Thursday, December 16, 2010

Transit အချိန်အတွင်းပျင်းနေသလား


ဒီ Post ကတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် Today Newspaper Weekend Edition ထဲက ဆောင်းပါးရှင် Serene Lim ရဲ့ Bored in Transition ကိုဆီလျှော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

ကမ္ဘာတဖက်ခြမ်းကနေတဖက်ခြမ်းဆီသို့ လေကြောင်းခရီးစဉ်တွေနဲ့ ခရီးသွားလာကြာရတွင် များသောအားဖြင့် လေယာဉ်ကြီးများ အနေနဲ့ဆီဖြည့်ခြင်း၊ ခရီးသည်တင်ဆောင်ခြင်း အစရှိတဲ့အကြောင်းမျိုးစုံနဲ့ခရီးတစ်ထောက်ရပ်နားလေ့ ရှိကြပါတယ်။ ဒါ့အပြင် ကိုယ်စီးလာတဲ့လေကြောင်းက သွားလိုရာ ဒေသကိုတိုက်ရိုက်မပျံသန်းတဲ့အတွက် တခြားလေကြောင်းတစ်ခုနဲ့လိုရာခရီးဆက်ဖို့လဲ တထောက်နားပြီး နောက်ထပ်ခရီးစဉ်အတွက် အချိန်ကို စောင့်ဆိုင်းကြရပါတယ်။ ဒီလိုစောင့်ဆိုင်းကူးပြောင်းခရီးတွေဟာ အနည်းဆုံး ၁ နာရီကနေ ၁၂ နာရီလောက်ထိကြာမြင့်နိုင်တာမို့လို့ ခရီးသည်အနေနဲ့transit အချိန်ကိုအကြိုးရှိရှိ အသုံးချနိုင်အောင် ဆောင်းပါးရှင် ကအကြံဥာဏ်တွေပေးထားပါတယ်။

Dubai လေဆိပ် ည ၁၁နာရီ ၅၂ မိနစ်မှာ ဥရောပကပျံသန်းထွက်ခွာလာတဲ့ Serene တစ်ယောက်လေယာဉ်ထဲကနေထွက်ခဲ့ပါတယ်။ လေယာဉ်အကြာကြီးစီးလာရတဲ့အတွက် တကယ်တော့စိတ်ထဲမှာ လန်းလန်းဆန်းဆန်းရှိမနေဘူး။ Emirates လေကြောင်းနဲ့ စင်္ကာပူကို ဆက်လက်ထွက်ခွာမယ့်လေယာဉ်ခရီးစဉ်ကို နောက်ထပ် ၇ နာရီကြာစောင့်ရအုံးမှာပါ။ ဒီအတောအတွင်းဘာလုပ်ရင်ကောင်းမလဲ?
တခြားခရီးသည်တွေလဲသူ့လိုအတွေးမျိုး ရှိမှာအသေအခြာပါပဲ။ ဖတ်ဖို့စာအုပ်ကောင်းကောင်းတစ်ခုဝယ်လာပေမယ့် စိတ်ဂနာမငြိမ် ဖြစ်နေတာကိုတော့ ထိမ်းချုပ်လို့မရနိုင်ခဲ့ပါဘူး။ ရှုပ်ယှက်ခတ်နေတဲ့ shopping area အတွင်းမှာဈေးဝယ်ဖို့လဲငြီးငွေ့နေပါပြီ။

အဲ့ဒီလိုစိတ်ညစ်ညူးစရာကောင်းတဲ့ transit အချိန်တွေကိုဖြတ်သန်းစေနိုင်ဖို့အတွက် ကမ္ဘာ့အဆင့်မီ လေဆိပ်ကြီးများ ကဘယ်လို ဝန်ဆောင်မှုတွေ ပေးရမယ်ဆိုတာသိရှိနားလည်ပြီးသားပါ။ transit အချိန်တွေကိုဖြတ်သန်းနိုင်စေဖို့အတွက်အချိန်ဖြန်းစရာ အမျိုးအမည် ပေါင်းများစွာရွေးချယ်နိုင်သော အလွန်ကောင်းမွန်တဲ့စားသောက်ဆိုင်တွေ၊ အနားယူအခန်းတွေ၊ အလှပြုပြင်နိုင်သော ဆိုင်တွေ၊ ခေတ္တခဏတည်းခိုနိုင်တဲ့ transit hotel တွေနဲ့ပြခန်းကအစ အရာရာပြည့်စုံအောင်ဖန်တီးပေးထားလေ့ရှိပါတယ်။

