြော်ငြာ ကိုကြည့်ခြင်းဖြင့် ပြည်တွင်းမှာ ကြွမ်းကျင်အလုပ်သမားရှားပါးမှုနဲ့ရင်ဆိုင်နေရတာသိသာထင်ရှားတယ်လို့ကျနော့်အနေနဲ့တော့ထင်မြင်ယူဆပါတယ်။ ပြည်တွင်းလုပ်ငန်းကြီးတစ်ခုကနေ ပြည်ပမှာရှိတဲ့ မြန်မာဝန်ထမ်းများပြန်လည်ခေါ်ယူ ခန့်အပ်ရေးအတွက်  အထူး ဌားရမ်းထားတဲ့ လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ အတိုင်ပင်ခံတစ်ယောက်နဲ့ မထင်မှတ်ပဲ တွေ့ကြုံစကားပြောဖြစ်တော့ သူက နောင်လာမည့် အနာဂါတ်မှာ ဝင်ရောက်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတကာကော်ပရေးရှင်းကြီးများ အနေနဲ့လိုအပ်တဲ့ မန်နေဂျာများကိုအနီးစပ်ဆုံးဖြစ်တဲ့စင်္ကာပူကနေ ခေါ်ယူကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ သူတို့လိုအပ်တဲ့ ဝန်ထမ်းများရှာဖွေရတာ အင်မတန်ခက်ခဲနေတဲ့အကြောင်းပြောပြပါတယ်။ မြန်မာများကို စီမံအုပ်ချုပ်ရမှာဖြစ်တဲ့အတွက် မြန်မာလိုတက်တဲ့ မြန်မာတစ်ယောက်ထက်ပိုမို သင့်တော်တဲ့လူမျိုးမရှိနိုင်ကြောင်း၊ နိုင်ငံတွင်း အလုပ်အကိုင်ဖန်တီးမှုနဲ့ စီးပွားရေးဖွံဖြိုးမှုဟာ အနှေးနဲ့ အမြန်ဆိုသလိုဖြစ်ပေါ်လာမှာဖြစ်တဲ့ အကြောင်း သူရဲ့ ထင်မြင်ချက်ကိုပြောပြပါတယ်။ 

ဟုတ်ပါတယ်ကျနော်တို့လဲဒီလိုဖြစ်လာလိမ့်မယ်လို့မျှော်လင့်ကြပါတယ်။သို့သော်ဘယ်တော့လောက်မှာ ဖြစ်မလဲဆိုတော့ တော့စောင့်ကြည့်လေ့လာကြရအုံးမှာပါ။ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူမျိုး အများစုအနေနဲ့တော့ ကိုယ်နိုင်ငံကိုယ်ပြန်ပြီး အလုပ်လုပ်ချင်ကြမှာပါပဲ။ သို့သော်လုပ်ခလစာ ဘယ်လောက်ရကြမှာလဲ ? ဆိုတဲ့ မေးခွန်းဟာ အလွန်အရေးကြီးတဲ့ မေးခွန်းတစ်ခုပါပဲ။ ကိုယ်နိုင်ငံကိုယ် ပြန်လုပ်လို့အချို့သောစားရိတ်စကများသက်သာသွားမယ်ဆိုပေမယ့်နေထိုင်စားရိတ်တစ်ခု လောက်ပဲ ရှိမှာဖြစ်ပြီး အခြေခံစားကုန်တွေနဲ့ ခရီးစားရိတ်တွေက သိပ်တော့ မထောင်းသာလှပါဘူး။ ဒါ့အပြင် မြို့တွင်းသွားတဲ့ bus နဲ့ ပို့ဆောင်ရေးစနစ်ကဖွံဖြိုးမှုမရှိသေးတာနဲ့ အလျှောက်သွားလာရေးမှာ အခက်အခဲ၊ Telecommunication ကလဲ တခါတယံမှာ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုမရသေးတာဟာလည်း ကျနော်တို့အတွက် စဉ်းစားစရာတွေပါ။ 

စင်္ကာပူမှာအနိုမ့်ဆုံးလစာစင်္ကာပူဒေါ်လာ ၂၀၀၀နှင့်အထက်ရရှိနေတဲ့အင်ဂျင်နီယာတစ်ယောက်ကတော့ မြန်မာနိုင်ငံကအလုပ်တွေက သူဒီမှာ ရရှိနေတဲ့ လစာအနေအထားမျိုးရမယ်ဆိုရင်တော့ ဒီမှာတက်နေတဲ့ ဘွဲ့လွန်ဒီပလိုမာပြီးရင် ဖြင့်ကိုယ်နိုင်ငံကိုယ် ပြန်ပြီးအလုပ်လုပ်နိုင်ကြောင်းပြောပြပါတယ်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ ကော်ပရေးရှင်းအဆင့် MNC Company ကြီးတစ်ခုမှာ စာရင်းဆိုင်ရာအရာရှိအဖြင့် အလုပ်လုပ်နေတဲ့ Account Executive တစ်ယောက်ကတော့ လစာရရှိမှုအနေအထားအပြင် သွားလာရေးလွယ်ကူဖို့မြန်မာပြည်တွင်း company တွေကဖြည့်ဆည်းစီစဉ်ပေးနိုင်တာတွေ စင်္ကာပူမှာရရှိနေကျ ဖြစ်တဲ့ နှစ်စဉ်ဆုကြေးအဖြစ် လစာငွေရဲ့၂ ဆ ကနေ ၄ ဆ အထိရရှိတာတွေ ကို ထည့်သွင်းစဉ်းစားမှာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ အမြင်ကိုပြောပြပါတယ်။ စင်္ကာပူရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနက် စင်္ကာပူမှာ အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများအနေနဲ့ ပြည်တွင်းပြန်လည်အလုပ်လုပ်နိုင်ဖို့အတွက် တူညီသောလစာပေးသည့်တိုင်အလွယ်လေးစဉ်းစား မဆုံးဖြတ်နိုင် ပါဘူး။ သူတို့အတွက် လစာအပြင် စင်္ကာပူဥပဒေအရမဖြစ်မနေစုဆောင်းရတဲ့ CPF စုငွေ၊ အလုပ်ရှင်ဖက်ကဖြည့်ဆည်းပေးရတဲ့ လစာအပြင် CPF ၁၅.၅%၊ အခြားကျန်းမာရေးဝန်ဆောင်မှု များ အတွက် စင်္ကာပူအစိုးရဖက်ကဖြည့်ဆည်းပေးတာတွေ စတဲ့ လစာအပြင်အခြားသော ခံစားခွင့်တွေကို ပါထည့်သွင်းစဉ်းစားကြရမှာပါ။ ဒါ့အပြင် မြန်မာအလုပ်သမားဥပဒေအနေနဲ့ စင်္ကာပူ Employment Act လိုတိကျခိုင်မာမှုမရှိသေးတဲ့အတွက် ကျနော်တို့အနေနဲ့ပြည်တော်ပြန်အလုပ်လုပ်ဖို့အတွက် လောလောဆယ် စောင့်ကြည့်လေ့လာရေးမူဝါဒကိုကိုင်ဆွဲပြီး ဆက်လက်စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။      

