Tuesday, November 9, 2010

ကျနော်နဲ့ Airlines Industry အပိုင်း (၆) နောက်ဆက်တွဲ

ကျနော်ရဲ့မူရင်းအပိုင်း ၆ မှာ ဒီနောက်ဆက်တွဲနဂိုကမပါပါဘူး။ အပိုင်း (၆)မှာမိတ်ဆွေတစ်ယောက်က commentနဲ့လှမ်းပြောထား တာလေးကတကယ့်ကိုစိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်တာကြောင့်ဒါကိုရှင်းပြရင်းနဲ့ဒီနောက်ဆက်တွဲအပိုင်းကိုကျနော့်မိတ်ဆွေများအတွက် share ပေးလိုက်ပါတယ်။ Comment အတွက်ကျေးဇူးအများကြီးတင်ကြောင်းပါခင်ဗျား။


သူရေးထားတဲ့မူရင်းစာသားကတော့ -

“အဲဒီခရီးသည်ပြောသလို ဟိုဘက်ကလဲ လက်မခံ ၊ ဒီဘက်ကလဲ ပြန်ပို့ နဲ့သာဆိုရင် သေရောဗျာ။ပြေလည်အောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်း မရှိဘူးလားဗျ။ အထူးသဖြင့် နိုင်ငံအများစုသွားဖို့ အတွက် ဗီဇာလျှောက်ဖို့ လိုအပ်တဲ့ ပါတ်စ်ပို့ ကိုင်ဆောင်ထားသူများအနေနဲ့ ဒါကို သေသေချာချာ သိထားဖို့ လိုအပ်ပါတယ်။လေယာဉ်လက်မှတ်အရောင်းဌာနတွေက နေ လက်မှတ်ဝယ်ချိန်မှာ တစ်ခါထဲ ရှင်းပြ တားမြစ်ပေးနိုင်ရင် ပိုကောင်းမယ် ထင်တာပဲဗျာ။ အင်မတန် ဗဟုသုတရတဲ့ ပို့စ်ပါပဲ။ ကျေးဇူးပါ။ ”


သူပြောသလိုပြေလည်အောင်ဆောင်ရွက်နိုင်တဲ့နည်းလမ်းရှိပါသလားဆိုရင်စလုံး ICA ပေါ်မူတည်ပါတယ်။ အကယ်၍ ICA တာဝန်မှူး ကသဘောကောင်းပြီးသိပ်ပြီးစာအုပ်ထဲကအတိုင်းမလုပ်ဘူးဆိုရင်တော့ခရီးသည်ပြောတဲ့အတိုင်းသူ့မှာရှိတဲ့လတ်မှတ်နဲ့သူ့မူရင်းနိုင်ငံ
ကိုပြန်ဖို့စီစဉ်ပေးနိုင်ပါတယ်။ ကျနော့်စာထဲမှာပါတဲ့အိန္ဒိယနိုင်ငံသားဟာနောက်ဆုံးမှာတော့ ICAရဲ့သဘောတူညီချက် နဲ့သူ့မူရင်းနိုင်ငံ ကိုပြန်လည်ထွက်ခွာခွင့်ရခဲ့တယ်လို့နောက်ပိုင်းမှာပြန်သိရပါတယ်ဗျ။ အဲ့ဒီလိုပြသနာမျိုးကို ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့ဦးလေး ကြုံဖူးပါတယ်။ သူကမြန်မာပြည်ကနေစင်္ကာပူကိုလာ၊ စင်္ကာပူကနေတရုတ်ပြည်ကိုTiger Airways နဲ့သွားလည်ပါတယ်။ အသွားဆိုတော့ တရုတ်ဗီဇာရှိနေတယ်၊ စင်္ကာပူကိုပြန်ဝင်ဖို့ Multiple Entry Visa ကျန်နေသေးတယ်၊ (ရက်အတိအကျမလို၊ Multiple Visa ရှိရင် အထွက်မှာပြသနာမရှိ) တရုတ်ကနေအပြန်လတ်မှတ်အပြင်၊ စင်္ကာပူကနေရန်ကုန်ကို Silk Air နဲ့ပြန်ထွက်ဖို့ Confirm Ticket တွေ အပြည့်အစုံရှိပါတယ်။ ဒါကြောင့် Tiger Airways က တရုတ်ကိုအထွက်မှာ Check - In ဝင်ပေးလိုက်တယ်။ တရုတ်ပြည်ကပြန်တဲ့ အချိန် မှာဒီခရီးသည်ဟာစင်္ကာပူကိုပြန်ဝင်ဖို့အတွက် Multiple Visa မှာတစ်ရက် expiry ဖြစ်နေတယ်ဗျ။ တကယ်တော့သူတို့စီစဉ်ထားတာက တရုတ်ပြည်ကအပြန်ကိုစင်္ကာပူအတွင်းပြန်မဝင်တော့ပဲ Silk Air နဲ့ရန်ကုန်ပြန်ဖို့ပါ။