ကဲအချိန်တွေကိုဘယ်လိုဖြတ်သန်းကြမလဲ ကြည့်ကြရအောင်ပါ။

အချိန် ၁ နာရီမှ ၃နာရီအတွင်း

လုပ်သင့်တာက - အစားကောင်းကောင်းကို အချိန်လေးဆွဲစားဖို့ပါ။

ကော်ဖီမသောက်ရင်အကောင်းဆုံးပါပဲ။ ရောက်ရှိရာလေဆိပ်ရဲ့ ဒေသခံအစားအစာ သို့မဟုတ် အစားအစာအသစ်တစ်ခုကို စမ်းကြည့်ဖို့ တိုက်တွန်းပါရစေ။ လေဆိပ်တိုင်းလိုလို မှာစားသောက်ဆိုင်ကောင်းကောင်းလေတွေရှိနေပါပြီ။ ဥပမာ Narita International Airport Terminal 1မှာရှိတဲ့ Sushi Kyotatsu ဟာ Sushi နဲ့ Sashimi လတ်လတ်ဆတ်ဆတ်တွေကောင်းကောင်းရနိုင်ပြီးအမြဲတမ်းလူပြည့်နေတဲ့ ဆိုင်တစ်ဆိုင်ပါ။ Hong Kong International Airport ရဲ့ La Palace ကတော့ အံ့သြဖွယ်ရာ တရုတ်ရိုးရာဆန်ပြုတ်ကောင်းကောင်း ရနိုင် တဲ့နေရာတစ်ခုပေါ့။ တခြားတခြားသောနာမည်ကျော်စားဖိုမှုးကြီးများဦးစီးတဲ့စားသောက်ဆိုင်အများအပြားဟာကမ္ဘာအနှံက လေဆိပ်ကြီး တွေမှာရှိနေတဲ့အတွက် transit အချိန် ၁နာရီက ၃ နာရီအတွင်းဆိုရင်တော့ စားရင်းသောက်ရင်း အချိန်ကိုဖြတ်သန်းကုန်လွန်စေမှာပါ။