အခကြေးငွေ ဖြင့်ထုတ်ဝေသည့် မည်သည့် media တွင်မဆိုထည့်သွင်းဖော်ပြခြင်းမပြုပါရန် လေးနက်စွာ
မေတ္တာရပ်ခံပါသည်။ Social Network Facebook နှင့်အခြား ကိုယ်ပိုင် Blog များတွင်ဖော်ပြလိုပါက
myanmarinsingapore မှတဆင့်နှင့် ကျနော်၏ Blog မှနေပြီး ရှယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။



Friday, May 11, 2012

စင်္ကာပူ တွင် (၆) နှစ်ကြာသောအခါ


အခုလာမည့် ဇွန်လ (၆) ရက်နေ့ဆိုရင်စင်္ကာပူမှာနေလာတာ (၆) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ Great Singapore Sales ကျင်းပတဲ့ အချိန်ကာလ ဖြစ်တာကြောင့် GSS ကြော်ငြာတွေစတွေလာတာနဲ့ ကျနော်စတင်ခြေချခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ကို သတိမရပဲကို မနေနိုင်ပါဘူး။ ၂၀၁၀ မှာရေးခဲ့တဲ့ စင်္ကာပူ မှာ (၄) နှစ်ကြာသောအခါမှာတော့ ရန်ကုန်ကနေ စတင်ထွက်ခွာလာခဲ့တဲ့အကြောင်း၊ 
၂၀၁၁ မှာရေးခဲ့တဲ့ စင်္ကာပူမှာ (၅) နှစ်ကြာသောအခါ post မှာ ကျနော်အလုပ်လုပ်ခဲ့တဲ့ အလုပ်တွေအကြောင်းတွေ ရေးခဲ့ပြီးတဲ့နောက် အခု ၂၀၁၂ (၆) နှစ်ကြာသောအခါမှာတော့ ဘာရေးရမှန်း တွေးလို့မရဖူးဖြစ်နေပါတယ်။ (၆) နှစ်ပြည့်လာတဲ့အခါမှာတော့ တိုက်တိုက်ဆိုင်ဆိုင် ပဲ (၆) ခုမြောက် အလုပ်အသစ်တစ်ခုမှာ အလုပ်စဖြစ်ပါတယ်။ ဒီတော့ အသစ်အလုပ်လုပ်နေတဲ့ အလုပ်အကြောင်း လေး နဲ့ အိမ်ဌားရတဲ့အကြောင်းအတွေ့အကြုံလေးရေးမယ်စိတ်ကူးမိပါတယ်။ 

တကယ်တော့ ဒီအိမ်ဌားတင်တဲ့အကြောင်းကို သီးသန့်ပိုစ့်တစ်ခုအနေနဲ့တင်မယ် စိတ်ကူးပေမယ့် သူများအကြောင်းမကောင်းတာကို
blog ပေါ်မှာအကျယ်တပွင့် ရေးတယ်ဖြစ်မှာဆိုးတာရယ်၊ ဒီမကောင်းကြောင်းတွေကိုလဲ သီးသန့်ကြီးချမရေးလိုတာရယ်ကြောင့် ဒီပိုစ့်
နဲ့အတူ နည်းနည်းထည့်ရေးလိုက်တာပါ။ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ ပါပါး ရန်ကုန်ပြန် တလှည့်ပြန်သွားနေတော့ ကျနော့်တိုက်ခန်းမှာ
အိပ်ခန်း (၂) ခန်းရှိတဲ့အထဲက တစ်ခန်းကို ပြန်ဌားဖို့လုပ်လိုက်ပါတယ်။ တိုက်ခန်းခတွေကဈေးကြီးတော့ ဒီလိုမှရှယ်မနေရင် ရတဲ့ငွေနဲ့
ခက်ခက်ခဲခဲ ဖြတ်သန်းရမှာပါ။ အခန်းခကိုတော့ တခန်းလုံးကို (၂) ယောက်နေဖို့ ၈၅၀ အပြီးအစီးတောင်းလိုက်ပါတယ်။ အဲကွန်းကိုလဲ
ကန့်သတ်ချိန်မထားပဲ သင့်တော်သလိုကြည့်ဖွင့်လို့ပြောထားလိုက်တယ်။ ကိုယ်က အိမ်ဌားတဲ့အတွေ့အကြုံမရှိတော့ စည်းမျဉ်းစည်း

ကမ်းတွေကိုလဲ အတိအကျမပြောတော့ပဲ အများသူဌာရှိတဲ့ basic house rules ပဲလို့ပြောလိုက်ပါတယ်။ ပထမဆုံးအိမ်ဌားအနေနဲ့ 
ပေါ်လီနောက်ဆုံးနှစ်ကျောင်းသားနဲ့ ဒီမှာကျောင်းပြီးတဲ့ အင်ဂျင်နီယာကောင်လေး သူငယ်ချင်း (၂) ယောက်လာဌားနေကြတယ်။
ကျနော့်တိုက်ခန်းမှာ ထမင်းဟင်းကိုတော့ပေးမချက်ပဲ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ခေါက်ဆွဲတော့ ပြုတ်လို့ရတယ်ပေါ့ဗျာ။
ပထမပိုင်းမှာတော့ ခေါက်ဆွဲပဲပြုတ်ပါတယ်၊ နောက်ပိုင်းမှာတော့အင်ဂျင်နီယာကောင်လေးကဟိုဟာလေးဒီဟာလေး ကြော်စားချင်လို့ ပါဆိုပြီး ကျနော့်အမေဆီကနေ ဆီတောင်းပြီး ကြော်ပါတယ်။ ဒီလိုဟာက အကြိမ်ရေစိတ်လာတော့ လုံးဝပေးမကြော်တဲ့အကြောင်းပြော ပြီးပိတ်ပင်လိုက်ရပါတယ်။ သူနဲ့ပဲတောက်ရှောက်ကြီးကြီးမားမား ပြသနာတွေမဟုတ်ပဲနဲ့ ညဖက်တညလုံး အခန်းထဲက တီဗွီဖွင့်ပြီးအိပ်
ပျော်နေတာတို့၊ ထီးဌားသွားပြီးပြန်ပေးဖို့အကြိမ်ကြိမ်တောင်းရတာတွေ၊ အိမ်ခန်းထဲမှာ ဘီယာတွေသောက်ပုလင်းတွေကို အမှိုက်ပစ်
တဲ့ Tube ကနေတခွမ်းခွမ်းပစ်ချတာ စတဲ့ သေးသေးဖွဲဖွဲ တွေပေါင်းလာတော့ ကျနော်လဲ သည်းမခံနိုင်တာနဲ့ သူတို့ကိုမကြိုက်တဲ့
အချက်တွေစာနဲ့ ချရေးပေးပြီး တကယ်လို့ အစဉ်မပြေရင်ပြောင်းနိုင်ပါတယ်လို့ လမ်းဖွင့်ပေးတော့ အင်ဂျင်နီယာကောင်လေးက သူနဲ့တူတူပါလာတဲ့ သူ့သူငယ်ချင်းကောင်လေးကိုထားခဲ့ပြီး ပြောင်းမယ်လို့ အကြောင်းကြားပါတယ်။ ကျနော်လဲ (၁) လ နို့တစ်ပေး
ဖို့သဘောတူထားပေမယ့် သူလဲအနေကြပ်ကိုယ်လဲအနေကြပ်ဖြစ်မှာဆိုးလို့ နေဖို့နေရာရတာနဲ့ ပြောင်းနိုင်တယ်ဆိုတော့ သူလဲ 
လကုန်တာနဲ့ ပြောင်းသွားခဲ့ပါတယ်။