ပုံမှန်လေကြောင်းလိုင်းဆိုရင်ပြသနာလုံးဝမရှိပေမယ့်သူတို့စီးတာက Tiger ဆို တော့ terminal ကလဲမတူ၊ Internal transit လဲလုပ်ခွင့်မပေး၊ ICA ကလဲ VISA မှာတစ်ရက်ကျော်နေတဲ့အတွက်ပေးမဝင်ပဲလာရာတရုတ်ပြည်ကိုပြန်လွှတ်ဖို့သူစီးလာခဲ့တဲ့ Tiger Airways ကိုအကြောင်းကြားလိုက်ပါတယ်။ သူ့မှာတရုတ်ပြည်ကိုပြန်ဝင်ဖို့တရုတ်ပြည်ဝင်ဗီဇာလဲမရှိတော့ပါဘူး။ ဒါကြောင့်တရုတ်ပြည် ကိုပြန်မပို့ပဲ၊ ရန်ကုန်ကိုတိုက်ရိုက်ပြန်ချင်ကြောင်းပြောတော့လဲမရဘူးလို့ပြောတယ်။ အပြင်မှာစောင့်ကြိုနေတဲ့သူတွေက Tiger ကိုပြောပေးဖို့အကူအညီတောင်းတော့၊သူတို့နဲ့မဆိုင်၊ ICAနဲ့ဆိုင်တာဝင်ရောက်စွတ်ဖက်လို့မရဘူးဆိုပြီး၊ ICA ကိုပဲသွားတွေ့ခိုင်း ပါတယ်။ ICA ကလဲသူတို့မလုပ်ပေးနိုင်ကြောင်း၊ Tiger ကို Silk Air ကိုပြောင်းတင်ပေးဖို့ပြောပါဆိုပြီးဘောလီဘောပုတ်ကြပြန်ပါတယ်။ ဟိုဖက်ဒီဖက်လက်ညိုးထိုးနေရကနေနောက်ဆုံး ICA ကတာဝန်မှူးလွှဲချိန်ရောက်သွားတော့နောက်ရောက်လာတဲ့တာဝန်မှူး ကနေ ခရီးသည်ကို Terminal 2 ပြောင်းပြီး Silk Air နဲ့ပြန်လွှတ်ဖို့စီစဉ်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီလိုစလုံး ICA ကပြည်ဝင်ခွင့်မပေးတဲ့အတွက် ပြန်လွှတ်ရတဲ့ခရီးသည်မျိုးပါလာခဲ့ရင် ICA ကနေ Airline ကိုဒဏ်ငွေရိုက်ပါတယ်။ တကယ်တော့တရုတ် Check In Staff ရဲ့ပေါလျော့မှု၊ ခရီးသည်ကိုယ်တိုင်ကလဲမသိနားမလည်၊ ကိုယ့်ဗီဇာဘယ်တော့ကုန်မှန်းမသိတဲ့အတွက်မလိုအပ်တဲ့ကုန်ကျစားရိတ်တွေပိုကုန်၊ အချိန်ကုန်လူပမ်းဖြစ်ကြရတာပါ။