အချိန် ၃ နာရီမှ ၆ နာရီအတွင်း

လုပ်သင့်တာက - အမျိုးအစာကွဲပြားသောလုပ်ဆောင်ချက်များလုပ်ပါ။

နာရီကိုကြည့်နေရင်းကနေ ၃ နာရီကျော်ကြာလာတဲ့အခါမှာတော့ နာရီလက်တံဟာ နှေးလာပြီးအချိန်ဟာကုန်ခဲလိုက်တာလို့ ထင်ယောင်ထင်မှား ဖြစ်စေနိုင်လောက်တဲ့အခြေအနေပါ။ အခုအချိန်အခါကတော့ ကိုယ်လုပ်ချင်တာလုပ်ဖို့အသင့်တော်ဆုံးပါ။ လေဆိပ်အဆောက်အအုံကြီးကို ကိုယ့်ရဲ့ကစားကွင်းလို့သာ သတ်မှတ်လိုက်ပေတော့။ ကောက်တေးလ်နဲ့ ကော်ဖီကြောင့် တက်တက်ကြွကြွ နဲ့လတ်ဆတ်နေတဲ့အနေအထားပါပဲ။ Transit Mall ထဲက Duty Free ဆိုင်တွေလိုက်ကြည့်မလား၊ အလှအပ ပစ္စည်း တွေကိုလေ့လာမလား၊ ဝယ်တာမဝယ်တာအတွက် ဘယ်သူကို မှဂရုမစိုက်ပဲ ကိုယ်လုပ်ချင်တာသာကိုယ်လုပ်ပါတော့။ စာအုပ်ဆိုင် ထဲဝင်ပြီး ကိုယ်ကြိုက်တဲ့စာရေးဆရာရဲ့ စာမြည်းလေးတွေဖတ်ပြီးအချိန်ကိုကုန်လွန်စေနိုင်ပါတယ်။ လေဆိပ်ကြီးရဲ့ ခရီးသည်များအတွက် ဝန်ဆောင်မှုပေးထားတဲ့ faclities တွေကိုလဲစမ်းသပ်ဖို့အချိန်အလုံအလောက်ပါပဲ။ Amsterdam Schipol Airport ရဲ့ transit area နာမည်ကြီးစေတဲ့အကြောင်းတစ်ခုကတော့ အကောင်းဆုံးဝန်ဆောင်မှုတွေအဖြစ်၊ အညောင်းပြေအနိုပ်ခံဖို့ Spa၊ အပျင်းပြေကစားဖို့ Casino နဲ့ Dutch ပန်းချီဆရာကြီးများလက်ရာကိုပြသထားတဲ့ Rijksmuseum တစ်ခုလဲထည့်သွင်းပေးထားပါတယ်။ ဒီနှစ် ၂၀၁၀ မှာတော့ ကိုရီးယားနိုင်ငံက Incheon International Airport ကတော့ ကမ္ဘာ့အကောင်းဆုံး Transit Area အဖြစ်သတ်မှတ်ခြင်း ခံထားရပါတယ်။ US$35 နဲ့တင် Free Shower, Free Internet၊ နားနေခန်း Lounge အသုံးပြုခွင့်နဲ့ Buffet Style အစားအစာ၊ အချိုပွဲအပြင်၊ ယမကာလေးပါဝင်ပါသတဲ့ဗျာ။

အချိန် ၆ နာရီမှ ၁၀ နာရီအတွင်း

လုပ်သင့်တာက - အပြင်ထွက်ရင်ထွက် (သို့မဟုတ်) အိပ်ပါ။

ဒီလောက်များပြားတဲ့အချိန်ကိုရထားရင်တော့ ရောက်ရှိရာလေဆိပ်နိုင်ငံရဲ့မြို့ကိုကြည့်ဖို့အခွင့်အရေးကို လက်လွတ်မခံပါနဲ့။ လေဆိပ်ကြီးများရဲ့ အနီးဆုံးပတ်ဝန်းကျင်မှာတင် သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှုဆိုင်ရာဆောက်အအုံတွေ၊ လှပတဲ့ဥယျာဉ်တွေ ရှိ နေတက်ပါတယ်။ တိုကျို Narita လေဆိပ်ကတော့အာရှမှာ transit stop လုပ်လို့အကောင်းဆုံးနေအထားပါ။ ချယ်ရီပန်းပွင့်တွေပွင့်တဲ့ အလွန်လှပသော Naritasan Park ကိုS$3.13 နဲ့တင်သွားဖို့City Round Bus တွေစီစဉ်ပေးထားပါတယ်တဲ့။ လွန်ခဲ့တဲ့ဇွန်လကတော့ ထိုင်းနိုင်ငံ Suvarnabhumi Airport ကြီးကတော့ transit အချိန် ၆ နာရီမှ ၁၂ နာရီ အတွင်းကြာတဲ့ခရီးသည်တွေ အတွက် ပုံမှန် လုပ်နေကြ City Tour အပြင် ဂေါက်သီးရိုက်နိုင်ဖို့ ဒါမှမဟုတ် ထိုင်းရိုးရာအနိုပ်ခံဖို့အတွက်ပါစီစဉ်ပေးပါသတဲ့။ အားလုံးသိကြတဲ့အတိုင်းပဲ တခါတလေ ခရီးပန်းလာတော့ ဒီလောက်ရတဲ့အချိန်အကြာကြီးမှာ လေယာဉ်ပေါ်မှာကျဉ်းကျဉ်းကျုပ်ကျုပ် အိပ်တာထက်ပိုပြီး သက်တောင့်သက်သာရှိနိုင်တဲ့အိပ်ဖို့နေရာကိုအလိုရှိကြပါတယ်။ အခုအချိန်အထိ အကောင်းဆုံး အိပ်စရာနေရာဖန်တီးပေးနိုင် တဲ့ လေဆိပ်ကြီးတစ်ခုဖြစ်တဲ့ Changi Airport မှာ တိတ်တိတ်ဆိတ်ဆိတ် အိပ်စက်အနားယူနိုင်ဖို့နေရာအများအပြားရှိသလို Terminal 2 မှာရှိတဲ့ Ambient Lounge ကတော့အကောင်းဆုံးအသင့်တော်ဆုံးနေရာပါ။