ကျန်ခဲ့တဲ့တစ်ယောက်ကိုတော့ ပထမပိုင်း တူတူပြောင်းခိုင်းမယ်ကြံပေမယ့် နောက်တော့ နောက်တစ်ယောက်ပဲရှာလိုက်ပါမယ်ဆိုပြီး
ကြော်ငြာထည့်ရှာပါတယ်။ အဲ့ဒီမှာ NTU Master ဆင်း အသက် ၃၀ နဲ့ ၄၀ ကြား အိမ်ဌားတစ်ယောက်ထပ်ရပါတယ်။ အဲ့ဒီမှာ ကျနော်
တို့ မြန်မာစကားပုံ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတာနဲ့စတွေ့ပါတော့တယ်။ သူကတော့ ဒီမှာနေတာကြာတဲ့
သူဖြစ်လို့ စည်းကမ်းတွေကိုတော့ အတော်လေး တိတိကျကျ လိုက်နာပါတယ်။ ကျနော့်အိမ်မှာ ခုနကပြောခဲ့သလို ချက်စားလို့မရဖူး
light cooking ဖြစ်တဲ့ ခေါက်ဆွဲပြုတ်လို့ရတယ်ဆိုတာမှာ ဒီလူဟာ ညစဉ်ညတိုင်း ခေါက်ဆွဲပြုတ်ပါတယ်။ ခေါက်ဆွဲပြုတ်တာရိုးရိုးပြုတ်
ရင်ကျနော့်အနေနဲ့ပြောဖို့မရှိပေမယ့် သူ့ပြုတ်ပုံကကြေးအိုးချက်သလို အသားစိမ်းတွေ၊ အရွက်တွေနဲ့ကို တခါပြုတ်၊ ခေါက်ဆွဲကိုပြုတ်
ဒါမတိုင်မီမှာ အသားငါး၊ ပုဇွန်စတာတွေကို လှီးဖြတ်တာ၊ ပုဇွန်အခွန်နွှာတာစတာတွေက processing တစ်ခုလုံးကို (၁) နာရီကျော်ကြာ
ပါတယ်။ နောက်ဒီဟာကိုစားတဲ့အခါမှာလဲအသံမျိုးစုံပါးစပ်ကထွက်ပြီး စားသောက်တာကနောက်ထပ်အနည်းဆုံး မိနစ် ၄၀ကြာပါတယ်။
ကျနော်က စလုံးအိမ်မှာ စင်္ကာပူသက်တမ်းရဲ့ တစ်ဝက်လောက်နေလာတော့ light cooking ကို definition ဖွင့်တဲ့အခါမှာ သူခေါက်ဆွဲ
ပြုတ်တာနဲ့ အတော်လေးခြားနားနေတာတွေ့ရတော့ အတော်လေးစိတ်မချမ်းသာရပါဘူး။ နောက်တစ်ခုက ဘယ်နေရာပဲနေနေ၊ သူ့
အခန်းထဲမှာဖြစ်လို့ အခန်းဖော်ကောင်လေးရှိနေ မနေနေ သီချင်းကိုအော်ဟစ်ဆိုတယ်၊ မီးဖိုမှာလဲ ပဲ အော်ဟစ်ဆိုလိုဆို၊ ရေဒီယိုကို
တစ်အိမ်လုံးကြားရလောက်အောင်ဖွင့်ပြီး ဘယ်သူ့မှဂရုမစိုက်ဖူးဟေ့ဆိုသလို နေပါတယ်။ တအိမ်လုံးမှာရှိတဲ့ အိမ်ရှေ့တံခါး၊ အိပ်ခန်း
တံခါး၊ Fridge တံခါးမကျန် ဆောင့်ပိတ်ပြီးအသံမမြည်ရရင်ကို မကြိုက်တဲ့သူပါ။ ကျနော့်အမေက အပြင်မှာအိပ်တော့ သူ့ဒဏ်ကိုအခံရ
ဆုံးဖြစ်ပြီး တစ်ညအမေကမခံနိုင်လို့ ပြောတော့ သူကပဲ ကျနော့်အမေကို ပြန်ရန်တွေ့ပြီး တဲ့အထိဆိုးလာပါတယ်။ တအိမ်လုံးမှာသူပါ
မှ (၅) ယောက်ရှိတာ (၄) ယောက်က သူ့ကိုမကြိုက်တော့မှန်းသိတော့ နောက်တစ်ရက်မနက်မှာ ကျနော့်စီဖုံးဆက်ပြီး ပြောင်းတော့
မယ်ဆိုတဲ့အကြောင်းပြောပါတယ်။ မှတ်မှတ်ရရ ဖေဖဝါရီ (၁၃) ရက်ပါ။ ကျနော်က ဖေဖဝါရီလကုန်မှာ ပြောင်းချင်လဲရပါတယ်ဆိုတော့
မဟုတ်ဖူး မတ်လကုန်မှပြောင်းမယ်ဆိုပြီးပြောပါတယ်။ အဲ့တုံးက ဒီထက်မကပြသနာကြီးလာလိမ့်မယ်လို့မထင်လို့ ရပါတယ်ပြောလိုက် 
မိတယ်။ နောက်နေ့ကစပြီးတော့ မှ အရင်ကထက်ပိုပြီး ဆိုးလာပြီး ကျနော့်အမေကို အဓိကထားပြီးတိုက်ခိုက်တာ ကျနော့်အမေခမျာ
ညဖက်အိပ်လို့မရလို့ သူများအိမ်မှာ သွားနေရတဲ့စီကိုတောင်ရောက်လာတော့ ကျနော်လဲ မနေနိုင်တော့တာနဲ့ ဖေဖဝါရီ (၁၃) မှာသူ
ပြောင်းမယ်ပြောထားတော့ မတ်လ (၁၃) မှာပဲ ပြောင်းပေးဖို့ကောင်းကောင်းမွန်မွန် ပြောပေးမယ့်ကျနော်သူ့ကိုမတ်လကုန်အထိပေး နေဖို့ သဘောတူထားတယ်ပြောပြီး ပြောင်းဖို့ငြင်းဆန်ပါတယ်။ ကျနော့်တသက်မှာ ဒီလောက်အရှက်မရှိတဲ့သူကို ပထမဆုံးမြင်ဖူးတာ
ပါပဲ။ နှင်ချတာတောင်မဆင်းဖူးဆိုတော့ ဘယ်လိုလုပ်မလဲပေါ့။ PR ဆိုပြီးလူပါးဝတာလဲပါတယ်ပေါ့ဗျာ။ ကျနော်လဲ ပြောမရတဲ့အဆုံး
သူခေါက်ဆွဲပြတ်တာကို မကြိုက်တဲ့အကြောင်း light cooking ဟာ ဒါကိုမဆိုလိုကြောင်းပြောပြီး gas ကို လုံးဝမသုံးတော့ ဖို့ ပြောတော့ လဲကျနော် သူစပြောင်းလာထဲက ချက်ခွင့်ပေးထားလို့ သူဒီစည်းကမ်းကိုမလိုက်နာနိုင်ဖူးဆိုပြီး စောဒကတက်ပါတယ်။ ကျနော်လဲဒီတစ်
ခုတော့ အလျှော့မပေးတော့ပဲ ကျနော့် အိမ်နေရာဖြစ်လို့ကျနော့်စည်းကမ်းကို ကြိုက်သလိုထုတ်လို့ရတယ်ပြောပြီးအတင်းပိတ်ပင်တာ
တောင်လက်မခံပါဘူး။ နောက်ဆုံးကျနော့်အခန်းဖော် က ကျနော်တို့ပြောနေတာကို သူနားမလည်ပေမယ့် ပြောနေတဲ့ အသံတွေအရ
အခြေအနေမဟန်တာ သိလို့ ထွက်လာပြီး ပြောတော့မှာ NTU Master သမားကြီးက English စာကို ခွေးအ လှည်းနင်းသလိုဖြစ်ပြီး 
နိုင်အောင်မပြောနိုင်တော့ ပဲ အလျှော့ပေးပြီး သူဝယ်ထားတဲ့ ဟာတွေကုန်အောင် (၇)ခါ ချက်ပြီးရင် ဆက်မချက်တော့ ဖူးဆို ပြီး ဇာတ်လမ်း ပြတ်သွားပါတယ်။ နောက်ဆုံးတော့ ကျနော်တို့အတွက် သည်းအခံရဆုံးအချိန် ၁ လကျော်ကြာပြီးတဲ့ အခါမှာတော့ သူလဲ
ပြောင်းသွားပါတယ်။ ပြောင်းတဲ့ရက်မှာတောင် ကျနော်အမေက ပစည်းတွေ သေခြာစစ်သွားဖို့ ဘာမှမကျန်ခဲ့ဖူးဆိုတာ ပြောတာကိုသူ
က အခန်းစစ်ခိုင်းတာ ကျန်တာဘာမှပြောမနေနဲ့ဆိုပြီး ရန်ထောင်သွားပါသေးတယ်။ ဒီလူနောက်ပိုင်းမှာတော့ learning from experience ဆိုသလို အရင်ကဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ ကြီးချရေး၊ ခေါက်ဆွဲကိုလဲ gas နဲ့လုံးဝမပြုတ်ခိုင်းတော့ပဲ တစ်ခုခုဖြစ်တာနဲ့ စိတ်ထဲထားမနေတော့ပဲ ချက်ချင်း action ယူပြီးလုပ်ခိုင်းတဲ့ Policy ကိုပြောင်းသုံးပါတော့တယ်။ 