ကျနော်တို့စာတွေ့တွေသင်ကြားခဲ့စဉ်ကတော့အကယ်၍အဲ့ဒီလိုပြည်ဝင်ခွင့်မပေးခဲ့ရင်သူလာရာနိုင်ငံလေဆိပ်ကို၊လာရာ လေကြောင်းလိုင်းနဲ့ပြန်တင်ပေးမယ်လို့ပဲတွေ့ဖူးတယ်။ ကိုယ်ကလိပ်လည်အောင်ရှင်းပြပြီး၊ သူတို့နဲ့အတိုက်အခံပြောနိုင်မယ်ဆိုရင်၊ ICA ကလဲစာအုပ်ထဲကအတိုင်းမလုပ်ပဲ၊ လျော့ပေါ့စဉ်းစားမယ်ဆိုရင်တော့ကိုယ့်မူရင်းနိုင်ငံကိုပြန်ဖို့အခွင့်ရနိုင်ပါတယ်။ ဒါပေမယ့်အဲ့ဒီလို မဖြစ်အောင်တော့အစထဲကအပြည့်စုံဆုံးဖြစ်အောင်လုပ်သွား၊ စစ်ဆေးသွားခဲ့ရင်အသင့်တော်ဆုံးဖြစ်မှာပါ။

ကျနော့်မိတ်ဆွေပြောသလို၊လက်မှတ်အရောင်းဌာနတွေကနေကြိုတင်သတိပေးနိုင်ခဲ့ရင်လဲအလွန်ကောင်းပါတယ်။ ဒီကိစ္စမှာတော့ လတ်မှတ်ရောင်းတဲ့သူမှာတာဝန်မရှိပဲ၊ ခရီးသည်ကိုယ်တိုင်မှာသာတာဝန်ရှိပါတယ်။ ကျနော်တို့မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ တွေအတွက်တော့ရှင်းပါတယ်။ ဘယ်နိုင်ငံသွားသွားဗီဇာလိုပါတယ်။ Visa On Arrival ပေးတဲ့နိုင်ငံတချို့နဲ့ Visa လုံးဝကင်းလွတ်ခွင့် ပေးတဲ့နိုင်ငံ ၂ ခုလောက်ရှိပါတယ်။ ဒါပေမယ့်အတက်နိုင်ဆုံးဗီဇာကိုကြိုတင်ရယူသွားနိုင်ရင်အကောင်းဆုံး ဖြစ်ပါကြောင်း ကျနော့်မိတ်ဆွေများကိုအကြံပေးလိုက်ပါတယ်ခင်ဗျာ။ ။

1 comment:

  1. နောက်ဆက်တွဲ မှာ ပြည့်ပြည့်စုံစုံ ထပ်ပြီးရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ။ ဒါနဲ့ ဒီလို ကိစ္စမျိုးက ဘတ်ဂျက်အဲလိုင်း တွေမှာသာလျှင်ကြုံတွေ့ရတာလား ဆိုတာလေး အချိန်ရရင် သိပါရစေဗျာ။အခြား အဲလိုင်းတွေနဲ့ ထရန်စစ် လုပ်တဲ့အချိန်မှာရော ဒီလို မျိုး ကြုံတွေ့ရတတ်သလား ဗျ။ (ကျွန်တော့် တစ်ဦးတည်း ပုဂ္ဂလ ခံစားချက်အနေနဲ့တော့ဘတ်ဂျက်အဲလိုင်းတွေကို သဘောမတွေ့ပါဘူး..။ ငွေသက်သာတာ တစ်ခုကလွှဲရင် ခရီးတစ်ခုလုံး သက်တောင့်သက်သာ မဖြစ် ဘူးလို့ မြင်လို့ပါ။)နောက်ပြီး ဒီလိုဗဟုသုတမျိုး က ခရီးသွားလာမှု အားနဲတဲ့ မဖွံ့ဖြိုးလှတဲ့ နေရာက သူတွေဖို့ ကြိုသိထားနိုင်ဖို့လဲ အခက်အခဲ ရှိတာကလား။

    ReplyDelete