3 comments:

  1. အချိန်ကြာမြင့်စွာ ထရန်စစ် လုပ်ရသူများအဖို့ တော့ ဘယ်လိုနေတယ်မသိဘူး။ ကျွန်တော့် အတွက်ကတော့ ဒီပါချာ ရွမ်း မှာ လေယာဉ်ပေါ် တက်ဖို့ ထိုင်စောင့်နေရတာတောင် အချိန်က တော်တော်ကုန်ခဲသဗျာ။

    ReplyDelete
  2. မနှစ်က ရန်ကုန်ပြန်ရင်း စင်ကာပူမှာ ၆ နာရီလောက်နားရတာနဲ့ အကျိုးရှိအောင်လို့ စီတီးဟော နဲ့ ခြေင်္သေ့ကြီးနား ရယ် ပြဇာတ်ရုံနား ရောက်ခဲ့တယ် အရေးထဲ လေယာဉ်ပေါ် ဖုန်းကျန်ခဲ့တာ ဂျာမဏီမှာကတည်းက ကို စင်ကာပူကျမှသတိရတယ် အဲဒါပျောက်ဆုံးငှာန
    မှာ သွားပြောရင်း အချိန် ကုန် မလည်ရမှာစိုးလို့ ဖုန်းဘဲ အဆုံးခံလိုက်တယ် ..
    ဖုန်းက ဘယ်ချိန်ဝယ်ဝယ် ၀ယ်လို့ရတယ် တခါမှမရောက်ဖူးတဲ့စင်ကာပူတော့ လည်ပတ်ဖို့ အဆုံးမခံနိုင်ဘူးလို့ ... ၆ နာရီနားရတာ လောက်တောင်မလောက်ဖူး ဘယ်လိုကုန်သွားမှန်းကိုမသိတာ ။
    စင်ကာပူ လေဆိပ်ကို နယူးယော့ခ်လေဆိပ်ထက် အများကြီးကြိုက်တယ်
    တွန်းလှည်းလည်း အလကားရတယ် ဒီမှာ ၅ ကျပ်ပေးမှရတယ် ။

    mie nge
    mie nge

    ReplyDelete
  3. @ ကိုကူးလွေ့ ကျနော်ရောပဲဗျ။ ပြန်ချင်သွားချင်တဲ့ စိတ်ကရှိနေတော့ အချိန်ဟာကုန်ခဲနေတာပေါ့။ နောက်တခါဆို ဂိတ်ကို နာရီဝက်လောက်နေမှ ဝင်ပြီး T3 သွားလည်ပေါ့။

    @ မမီးငယ် ဒီအထိတကူးတကလာပြီး ဖတ်ပေးလို့ဝမ်းသာပါတယ်။ ၆ နာရီမပြောနဲ့ ၂ ရက်လောက်ဆိုရင်တောင်မနှံနိုင်ဘူးဗျ။ တွန်းလှည်းကို ၅ကျပ် ပေးရတယ်ဆိုလို့ အံ့သြမိပါရဲ့။

    ReplyDelete