အခုတော့ ကျနော့်တိုက်ခန်းမှာ ဟိုး ပထမဆုံးစဌားနေတဲ့ ပေါ်လီကျောင်းသား (ယခုတော့ ကျောင်းပြီးလို့ အလုပ်လုပ်နေ) ကောင်လေး
တစ်ယောက်နဲ့ နောက်လာနေတဲ့ ကျောင်းသားတစ်ယောက်ရှိပါတယ်။ ပေါ်လီဆင်းကောင်လေးဆို စစလာနေချင်းက စည်းကမ်းနဲ့
ပတ်သတ်ပြီး အတော်လေး ပြသနာများပေမယ့် အခုဆိုအများကြီးတိုးတက်ပြောင်းလဲသွားပါပြီ။ အိမ်ဌားတဲ့ အကြောင်းပြီးတော့ ကျနော့်
အလုပ်အကြောင်းဆက်ပြောတာပေါ့ဗျာ။

၂၀၀၉ ခုနှစ် နိုဝင်ဘာလနေ စတင်အလုပ်လုပ်ခဲ့တဲ့ ဂျပန်ပိုင် MNC Company ကြီးဖြစ်တဲ့ Sankyu Singapore ကနေ တကယ့် တကယ်တန်းတော့ အလုပ်ပြောင်းဖို့ စိတ်ကူး ကြီးကြီးမာမား မရှိခဲ့ပါဘူး။ ပေးထားတဲ့လစာက အများကြီးလဲမဟုတ်သလို၊ အနည်းလေး လဲမဟုတ်ပါဘူး။ အခြားခံစားခွင့်တွေဖြစ်တဲ့ အကန့်အသက်မရှိ  ဆေးကုသခွင့်တွေ၊ အထူးကုဆရာဝန်ကြီးများနဲ့ ဆေးကုသခွင့်၊ အများကြီးမဟုတ်ပေမယ့် better than nothing ဖြစ်တဲ့ နှစ်စဉ်ပုံမှန်ဘောနပ်စ်၊ နှစ်စဉ်လစာတိုး စတာတွေအပြင် Company ရဲ့ကြီးမား ခိုင်မာမှု က ကျနော်ရှေ့ရေးအတွက် လုံခြုံမှုအပြည့်ရှိတယ်ပြောရမှာပါ။ ကျနော်ရုံးစိုက်နေရတဲ့ Section အကြီးအကဲက မလေးရှားဖွား Indian ဖြစ်လို့ သူ့လူမျိုးတွေကို မျက်နာသာပေးတာကလွဲလို့ ကိုယ့်အပေါ်လဲ ဘာဖိအားမှမပေး၊ ဘယ်အရာကိုမှဝင်ရောက်စွတ်ဖက် လေ့မရှိ တာကြောင့် အတော်အေးအေးချမ်းချမ်းရှိတယ်ပြောရမှာပါပဲ။ အခက်အခဲဘာတွေရှိလဲလို့မေးလာရင်ကျနော့်ရဲ့ အလုပ်တာဝန် တွေထဲက တစ်ခုဖြစ်တဲ့ HR Function တွေထဲက အလုပ်သမားတွေနဲ့ဆက်ဆံရေးပါပဲ။ စက်ရုံအလုပ်ဖြစ်တဲ့အတွက် ဝန်ထမ်းခန့်ထား တဲ့နေရာမှာ အလုပ်သမား အဆင့်ဝန်ထမ်းတွေ ဖြစ်တဲ့အတွက်စကား ပြောဆိုရတာ ခက်ခဲသလို၊ အလွန်ပဲ demanding များတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။ အလုပ်သမားလို့ဆိုလို အထင်မသေးနဲ့နော် စောဒကတက်တဲ့ နေရာမှာလဲ စလုံးတွေနဲ့ နင်လားငါလားပါပဲ။ နောက်တစ်ခုကတော့ Middle Management သမားတွေ ကြုံတွေ့နေကျဖြစ်တဲ့ ကြားညှပ်တဲ့ပြသနာပါ။ ကျနော့်တို့အထက် စီမံခန့်ခွဲ ရေးမန်နေဂျာစီကနေ ဒီလအတွက် သို့မဟုတ် ဒီကာလတစ်ခုအတွက် ဘက်ဂျက်သတ်မှတ်ချက်ကတော့ ဒီလောက်ပမာဏပါလို့ သိထားပြီးတဲ့နောက်၊ ခုနကပြောတဲ့အလုပ်သမားတွေ သူတို့ရဲ့ Supervisor တွေကနေလိုအပ်ချက်တွေ ဝယ်ချမ်းဖို့တို့၊ ယူနီဖောင်း မလောက်လို့တို့၊ ဝန်ထမ်းအသစ်တွေအတွက် Safety Shoe ဝယ်ဖို့တို့စတာတွေအတွက်အသုံးလိုလာခဲ့လို့ရှိရင်ရထားတဲ့ဘက်ဂျက် ကနေ လောက်ဌအောင်သုံးရတာ၊ မလောက်လို့မဝယ်ပေးနိုင်ခဲ့ရင် ကပ်စေးနဲတယ်ဘာညာဆိုပြီး ကိုယ့်အပေါ်ညိုငြင်ကြတာ ပါ။ ဘယ်သူကမှ Upper Management ကို သွားပြောကြတာ မဟုတ်ပါဘူး။ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရဲ့ Attendance ကို Bio Metric System တက်ဆင်ထားပေမယ့်လဲ ဒီ System Data တွေကို automatic calculation မလုပ်ပဲ Manual Punch Card ပါသုံးပြီး Manual Data ကိုပဲ အသုံးပြုတာကြောင့် အခြားသောမသမာမှုတွေ အများအပြား လဲ ကြုံတွေ့ရပါတယ်။ ကိုယ့်အထက်ကအရာရှိကတောင် မပြောပဲ မျက်စိစုံမှိတ်နေတော့ ကျနော့်မှာလဲ ဘာမှမပြောသာပါဘူး။  နောက်တစ်ခုကတော့ အလုပ်ချိန်ပါ။ အလုပ်ချိန်ကမနက် ၈ နာရီ ကနေ ၅ နာရီပဲဖြစ်ပေမယ့် မနက်ပိုင်း Transport က Jurong East မှာ မနက် ၆ နာရီ ၄၀ မှာကြိုတာကြောင့်အိမ်ကနေ အစောကြီး ထသွား ရ ပြီးတဲ့နောက် ရုံးကကျနော့်စားပွဲကိုရောက်တဲ့အချိန်က မနက် ၇ နာရီ ၁၀ မိနစ်ပါ။ ညနေကိုယ်က အိုတီမထိုင်လို့ ၈ နာရီခွဲမှ ကြိုပို့အားနဲ့ပြန်တယ်ဆိုရင် အိမ်ကို ည ၉ နာရီကျော်မှပြန်ရောက် ပါတယ်။ တခြားဘာမှလုပ်လို့မရပဲ နေ့စဉ်နဲ့အမျှ ရုံးနဲ့ အိမ်ပါပဲ။ 

Sankyu Singapore ကနေ အလုပ်ထွက်ဖို့ဖြစ်လာတာကတော့ ကျနော် အမေရိကန် MNC ကြီးတစ်ခုမှာ အလုပ်အင်တာဗျူးရတာ
က စပါတယ်။ ကျနော့် ပိုစ့်တစ်ခုဖြစ်တဲ့ ကျနော်နှင့် အင်တာဗျူးများ အပိုင်း (၁) မှာ အသေးစိတ်ရေးထားပြီးဖြစ်တဲ့ အတွက်အသေးစိတ်
တော့ထပ်မရေးတော့ပါဘူး။ အဲ့ဒီအင်တာဗျူးကမအောင်မြင်ခဲ့တာကြောင့် ကိုယ်ကိုကိုယ်လဲ အတော်တုံးသွားတယ် လို့ ထင်တယ်။ အဲ့ဒီနေ့ကစလို့ ကျနော်အလုပ်မရှိတဲ့အတိုင်း အပြင်းအထန်အလုပ်ရှာပါတယ်။ job portal ကြီးတွေဖြစ်တဲ့ st701 jobDB jobstreet ထဲကနေ resume တွေ ပို့၊ စနေသတင်းစာဝယ်ဖတ်ပြီး e-mail တွေပို့နဲ့ (၂) လနီးပါးကာလ အတွင်း ခန့်မှန်းခြေ အလုပ် (၂၀၀) ကျော်လောက်လျှောက်ထားဖြစ်ပါတယ်။ ဒီလောက်များပြားစွာလျှောက်ပေမယ့် တောင်းထားတဲ့ expected salary ကများတာကြောင့် လား? ကိုယ့် qualification ကလျှောက်ထားတဲ့ အလုပ်တွေနဲ့ ကိုက်ညီမှုမရှိလို့လားမသိ၊ response က (၁) ခုပဲ ရပါတယ်။ ရတာကလဲ Agent ဆီကပါ။ Agent က လိုအပ်တဲ့မေးခွန်းတချို့ e-mail ကမေးပြီး သူ့ Client ကို ပြန်ပြောမယ်ပြောပြီး ပေါ်မလာတော့ ပါဘူး။ ဖေဖဝါရီလဆန်းလောက်ထဲကစရှာလိုက်တဲ့ အလုပ်တွေကနေ မတ်လ ကုန်ပိုင်းလောက်မှာ အင်တာဗျူးတစ်ခုရပါတယ်။  Local Company တစ်ခုမဟုတ်ဖူးဆိုတာ သိရပြီး Company ရုံးကလဲ အိမ်ကနေ ၁၅ မိနစ်လောက် Bus စီးရင်ရောက်တယ်ဆိုတော့ အတော်လေးရချင်ပါတယ်။ US MNC Interview မှာအတွေ့အကြုံတော်တော်ရထားပြီဆိုတော့ ဒီတခါအင်တာဗျူးတော့ ဖြင့် ရအောင်ဖြေမယ်ဆိုပြီး သွားပါတယ်။ Finance and HR Manager နဲ့ Regional Head, MD (၂) ယောက်ဗျူးပါတယ်။ နှစ်ယောက်လုံးက Local ပဲဆိုတော့ ပြောရဆိုရတာ၊ ဆက်ဆံရတာ ပေါ့ပေါ့ပါးပါးရှိတဲ့အပြင်၊ မေးမြန်း တာတွေကလဲ ပုံမှန်မေးနေကျမေးခွန်းတွေပါပဲ။ လက်ရှိ Sankyu မှာလုပ်နေတဲ့ အလုပ်တာဝန်တွေ၊ အရင်ကလုပ်ဖူးတဲ့ အလုပ်တာဝန်တွေပါပဲ။ ကျနော်ကတော့ အရင်ပြန်မေးနေကျ မေးခွန်းတစ်ခုမဟုတ်တဲ့ကိုယ်အပါအဝင် Short-listed ဘယ်နှယောက်ရှိလဲဆိုတော့ MD က ပြန်မေးနေကျ မေးခွန်းမဟုတ်လို့ အတော်တွန့်ဆုတ်သွားပြီးမှ (၃) ယောက်ရှိကြောင်း ယောင်္ကျားလေး က ကျနော် တစ်ယောက်ထဲသာဖြစ်ကြောင်း ပြောပါတယ်။ ထုံးစံအတိုင်း (၂) ရက်နေရင် အကြောင်းပြန်မယ်ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ 

အင်တာဗျူးသွားဖို့ ရုံးကနေ နေ့တစ်ဝက်ခွင့်ယူသွားပြီး အိမ်ပြန်အဝတ်လဲဖို့လဲ အချိန်မရတာကြောင့် အင်တာဗျူးသွားတဲ့အတိုင်း Formal နဲ့ ရုံးပြန်ရောက်တော့ မန်နေဂျာနဲ့ပက်ပင်းတိုးပြီး တအံ့တသြနဲ့အင်တာဗျူးကပြန်လာတာလား ဆိုပြီးမေးပါတယ်။ ကျနော်လဲ Yes လဲမပြော No လဲမဆိုပဲ ရီပြပြီး ကိုယ့်အခန်းထဲကိုယ်သွား ယူနီဖောင်းလဲ ပြီးအလုပ်လုပ်နေလိုက်တာ။ မန်နေဂျာကမကြာခနပဲ ကျနော့်အခန်းလာပြီး မထိတထိ လာလာအစ်သေးတာ။ ကိုယ်က First Interview ပဲရသေးတော့ အလုပ်ရမှာမသေခြာသေးပဲ ဘာမှမပြောချင်သေးဘူးလေ။ ရုံးရောက်ပြီးတာနဲ့ အင်တာဗျူးခဲ့တဲ့ MD နဲ့ HR ဆီ e-mail ပို့ ကျေးဇူးတင်ကြောင်း၊ မိမိကိုယ် အလုပ်ခန့်ဖို့ထပ်ပြီးကောင်းကြောင်းတွေ လှမ်းပြောပါတယ်။ ညနေစောင်းမှာတော့ HR ဆီကနေ နောက်နေ့မှာ Second Interview လာဖို့ပြောတာကြောင့် အတော်လေးမျှော်လင့်ချက်ထားမိတယ်။ နောက်နေ့အတွက်တော့ Polyclinic သွားပြီး MC ယူပြီး တစ်နေကုန် ပဲ အလုပ်မသွားတော့ ပဲ Second Interview သွားလိုက်တော့တယ်။ Second Interview ကိုတော့ HR and Finance Manager တစ်ယောက်ပဲ ရှိပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ဖတ်ခိုင်းပြီး တစ်ခုချင်းစီရှင်းပြပါတယ်။ နောက်ဒီအလုပ်တွေကိုလုပ်နိုင် မနိုင်မေးပြီး  ထင်ထားတဲ့အတိုင်းပဲတောင်းထားတဲ့လစာကို ညှီနှိုင်းပြီး ဘယ်လောက်အနိုမ့်ဆုံးထားနိုင်မလဲ မေးပါတယ်။  ကိုယ်ကလဲ ဒီလိုဈေးဆစ်မယ်ဆိုတာ သိတော့ ဆစ်မယ့် ပမာဏကိုကြိုတင်မြှင့်ထားပြီး ကိုယ်လိုချင်တဲ့ ပမာဏကိုတောင်းလိုက်တယ်။ ပြောပြီးတာ နဲ့တခါထဲHR Manager က ဖိုင်ထဲကနေ Appointment Letter ကိုထုတ်ပေးတာကြည့်လိုက်တော့ ကိုယ်ပြောတဲ့လစာပမာဏကို ကြိုတင်ရေးထားနှင့်ပြီးသားပါ။ သူတို့ကလဲ ဘယ်လောက်ဈေးတင်ထားပြီး ဘယ်လောက်နဲ့ရနိုင်တယ် ဆိုတာကြိုတင်ခန့်မှန်းထား ပြီးသားပါ။ ကျနော်လဲ Appointment Letter ကိုအသေးစိတ်ဖတ်ပြီး တခါတည်း လက်မှတ်ထိုးပေးလိုက် ပါတယ်။ အလုပ်စမယ့် ရက်တော့ Immediate Vacancy ဖြစ်တာနဲ့ အမျှ တပါတ်အတွင်း အလုပ်စဖို့ ပြောပါတယ်။ အခြာခံစားခွင့်တွေကတော့ Sankyu လို အကန့်အသတ်မရှိဆေးကုခွင့် ကလွဲလို့ အားလုံးလိုလိုတူတူလောက်ပါပဲ။ 

နောက်တစ်ရက် Sankyu မှာရုံးတက်တာနဲ့ အလုပ်မှနှုတ်ထွက်စာကို ရေးပြီး မန်နေဂျာကိုပေးတော့ မန်နေဂျာက သူခန့်မှန်းတာ မှန်နေတာပေါ့တဲ့ မအံသြပါဘူးလို့ပြောပါတယ်။ ထုံးစံအရ (၁)လ ကြိုတင်ပြီးနှုတ်ထွက်ခွင့်တောင်းရမှာဖြစ်ပေမယ့် ဒီဖက်က လိုအပ်ချက်ကြောင့် အလျှင်အမြန်ပဲထွက်ရလို့ Sankyu ဖက်ကို လစာတစ်လစာလျှော်ပြီး ထွက်ရတာပါ။ ကျနော့်ရဲ့အခြေခံလစာက မများတဲ့အတွက် တစ်လစာအတွက် များများစားစားတော့ မပေးလိုက်ရပါဘူး။ လိုအပ်တဲ့ Handover Process ကိုအလျှင်အမြန် လုပ်ပေးပြီးတဲ့နောက်မှာတော့ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ Sankyu Singapore ကနေနှုတ်ထွက်ခဲ့ပါတယ်။ 

ကျနော့်အတွက် New Era ကို တော့ ဆွီဒင်အခြေစိုက် MNC Company တစ်ခုဖြစ်တဲ့ OSM Group နဲ့ဧပြီလ (၃) ရက်နေ့မှ စဖြစ်ပါ တယ်။ Singapore ရုံးကတော့ Sales & Marketing ရုံးလေးတစ်ခုပဲဖြစ်ပြီး Regional Sales Director (၁) ဦး၊ Global Sales Vice-President (၁) ဦးနဲ့ Singapore MD and Asia Pacific Regional Sales Director (၁) ဦး အပါအဝင် အရောင်းမန်နေဂျာ (၃) ဦး၊ Logistics Manager (၂) ဦးနဲ့ HR & Finance Manager (၁) ဦးရုံးထိုင်ပါတယ်။ ကျနော့်အလုပ်တာဝန်ကတော့ VP နဲ့ Directors များ နဲ့ အရောင်းမန်နေဂျာများ ခရီးသွားရင် လေယာဉ်လက်မှတ်တွေစီစဉ်ပေးရတာ၊ MD အတွက် Secretary Service နဲ့ Office တစ်ခုလုံးရဲ့ Administration တွေ ကိုင်တွယ်ရတာပါ။ ဒီ Company ကတော့ သူများနဲ့မတူတဲ့ ထူးခြားတာတစ်ခုက အပါတ်စဉ် သောကြာနေ့တိုင်း ညနေ ၄ နာရီကစပြီး Cozy Friday ဆိုပြီး ပါတီအသေးစားလုပ်တာပါ။ Fridge ထဲမှာ Beer နဲ့ အချိုရည် အပြည့်ရှိ နေဖို့နဲ့စားစရာအမြည်းဘာညာတွေ အဆင်သင့်ရှိနေဖို့ ကြိုတင်စီမံထားရပါတယ်။ MD ကပျော်ပျော်နေတက်လို့  Cozy Friday တိုင်းလိုလို သူကအတက်ကြွဆုံးပါပဲ။  OSM Group ဟာ ကိုယ်ပိုင် Brand အနေဲ့ DICOTA နာမည်နဲ့ Laptop Bag တွေကစလို့ Mobile Phone မျိုးစုံအတွက် ကာဗာတွေ အခြား ကွန်ပြူတာသုံး  accessories မျိုးစုံထုတ်လုပ်ရောင်းချပါတယ်။ နောင်များ ကျနော့် သူငယ်ချင်းညီအစ်ကို မောင်နှမများ DICOTA Brand တွေ့ရင် ကျနော့်ကိုသတိရပြီး ဝယ်ယူအားပေးပါလို့ တိုက်တွန်းရင်း ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်ခင်ဗျား။ ဖတ်ပေးတဲ့သူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။       ။ 

Wednesday, March 21, 2012

Mr. Lee Kuan Yew ပြောသောမြန်မာနိုင်ငံအကြောင်း အပိုင်း (၂)

Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.

၁၉၉၅ ခုနှစ်တွင် မြန်မာအစိုးရ၏ ဝန်ကြီးချူပ်နှင့် စစ်တပ်ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချူပ်ကြီးသန်းရွှေ စင်္ကာပူသို့အလည်အပတ်လာရောက်
စဉ်ကာလ၌ ကျန်ုပ်နှင့်တွေ့ဆုံချိန်တွင် သူ့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံကိုသွားရောက်လည်ပတ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ စစ်ခေါင်းဆောင်
တစ်ဦးဖြစ်သော ဗိုလ်ချူပ်ကြီးဆူကာနို အနေဖြင့် စစ်ခေါင်းဆောင်အဖြစ်မှ တိုင်းပြည်သမ္မတ ဖြစ်အောင် ပြုပြင်ပြောင်းလဲလုပ်ဆောင် သွားပုံကိုသွားရောက် လေ့လာသင့်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံဥပဒေအရ စစ်တပ်ကို အစိုးရအဖွဲ့အတွင်းအထူးအရေးပါသည့် နေရာတွင်ထားရှိပြီး ဥပဒေပြုပြင်ပြောင်းလဲရေးများ အတွက်အရေးပါသော စစ်တပ်ကိုယ်စားလှယ်များ (အမတ်များ) ပါဝင်ထားစေသည်။ ထို့အပြင် အင်ဒိုနီးရှားစစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံလုံခြုံရေး နှင့် ဥပဒေစိုးမိုးရေးအတွက် အထူး တာဝန်ယူဆောင်ရွက် စေသည်။ သမ္မတ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကို (၅)နှစ် တကြိမ် အထွေထွေရွေးကောက်ပွဲခေါ်ယူပြီး ရွေးချယ်တင်မြှောက်သည်။ မြန်မာအနေဖြင့် အခြားအရှေ့တောင်အာရှနိုင်ငံ များနှင့် အသွင်တူ ရှေ့ဆက်နိုင်ရန် အင်ဒိုနီးရှားပြုလုပ်သွားသည့်ပုံစံကို အတုခိုးသင်ယူ သင့်ကြောင်း အကြံပေးလိုက်သည်။

၁၉၉၄ နှစ်ဦးပိုင်းတွင် ဦးနေဝင်း ကျန်းမာရေးအတွက် စင်္ကာပူသို့ဆေးကုသမှုလာရောက်ချိန်တွင် ကျန်ုပ်သူ့အားလက်ခံတွေ့ဆုံခဲ့သည်။
ဦးနေဝင်း မှ သူ့လေ့လာကျင့်ကြံလျှတ်ရှိသော တရားရှုမှတ်ခြင်းဖြင့် သူ၏စိတ်ထဲတွင် စိတ်အေးချမ်းသာမှု အပြည့်အဝရရှိပြီး မပူမပန်
မကြောင့်မကြရှိကြောင်း ကျန်ုပ်ကိုပြောပြသည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာအစိုးရခေါင်းဆောင်ကြီးအဖြစ်မှ ဆင်းပေးလိုက်ရပြီး (၂) နှစ်ခန့်
ကြာသည်အထိ သူ့အနေဖြင့် တိုင်းပြည်အတွက် စိတ်မအေးပဲ အလွန်အမင်း စိတ်မပျော်မရွှင်ဖြစ်ပြီး စိုးရိမ်ကြီးစွာဖြစ်မိကြောင်း၊ ၁၉၉၀
ခုနှစ်တွင် သူတရားရှုမှတ်ခြင်း ကိုစတင်ဖတ်ရှုလေ့လာကြောင်း၊ ယခုအခါမှာတော့ မနက်ခင်း၊ နေ့လည်နဲ့ ညနေပိုင်း အချိန်အတော်များ
များကို ဆိတ်ငြိမ်စွာ တရားရှုမှတ်ခြင်းဖြစ်သာ အချိန်ကုန်သွားစေကြောင်း ကျန်ုပ်ကိုပြောပြခဲ့သည်။ ၁၉၈၆ ခုနှစ်က ကျန်ုပ် ရန်ကုန်တွင်
သူ့ကိုတွေ့စဉ် ကျန်းမာရေးမကောင်းသော သူနှင့်တူလှပြီး ယခုအခါ အများကြီးကြည့်ကောင်း၍ ကျန်းမာရွှင်လန်းလှသည်။

၁၉၉၇ ခုနှစ် တွင် ဦးနေဝင်း စင်္ကာပူသို့ သူ၏ဆရာဝန်များ နှင့်တွေ့ဆုံရန်လာသောအခါ ၌ ကျန်ုပ်သူနှင့် တွေ့ဆုံခြင်းသည် နောက်ဆုံးပင်
ဖြစ်သည်။ သူ၏အသက် (၈၆) နှစ်ပြည့်ပြီးဖြစ်သော်လည်း သူ့ကိုကြည့်ရသည်မှာယခင်အခေါက်ကထက်ပင်ပို၍ ကြည့်ကောင်းနေသည်။
ဒီတကြိမ်တွင် တရားထိုင်ခြင်းနှင့် တရားရှုမှတ်ခြင်းအကြောင်းများသာပြောတော့ပြီး ကျန်ုပ်ကိုလဲ တရားထိုင်နည်းလမ်းကောင်းများ အကြံ
ဥာဏ်ပေးသွားသည်။ ကျန်ုပ်မှ ဦးနေဝင်းအား “ သားသမီးမြေးမြစ်တွေ မကျန်းမမာဖြစ်မှာ မစိုးရိမ်ဘူးလား ? ” ဟုမေးတော့ သူ့ စိုးရိမ်
သေးကြောင်း သို့သော် သူ့စိတ်ကိုအပြင်းအထန်မပူပင်အောင် ထိမ်းချူပ်လျှော့ချနိုင်ပြီဖြစ်ကြောင်း၊ စိတ်ခံစားမှုများကို တရားထိုင်ခြင်း
ဖြစ် မေ့ပျောက်ပစ်နိုင်ကြောင်းဖြေကြားသည်။ ကျန်ုပ်ကထပ်မံ၍ “ ယခင်တပည့်ဟောင်း ဗိုလ်ချူပ်များကအကြံဥာဏ်လာတောင်းမှာရော
မစိုးရိမ်ဘူးလား ?” ဟုမေးတော့ သူက “ သူတို့တွေလာမေးကြရင် အလုပ်အကြောင်းတွေ မပြောပါနဲ့လို့ တားမြစ်ထားတယ်၊ ဒီပြသနာ
လောကကြီးထဲကနေ အနားယူပြီးပြီ ” လို့ သူက ကျန်ုပ်ကိုပြောပြသည်။ သို့သော် သံတမန် အသိုင်းအဝိုင်းမှ ဦးနေဝင်း သည် ယနေ့တိုင် စစ်တပ်၏ အာဏာာပိုင်များကို သြဇာလွှမ်းမိုးထားပြီး တစုံတရာပြုလုပ်နိုင်ရန် တန်ခိုးအာဏာာရှိနေသေးကြောင်း
ကျန်ုပ်ကို ပြောပြသည်။

အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများအုပ်စုက ၁၉၉၁ ခုနှစ်တွင် နိုဘယ်လ်ဆုရရှိခဲ့သည့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်ခေါင်းဆောင်များကအာဏာလွှဲပြောင်းပေးနိုင်ရန် စီးပွားရေးပိတ်ဆို့မှုများဖြင့် ဖိအားပေးဆောင်ရွက်
ခဲ့ကြသည်။ ကျန်ုပ်အနေဖြင့် ထိုကဲ့သို့ ပိတ်ဆို့မှုနည်းလမ်းဖြင့် အောင်မြင်မှုရရှိရန် မမြင်ပေ။ ၁၉၆၂ ခုနှစ် ဦးနေဝင်းနိုင်ငံ၏ အာဏာကို
ရယူပြီးချိန်မှအစပြု၍ နိုင်ငံ၏ တပ်မတော်သည် အရေးပါသော နေရာသို့ရောက်ရှိလာခဲ့သည်။ စစ်တပ်ခေါင်းဆောင်များသည် တဖြည်း
ဖြည်းခြင်းစီ မြိြု့ပအုပ်ချူပ်မှုများနှင့် အစိုးရအဖွဲ့အတွင်း နေရာယူလာကြသည်။ အခြားသောနည်းလမ်းအနေဖြင့် Bosnia နိုင်ငံသို့ ဝင်ရောက် ခဲ့သည့်နည်းအတိုင်း အမေရိကန်နိုင်ငံ သို့မဟုတ် ကုလသမဂ္ဂ၏ စစ်တပ်များပြင်ဆင် ပို့ဆောင်စေပြီးမှ သာတိုင်းပြည်ကို ထိမ်းချူပ်နိုင်ပေမည်။ မြန်မာနိုင်ငံတွင် စစ်တပ်မရှိလျှင် အစိုးရမရှိခြင်းနှင့် အတူတူပင်ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင်အာဆီယံနိုင်ငံ ခေါင်းဆောင် များက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်းဝင်ရောက်ခွင့်ပေးခဲ့ခြင်းအပေါ် အနောက်နိုင်ငံများအုပ်စုမှ အလွန်သည်းမခံနိုင်
ဖြစ်ခဲ့ကြသည်။ သို့သော် မြန်မာ၏ တိုးတက်ပြောင်းလဲမှု၊ နိုင်ငံ၏ တံခါးဖွင့်ပေးနိုင်မှုများအတွက် ဘယ်နည်းလမ်းဟာ ပိုကောင်းပါသလဲ ?
Cambodia နိုင်ငံတွင် ကုလသမဂ္ဂကြီးကြပ်သည့် ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်းနိုင်ငံ၏ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချူပ်ရေးအဖွဲ့ များကို ဟွန်ဆန် မှထိမ်းချူပ်ထားသဖြင့်ရွေးကောက်ပွဲ အနိုင်ရရှိသူကို အာဏာာလွှဲမရသည့်အဖြစ်အပျက်များ ဖြစ်ခဲ့ဖူးသည်။

နိုင်ငံတကာမိသားစု ဖြင့် မြန်မာစစ်အစိုးရပိုမိုဆက်သွယ်လာသည်နှင့် အမျှ မြန်မာဗိုလ်ချူပ်များအနေဖြင့် နောက်ဆုံးတွင် အခြားအာဆီယံ နိုင်ငံများနည်းတူ အစိုးရဖွဲ့စည်းနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများမကြာခင်ပြုလုပ်လာနိုင်ဖွယ်ရှိသည်။

------------------------------------------------------------------------------------------------------------------------------------

အခုရေးသောပို့စ်အတွက် ခေါင်းစဉ်မူရင်းက Mr. Lee Kuan Yew နှင့် မြန်မာနိုင်ငံပါ။ ပိုစ့်ကိုတင်လိုက်ပြီးမှ ကျနော်ရေးပြီးတိုင်းချက်ချင်း
ဖတ်အကြံပြုလေ့ရှိတဲ့ သူငယ်ချင်းညီလေး ဥာဏ်လင်းထွန်း က “လီကွမ်ယူပြောသော မြန်မာနိုင်ငံ” ဆိုရင် ပိုမကောင်းဖူးလား လို့ အကြံပြုတာကြောင့် Mr. Lee K Y ပြောသော မြန်မာနိုင်ငံအကြောင်း ဆိုပြီး ပြန်ပြောင်းခေါင်းစဉ် တက်လိုက်ကြောင်း မှတ်တမ်းတင်ပါ သည်။

နိဂုံးချူပ်အနေဖြင့် ပြောရလျှင် စင်္ကာပူ၏ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံဖြိုးမှုများ သည် စင်္ကာပူကိုလဲ တိုက်ရိုက် အကျိုးသက်ရောက် မှု များရှိသဖြင့် Mr Lee အနေဖြင့် အခါအားလျှော်စွာ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အကြံဥာဏ်များကို သက်ဆိုင်ရာနိုင်ငံများ မှ ဖိတ်ကြား
ခြင်းကြောင့်သော်လည်းကောင်း၊ သူ၏သဘောဖြစ်သော်လည်းကောင်း ပေးလေ့ပေးထရှိကြောင်း Mr. Lee ရေးသောစာအုပ်မှတဆင့်
ဖတ်ရှုနားလည်မိသည်။ ကျနော်တို့၏ အမိမြန်မာနိုင်ငံကိုလဲ စီးပွားရေးဆိုင်ရာ အကြံဥာဏ်ကောင်းများ ပေးခဲ့သော်လည်း မြန်မာအစိုးရ ခေါင်းဆောင်များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသလောက်နည်းပါးခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရဖတ်ရသည်။ သူများထက် အများကြီးနောက်ကျကျန်ခဲ့ရသော အမိမြန်မာနိုင်ငံတော် အမြန်ဆုံးပြုပြင်ပြောင်းလဲ၍ အလျှင်အမြန် တိုးတက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း ကျနော့်ပိုစ့်ကို နိဂုံးချူပ်ပါသည်။ ။